***ဆည်းဆာ***

နှုတ်ဆက်နိဂုံး    ဆုံးရှုံး အရာရာ
ပိုင်ဆိုင် တာစွန့်    ခွင့်လွှတ် ပါကွယ်
လောကအလယ် ၌     မိုက်မှား အခါခါ
ငါ့ ကြောင့်နာသူ    ရှိခဲ့မူ သော်
ငါမော်  ငါကြွား    လောဘ သားကို
တရား မှန်ပြ    ဆုံးမပဲ့ ပြင်
အမှန်မြင် အောင်   နေ၀င် ခါနီး
ဆည်းဆာ မီးငြိမ်း   တစ်ဇာတ်သိမ်းရေး
အမြိုက်ဆေး ပေး       ကျွေးလှည့် ပါ ……၊

အို …. တဏှာ ငဲ့
ဥာဏ်မဲ့ ငါ့ကို    ဘယ်ကို ပို့ မလဲ
မဲ့သေ ပြုံးသေ    တရားတွေ နာ
သံသရာ ခရီး   မပြီး မမြောက်
ငါ ကြောက်လှပေါ့     ခဏကြုံကြိုက်
လူဖြစ်ခိုက် မှာ   အမိုက် အ၀ိဇ္ဇာ
မမြင်ပိတ်ဖုံး   ဒိဌိ လုံးလုံး
မသုံးမသပ်    ခန္ဓာ စက်ကို
ဥာဏ်ထက်မတင်    သတိစဉ် ပျောက်
အသိ စဉ်မှောက် ….
ငါ့ လောက်မိုက် သူ    ရှိမမူ ထင့် …၊

သေငယ် ဇောကပ်     နောင်တ စွက်ကာ
ဇရာ မရဏ    နိမိတ် ပြချိန်
မီးစာ မှိန်ဖျ    ဘယ်သွားရ မလဲ
ရထားထွက် လု    ကိုယ်ပြုခဲ့ ကံ
အမှန် အမှား    ယူသွား လက်ဆောင်
လောင်စာ ပြန်ဖြစ်    သံသရာ မြစ်ပြင်
လွတ်မထင် အံ့    ကိုယ်ညံ့ ကိုယ်ခံ
ကိုယ်ကောင်း စံရ    ရှင်းလှ တရား
ပြက်သား အမှန်သိ     အတ္တဟိ အတ္တနော နာထော
ပြန်မပြောနဲ့     မှန်သော စကား
အမှား မပြင်    ငါ မမြင်ဘဲ
လောဘ ဆွဲရာ    ပါခဲ့ သည် …၊

ဘယ်သူ လဲကွယ်     စိတ်မယ်  ဖောက်ပြား
ကြောက်အား  သန်သူ …
ကူပါ ကယ်ပါ     အော်ရှာ နေသူ
အပူ ခန္ဓာ    ဘယ်သူ ယူပါ့
အနိစ္စ သဘော    စောကြော မဖြာ
သင်္ခါရ မေ့      မွေ့ ပျော်  မဆုံး
ဥာဏ်ထက်တုန်း အရွယ်  …
ကိလေသာ နယ်    တွယ်ကပ် နေချင်
တဏှာ ရေစီး   စုန်ပြီး မှေးလိုက်
အတ္တပိုက် ကာ    တစ်ငါငါ  နှင့်
မသာ ပေါ်လု    ခုလို ချိန်၌
လူမိုက် ဖိုးအို    ဘာကို ယူသွား
ဒီ ရထားနှင့်   ဘယ်နားမှာ ဆင်း
ဒုက္ခ တွင်းထဲ    လူဖြစ်ခြင်း ၌
အမိုက်  နောင်တ    သူရ လိုက်တာ
သံသာရာ သို့    …. လက်မှတ် တည်း ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၁၇.၈.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF