AFC ဗိုလ်လုပွဲများ မြန်မာပြည်တွင် ကျင်းပမည်

True FaithJuly 7, 20101min850

ရေးသူ – ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား AFC President’s Cup 2010 အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်က ဆီမီးနှင့် ဗိုလ်လုပွဲများ ကျင်းပခွင့်ပြုကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ထံ ယခုလ ၂ ရက်နေ့တွင် ဦးစွာအကြောင်းကြားလာကာ ခွင့်ပြုသည့် စာကိုမူ ၄ ရက်နေ့တွင် လက်ခံရရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုုပ်ထံမှ စုံစမ်းသိရှိရခြင်း ဖြစ်သည်။

“ကုန်ကျစရိတ်ကို အဖွဲ့ချုပ်က အဓိကကျခံမှာပါ။ ဘယ်လောက်ကုန်မလဲ မသိသေးပါဘူး။ အာရှဘောလုံးအဖွဲ့ချုပ်ကလည်း ကူညီထောက်ပံ့ပါတယ်။ Main Sponsor ကတော့ Blue Mountain ကုမ္ပဏီပါ” ဟု MFF ပြန်ကြားရေး တာဝန်ရှိသူ တဦးက မဇ္ဈိမ ပြောသည်။

အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်တိုင်း သုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်သွားမည်။

မြန်မာပြည်တွင် ကျင်းပမည့် ပွဲစဉ်များအတွက် အာရှဘောလုံးအဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ ၃ သောင်းထက်မနည်း ကူညီထားပြီး ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း ပိုင်ဆိုင်သည့် လွယ်ဟိန်းကုမ္ပဏီ လက်အောက်ခံ Blue Mountain အချိုရည်ကုမ္ပဏီက ကျပ်သိန်း ၃ဝဝ ထက်မနည်း ကူညီရန် ကတိပြုထားကြောင်း အဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ သိရသည်။

အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အသင်းများမှာ မြန်မာနိုင်ငံမှ ရတနာပုံအသင်း၊ ကာဂျစ္စတန်နိုင်ငံ ပြည်တွင်းလိဂ်ချန်ပီယံ ဒေါ်ဒွိုင်း ဒိုင်နမို၊ တာမင်နစ္စတန်နိုင်ငံ ပြည်တွင်းလိဂ်ချန်ပီယံ HTTU နှင့် တာဂျစ္စတန်နိုင်ငံ ပြည်တွင်းလိဂ်ချန်ပီယံ ဗက်ရှ် ကွာဟွန်တပ်ပါအသင်းတို့ ဖြစ်သည်။

AFC President's Cup Semi Final ရောက် ရတနာပုံ ဘောလုံးအသင်း

အဆိုပါ အသင်းများအနက် ဒေါ်ဒွိုင်းဒိုင်နမိုအသင်းသည် ပြိုင်ပွဲစတင်ကျင်းပခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ ဗိုလ်လုပွဲသို့ နှစ်စဉ်တက်ရောက်နိုင်ခဲ့ပြီး ၂ဝဝ၆၊ ၂ဝဝရ ခုနှစ်များတွင် ၂ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သည်။

တာဂျစ္စတန်ကလပ် ဗက်ရှ် ကွာဟွန်တပ်ပါ အသင်းသည် ၂ဝဝ၆ ခုနှစ်က ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ဖူးပြီး ယခုပြိုင်ပွဲသည် ဒုတိယအကြိမ် ဝင်ရောက်ခွင့်ရခြင်း ဖြစ်ကာ မြန်မာနိုင်ငံမှ ရတနာပုံနှင့် တာမင်နစ္စတန်ကလပ် HTTU အသင်းတို့သည် ယခုနှစ်မှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

အကြိုဗိုလ်လုပွဲတွင် တွေ့ဆုံမည့် အသင်းများကို ယခုလ ၁၁ ရက်နေ့ ည ရ နာရီတွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ မဲခွဲရွေးချယ်မည်ဖြစ်သည်။

ရတနာပုံသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အမှတ်ပေးစနစ်ဖြင့် စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် MNL တွင် ဗိုလ်စွဲခဲ့သဖြင့် AFC ဥက္ကဋ္ဌဖလား ပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

AFC ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲ (AFC President’s Cup) ကို အာရှ ဘောလုံးအဖွဲ့ချုပ်က ၂ဝဝ၅ ခုနှစ်မှစတင်ကာ အာရှတိုက်ရှိ ဘောလုံးအဆင့်နိမ့် နိုင်ငံများမှ ပြည်တွင်းလိဂ် ချန်ပီယံများ (သို့မဟုတ်) ဒုတိယရသည့် ကလပ်အသင်းများကို ဖိတ်ခေါ်ကာ ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲစတင်ကျင်းပစဉ်က နိုင်ငံ ၈ နိုင်ငံ ဖိတ်ခေါ်ခဲ့သော်လည်း ၂ဝဝ၈ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ချ်နှင့် တာမင်နစ္စတန် စသည့် နိုင်ငံ ၃ နိုင်ငံမှ ကလပ်အသင်းများကို တိုးချဲ့ဖိတ်ခေါ်ခဲ့သဖြင့် စုစုပေါင်း ၁၁ နိုင်ငံ ဖြစ်လာခဲ့သည်။ လက်ရှိချန်ပီယံမှာ ၂ နှစ်ဆက်တိုက် ဗိုလ်စွဲထားသည့် တာဂျစ္စတန်ကလပ် ရီဂါတပ် အေဇက် ဖြစ်သည်။

၂ဝဝ၈ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇအသင်းသည် AFC ဥက္ကဋ္ဌ ဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။

(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)