မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် အလွန်စိုးရိမ်စရာ အကောင်းဆုံး ၁၀ နိုင်ငံထဲတွင်ပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ သဘာဝဘေးအန္တရာယ် ဆိုင်ရာ သုတေသနနှင့်အတိုင်ပင်ခံ အဖွဲ့ဖြစ် မက်ပလီခရော်ဒ် (Maplecroft)က သတိပေးလိုက်ပါသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား လေ့လာခဲ့ရာအန္တရာယ်အရှိဆုံး ၁၀ နိုင်ငံစာရင်းတွင် အာရှမှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့်
အခြားနိုင်ငံများမှာ ဟေတီ၊ နီကာရာဂွာ၊ ဟွန်ဒူးရပ်၊ ဒိုမိုနီကန် တို့ ဖြစ်ကြောင်း အဖွဲ့က ဆိုပါသည်။

နိုင်ငံများ၏ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေအား တွက်ချက်ရာတွင် တိုင်းပြည်စီးပွားရေးအပေါ် သဘာဝဘေးအန္တရာယ်မှ သက်ရောက်နိုင်သော ပမာဏ၊ ကြိုတင်ပြင်ဆင်ထားနိုင်မှု အခြေအနေ၊ တိုင်းပြည်၏ ခံနိုင်ရည်တို.အပေါ်တွင် တွက်ချက်ပြီး အဆင့်သတ်မှတ်ခြင်းဖြစ်သည်။

နိုင်ငံ၏ အခြေခံအဆောက်အအုံပိုင်း အားနည်းပြီး အုပ်ချုပ်ရေးပိုင်းကလည်း ညံ့ဖျင်းနေလျှင် ဆိုးကျိုး ပိုခံစားရနိုင်ကြောင်းဖော်ပြထားသည်။

မက်ပလီခရော်ဒ်အဖွဲ့၏ ယခုကဲ့သို. သတိပေးခြင်းနှင့်ပတ်သက်ပြီး မိုးလေ၀သပညာရှင် ဦးထွန်းလွင်က
“အဲဒါကတော့ ကျနော်တို့ မကြာခဏ ပြောနေတာပဲဗျ။ ကြိုတင်ကာကွယ်မှုအပိုင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် အားနည်းတာပေါ့။ မလုပ်တာတော့ မဟုတ်ဘူး။ လုပ်တဲ့နေရာတွေ ရှိပါတယ်။ ကျနော်ကိုယ်တွေ့ တွေ့ဖူးတာက ၂၀၀၄ ခုနှစ် ဟင်္သာတပေါ့။ အဲဒီတုန်းက ဦးဆောင်တဲ့သူက အလွန်ကောင်းတယ်ဗျ။ ဦးဆောင်မှု မပေးနိုင်တဲ့ နေရာမျိုးတွေကျတော့ သဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးကို သိပ်နားမလည်တဲ့ နေရာကျတော့ ဟာသွားတာပေါ့။ အပေါ်ကတော့ လုပ်နေတာပဲ အဖွဲ့တွေ ဖွဲ့တာ။ ဒါတွေက အလုပ်သဘောအရ ကြည့်ရင် ဟုတ်သလိုပဲ။ ဒါပေမယ့် အတွင်းကျကျကြည့်ရမှာ။ အဓိက က ၂ချက်ဗျ။ ပထမက good management ဗျ။ နောက်တခု must participation။ အဲဒီ ၂ ခုရှိရင် အောင်မြင်မယ်။ မရှိရင် မအောင်မြင်ဘူးဗျ။”

လတ်တလောဖြစ်ပေါ်နေသော မြစ်ရေကြီးမှုများ ပတ်သက်ပြီး မိုးလေ၀သပညာရှင် ဦးထွန်းလွင်က လာမည့်စက်တင်ဘာနဲ့အောက်တိုဘာအတွင်း ဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါသည်။

“မုတ်သုံရွာတဲ့မိုးရယ်၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လို့ ရွာတဲ့မိုးရယ်၊ အရှေ့ဘက်က တိုင်ဖွန်းအကြွင်းအကျန်ကြောင့် ရွာတဲ့မိုးရယ် ဒီ ၃ ခု ကြုံကြိုက်တဲ့အခါတော့ ရေကြီးမှုက အောက်တိုဘာအထိ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ရေကြီးမှုက ၃ ကြိမ်ရှိတော့ အောက်တိုဘာမှာ ရေကြီးမှုက ရှိကို ရှိဦးမှာပါ။ အတိုင်းအတာတခုတော့ ရှိမှာပဲ။ ပျက်စီးမှု များ မများသာ ကံပေါ်မှာ မူတည်ပါတယ်။”

မည်သို.ပင်ဖြစ်စေကာမူ ကြိုသိလျှင် ကြိုပြင်ကြရမည်မဟုတ်ပါလော။ ။

About ကို သာ

ကို သာ has written 41 post in this Website..

   Send article as PDF