” အဖြူရောင် နေ့ရက်များ “

YE YINT HLAINGAugust 19, 20121min14513

ငယ်ဘဝ နေ့ရက်တွေကို သတိရမိတယ်ဗျာ ! ငယ်ငယ် က ကိုယ်နေတဲ့ အိမ်ဝိုင်းကို အကျယ်ကြီး ထင်ခဲ့တယ် ။ အိမ်ထဲမှာ လှည့်ပတ် ဆော့ခဲ့တာကိုး — ။ ဗီဒီယို ပေါ်လာပြီး ရွာထဲ ဗီဒီယို ရုံ တရုံ ထောင်တော့ နွေကျောင်းပိတ်ရက် နေ့ခင်း ဆိုရင် အမေက ဗီဒီယို ကြည့်ဖို့ ညီကို နှစ်ယောက် အတွက် တစ်ကျပ်ပေး ပြီးကြည့်ခိုင်းတယ် ။ နွေကျောင်းပိတ်ရက် တွေထဲက တချို့ရက်တွေမှာ အဘွား( အဖေ့ အမေ ) ရွာကိုသွားလည်ကြတယ် ။ အဲဒီမှာ လူး ၊ ဆပ် ၊ ပြောင်းဆန်တွေကို စားဖူးတယ် ရှိအောင်ဆိုပြီး ရွာထဲက အမျိုးတွေအိမ်တွေက ချက်ကျွေးတယ် ။ မနက်လင်းတာနဲ့ ဝမ်းကွဲညီကိုတွေနဲ့ ဆိတ်ကျောင်း လိုက်သွားတယ် ။ ပြီးရင် ထန်းတောထဲမှာ ဆော့တယ် ။ မောလာရင် ထန်းရွက်တဲ ထဲမှာ ထန်းရည်ချို သောက်တယ် ။ ညီကိုတွေက ယာတဲ ထန်းတဲက ခွေးတွေ နဲ့ ကြွက်ဖော်တယ် ။ ပြီးရင် မီးကင်ကျွေးတယ် ။ တချို့ရက်တွေမှာ ဘုန်းကြီးကျောင်းက ပြုပြင်ထိန်းသိမ်း တဲ့ ကန်မှာငါးခိုး မျှားတဲ့ ညီကိုတွေဘေးမှာ ထိုင်ပြီးကြည့်တယ် ။ လိုက်ဖမ်းတဲ့ သူရှိ ထွက်ပြေးပေါ့ ။ တရွာလုံး ရေနံဆီ မီးခွက်ပဲ သုံးတော့ လသာတဲ့ ညမျိုး နဲ့ကြုံရင် အိမ်ရှေကွပ်ပျစ်မှာ ခေါင်းဦးလေး တွေချ – ပက်လက်လှန် ခေါင်းဦးပြီး မိုးပေါ်မော့ ၊ တောင်ပြော မြောက်ပြော  ပြောရင်း ပုံပြောတဲ့သူနဲ့ ကြုံရင် ပုံပြင်နားထောင်ရင်း အိပ်ပျော်သွားလေ့ရှိတယ် ။ ဒါက ရွာကို သွားလည်တဲ့ ရက်တွေ — ။

အိမ်မှာ နေတဲ့ ရက်တွေဆိုရင်တော့ ကိုယ့်အိမ် ကိုယ့်ရွာမှာပဲ ဆော့ပေါ့ ။ ဗဒင် သီချင်း ပေါ်လာစ က မှတ်မိသေးတယ် ။ မန်ကျည်းပင် ပေါ်တက် မန်ကျည်းရွက် ခူးရင်း တို့ကတော့ — တို့ကတော့ ကို ဘယ်နှစ်ကြိမ် မြောက်မှန်း မသိ အော်ဆိုရင်း လွယ်အိတ် တလုံး ရအောင် ခူးတယ် ။ အိမ်စားဖို့ ထက်ပိုနေတော့ ” အမေ့ ! သား မန်ကျည်းရွက်ရောင်းချင်တယ် ” လို့ အမေ့ကို ပြောတယ် ။ ပြောတော့ အမေက ရောင်းမနေနဲ့ အဒေါ်တွေ ဦးလေးတွေ အိမ် သွားပို့ မုန့်ဖိုးရတယ် ဆိုတော့ ” အမေ့ ! အဲလို မပို့ချင်ဘူး ! ရွာထဲ လည်ရောင်းချင်တယ် “ပြောပြီး ” မန်ကျည်းရွက် ! မန်ကျည်းရွက်!”  နဲ့ ရွာထဲလှည့်ရောင်းပါလေရော ။ သိပ်မအော်ရ သေးပဲ ဝယ်ချင်တဲ့သူ ပေါ် လာပြီး အကုန် လုံး ဝယ်မည့် ပုံပေါ်ရင် မတန်တဆ ဈေး လျှောက်ပြောပစ်လိုက်တယ် ။ သူအကုန် ဝယ်လိုက်ရင် ရွာထဲလှည့် ဈေးအော် ရောင်းရမဲ့ဟာက ပြီးသွားပြီလေ ။ ဒါကြောင့် ဒေါ်ချိုပြုံး ရဲ့ တိမ်ပလီ နွေနှောင်း သီချင်းထဲ က ” လိုချင်သူကိုမှ မတန်တဲ့ ဈေးကို ဆိုသူရယ် “လို လုပ်လိုက်တယ် ။ ငယ်ငယ်က ရွာထဲ အဲလို ဈေးအော်ရောင်းရတာကိုပျော်တယ် ။ အိမ်ဝိုင်းထဲ မှာ ကလည်း မာလကာ ၊ ဂွေး ၊ ဇလဲ နဲ့ ရှောက်သီးပင်တွေ ရှိသလို စံပါယ် ၊ သပြေ နဲ့ နှင်းဆီ ပင်တွေရှိတယ် ။ အဲဒါတွေ လည်းခူး ဆွတ်ပြီး လည်ရောင်းတာပဲ ။

ကျွန်တော် ငယ်ငယ်က ပုံပြင်နားထောင်ရတာ ပုံပြောရတာ အရမ်းဝါသနာပါတယ် ။ ညဘက် ညီကိုမောင်နှမ တွေကို နားထောင်ဖူးတဲ့ ပုံပြင်တွေကော စိတ်ကူးတည့်ရာ လျှောက်ထွင် ပြီးတော့ရော ပြောတတ်တယ် ။ တခါတရံ အဖေ နဲ့ အမေပါ ကျွန်တော့ ထွင်လုံး ပုံပြင်တွေ နားထောင်ပြီး တခွိခွိ နဲ့ အူတက်အောင် ရယ်ကြတယ် ။ ကျွန်တော် က ပြောစရာ မရှိလည်း ရှာကြံ လျှောက်ပြောတာကိုး ။ ပြောပြီး နားထောင်ကောင်းလို့ ညီ/ညီမ တွေက ပြန်ပြီးနောက်တခေါက် ထပ်ပြောခိုင်း ရင် မမှတ်မိ မပြောတတ်တော့ဘူး ။ တည အမေ က အဘွားရွာ သွားနေတယ် ။ အဖေ က ညဂျုတီ ဆင်းရတယ် ။ အိမ်မှာ အမ နဲ့ ကျွန်တော်တို့တွေ ပဲရှိတယ် ။ အဲဒီ ညမှာ ထုံးစံ အတိုင်း ပုံပြောကြတယ် ။ပြောရင်း ပြောရင်း အိပ်ချိန်နီး နေပေမဲ့ ခု ဘီအီးမြို့ပြ နဲ့ ကျောင်းပြီးထားတဲ့ ညီမ က” အကို့! သရဲ ပုံပြင် ပြောပြဦး” လို့ ပြောလာတာနဲ့ အဲဒီညက နောက်ဆုံး သရဲ ပုံပြင် ပြောပြပြီး အိပ်ကြတယ် ။ မုန့်ပြားသလက် လုပ်စားကြမှာမို့ နောက်နေ့ မနက်စောစောထကြပြီး အိမ်အောက်ဆင်းကြတော့ အောက်ထပ်က ပစ်စည်းတွေ သူခိုးခိုး သွားတယ် ။ အောက်ထပ် သူခိုး ခိုးနေတဲ့ အချိန်တုန်း မှာ အသံကြားတဲ့ ညီမ က ကြောက်ပြီး ဘယ်သူ့မှ မနှိုးပဲ ငြိမ်ကုပ်နေတယ် ပြောလာတော့ ညည်း ဘာလို့မနှိုးရတာလဲ လို့ ကျွန်တော် က စိတ်တိုပြီးမေးတယ် ။ ညီမ က” ကြောက်လို့ပါဆို “တဲ့ ။ အဲဒီ အထဲမှာ မုန့်လုပ်စားမဲ့ ဆန်မုန့်ရည်မချဉ်အောင် ကြေးဇွန်းတပ်ထား တဲ့ မုန့်ရည်ပါတဲ့ ဒန်အိုးပါ ပါသွားတယ် ။ အဲဒီ မုန့်ရည် ကြောင့်ပဲ ရွာထဲ က ဘယ်သူခိုးတယ်ဆိုတာသိလာတယ် ။ ကျွန်တော် က ကလေး ဆားပုလင်း နှင်းမောင် လုပ်လိုက်တာလေ ။ ဒါနဲ့ ရွာလူ ကြီးအိမ် သွားတိုင်တယ် ။ရွာလူကြီး က သူခိုး အိမ်ထဲ ဝင်စစ်ချိန်မှာ အဲဒီလူ က လစ်သွားပြီ ။ ကျွန်တော်တို့ ပစ်စည်းတွေ အပြင် အရင် ပထမ ပျောက်တဲ့ အိမ်က ပစ်စည်း တခု နှစ်ခု ပါ သူ့အိမ် မှာတွေလို့ သူခိုး က သူတယောက် တည်း ဆိုတာ သိလိုက်ရတယ် ။ နောက်ရက် သွားဖမ်း ကြပြန်တော့သူခိုးကို သူ့အိမ်မှာ မိပေမဲ့ သူခိုးက  ရွာလူကြီး ကို စောင့်တွန်းပြီး ထွက်ပြေးသွားလို့ တခါလွတ်သွားပြန်ရော ။ ရွာလူကြီး က  ပိန်ပိန် ပါးပါးလေး ဆိုတော့  ဖင်ထိုင် လဲကျကျန်ခဲ့တယ် ။ ရဲ ဖမ်းမှမိတယ် ။ ကိုယ့် ရွာသူ ကိုယ့်ရွာသားလည်း ဖြစ်ပြန် သူ့မိဘတွေ မျက်နှာ ကလည်းရှိသေးတော့ အချုပ် လောက်နဲ့ ပြီးသွားတယ် ။ သူက ဝါသနာ ပါလို့ ခိုးတာတဲ့ ။

ရွာတောင်ပိုင်း မှာ ဒိုင်နယ်ဘုရား ရှိတယ် ။ နှစ်စဉ် သီတင်းကျွတ် လ က ဘုရားပွဲပဲ ။ ပဌန်းရွတ်တယ် ။ ဆွမ်းကြီးလောင်းတယ် ။ ဆီမီး တစ်ထောင် ပန်းတစ်ထောင် ပြီးရင် ဇတ်ပွဲ ထည့်တယ် ။ ခုတော့ အရင် လိုစုံအောင် မလုပ်နိုင်ကြတော့ဘူး ။ လူတွေ အဆင်မပြေလို့ ။ ပဌန်းရွတ်ချိန် ဆိုရင် ကျွန်တော် တို့ ညီကိုမောင်နှမ တွေ ဦးဇင်း တွေ ကျိန်းတဲ့ ဇရပ် ဆောင် ကြီးထဲ သွားပြီး နင်းပေး နှိပ်ပေး နဲ့ ဝတ်ပြုကြတယ် ။ ဘုန်းကြီးတွေ ဦးဇင်းတွေ ကလည်း ဆုတွေ တောင်းပေးကြတာပေါ့ ။ ကြည်နူးပျော်ရွှင်စရာ ကောင်းတဲ့ အချိန်လေးတွေပါ ။ မနက်ပိုင်း ဆွမ်းကြီး လောင်းပြီးတဲ့ ရက်ဆိုရင် လည်း တရွာလုံး မုန့်ဟင်းခါး တီးကြတယ် ။ နှစ်စဉ် မုန့်ဟင်းခါးပဲ ရွာသူ/သား တွေကိုကျွေးတာ နှစ်ပေါင်း မနည်းတော့ဘူး ။ ဆီမီး တစ်ထောင် ပန်းတထောင် အတွက် ငွေတွေ ဆီတွေ ပန်းတွေ လှူကြတဲ့ အချိန် အိမ်ထဲ က ပန်းတွေ မောင်နှမ တတွေ ခူးပြီး လှူကြသလို မိဘ တွေကို အမှူးထားပြီး မုန့်ဖိုး တွေထဲကလည်း လှူကြတယ် ။ လော်နဲ့အော်လို့ မောင်နှမတတွေ နာမည် လေးတွေ ပါလာပြီဆို တယောက်နဲ့ တယောက် လက်တို့ပြီး ” အဲ — ငါတို့ နာမည်တွေ ပါလာပြီ ” ဆိုပြီး ကြည်နူး ပီတိဖြစ်ခဲ့ကြတယ် ။ ဇတ်ပွဲ ကိုတော့ အမေက ပထမ ( ၂ ) ရက် ပြဇတ် အထိ ပဲ ပေးကြည့်ပြီး အိပ်ခိုင်းတယ် ။ နောက်ဆုံး ရက် ရောက်မှ မိုးလင်းကြည့်ရတယ် ။ တချို့ နှစ်တွေ တခါတရံ တည ထပ်တိုးပေးလို့ လေးည ကြည့်ရတယ် ။

တနှစ် တန်ဆောင်မုန်းလပြည့် ညမှာ ရွာထဲ ကျွန်တော် က စပြောစည်းရုံး လိုက်တာ ( ၃ ) နှစ်ဆက်တိုက် သူငယ်ချင်းတွေ ကိုယ့် အိမ်က ဆန် ၊ ဆီ ၊ ဆား ၊ ငပိ ၊ ခရမ်း ချဉ်သီး တွေ လောက်ပဲ ခိုးပြီး ရွာရဲ့ အနောက်တောင်ဘက် ကုန်းထိပ်မှာ ခရမ်းချဉ်သီး ငပိချက် ချက်စားခဲ့ကြတယ် ။ ငှက်ပျောပင် ရှိတဲ့ အိမ်က ငှက်ပျောရွက် ခိုးပြီး အဲဒီပေါ်မှာ ပုံစားကြတာလေ ။ အလွယ် တကူ ရနိုင်တဲ့ ပစ်စည်းတွေ ဖြစ်ပေမဲ့ သူခိုးကြီး ည ဆိုတော့ ခိုးယူရတာပေါ့ ။ ရှေနှစ်တွေ ထဲ က ကျွန်တော် ပထမ ဆုံး လိုက်ခိုးတဲ့ နှစ်က ရွာထဲ က ဒေါ်ဘုတို အိမ်ကကြက် ။ လူ ( ၅ ) ယောက် သွားခိုးတယ် ။ တယောက် က ရယ်ချင်တာကို မအောင့်နိုင်ပဲ ခွီး ကနဲ ရယ်တော့ အိမ်ရှင်တွေ သိသွားတယ် ။ လက်သွက်တဲ့ တယောက်က နီးရာကြက်ကို ဆွဲပြီး မိပြီ ပြေးပြေး ဆိုတော့ ဝရုန်းသုံးကား ပြေးကြရင်း လူကွဲ သွားကြတယ် ။ ကျွန်တော် နဲ့ ကြက်ဖမ်းတဲ့ တစ်ယောက်က နီးရာ အဆင်ပြေမဲ့ အိမ်မှာ ဝင်ပုန်းနေရင်း သူ့လက်ထဲကကြက်က ရုန်းတယ် ။ အသံ ထွက်တော့ ပိုင်ရှင် သိမှာကြောက်ပြီး သူငယ်ချင်း က သူ့လက်ထဲက ကြက်ကို ဇတ်ကနဲ လည်လိမ်ချိုးလိုက်တယ် ။ ပြီးတော့ နှစ်ယောက်လုံး စိတ်မကောင်း ဖြစ်ခဲ့ကြလို့ နောက်နှစ်မှာ ကြက် အစား ငပိ ချက်ကို ပြောင်းလိုက်တာ ။ အေးနေချမ်းနေ တဲ့ အချိန် ခရမ်းချဉ်သီး ငပိချက် ငရုပ်သီး စပ်စပ် လေးနဲ့ လရောင်အောက် ငှက်ပျောဖက်ခင်းပြီး စားရတဲ့ အရသာ ကလည်း  မြိန်ပါ့ဗျာ !

( ရ ) တန်း ရောက်တဲ့ နှစ်က ကျွန်တော် တော်တော် ဂြိုလ်ကြွတဲ့ နှစ်လို့ ပြောရမယ် ။ သိုင်းချ တမ်း ကစားရင်လည်း တကယ်ရန်ဖြစ် နေသလို ချတယ် ။ တရက် ကျောင်းမှာ ကျွန်တော် နဲ့ ကစားနေတဲ့ သူငယ်ချင်း မင်းမင်း က ကျွန်တော့ ကို မနားတန်း ကန်တယ် ။ ကျွန်တော် လည်း ပြန်ချဖို့ ဘာအကွက် မှ မထုတ်နိုင်တာနဲ့ ပတ်ပြေးတယ် ။ ဒီတော့ သူငယ်ချင်း က ဝမ်းသာအားရနဲ့ တရစပ် လိုက်ကန်တယ် ။ နည်းနည်း လူချင်း ကွာသွားတော့ ယားဆိုပြီး အဝေးကနေ ခုန်အကန်မှာ ကျွန်တော် ရှောင်လိုက်တော့ မလွတ်တလွတ် ညိကြပြီး အကျ မကောင်းတော့ ကန်တဲ့ သူငယ်ချင်း  မင်းမင်း လက်ကျိုးသွားတယ် ။ အဲဒီနှစ် က မျောက်ရှုံးအောင် ဆော့တဲ့ နှစ်ပေါ့ ဗျာ ။ စာသင်ခန်း ဟိုဘက် ခန်း ဒီဘက်ခန်း ပြတင်းပေါက်မှာ ခေါင်းပြုတဲ့ သူကို သောက်ရေအိုးထဲ က ရေနဲ့ အပြန်အလှန် ပက်ကြတယ် ။ နှစ်ခွက် လောက်ပက်ပြီး သုံးခွက်မြောက်လောက်မှာ ခေါင်းပြုလာကာစလေး ကို အတူဆော့ဖက် မှတ်ပြီး ပက်ထည့်လိုက်တာ အင်ဂလိပ် စာ သင်တဲ့ ဆရာမကြီး  ရဲ့ မျက်နှာကို ဗြန်းကနဲ ပဲ ။ ဆရာမ ကြီး က ကျောင်းရဲ့ စည်းကမ်းထိန်းလည်း ဖြစ် နဂို ကလည်း အပြီ အပြင် ရိုက်တတ်တော့ ကော့နေတာပဲ ။ ဒါပေမဲ့ ဆရာမ ကြီးက အသင်အပြ ကောင်းပြီး တကယ်စေတနာကောင်းတဲ့ ဆရာမကြီးပါ ။ ကျွန်တော်တို့ အတွက်တော့ ကြောက်ချစ်ရိုသေ ပေါ့ ။ ( ရ ) တန်းနှစ်မှာပဲ မယက အတွင်းရေးမှူး ကတော် ချောချောခန့်ခန့် ဆရာမ တစ်ယောက် ကျွန်တော်တို့ ကျောင်းကို ပြောင်းလာတယ် ။ အပြင်အဆင် ရှိသလို ဆရာမ ဝတ်စုံနဲ့ ဆိုတော့ ကျက်သရေ ရှိရှိနဲ့ လှတဲ့ ဆရာမပါ ။ ဒါပေမဲ့ နည်းနည်း ” ဝ ” တယ် ။ ထက်ထက်မိုးဦး ခေတ်ထစဆိုတော့ ထက်ထက်မိုးဦး စတိုင် ကို ဆရာ မက ကြိုက်ပုံ ရပါတယ် ။ဒီလိုနဲ့ တရက် ဆရာမ စာသင်နေတုန်း ခဲတံနဲ့ ဆရာမ သင်တဲ့ သင်ခန်းစာလေ့ကျင့်ခန်း စာအုပ်ရဲ့ ရောက်လက်စ စာအုပ် ထိပ်ပိုင်းလေးမှာ အမှတ်တမဲ့ ” ဆရာမ ထက်ထက်မိုးပြဲဒယ်” ဆိုတဲ့ စာလေး ရေးလိုက်မိပြီး ပြန်ဖျက်ဖို့ မေ့သွားတယ် ။ လေ့ကျင့်ခန်း စာအုပ်တွေ ဆရာမ စားပွဲပေါ် ထပ်ခိုင်းပြီး ဆရာမ ကစစ်တယ် ။ ကျွန်တော့ စာအုပ် အလှည့် ရောက်တော့ ဆရာမ က ကျွန်တော်ရေးထားတာကိုတွေပြီး ကျွန်တော့နာမည်ခေါ်ပြီး ” လာခဲ့ ” လို့ပြောတော့ ကိုယ်ရေးတဲ့သင်ခန်းစာ မှားပြီလို့ထင်လိုက်တာ ။ ဘယ်ဟုတ်မလဲ ကျွန်တော် လက်ဆော့ထားတဲ့ မဖျက်မိတဲ့ စာကြောင့် ဆရာမ ပေါက်ကွဲသွားတာ ။” ကုန်းစမ်း ” လို့ ထိုင်နေရာက ပြောလာတော့ ဆရာမရှေ ခါးလေးကိုင်းပေးလိုက်တယ် ။ ဆရာမ က နားရွက် လိမ်ဆွဲပြီး ” နောက်ရေး ဦး မလား ” မေးပြီး ကျောပြင်ကို တချက် ဗျောတင် သွားတယ် ။ ဒါကြောင့် ကျောင်းမှာ ဆရာ/မ ချစ်တဲ့ တပည့် နှစ်တွေကြာလည်း မမေ့ခံရတာကျွန်တော်ပဲ ။ ဝေါမီးသောဖော အလုပ်ကောင်းလို့ တတန်းဝင် တတန်းထွက် တချက်အရိုက်ခံပြီး နောက်မလုပ်တော့ ပါဘူး ပြောခဲ့ရတာ ကျွန်တော်တို့ အဖွဲ့ပဲ ။ ( ရ ) တန်းမှာ ပြောပါတယ် ။ ကမြင်းနည်း ပေါင်းစုံလို့ အရိုက်ခံရတာလဲ မနည်းဘူး ။ တရက် ပလပ်စတစ် ပိုက်ခေါင်း သေးထဲ မြွေစိမ်း အရှင် ထည့်ပြီး ကိုအောင် က စာသင်ခန်းတခန်းချင်းလိုက်တို့ပြီးစတယ် ။ ကျွန်တော့ ဘက် လှည့် အတို့မှာတော့ ကိုရွှေမြွေစိမ်း က လျှောနဲ ပိုက်ခေါင်းထဲက ထွက်လာပြီး ကျွန်တော့ နဖူး တည့်တည့် ကိုက်တယ် ။ သိပ်မကြာဘူး နဖူးကြီး ယောင်လာတယ် ။ အကြောင်းစုံသိသွား တော့ အတန်းပိုင် ဆရာမ ကြီးကော ကျောင်းအုပ်ဆရာမကြီးပါ ခေါင်းကြီးသွားတယ် ။ ဆေးခန်း လိုက်ပို့ ကြတယ် ။ တော်သေးတယ် — မြွေကောင်းမလို့ ။ ကျောင်းမှာ ကျွန်တော် တို့ အဖွဲ့ က အဆော့ဆုံး ၊ အမွှေဆုံး ပေါ့ဗျာ !

အတန်းတွေကြီးလာမှ ငြိမ်ခဲ့ကြတယ် ။ ဒါပေမဲ့ အကျင့်လေးတွေက မပျောက်ဘူး ။ စာမေးပွဲတော့ တနှစ်မှ မကျဖူးဘူးဗျ ! ဟိုဟာ ပြောပွဲ ဒီဟာဟောပြောပွဲ ဆိုရင်လည်း လူပြောင် လူရှုပ် အရှက် အကြောက် နည်းတဲ့ ကျွန်တော်တို့ ကိုပဲ စင်ပေါ်တင်ပြီး စာရွက်တွေ ဖတ်ခိုင်းတယ် ။ ဒါကြောင့် ကျောင်းပြင်ပကို ရောက်ပြီး အလုပ်ဝင်တဲ့ အရွယ် မှာလည်း ဟိုစပ်စပ် ဒီစပ်စပ် ပြောပွဲတွေနဲ့ ကြုံရင် နာမည် စာရင်း ကပါပြီးသား ။ ဒီခေါင်းစဉ် ပြော ဒါတွေ ပြောပေါ့ဗျာ ! ဒါပေမဲ့ နောက်ဆုံး  ပွဲမှာ အဲဒီအချိန်က ညတိုင်းပြတဲ့ ( ရ )နာရီ ကားတွေကို ကြားညှပ်ပြီး ကိုယ့် ဖီးနဲ့ကိုယ် ပြောထည့်လိုက်တယ် ။ မင်းကော မကြည့်ဘူးလား မေးရင် ကျွန်တော်လည်း ကြည့်တယ် ။ တနိုင်ငံလုံး ညတိုင်းကြည့်နေလို့ ကိုယ့်အတွေးနဲ့ကိုယ် ကျွန်တော်က ပြောလိုက်တာ ။ နှစ်နဲ့ချီပြီး ပြနေခဲ့တဲ့ အဲဒီတုန်းက ကိုရီးယား ကား အမျိုးအစားတွေဟာ ဇတ်လမ်း ကွာရင်ကွာမယ် ပရိတ်သတ်ရဲ့ ခံစားမှုက ပုံစံတူတွေချည်းပဲ ။ ဇတ်ကောင် ကို သနားလွန်းလို့ စိတ်မကောင်း ဖြစ်တာရယ် ဇတ်လမ်းထဲမှာ သနားစရာ ကောင်းတဲ့ ဇတ်ကောင်ကို ထပ်အနိုင်ကျင့် ပြတဲ့ ဗီလိမ်ကို မုန်းတီး ဒေါသဖြစ်ရတာ ရယ်က ဘယ်ကားဖြစ်ဖြစ် အတူတူ ပဲ ။ ပြီးတော့ ပြသချိန်က ညစဉ်ပုံမှန် ။ ဖျော်ဖြေရေးဟာ တနေ့တာ ပင်ပန်းနွမ်းနယ်သမျှ အတွက် စိတ်ရော ကိုယ်ရော လျှော့ချ အနားယူ Relax လုပ်တာ ။ ခုဟာက အနားယူချိန်ညနေတိုင်း သနားလိုက် ဝမ်းနည်းလိုက် ဒေါသဖြစ်လိုက် နဲ့ စိတ်ပညာနဲ့ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် လူထု ကို အချိန်မှန် ပြသတာ မကောင်းဘူးလို့ ကျွန်တော်က ပြောခဲ့တယ် ။ ပြီးတော့ လူ့ ခန်ဒါကိုယ်မှာ ရှိတဲ့ ဂလင်းနှစ်မျိုးဟာ ဝမ်းနည်းပူဆွေးစိတ် နဲ့ ဒေါ်သစိတ် ဖြစ်ပေါ်လာရင် သွေးလည်ပတ်မှုထဲကို ရောက်သွားတယ် ။ အကြိမ်များစွာ ဖြစ်လို့ အကြိမ်များစွာ သွေးထဲရောက်ရင် စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းပါ ဆက်ပြောတယ် ။ နဂို ကမှ စားဝတ်နေရေး အတွက် တနေ့တာစိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်ခဲ့ကြသူတွေ ဘဝ ဖိအားရှိတဲ့ သူတွေကို သူတို့ရဲ့ အနားယူချိန်မှာ စိတ်ဖိအား ထပ်ဖြစ်စေတယ်လို့ ဝေဖန်လိုက်တယ် ။ အနောက်တိုင်း အက်ရှင်ကားတွေ ကြည့်ရင် ဗဟုသုတ နဲ့ ခန်ဒါကို လှုပ်ရှား တက်ကြွလာချင်စိတ် ။ ယုံကြည်မှုနဲ့ စွန့်စားလိုစိတ် ရှိပြီး ကျန်းမာရေး အထောက်အကူ ပင်ဖြစ်စေကြောင်း ဖြည့်ပြောလိုက်သေးတယ် ။ အဲဒီအချိန်က ကျွန်တော် နည်းနည်း အရွယ်ရောက်လာပြီပေါ့ဗျာ !

ဒီလိုနဲ့ နှစ်တွေ တဖြေးဖြေး ကုန်လာခဲ့တယ် ။ လူ ကလည်း ဟိုမြို့ကူးလိုက် ဒီမြို့သွားလိုက်နဲ့ပေါ့ဗျာ ! အသက်ကလည်း တနှစ်ပြီး တနှစ် ကြီးလာတယ် ။ တရက် ကျွန်တော့မြို့ ကျွန်တော့ရွာကို ပြန်ရောက်တော့ သူငယ်တန်း ကနေ စပြီး ပေါင်းလာတဲ့ ကျွန်တော့ငယ်သူငယ်ချင်း ဆီကို သွားတွေ.တယ် ။အရင် အချိန်တွေ ကဆယ်နှစ်ဝန်းကျင်လုံး တေ.လွဲလေးတွေနဲ့ သူနဲ့ ကျွန်တော် မတြွေ.ဖစ်ခဲ့ဘူး။ ကျွန်တော် သူ့ကို တွေရင် ဝမ်းသာအားရနဲ့ စကားတွေ အများကြီး ပြောမယ် လို့ တွေးထားတယ် ။ သူက သူငယ်ချင်းတွေထဲမှာ အပြောင်ဆုံး နဲ့ ရွှတ်ရွှတ်နောက်နောက် အလုပ်ဆုံးလေ — ဒါပေမဲ့ သူ့ကို တွေတော့  သူအများကြီး ပြောင်းလဲ သွားတယ်ဗျာ ! အထူး သဖြင့် သူ့မျက်လုံးတွေ ၊ သူပြောလာတဲ့ စကားလုံးတွေ ။ လက်ရှိသူက မကွေး က ကုမ်မဏီ တခုရဲ့မကွေးတိုင်းတွင်း မြို့နယ်တွေရဲ့ကတ်တရာလမ်းတွေ ပြန်လည်ပြုပြင်ဖာထေးတဲ့ လုပ်ငန်းမှာ လမ်းပိုင်း အင်ဂျင်နီယာ ။ လစာ က လွဲပြီး ဘာမှမရဘူး ။ ဘယ်သူငယ် ချင်းကတော့ ဘယ်ဌာနမှာ ဘာဖြစ်နေ ဘယ်သူကတော့ ဘယ်နိုင်ငံမှာ ဘာလုပ် နေပြီ ။ သူကျန်ခဲ့ပြီ စတဲ့ သူ့လက်ရှိ အခြေအနေ ကို သူဖြတ်သန်းခဲ့တဲ့ အချိန်နဲ့ တိုင်းတာဆုံးဖြတ်ပြီး သိမ်ငယ်နေတာ ။ အရင် ကလို ပျော်ပျော်နေတတ်တဲ့သူမဟုတ်ဘူး ။ သူ့စိတ်တွေ ကျနေတယ် ။ ဒါနဲ့ ကျွန်တော်က ကျွန်တော့ ခံစားချက် အတိုင်း သူ့ကိုပြန်ပြောတယ် ။ ငါက မင်းကို အားကျနေတာကွ ! မိဘညီကိုမောင်နှမ တွေနဲ့ အတူနေရတယ် ။ ကိုယ့်မြို့ ကိုယ့်တိုင်း လမ်းတွေကောင်းဖို့ လမ်းတွေခင်းနေတယ် ။ ဆိုင်ကယ်လေး နဲ့ ပတ်သွားနေရုံပဲ လို့ ပြောတော့ မင်းကငါမဟုတ်လို့ပါကွာတဲ့ ! ငါ့လစာ ဘယ်လောက်ရှိလို့လဲ တဲ့ ။ ဒါနဲ့ ကျွန်တော်ရယ်တယ် ။ သူက ဘာရယ်တာလဲ မေးတော့ ကျွန်တော် က ” တဂိုး ” ရဲ့  ” ငှက်ကလည်း မိုးတိမ် ဖြစ်ချင်တယ် ၊ မိုးတိမ် ကလည်း ငှက်ဖြစ်ချင်တယ် ” ဆိုတဲ့ ကဗျာလေး သတိရသွားလို့ပါကွာလို့ ပြန်ပြောလိုက်တယ် ။ ပြီးတော့ ငါ — ငါ့မြို့ ငါ့ရွာမှာ ငါ့မိသားစု ညီကို မောင်နှမ တွေ နဲ့ အရင်လို ပျော်ပျော်ရွှင်ရွှင် နေချင်လိုက်တာကွာလို့လည်း ထပ်ပြောလိုက်သေးတယ် ။ ကျွန်တော် တကယ် ပြောနေမှန်း သိတော့ သူကျွန်တော့ကိုကြည့်တယ် ။ ကျွန်တော်က ဆက်ပြီး ရုရှစာရေးဆရာ အေပီ ချက်ကော့ က ငါ တို့ မင်းတို့လို ဘဝ တွေ အတွက် ရေးထားခဲ့တာတွေရှိတယ်ကွ ! ဒါပေမဲ့ ဒီမှာ မပြောချင်ဘူးကွာ ဆိုပြီး ညစ်နေပုံရတဲ့သူ့ကို ကျွန်တော်တို့ မြို့က တခုတည်းသော စည်ဘီယာ ဆိုင်ကို ခေါ်သွားတယ် ။ ဆိုင်ရောက်တော့ ဘီယာမှာပြီး သောက်တယ် ။ သောက်ရင်း ကနေ သူက အလုပ်နဲ့ အိမ်နဲ့  ကူးနေတာနဲ့ ငါစာမဖတ်ဖြစ်တော့တာ နှစ်ချီ နေပြီတဲ့ ။ ဆက်စမ်းပါဦး မင်းစကားလေးကိုဆိုတော့ နေပါဦး ! အရှိန်လေးရအောင် စောင့်ပါဦး ဆိုပြီး တခွက်ပြီး တခွက် သောက်တယ် ။ နှစ်ယောက်လုံး မူးလာတော့ စိတ်ရင်း အမှန်တွေ ပေါ်လာတယ် ။ တဟီးဟီး တဟားဟား နဲ့ တယောက်နဲ့တယောက် ရွဲ့လိုက်ဖဲ့လိုက် နဲ့ အပြန်အလှန် ပြောရင်း အူရွှင်နေကြတယ် ။ ငယ်ငယ် က လူသိမခံခဲ့တဲ့ အကြောင်းတွေ ပြန်ဖော်ပြောကြရင်း ရယ်မောဟားတိုက်မိကြတယ် ။ အဲဒီ အချိန်တိုလေးမှာ သူကော ကျွန်တော် ကော ဖြုစင်တဲ့ ငယ်ဘဝလေး ပြန်ရကြတယ် ။ ကျွန်တော် တို့သူငယ်ချင်း နှစ်  ယောက် တဒင်ဂ ဖြုစင်အပြစ်ကင်း သွားကြတယ်ဗျာ ။

ဖတ်ရှုအားပေးကြသူများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ !
ရဲရင့်လှိုင်

13 comments

  • မဟာရာဇာ အံစာတုံး

    August 19, 2012 at 1:32 pm

    စံဇာဏီဗိုလ်ရဲရင့်ဂျီးရေ ..
    အားပေး ဖတ်ရှုသွားပါတယ် ခညာ ..
    ခညားရဲ့ စာတွေကို ဖတ်ပြီး ငယ်ဘဝ တောအရပ်မှာ
    ဆော့ခဲ့၊ နေခဲ့၊ ကြီးပျင်း ခဲ့ရတဲ့အဖြစ်တွေကို လွမ်းမိတယ်ဗျာ ..
    တကယ်ကို ပျော်စရာ ကောင်းခဲ့တဲ့ ကလေးဘဝလေးပါပဲ …

  • ko khin kha

    August 19, 2012 at 2:08 pm

    ကလေးဘဝလေးကို လွမ်းမိပါပြီ

    • YE YINT HLAING

      August 19, 2012 at 2:32 pm

      အားပေး ဖတ်ရှုသွားတဲ့ အတွက် ကျေးကျေး ပါ ကိုခင်ခရေ !

  • YE YINT HLAING

    August 19, 2012 at 2:25 pm

    ကျွန်တော် အခု ရက်ပိုင်း အိမ်ကို လွမ်းနေမိသလို အရင်က အကြောင်းလေးတွေကိုလည်း ဇိမ်ပြေနပြေ တွေးမိသတိရလွမ်းဆွတ် နေမိတယ်ဗျာ! ခုလို ဖတ်ရှုအားပေးသွားတဲ့ အတွက် ကျေးဇူးပါ ကိုအံကြီးရေ ။

  • မောင်ပေ

    August 20, 2012 at 1:14 am

    အစ်ကိုကြီး ရဲ
    သာကောရဲ
    ဘိုင်ကြီးရဲ
    အိုဗျာ… ဘယ်လိုခေါ်ခေါ် အစ်ကိုပါပဲ
    ပုံ
    ခင်သော ပေ

  • YE YINT HLAING

    August 20, 2012 at 4:58 am

    ပေဘိုင် ထိကယ် ထိကယ် !
    အာရိဂသို့ ( ဝါ ) အာရိငသို့ ပေစံ !
    ရှဲရှဲ့ ပေ
    Thank You !

    • shwe kyi

      August 20, 2012 at 12:08 pm

      ကိုရဲရင့်လှိုင် ဈေးလဲရောင်းဖူးသကိုး။ တကယ်ပါပဲနော်ငယ်ငယ်ကတော်တော်လေးကိုကဲခဲ့တာကိုး။
      သူငယ်ချင်းတွေဆုံရင်တကယ်ကိုငယ်ဘဝပြန်ရောက်သွားသလိုပါပဲ။

  • shwe kyi

    August 20, 2012 at 12:09 pm

    အယ် reply ဖြစ်သွားပြီ။

  • YE YINT HLAING

    August 20, 2012 at 12:20 pm

    ဟုတ်တယ်ဗျ ! မျောက်ရှုံး အောင်ကို ဆော့ခဲ့တာ ။ တခါတလေ ကိုယ့်ဟာ ကို ပြန်တွေးပြီး ရယ်နေရတယ်ဗျာ ! အခွင့်သာရင် ငယ်သူငယ် ချင်းတွေနဲ့ ပြန်ဆုံဖို့ အမြဲ ကြိုးစားတယ် ! ငယ်ဘဝပြန်ရောက်ချင်လို့လေ ! ဖတ်ရှု အားပေးသွားတဲ့ အတွက် ကျေးဇူးပါ မရွှေကြည် !

  • surmi

    August 20, 2012 at 1:08 pm

    ကိုရဲရင် ့စာရေးကောင်းတယ်ဗျာ
    ငယ်ဘဝလေးကိုရုပ်ရှင်ကြည် ့ရသလိုဘဲ
    ရွာထဲသိပ်မရောက်လို ့ သိပ်မဖတ်ဖြစ်ပေမဲ ့ ကွန်မန် ့တွေဖတ်ပြီးသိနေတာကြာပါပြီ
    ဆက်ရေးပါဗျာ အားပေးနေပါ ့မယ်

  • YE YINT HLAING

    August 20, 2012 at 3:21 pm

    ခုလို အားပေး ဖတ်ရှု သွားတဲ့ အတွက် ကျေးဇူး ပါ ဦးဆာမိ ခင်ဗျာ !
    နောက်ထပ်ရေးဖို့လည်း အားရှိသွားပါတယ် ။

  • Shwe Ei

    August 20, 2012 at 3:32 pm

    ကျမလဲ ငယ်ငယ်ကအဆော့သန် ကြီးတော့အပွေးသန် အခုလောလောဆယ် အပေါသန်။
    ကလေးဘဝကိုလဲမမေ့၊ ကျောင်းသားဘဝကိုသတိရတိုင်း သူငယ်ချင်းတွေ အုပ်စုဖွဲ့ ကမြင်းခဲ့ကြတဲ့ ဒါ့ပုံတွေ ပြန်ကြည့်ရတာအမော။ အမေက ရန်ကုန်မှာ အတူနေတော့ အဖွားနြဲ့မို့ကိုလွမ်း၊ အဖေက ပဲခူးမှာဆိုတော့ အဒေါ်များနဲ့ ရွာကိုလွမ်း၊ နာဂစ်ပြီးစက အလုပ်နဲ့နေခဲ့ဖူးတဲ့ရွာက ကောက်ရိုးပုံကိုလွမ်း။ အင်း ကိုရဲရင့်လှိုင်ပို့စ်က လွမ်းစရာတွေ အများကြီးပေးတယ်ဗျာ။

  • YE YINT HLAING

    August 20, 2012 at 4:07 pm

    အလွမ်းတွေကူးကုန်ပြီပေါ့ဗျာ ! ဖတ်ရှုအားပေးသွား တဲ့ အတွက် ကျေးဇူးပါ မရွှေအိ !

Leave a Reply