မိန်းမဆိုတာ ရောင်းကုန်မဟုတ်

cobraJuly 7, 20101min790

လူထုစိန်ဝင်း
…………………………………………………………..
ဒီခေတ်ဂျာနယ်၊ မဂ္ဂဇင်းတွေဖတ် ရတာတော်တော်အကုသိုလ်ဖြစ်ပါတယ်။ မြန်မာမိန်းကလေးတွေရဲ့ ဝတ်ပုံစားပုံ လော်လီတာတွေကြည့်ပြီး စိတ်ထဲက ‘ဆတ်ဆလူးမလေးတွေပဲ’ အစချီတဲ့ ဖရုဿဝါစာ စကားမျိုးတွေနဲ့ အသံမထွက် ဘဲ ကောက်ချက်ချမိပါတယ်။ ဒီတော့ အလကားနေရင်း အကုသိုလ်မဖြစ်ဘဲ ဘယ်နေတော့မှာလဲ။

လွန်လွန်းနေပြီ

ကဲပုံတွေလည်း ကြည့်ဦးလေ။ ကျောတစ်ပြင်လုံး ခါးထိအောင်ဟာလာ ဟင်းလင်းဝတ်လိုဝတ်၊ အပေါ်ပိုင်းတစ် ခုလုံးဗလာကျင်းထားတဲ့ ‘ရင်ရှား’ဝတ်စုံ ဝတ်လိုဝတ်နဲ့ သိပ်ကို နိုင်ငံတကာ အဆင့်မီ ဖြစ်နေကြပါတယ်။ နိုက်ကလပ်လိုနေ ရာမျိုးသွားတဲ့ အခါဝတ်ချင်ဝတ်ပါ။ ခုတော့ မင်္ဂလာဆောင်တို့၊ မွေးနေ့ပွဲတို့လို နေ့ခင်းကြောင်တောင် လူပုံလယ်မှာလုပ် တဲ့ ပွဲတွေကိုတောင် ဒါလောက်မျက်နှာ ပြောင်တိုက် ဝတ်ရဲကြတာတော့ တော်တော်ကို အံ့ဩမိတယ်။ မော်ဒယ်ရှိုးတွေ မှာ မီးမောင်းတွေ ထိုးထားပြီး ကိုယ်ဟန် ပြကြတာလည်း အမြင်ရိုင်းလှပါတယ်။ အဘိုးကြီးမို့ဒိတ်အောက်ပြီး ‘အန်းတစ်’ ဖြစ်နေလို့ ပြောတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်လောက်ကတောင် မိန်းကလေးတွေ ဆံပင်တိုတိုညှပ် ပြီး ဘောင်းဘီဝတ်တာကို အားပေး ခဲ့တာပါ။ အခုလည်း ဟစ်ဟော့ဂီတကို နှစ်သက် အားပေးနေသူပါ။ တချို့မိန်းကလေးတွေ အထူးသဖြင့် ဖျော်ဖြေရေးနယ် ပယ်က မိန်းကလေးတွေ (အနုပညာရှင် လို့မပြောချင်ပါဘူး)ကတော့ လွန်လွန်း အားကြီးနေပြီလို့ ထင်ပါတယ်။

မြန်မာမျက်စိနဲ့ ကြည့်တာ

ဒါထက်ဆိုးတာ ရှိပါသေးတယ်။ အဲဒီနယ်ပယ်က မိန်းကလေးတွေပါပဲ။ လူရှေ့သူရှေ့ မရှက်မကြောက် တစ်ယောက်ပြီးတစ်ယောက် ‘ထည်လဲ’ တွဲ ပြလိုက်ကြ၊ ကွဲပြလိုက်ကြနဲ့ မြန်မာ မိန်းကလေး တွေမဟုတ်ကြသလိုပါပဲ။ နက်ဖြန်ယူတော့ မှာလိုလို၊ သန်ဘက်ခါယူ တော့မှလိုလိုနဲ့ နောက်လုံးဝမယူဖြစ်တော့ နစ်နာကျန်ရစ်ရတာက ဘယ်သူလဲ။ သူတို့တတွေက ‘နိုင်ငံတကာ အဆင့်မီ’တွေမို့ ရှက်ရကောင်းမှန်း မသိပေမယ့် ဒီနိုင်ငံက မြန်မာနိုင်ငံ၊ လူမျိုးက မြန်မာလူမျိုးတွေလေ။ ဒီတော့ ‘နိုင်ငံ တကာမျက်စိ’ နဲ့ ဘယ်ကြည့်မလဲ ‘မြန်မာ မျက်စိ’နဲ့ ကြည့်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ပဲ အကဲဖြတ်ကြမှာပေါ့။ ဒီခေတ်က ပါးစပ်နဲ့ တီးတိုးသတင်းလွှင့်တဲ့ ခေတ်မဟုတ်တော့ဘူး။ လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံရော၊ ဗီဒီယိုပါရိုက်ပြီး ချက်ချင်း အင်တာနက်ပေါ်တင်လို့ရတဲ့ ခေတ်ဖြစ်နေပြီလေ။ ဗြောင်လိမ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။

ရှောင်မလွတ်ပုံတွေ

‘မမြင်ချင်ရင်မကြည့်နဲ့’လို့ ပြောလည်း စာနယ်ဇင်းတွေ မဖတ်ဘဲ မနေနိုင် တော့ ဝယ်ရဖတ်ရတာပဲ။ စာနယ်ဇင်း အဖုံးတွေမှာကို အဲဒီလို ‘ရင်ရှား’ ပုံ တွေပါနေတော့ မကြည့် ဘဲလည်းမြင်နေရပါတယ်။ အတွင်းမှာလည်း ကိုယ်ဖတ် ချင်တဲ့ စာကို အဲဒီလို မျက်နှာပြည့် ရောင်စုံပုံတွေကြားမှာ မနည်းလိုက်ရှာပြီး ဖတ် နေရတာဆိုတော့ ရှောင်လို့ကို မရနိုင်ပါ ဘူး။ ဖက်ရှင်ဆိုတာ ဒီလိုပါပဲ။ ခေတ်စားလိုက် ပျောက်သွားလိုက် ဖြစ်နေမှာပါ။ ရေး ကြီးခွင်ကျယ် လုပ်ပြောမနေပါနဲ့လို့ ဆိုသူ တွေရှိပေမယ့် မပြောဘဲနေဖို့ မသင့်ပါဘူး။ ဂျာနယ် မဂ္ဂဇင်းတွေ ထဲပါနေတယ်ဆိုတော့ လူတိုင်းမြင်တွေ့နေရတာဖြစ်တယ်။ ပြီးတော့ ဖျော်ဖြေရေးနယ်ပယ်က လူတွေဆိုတော့ ကလေးတွေက လိုက်အတုခိုး တတ်ကြပါတယ်။ ဝတ်ပုံစားပုံအတုခိုးရုံ တင်မက စာနယ်ဇင်းတွေထဲ အမြဲပါနေတဲ့ ဖျော်ဖြေရေးသမားတွေရဲ့’ထည်လဲထည် ချွတ်’ကိစ္စတွေ၊ တွဲလိုက်ခွဲလိုက်နောက်တစ်ယောက် ထပ်တွဲလိုက် ကိစ္စတွေကိုပါ အတုမြင်အတတ်သင် ဖြစ်ကုန်မှာစိုးရပါ တယ်။ ဒါကြောင့် ပြောရတာပါ။

ဘီကီနီနဲ့ အားကစား

ဒီလိုအဝတ်အစား လော်လီကြတာ မြန်မာမိန်းကလေးတွေတင်မဟုတ်ပါဘူး။ သူတို့ အနောက်နိုင်ငံ သူတွေလည်း အတူ တူပါပဲ။ ပိုတောင် ကဲပါသေးတယ်။ တစ်လောက ကျင်းပပြီးစီးသွားတဲ့ နိုင်ငံတကာ ပြေးခုန်ပစ်ပြိုင်ပွဲ တစ်ခုမှာဝါသနာပါတဲ့ မီတာ၁၀ဝပြိုင်ပွဲ နဲ့အမြင့်ခုန်တုတ်ထောက် ခုန်ပြိုင်ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ သတိထားမိတာ တစ်ခုက ယောက်ျားအား ကစားသမားတွေက အားကစားဘောင်းဘီ၊ အကျႌတွေနဲ့ လုံလုံခြုံခြုံဝတ်ကြပေမယ့် အမျိုးသမီးတွေကတော့ အပြေးသမား တွေကလည်း ဘီကီနီဝတ်စုံနဲ့ အခုန်သမား တွေကလည်း ဘီကီနီဝတ်စုံနဲ့ ချည်းဖြစ် နေပါတယ်။ နောက်တစ်ခါစောင့်ကြည့် လေ့ရှိတဲ့ ကမ္ဘာ့ပတ်လည် တင်းနစ်ကစားပွဲ တွေမှာလည်း ဖက်ဒါရာတို့၊ နာဒယ်လ်တို့ လိုယောက်ျားတွေက ဘောင်းဘီနဲ့စပို့ရှပ် နဲ့ တင့်တင့်တယ်တယ် ခင်ဗျ။ ဝီလျံညီ အစ်မတို့၊ ရှာရာပိုဗာတို့လို အမျိုးသမီးတွေ ကတော့ တင်ပါးကိုဖုံးရုံသာရှိတဲ့ စကတ် တိုနံ့နံ့လေးနဲ့ ချက်ပေါ်ဗိုက်ပေါ်အကျႌ မျိုးဝတ်ကြတယ်။ တင်ပါးဖုံးရုံသာဖုံးတဲ့ စကတ်တိုနဲ့ ကုန်းလိုက်ကွလိုက်ဘောလုံး ရိုက်တဲ့ မြင်ကွင်းဟာ ဘယ်လိုမှကို မတင့်တယ်ပါဘူး။

မိန်းမဆိုတာ ရောင်းကုန်မဟုတ်

ဒီခေတ်ကြီးမှာ မိန်းကလေး တွေက ဘာကြောင့်များ ယောက်ျားလေးတွေထက် ပိုပြီး အရှက်နည်း နေရသလဲ ဆိုတာစဉ်းစားလို့ကိုမရပါဘူး။ မိန်းမသားများရဲ့ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဟာ လင်ကောင်း သားကောင်းရဖို့ဆိုတဲ့ ရှေးခေတ်ကဆိုထား ပါတော့ နားလည်နိုင်သေးတယ်။ အခု ခေတ်ကမိန်းမတွေ ပညာသင်အလုပ်လုပ် ပြီးငွေရှာနိုင်တဲ့ ခေတ်ဖြစ်နေပြီလေ။ ယောက်ျားတွေကို ဆွဲဆောင်ငြှို့ယူဖမ်းစားဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းကုန်ပစ္စည်း လိုခင်းကျင်းပြသနေဖို့ မလိုတော့ပါဘူး။ မိန်းကလေးတွေ ကိုယ်တိုင်က ဒါကို သဘောမပေါက်ကြ သေးတာလားမပြော တတ်တော့ပါဘူး။ အမျိုးသမီးအခွင့် အရေးတို့ အမျိုးသမီးလွတ်မြောက်ရေးတို့ ကျယ်ကျယ်အော်နေတဲ့ အနောက်နိုင်ငံ တွေမှာတောင် မယ်စကြဝဠာပြိုင်ပွဲလို ပွဲကြီးတွေ လုပ်နေကြတာ နားမလည်နိုင် တော့ပါဘူး။ ဒီလိုပြိုင်ပွဲတွေကို မြင်တိုင်း မျက်စိထဲမှာတော့’နွားပွဲ’တွေကိုပဲ ပြေး ပြေးပြီးမြင် နေမိပါတော့တယ်။

ယောက်ျားက အိမ်ဦးနတ်မဟုတ်

အမျိုးသမီးလွတ်မြောက်ရေးဆို တာ သူများဆီက တောင်းယူလို့မရပါ ဘူး။ အမျိုးသမီးတွေ ကိုယ်တိုင် သူတို့ခေါင်းထဲမှာ အမြစ်တွယ်နေတဲ့ ‘ရောင်းကုန်’ စိတ်ဓာတ်ကိုဖယ်ရှား သုတ်သင်ပစ်ရပါမယ်။ ယောက်ျားက အိမ်ထောင်ဦးစီး၊ မိန်းမကအိမ်ရှင်မဆို တဲ့ အယူအဆကိုလည်း စွန့်လွှတ်ရပါ မယ်။ ဒီခေတ်မှာလင်ရော၊ မယားပါ အလုပ်လုပ်၊ ပိုက်ဆံရှာ နေကြရတာဖြစ် လေတော့ အိမ်ထောင့် တာဝန်ကိုလည်း ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။ ယောက်ျား က အိမ်ဦးနတ်ဆိုပြီး အိမ်ဦးခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး သတင်းစာဖတ်နေ လို့မရတော့ပါဘူး။ ရုံးချိန်အမီ ထမင်း ချိုင့်ယူသွားနိုင်အောင် ငရုတ်သီးဝင် ထောင်းဖို့ လိုရင်ထောင်းပေး၊ ချိုင့်ဆေးဖို့ လိုရင်ဆေးပေးလုပ်ရမှာပါပဲ။ ဒါမှ ရာသက်ပန် သာယာခိုင်မြဲတဲ့ အိမ်ထောင်ဖြစ်မှာပါ။

လုပ်အားခွဲဝေမှု

မိန်းမတွေက သူတို့စိတ်ထဲက ‘ရောင်းကုန်’ စိတ်ဓာတ်ဖျောက်ပစ်ဖို့ လိုုသလို၊ ယောက်ျားတွေကလည်း ‘အိမ်ဦးနတ်’ဆိုတဲ့ အစွဲကြီး ဖျောက်ပစ်ဖို့လိုပါ တယ်။ ဒီနေ့ ကမ္ဘာတစ်ခုလုံးမှာ ရှေးကလို ‘ရာသက်ပန်ရိုးမြေကျ’ ဆိုတာမျိုးကိုတော့ သိပ်အလေးမထား ကြတော့ဘဲ လင်မယားကွာရှင်းတာကို ထမင်းစားရေ သောက်သဘောထားပြီး ကွာလိုက်ကြ၊ ထပ်ယူလိုက်ကြ၊ ထပ်ကွာလိုက်ကြဆိုတဲ့ ကိစ္စမျိုးတွေ အလွန်အင်မတန်ကို များပြား နေပါတယ်။ အများအားဖြင့်တော့ အိမ်ထောင်ရေးမှာ’လုပ်အားခွဲဝေမှု’ (Divi-sion of Labor)မရှိတဲ့အတွက် ဖြစ် ကြရတာလို့ ယူဆပါတယ်။

မကြိုက်ရင်သွားလို့ရတယ်

ဘယ်လိုအကြောင်း ကြောင့်ဖြစ်ဖြစ် သူတို့အနောက် လူ့အဖွဲ့အစည်းတွေမှာ တော့ အိမ်ထောင်ရေးကိစ္စတို့၊ ဖိုမကိစ္စ တို့ဆိုတာ ထမင်းစားရေသောက် ကိစ္စ လောက်ပဲ သဘောထားကြတာ ဖြစ်လေ တော့ ဘယ်သူ့ဘယ်သူမှအပြစ်တင် မနေကြတော့ပါဘူး။ သူကြိုက်တာသူလုပ်၊ ကိုယ်ကြိုက်တာကိုယ်လုပ်ပဲလေ။ ဒါပေ မယ့် မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးဆို ရင်တော့ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံး စံ တွေကို ပစ်ပယ်လို့မရပါဘူး။ မကြိုက် လည်း လိုက်နာရမှာပါပဲ။ မလိုက်နာနိုင် ဘူးဆိုရင်လည်းရပါတယ်။ ကြိုက်တဲ့နေရာသွားပြီး နေချင်သလို နေပါ။ ခုခေတ်ပတ်စ်ပို့ ရဖို့မခက်ပါဘူး။”ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် ” ဆိုတဲ့ မြန်မာစကားက အမျိုးကောင်းသမီး များကို ပြောတာ မဟုတ်ဘူးဆိုတာတော့ မြန်မာပြည်မှာ နေရင် သိထားကြဖို့ လိုတယ်လို့ သတိပေးလိုက်ချင် ပါတယ်။

FWD : Mail ” White Rose”

အပြုသဘောဖြင့်ပို့ခြင်းဖြစ်ပါသည်။မည်သူမည်သူကိုမှမရည်ရွယ်ပါ။” Whit Rose” ၏ မေးလ်ကိုဖေါ်ဝက်လုပ်ခြင်းဖြစ်ပါသည်။ဒီမေးလ်ဖြင့်မည်သူမှမထိခိုက်စေလိုပါ။

မမေမွန်ကျော် ပို့ပေးတာပါ။