ဖိုးအောင်ထွန်း

ကျုပ်တို့ရွာက ရွာတည်စကနေစပြီး နေရာ သုံးနေရာပြောင်းလို့ ရွာတည်ခဲ့ပါတယ်။ ပထမဆုံး တည်ခဲ့တဲ့နေရာကတော့ ကျုပ် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ဖူးတဲ့ “ဥစ္စာစောင့်တွေ ရှိတဲ့တောင်” ဆိုတဲ့ ပို့စ်ထဲမှာပါတဲ့ တောင်ကို အလယ်ပြုလို့ တည်ခဲ့တယ်။ နောက်တော့ လက်ရှိ ရွာသင်္ချိုင်းနဲ့ ခပ်လှမ်းလှမ်းမှာ တည်ခဲ့တယ်။ အခု နောက်ဆုံးမှာတော့ သင်္ချိုင်းရဲ့ အရှေ့တောင်ယွန်းယွန်းမှာ တည်ထားပါတယ်။ (ရာဇဝင်၊ အထောက်အထား အကုန်ရှိ၏။ မယုံရင် လာကြည့် … 😀 )

လက်ရှိ ရွာရှိတဲ့ နေရာကို အသစ် စတည်ကာစကပေါ့ဗျာ။ ကျုပ်တို့ရွာကို အခြားရွာတွေက လာလာပြီး အနိုင်ကျင့် ဗိုလ်ကျခဲ့ကြသဗျ။ ကျုပ်တို့ရွာက အမြဲတမ်း ခံဘက်ကကြီးပဲ။ (အဟင်း .. ဟင်း .. အဲ့အချိန်တုန်းက ကျုပ် မမွေးသေးလို့ပေါ့ဗျာ။ နို့မဟုတ်ရင် အဲ့ကောင်တွေအကုန်လုံး ပြာကျသွားမယ် .. ငှဲ .. ငှဲ .. သိဒယ်မီဟုတ်လား .. လူက ဗလက တောင့်တောင့်နဲ့ဆိုတော့ … :mrgreen: )

ကျုပ်တို့ရွာရဲ့ မြောက်ဘက်မှာ သဲတပ် (နာမည်ပြောင်း) ဆိုတဲ့ ရွာရှိသဗျ။ (ဦးကြီးမိုက်တော့ သိရင် သိပါလိမ့်မယ်။ နဂါး၊ သပြေစမ်း၊ လေးတိုင်စင်၊ ပြီးတော့ မြောက်ဘက်မှာ ဘာရွာရှိသလဲဆိုတာကို …)။ အဲ့ဒီရွာက ကျုပ်တို့ရွာက နွားတွေကို လာပြီး ခိုးရုံတင်မကဘူး။ ဓါးပြပါ လာတိုက်သေးတယ်ဗျ။ သေနတ်ကြီးတွေ တရမ်းရမ်းနဲ့ အုပ်စုဖွဲ့ပြီး ဓါးပြလာတိုက်တာပေါ့ဗျာ။

သူတို့ကိုင်တဲ့ သေနတ်တွေကလည်း တကယ်တော့ အစစ်တွေ မဟုတ်ပါဘူး။ ထန်းလက်ကို သေနတ်ပုံစံလုပ်၊ အိုးမဲသုတ်ပြီး သေနတ်လုပ်ထားကြတာပါ။ ရွာက လူတွေက အ, တော့ ဘယ်သိကြမလဲ။ တကယ့် သေနတ်တွေလို့ ထင်ကြတာပေါ့။ သူတို့ လာပြီဆို အိမ်ဝင်းနံရံတွေကို သူတို့ ထန်းလက်သေနတ် မည်းမည်းကြီးတွေနဲ့ တဖြန်းဖြန်းပုတ်ပြီး “ဟေ့ … တစ်ယောက်မှ မလှုပ်ကြနဲ့၊ ရှိတာ အကုန်ထုတ်ကြ၊ သေသွားမယ်၊ ဘာမှတ်လဲ” ဆိုပြီး လုပ်တတ်ကြသေးသဗျ။

ရွာက လူတွေကလည်း ကြောက်ကြောက်နဲ့ ရှိတာ၊ စုထားတာလေးတွေကို ထုတ်ပေးလိုက်ကြရတာပေါ့ဗျာ။ အဲ့ဒီလို အချိန်မျိုးမှာ ရွာက မိုက်လှပါပြီဆိုတဲ့ အကောင်တွေတောင် ကုပ်ကုပ်ကလေးရယ်။ ကိုယ့်ရွာမှာတော့ ကြက်ဖ၊ သူများရွာမှာ ကြက်မ ဆိုပေမယ့် ခုလို လာပြီး ဗိုလ်ကျတဲ့ အခါမျိုးမှာတော့ ကိုယ့်ရွာမှပဲ ကြက်မ ဖြစ်သွားရတာပေါ့ဗျာ။

x x x x x

သူ့နာမည်က အောင်ထွန်း။ ရွာက လူတွေကတော့ ဖိုးအောင်ထွန်းလို့ ခေါ်ကြတယ်။ သူက လူအနေအေးတယ်။ ရိုးရိုးလေးပဲ နေတတ်ပါတယ်။ ဒါပေမယ့်လို့လည်း တခြားရွာက ဓါးပြယောင်ဆောင်ပြီး ခဏခဏ ဗိုလ်ကျဖန်များလာတော့ သူ မခံနိုင်တော့ဘူး။ ပေါက်ကွဲချင်လာပြီ။ ဒါပေမယ့်လို့လည်း ကိုယ့်ဘက်က ပြန်ခုခံဖို့ ရေရေရာရာ မရှိတဲ့အခါ ဒီလူတွေကို ပြန်ချနိုင်ဖို့ဆိုပြီး သူ့အိမ်က လှည်းနဲ့ မြို့ကို သွားပြီး နည်းလမ်းရှာမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရွာကနေ ထွက်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့အချိန်တုန်းက သူခိုး၊ ဓါးပြတွေ သောင်းကျန်းနေတဲ့ ခေတ်။ သို့ဂလိုကြောင့် လမ်းခုလတ်မှာပဲ ဖိုးအောင်ထွန်း ဓါးပြတိုက်ခံရတယ်။ အဲ့ဒီအခါ ဖိုးအောင်ထွန်းလည်း အကြံရသွားပြီး ဖြစ်ချင်ရာ ဆိုတဲ့စိတ်နဲ့ ဓါးပြ အဖွဲ့ထဲ ဝင်ချင်ပါတယ် ဆိုပြီး ဓါးပြဗိုလ်ကို ပြောပါလေရော။ ဒီလိုနဲ့ ဖိုးအောင်ထွန်းတစ်ယောက် ဓါးပြ အဖွဲ့ထဲ ရောက်ခဲ့ရသည်ပေါ့ဗျာ။

သူက ဆုံးဖြတ်ချက်နဲ့ .. အဲ .. အကြံနဲ့လူဆိုတော့ သေနတ် ပစ်နည်း၊ ခတ်နည်းတွေကို သင်တယ်။ ပြီးတော့ အတိုက်အခိုက်တွေကိုလည်း သင်တယ်။ ဒီလိုနဲ့ ဓါးပြတိုက်ရင်း၊ သင်ရင်းနဲ့ နောက်ပိုင်း ဖိုးအောင်ထွန်းတစ်ယောက် ဆရာကြီး အဆင့်ကို ရောက်လာတာပေါ့ဗျာ။ ဒီအခါ သူ ရွာကို ပြန်သွားတယ်။ လက်နက်တွေကိုလည်း အတော်အသင့် ယူသွား၊ ခိုးသွားခဲ့တယ်ပေါ့။

ရွာကို ပြန်ရောက်တဲ့ နေ့မှာပဲ ထုံးစံအတိုင်း ဘေးရွာက ဓါးပြ လာတိုက်တာကို ကြုံရတယ်။ ဒီအခါ လူလည် ဖြစ်နေပြီဖြစ်တဲ့ ဖိုးအောင်ထွန်းက သူတို့ သေနတ်တွေက အတုတွေမှန်း သိတာပေါ့။ ဒါပေမယ့် ဘာမှ မပြော၊ ဘာမှ မလှုပ်ဘဲနဲ့ ငြိမ်နေခဲ့ပါတယ်။ “ဒင်းတို့တော့ဖြင့် ရှိကြစေဦး” … ဆိုပြီးတော့ပေါ့ဗျာ။

နောက်ရက်တွေမှာ ဖိုးအောင်ထွန်းက ရွာထဲက သတ္တိရှိတယ်ဆိုတဲ့ ကောင်တွေ၊ မိုက်ပါတယ် ဆိုတဲ့ ကောင်တွေကို စုပြီး လျှို့ဝှက် သင်ကြားပေးခဲ့တယ်။ သူ တတ်ထားတဲ့ တိုက်နည်း၊ ခိုက်နည်း၊ သေနတ်ပစ်နည်းတွေကိုပေါ့။ သူတို့ သင်ကြားနေတုန်းမှာလည်း ဓါးပြတွေက လာတိုက်တာပဲ။ သို့ပေမယ့်လို့ ဖိုးအောင်ထွန်းကတော့ဖြင့် မသိချင်ယောင်သာ ဆောင်ပြီး ငြိမ်နေခဲ့ပါတယ်။

မရတော့ဘူး။ ပြန်ဆော်တော့မယ်။ ဖိုးအောင်ထွန်းက တစ်ဖက်ရွာကို စုံစမ်းခိုင်းတယ်။ ဘာအချိန် ဓါးပြလာတိုက်ဖို့ အစီအစဉ် ရှိသလဲ ဆိုတာကိုပေါ့။ ဒါကတော့ လွယ်ပါတယ်။ သူတို့ရွာ ထန်းတောထဲကိုသွား၊ သတင်း အကုန်ကြားရတယ်။ ဒီလိုနဲ့ သူတို့ ဓါးပြလာတိုက်မယ့်ရက်ကို ဖိုးအောင်ထွန်းက အတိအကျ သိထားတယ်။

သူတို့ လာမယ့်နေ့မှာ ဖိုးအောင်ထွန်းက သူ့လူတွေကို လက်နက်တွေပေးပြီး ကင်းပုန်းချထားတယ်။ လာတဲ့ကောင် အသေပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြေးပေါက်မရှိအောင်ကို စီစဉ်ထားတာကလား။ အဟဲ .. လာပါပြီ၊ သူတို့ လာကြပါပြီ။ ထန်းလက် သေနတ်မည်းမည်းကြီးတွေကို ကိုယ်စီထမ်းလို့။ ထုံးစံအတိုင်း ဝင်းနံရံတွေကို တဖြန်းဖြန်းပုတ်လို့ အော်ဟစ်ပြန်ပါပြီ။

ကြည့်ဖူးတယ် မဟုတ်လား။ ဗွီဒီယို ဇာတ်ကားတွေထဲကလို ရွာကို ဓါးပြလာတိုက်တဲ့အခါ ရွာကလူတွေ သူတို့ရှေ့ ငုတ်တုတ်လေး သွားထိုင်ရသလိုပေါ့ဗျာ။ ရွာထဲကလူတွေ အားလုံး သူတို့ရှေ့မှာ အဲ့ဂလိုလေးတွေပါပဲ။ ဟိုကောင်တွေကတော့ ခပ်တည်တည်နဲ့ မာန်မဲ၊ အော်ဟစ် ပြောဆိုနေတော့တာပေါ့။ ခြွင်းချက် အနေနဲ့ ပြောရရင်တော့ သူတို့ ဘယ်သူတွေလဲ ဆိုတာကို ရွာက လူတွေ သိနေကြပေမယ့်လို့လည်း သူတို့ရဲ့ မျက်နှာကိုတော့ ရုပ်ဖျက်တဲ့အနေနဲ့ ပုဆိုးကို မျက်နှာဖုံးလုပ်လို့ ရုပ်ဖျက်ထားပါတယ်။

“ဟေ့ … ဒီမှာ တွေ့လား၊ သေနတ်လို့ ခေါ်တယ်၊ ပစ်ရင် သေတတ်တယ်နော်၊ ဘာမှတ်နေလဲ၊ ရှိတာ အကုန်ထုတ်ပြီး ပေးကြ၊ မပေးရင် ပစ်သတ်လိုက်မယ်”

ဒီအခါမှာ ရောပြီး ငုတ်တုပ်ထိုင်နေတဲ့ ဖိုးအောင်ထွန်းက မတ်တပ် ထရပ်လိုက်တယ်။ ဓားပြတွေက သူ့ကို ကြည့်တယ်။ ဓားပြတွေတင် မကပါဘူး။ ရွာထဲက လူတွေကပါ သူ့ကို ဝိုင်းပြီး ကြည့်ကြတယ်။ ဘေးနားက ဖိုးအောင်ထွန်း မိန်းမကတော့ ဖိုးအောင်ထွန်း ပုဆိုးကို ဆွဲပြီး (မကျွတ်အောင် ဆွဲတာပေါ့နော် … အဟီးးး 😀 ) “ကိုအောင်ထွန်း … တော် သေချင်လို့လား၊ ထိုင်စမ်းပါတော်၊ ရှိတဲ့ပစ္စည်းတွေက လူ့အသက်ထက် ပိုမတန်ပါဘူးတော်” လို့ ပြောပြောပြီး ထိုင်ခိုင်းပါလေရော။

ဖိုးအောင်ထွန်းကတော့ မရဘူး။ ( ဆွဲချင်သလောက် ဆွဲ၊ သူ့ပုဆိုး မကျွတ်ရင် ပြီးတာပဲ .. အဲ .. ဟုတ်ပါဘူး .. ယောင်လို့ .. 😀 ) ဓါးပြတွေ အားလုံးကို ပြုံးစိစိနဲ့ ကြည့်လိုက်တယ်။ ပြီးတော့ သူတို့ကိုင်ထားတဲ့ ထန်းလက် သေနတ်တွေကိုလည်း ပြုံးစိစိနဲ့ လိုက်ပြီး ကြည့်တာပေါ့။ သူက အတုတွေမှန်း သိနေတာကိုး။ ဘယ်ကြောက်မလဲဗျနော့။ သူက အရင်က ဖိုးအောင်ထွန်းမှ မဟုတ်တော့ဘဲနဲ့။ သေနတ်ကို ဟောဒီလို၊ ဟောဂလို၊ ဟိုလိုလေးလုပ်ပြီး ဟိုလို ဒီလို လုပ်တတ်တဲ့ ဖိုးအောင်ထွန်း ဖြစ်နေပြီလေ။ (ဘယ်လိုလဲ ဆိုတာတော့ ကိုယ့်အထင်နဲ့ မှန်းပြီး ရမ်းပြီးသာ ကြည့်ကြပါဂျို့ … 😀 )

“ဟေ့ကောင် .. မင်းက ငါတို့ကို အာခံချင်တာလို့လား၊ ဟေ့ကောင်တွေ ဒီကောင့်အသက်ကို မယူခင် နည်းနည်းပါးပါး အကြောင်းသိအောင် ပြလိုက်ကြစမ်း”

ဓားပြခေါင်းဆောင်က သူ့တပည့်တွေကို အဲ့ဒီလို အော်ပြောလိုက်တော့ သူ့တပည့်တွေက ဖိုးအောင်ထွန်းဆီကို လာဖို့ပြင်ကြတယ်။ အဲ့ဒီအချိန်မှာ ဖိုးအောင်ထွန်းက သူ့ ညာဖက် လက်ညိုးနဲ့ လက်မကို လက်ထိပ်ချင်း တေ့လို့ ပါးစပ်ထဲထည့်ပြီး လေနဲ့မှုတ်လိုက်တယ်။ (လက်ခေါက်မှုတ်တယ်လို့ ရေးရင် ရရဲ့သားနဲ့။ တော်တော် လျှာရှည်တဲ့ကောင် … 😀 )

ဟောဗျာ …။ သူ ကင်းပုန်းချထားတဲ့ လူတွေက လက်နက် ကိုယ်စီနဲ့ ဓားပြတွေကို ဝိုင်းလိုက်ပါပြီ။ ဒါတောင် အကုန် မဟုတ်သေးဘူးနော်။ ရွာတံခါးနှစ်ပေါက်နဲ့ ရွာရဲ့ ခွေးတိုးပေါက်တွေမှာ စောင့်နေတဲ့ လူတွေ ရှိသေးတယ်။ ဓားပြတွေ ကြောင်သွားတယ်။ ဘယ်က ကောင်တွေလည်းပေါ့။ ရွာက လူတွေလည်း ဒီအတိုင်းပဲ။ ဟ .. ဖိုးအောင်ထွန်းကပါ ငါတို့ကို ထပ်ပြီး ဓားပြတိုက်မလို့လားပေါ့။ သူတို့အထင် ….။

“ဟား .. ဟား .. ဟား …၊ သေနတ်အတုကြီးတွေနဲ့ ငါတို့ရွာကို ဓါးပြလာတိုက်တဲ့ကောင်တွေ၊ ငါတို့ရွာက နွားတွေကို လာလာပြီး ခိုးတဲ့ကောင်တွေ၊ မင်းတို့ရဲ့ အသက်ကို ဖက်နဲ့သာ ထုပ်ထားကြ၊ ဟော .. ဟိုက သေနတ်တွေက အစစ်တွေနော်။ လက်ညိုးလေးကွေးလိုက်တာနဲ့၊ အသံ အကျယ်ကြီး ထွက်တာနော်။ ( မတူအောင် ပြောတာ .. 😀 )”

ဓားပြတွေက သူတို့ကို ဝိုင်းထားတဲ့ လူတွေရဲ့ လက်ထဲက သေနတ်တွေကို လိုက်ကြည့်တယ်။ “ ဟုတ်တယ်။ အစစ်တွေပဲ။ အမငေး .. ဒီတစ်ခေါက်လာမိတာတော့ ငါတို့တော့ အမှားကြီး မှားပြီ .. အဟီး .. ဟီး .. ဟီးးးး ”။ ဓါးပြခေါင်းဆောင် ငိုတယ်။ သူ့တပည့်တွေလည်း ငိုကြတယ်။ အဲ .. ကြားထဲမှာ နှစ်ယောက်က ဖောက်ပြီး ပြေးပါလေရော။

ဘယ်ရမလဲ .. ဖိုးအောင်ထွန်းပဲ။ ရွာ့မြောက်ဘက် ခွေးတိုးပေါက်မှာ အစောင့်ချထားတဲ့ လူတွေက ထွက်ပြေးတဲ့ကောင်နှစ်ကောင်ကို ခေါ်လာတာပေါ့။ အဲ့နှစ်ကောင်လည်း ပြန်ရောက်လာရော ဓါးပြခေါင်းဆောင်က ဟောက်ပါလေရော။

“ခွီးဂေါင်ဒွေ .. နာတောင် ထွက်မပြေးဘူး။ မင်းတို့က ပြေးတယ်။ မင်းတို့ကြောင့် ဆရာ သိက္ခာကျတယ်ကွ၊ နားလည်လား”

“ကျုပ်တို့လည်း ပြေးချင်လို့ ပြေးတာ မဟုတ်ဘူး။ အိမ်က မိန်းမကြီးက မှာလိုက်တယ်။ နေ့ခင်း ဘုန်းကြီးကျောင်းက တုံးမခေါက်ခင် ရောက်အောင် ပြန်လာခဲ့တဲ့။ ပြန်မလာရင် နင်နဲ့ငါ အတွေ့ပဲလို့ ကြိမ်းလိုက်လို့၊ ခုတော့ .. ခုတော့ .. ခုတော့ ဒီလို မဟုတ်ပါဘဲ .. လေးဆယ်ကျော် ငါးနှစ်အတွင်းမှာ .. အဖမ်းခံရတယ် .. မိန်းမရယ် .. အဟီး .. ဟင့် .. ရွှတ်”

“ဟေ့ကောင် .. မင်း နှပ်ချေး ကိုယ့်ပုဆိုးနဲ့ကိုယ် သုတ်ပါလား။ ငါ့ နဖူး လာပေတယ်ဟ”

“မင်းကလည်း ပေရင် သုတ်လိုက်ပေါ့ကွာ၊ လွယ်လွယ်လေးကို၊ ခု မင်း ပြောတာနဲ့ ဖီးလ်တောင် ပျက်သွားတယ်။ အဟီး .. ဟင့် .. မရွှတ် .. မိန်းမ မာယာ သဲကိုးဖြာလို့ .. အဲ .. ဟုတ်ပါဘူး .. ဟိုလူဂျီး မာယာ ကျုပ်တို့ အဖမ်းခံရသဗျာလို့ .. ”

“ဟေ့ .. တော် .. တန် .. တိတ်၊ ဘာ အခုမှ ကြောက်ပါပြီလဲ။ နင်တို့ ဗိုလ်ကျတာ များနေပြီ၊ ခုတော့ နင်တို့ ခံအလှည့်ပေါ့”

အောင်မာ ….။ တစ်ချိန်လုံး သူများနည်းတူ ငုတ်တုပ်မေ့နေရတဲ့ သူကြီးက ခုမှ သူ့အာဏာက ထလာတယ်။ မတ်တပ် ရပ်နေပုံစံကိုက ဆန့်ဆန့်ကြီး။ မျက်နှာကလည်း “ငါ့လို သူကြီး ဘာမှတ်နေလဲ” ဆိုတဲ့ မျက်နှာထားနဲ့။ သူကြီးကိုကြည့်ပြီး ဖိုးအောင်ထွန်းတောင် ပြုံးစစ ဖြစ်သွားရတယ်။

ဂလိုနဲ့ပဲ .. ကျုပ်တို့ရွာကို လာပြီး အနိုင်ကျ ဗိုလ်ကျနေတဲ့ ကောင်တွေကို ထိပ်တုံးစာ ပေးလိုက်တယ်။ ဖိုးအောင်ထွန်းကတော့ မရဘူး။ မကျေနပ်ချက်နဲ့ ဓားပြတွေကို တွယ်ပါလေရော။ သူကြီးလည်း ဘာမှ ပြောရဲဘူး။ သူက ဖိုးအောင်ထွန်းကို ကြောက်နေရတာကိုး။ မကြောက်လို့လည်း မရဘူးလေ။ မကြောက်ရင် သူပါ ရောပြီး အတွယ်ခံရင် ခံနေရမှာကိုးဗျ။

ဓါးပြတွေရဲ့ ရွာက အပေါင်းအဖော်တွေကလည်း လာပြီး စုံစမ်းကြတယ်။ အဲ့ဒီမှာ တွေ့သွားတာပဲ။ ထိပ်တုံးတန်းလန်းနဲ့ သူ့တို့ကောင်တွေကိုလေ။ သူတို့လည်း လာပြီး မလုပ်ရဲဘူး။ စုံစမ်းရုံတင် စုံစမ်းကြတာ။ သတင်း အစုံအလင်ကို မြန်မာ့အသံက ကြေငြာထား .. အဲ .. ဟုတ်ပါဘူး .. သိထားတာကိုးဗျ။

အဲ့ဒီအချိန်ကစပြီးတော့ ကျုပ်တို့ရွာကို ဘာရွာကမှ လာပြီး အနိုင်မကျင့်ရဲတော့ဘူး။ လာရဲ လာကြည့်ပါလား။ အကုန်လုံး မျိုးပြုတ်သွားမှာပေါ့။ အဲ့ဒီအချိန်ကစလို့ ကျုပ်တို့ရွာကြီးဟာ ဖိုးအောင်ထွန်း အစွမ်းနဲ့ (ကမ္ဘာ့အလယ်မှာ .. မြန်မာ့အလယ်မှာ … မဟုတ်ပါလို့ .. 😀 ) ရွာနီးချုပ်စပ်မှာ တင့်တယ်လာခဲ့ပါတော့တယ်။ ယနေ့အချိန်ထိပေါ့။

ကျုပ်တို့ ရွာသားတွေ အခြားရွာတွေကို သွားရင်လည်း သူတို့က “မင်းက ဘယ်ရွာသားလဲ” လို့ မေးရင် “အေး .. ငါကတော့ အဲ့ဒီရွာသားပဲ” လို့ ဖြေလိုက်တာနဲ့ ရှိန်သွားတော့တာပဲ။ “အော် .. မင်းက အဲ့ဒီရွာသားကိုးးးးး” ဒီလိုပဲ ရေရွတ်လိုက်ကြပါလေတော့သတည်း။

ဤတွင် ရေးချင်ရာ ရေးလို့ ပြီးပါ၏။
ဖတ်ရှုသူအပေါင်းအားလည်း ကျေးဇူး တင်ရှိပါ၏။
ကွိ .. ကွိ .. ကွိ …

ပုံ/
ဖိုးအောင်ထွန်း မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက် …
ဗလ မရှိပေမယ့် ဇတော့ မိုးထိရှိတဲ့ (ယုံဂျဘာ ခညာဒို့ … :mrgreen: )
မဟာရာဇာ အံစာတုံး

16 comments

  • YE YINT HLAING

    August 19, 2012 at 3:12 pm

    ကိုအံကြီး ရေ ! ကျွန်တော်နဲ့ ခင်ဗျား က တမြို့နယ်ထဲသားတွေပဲဗျ ! ကျွန်တော့ အဖွားရွာ ဆိုတာ တခြားဟုတ်ဘူးဗျ ! မန်ကျည်းကုန်းလေဗျာ ! ဝက်ချုပ်နဲ့ မျက်နှာချင်းဆိုင် က ရွာ ။ လေးတိုင်စင် ကို ကျော်သွားတာပေါ့ !

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 3:16 pm

      ဟုတ်လား ..
      ဒါဆို ရွာနီးချင်းတွေ တွေ့ကြပြီပေါ့ဗျာ ..
      မန်ကျည်းကုန်းကို သိတာပေါ့ ..
      ဝက်ချုပ် ဘုရားပွဲဆို သွားသွားကြည့်ဖြစ်ခဲ့တာ …..။
      ကျုပ်က လေးတိုင်စင်သား ..
      ခင်ဗျားက မန်ကျည်းကုန်းသား .. ဟား .. ဟား .. 😀
      အဲ့ဒီမှာ စတွေ့တာပဲ …
      ခုလို အားပေးဖတ်ရှုသွားတဲ့အတွက် ကျေးဇူးပါ စံဇာဏီဗိုလ်ရဲရင့်ရေ …

  • မောင်ပေ

    August 19, 2012 at 3:42 pm

    လေးတိုင်စင်သား
    ဆေးဆိုင်ဝင်မလား
    ဈေးကိုင်ရင်နား
    ငေးမှိုင်ဂွင်ကား
    ရေးပိုင်သင်ကြား…။
    မဟာအံကြီးရေ ဖောင်းလို့ကတ်လိုက်တာ
    ရှိသေးရင် များများရေးပါ။

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 3:49 pm

      ရောင်းရင်ကြီးရေ ..
      ခုလို အားပေးဖတ်ရှုသွားတာ
      ကျေးကျေးပါဗျို့ …
      ဒါနဲ့ ဖောင်းလို့ကတ်လိုက်တာ ဆိုတဲ့ စကားကို
      အစက ဘာမှန်းသိဘူး …
      နောက်မှ မနည်းဘာသာပြန်ယူလိုက်လို့ ..
      အော် .. ဒါကိုး ဆိုတာ သိတော့သဗျ .. 😀

      • YE YINT HLAING

        August 19, 2012 at 4:05 pm

        အဆက် အစပ် မရှိပဲ ဝင်တွေးနေတယ် ။ ဖောင်းလို့ကတ်လိုက်တာဆိုတာ ဘာလဲပေါ့ ! ဘာရယ် မဟုတ်ပါ ! ကိုပေ့စကားကို ဝင်ရောက်ဦးစားသွားတာပါ ။

        • ကြောင်ကြီး

          August 20, 2012 at 6:14 am

          ဖောင်းလို့ကတ်
          ရောင်းတို့ပတ်
          အောင်းစို့ဓာတ်
          ကောင်းသမို့နှပ်
          ကျောင်းပျို့သက်
          မောင်းဒို့ညက်
          ပြောင်းအို့ထွက်
          ချောင်းဖို့ရှက်..။

  • YE YINT HLAING

    August 19, 2012 at 3:53 pm

    လေးတိုင်စင်မှာ အဖေ့ဘက် ကကော အမေ့ဘက်ကပါ အဖေနဲ့ အမေရဲ့မောင်နှမ ဝမ်းကွဲတွေ ရှိတယ်ဗျ ! ကျွန်တော် က အိမ်မကပ် တာ ၁၉၉၈ ခုနှစ် ကတိုင် ဆိုတော့ ဝေးသလိုတော့ ရှိသွားတယ် ။ အမေ ကတော့ ခုထိ မကြာ ခဏသွားတုန်း လာတုန်းဗျ ! ရွာ အလှူတွေ ဘာတွေမှာပေါ့ဗျာ ! ကျွန်တော် ကတော့ ကျွန်တော့ ညီမ မင်ဂလာဆောင် မှတ်တမ်းတင် ဗီဒီယိုထဲ မှာပဲ အဲဒီရွာနီးချုပ်စပ် ပတ်ဝန်းကျင်က အမျိုးတွေ မိတ်ဆွေ အပေါင်းအသင်း တွေကို မြင်ရတွေရသဗျာ ! ကျွန်တော့ ရှေ အစီအစဉ် က ရေနံချောင်းဈေးထဲမှာ ဆန် ၊ ဆီ ဆိုင်လေးဖွင့်ဖို့ အစီအစဉ် ရှိလေတော့ အဲဒီအချိန်ကျရင် သွားဖြစ်လာဖြစ် ရောက်ဖြစ် တော့မယ်လို့ မျော်လင့်မိရဲ့ဗျာ !

  • marblecommet

    August 20, 2012 at 2:16 am

    အဟိ
    အမျိုးလာစပ်နေဂျတယ်
    နာလည်း အမျိုးတော်ချင်လယ်
    အံကြီးရေ့…..

    • မဟာရာဇာ အံစာတုံး

      August 20, 2012 at 8:51 pm

      ခညားမှာလေ ..
      ဟိုလေ .. ဟို ..
      ညီမငေး ဘာလေး ချိဘူးလားဟင်င်င် ..
      အမျိုးတော်ချင်လယ် ချိုရို့ဘာ .. အဟိ .. 😀

  • Liquid_Sn@ke

    August 20, 2012 at 8:46 am

    ကျုပ်တခြားဒေသတခုကနေ ..အဲ့လိုမျိုး …ဟာသ ပုံပြင်လေးတွေ
    ကြားဖူးရဲ့ဗျာ..(ဆင်တူရိုးမှားလေးတွေပါ)

    အဲ့သည့်နယ်ဘက်မှာ .. လူညီရင် ယောက်ျားသား အရွယ်ကောင်း တွေ
    အပါအဝင် အဘိုးကြီးတွေက အစ ..ဓါးပြ မတိုက်ဖူးသူ မရှိဘူးတဲ့ …
    ကိန်…
    ကောင်းရော …

    သည်လိုဘဲ ..မျက်နှာ ဖုံးစွပ် …ဟိုဘက်ရွာ သွားတိုက်…
    ဟိုဘက်က သည်ဘက် လာတိုက် …. သတ်တယ်ဖြတ်တယ်
    မီးရှို့တယ် ရယ်လည်း မဟုတ်…။ ဖြူကာ ပြာကာ ကျအောင် ယူတယ်ရယ်လည်းမဟုတ်..
    ဘယ့်နှယ့် အပျော်ဓါးပြတိုက်တဲ့ ကာလချာ ဗျာ ….။

    ကျုပ်တော့ ဉာဏ်မမီ ဘူး..။
    ပစ္စည်းမဲ့ မာန တွေ မျိုသိပ်ထားရတာတွေ … တခါတလေလောက် ပေါက်ကွဲတာလား…။
    ပြည်တွင်းစစ် တို့ ရောင်စုံသူပုန် ဆိုတာတို့တွေရဲ့ …အမွေဆိုးလား ..။
    အငုံ့ စိတ်ရဲ့ .. စေ့စော်မှုလား .. ပညာရေး နိမ့်ကျမှု ကြောင့်လား…။
    အလွယ်လိုက်ချင်တဲ့ ..အချောင်လိုချင်စိတ်လား …။

    တခုသို့မဟုတ် ..အများကြီးသော အကြောင်းတရားတွေပေါ့ဗျာ…။
    ကျုပ်တို့လူမျိုးရဲ့ သီးသန့် ဖြစ်တည်မှု နောက်တခု ဆိုပါတော့…။

    • surmi

      August 20, 2012 at 10:05 am

      မောင်ဂီရေ ့
      ရွာမှာကြက်ခိုးတဲ ့ဓလေ ့လိုပေါ ့ကွာ
      ကြည် ့ကောင်းကောင်းနဲ ့ကြည် ့နေတာ ခုတော ့
      ခိုးတဲ ့ အကျင် ့တွေပါကုန်တာပေါ ့
      ဘိုအံရေ
      ကျုပ်ရောက်ဖူးတဲ ့ရွာတွေမှာလဲ ဖိုးအောင်ထွန်းလိုလူတွေ ့ဖူးသားဗျ

  • MaMa

    August 20, 2012 at 9:56 am

    အသက်ရှုလို့ ဖောင်းလိုက်ပိန်လိုက်ဖြစ်နေတဲ့ ဗိုက်ကိုတော့ ဓမ္မတာမို့ ခွင့်လွှတ်လိုက်မယ်ဆိုတာ …
    အဲဒီ ဓားပြတိုက်တုန်းက အော်ခဲ့တဲ့ အမှတ်တရလေးတွေဖြစ်မယ်ထင်တယ်။ [:))]

  • ဥဥ

    August 20, 2012 at 10:25 am

    အံဂျာဒုံးမရေ့ နင့်အဗာတာလေးဂ ရေလည်လန်းဒယ်အေ့ နင်နဲ့တော်တော်တူတယ်တဲ့ ဟုတ်လား 😀

  • Shwe Ei

    August 20, 2012 at 2:01 pm

    ဂလိုဆိုတော့ မဟာရာဂျာ အံဇာဒုံးက ရွာကိုဘိုးစဉ်ဘောင်ဆက်စောင့်ရှောက်ခဲ့တဲ့ မျိုးဆက်ပေါ့။
    သများတို့ MG ရွာသူား တွေအလည်လာရင် ဓါးပြရန်က ကာကွယ်ပေးမှာပေါ့နော်။ 😀

  • shwe kyi

    August 20, 2012 at 4:39 pm

    မောင်ငယ်အံစာ တို့ရွာကိုကျူးကျော်စော်ကားသူရှိလာပါက
    ကလောင်စွမ်းနဲ့ကာကွယ်ရန်တာဝန်ပေးအပ်သည်။

    ပုံ/
    ရွာသူမ (ဝမ်းတွင်းစုန်းမဟုတ်ပါ)
    မိရွှေကြည်

  • may flowers

    August 20, 2012 at 5:46 pm

    “မင်းက ဘယ်ရွာသားလဲ”

    “အေး .. ငါကတော့ အဲ့ဒီရွာသားပဲ”

    “အော် .. မင်းက အဲ့ဒီရွာသားကိုးးးးး”

Leave a Reply