တုပ်ကွေးဖြစ်လျှင် ဘယ်လိုနေမလဲ

ခင္ခAugust 20, 20121min1549

တုပ်ကွေးဖြစ်လျှင် ဘယ်လိုနေမလဲ

ယခုရာသီတွင် မိုးမိခြင်း၊ အအေးပတ်ခြင်းတို့ကြောင့် တုပ်ကွေး ဟူသော ဖျားနာမှု့မျိုးကြုံရသဖြင့် တိုလီမိုလီစာပေစုထဲမှ တုတ်ကွေးဖြစ်ရင် ဘယ်လိုနေမလဲ ဆိုတာလေးကို ဖတ်ခဲ့ဖူးသမျှ ပြန်လည်ဝေဌလိုက်ပါသည်။

တုပ်ကွေးဖြစ်ရခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရသည်၊ ထိုပိုးများကို ပတိဇီဝဆေးများဖြင့် နိမ်နင်း၍မရနိုင်၊ သို့သော် တုပ်ကွေးဖြစ်စ ပထမ ၄၈ နာရီ၌ ဆရာဝန်ထံ ရောက်လျှင် ဗိုင်းရပ်စ်ပိုးကို ခုခံသောဆေးမျိုးထိုးပေးလိုက်ပါက တုပ်ကွေးပျောက်ကင်းမှု အချိန်တိုနိုင်သည်။ အကောင်းဆုံးကာကွယ်နည်းမှာ ဗိုင်းရပ်ပိုးမကျအောင် ရှောင်ခြင်းဖြစ်သည်။ ရှောင်တိမ်း၍မရဘဲ တုပ်ကွေးဖြစ်ပြီဆိုပါက အောက်ပါနည်းလမ်းများက ခံစားမှုသက်သာစေရန် အထောက်အကူပြုပါ လိမ့်မည်ဖြစ်ပါသည်။

၁။ အိမ်မှာနေပါ – တုပ်ကွေးဗိုင်းရပ်သည် ပျံနှံတတ်သဖြင့် အိမ်မှာနေ၍ အနားယူ သင့်ပါသည်။

၂။ အနားယူပါ – အိပ်ယာထဲတွင် အနားယူခြင်းက တုပ်ကွေးကို ခန္ဓာကိုယ်က ပြန်တိုက်ရန် အားမွေးခွင့်ရစေပါသည်၊ ဖျားနေလျှက် အလုပ်ကိုတက်ကြွစွာ လုပ်ကိုင်နေလျှင် ရောဂါခုခံတိုက်ဖျက်မှု အင်အားနည်းသွားပြီး အခြားရောဂါများပါ ဝင်ရောက်လာနိုင်ပါသည်။

၃။ အရည်သောက်ပါ – အဖျားရှိလျှင် ရေဓာတ်မဆုံးရှုံးစေရန် အရည်များက ကာကွယ်ပေးနိုင်သဖြင့် အရေးကြီးသည်။ အဖျားကြောင့်စားချင်သောက်ချင် စိတ်မရှိလျှင် အာဟာရလိုအပ်ချက်ကို အရည်မှတဆင့် ပေးနိုင်သည်။ ဟင်းချိုအရည်ကျဲကျဲနှင့် သစ်သီးရည်၊ ဟင်းသီးဟင်းရွက်ရည်တို့မှာ ကောင်း၏။ ကြက် စွပ်ပြုတ်အရည်များ သောက်နိုင်ပါသည် ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အရည်များကိုသောက်သုံးသင့်သည်ဟု အာဟာရဆိုင်ရာ အကြံပေးပါရဂူ   ဒေါက်တာ အယ်လီနာဖဟောရော့ဘွတ်ရှ်၊ ကလီဗီကန်ပြည်နယ်မှ အကြံပေးထားပါတယ်။ တုပ်ကွေးဖြစ်သူ သောက်သုံးမည့် သစ်သီးရေထဲတွင် သကြား အနည်းငယ်ထည့်ခြင်းဖြင့် ဂလူးကိုစ့်သကြား ဓာတ်ကိုရရှိနိုင်ပါသည်။ သို့သော် သကြားများလျှင် ဝမ်းဖောသလိုဖြစ်နိုင်ပါသည်။ ထိုသောက်သုံးမည့် အရည် ထဲတွင် အခြား ဘိလပ်ရည်၊ အချိုရည်နှင့် ချင်းရည်ကဲ့သို့ အရည်အနည်းငယ်ကိုလည်း ထည့်နိုင်သည်။ ထည့်သောအခါ အမြုပ်သေမှ သောက်သုံးရန်ဖြစ်သည်။ ပလုံစီအမြုပ်များက ဝမ်းဗိုက်ထဲ တွင် လေပွစေ၍ အော့ချင်အန်ချင်စိတ် ဖြစ်နိုင်သောကြောင့်ဖြစ်ပါတယ်။ အအေးမိနေချိန်မှာ နွားနို့နှင့် အခြားနို့ထွက်ပစ္စည်းများ မသောက်သုံးသင့်ပါဘူး  ဘာလို့လဲဆိုတော့ ချွဲ၊ သလိပ်ကိုဖြစ်စေတတ်ပါတယ်။

၄။ အကိုက်အခဲပျောက် သက်သာစေဖို့– တုပ်ကွေးနှင့် ယှဉ်၍ ခံစားရလေ့ရှိသော ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အပူချိန်တက်ခြင်းတို့ကို အက်ပစရင်နှင့် အလားတူဆေးများ သောက်သုံးနိုင်သော်လည်း ဆေးညွှန်းအတိုင်းလိုက်နာ သောက်သုံးသင့်ပါတယ်။ကိုယ်အပူချိန်ဟာ မွန်းလွဲပိုင်းနှင့် ညနေပိုင်း  တို့၌ပို၍ တက်နိုင်သဖြင့် အချိန်မှန်ဆေးသောက်ဖို့လိုပါတယ်၊ ကလေးအရွယ်နှင် လူငယ်အရွယ်တို့မှာ ဆရာဝန်ညွှန်ကြားသည့် ပမာဏအတိုင်း   သောက်သုံးဖို့ လိုသည်။

၅။ ဆေးစားလျှင်သတိ – တုပ်ကွေးအအေးမိဆေးများကို ဆေးဆိုင်တိုင်းတွင်အလွယ်တကူယူနိုင်သည့်ဖြစ်ပြီး တုပ်ကွေးလက္ခဏာများကို အမြန်သက်သာ   စေတတ်သော်လည်း ယာယီမျှဖြစ်တတ်သည်။ ထိုဆေးများထဲတွင်ပါဝင်သော ဟစ်စတာမင်း ဖြေဆေးများမှာ နှာပိတ်သည်ကို ရပ်သွားစေနိုင်   သော်လည်း    ရောဂါလက္ခဏာကို ဖိနှိမ်ထားရုံသာဖြစ်သဖြင့် စိတ်မချသေးသောအချိန်တွင် အလုပ်ကိုပင်ပန်းစွာပြုလုပ်ပါက ပြန်၍ဖျားတတ်ပါသည်၊ ထိုအခါ ပို၍ ဆိုးသော အခြားရောဂါလက္ခဏာများ ဝင်လာနိုင်ပါသည်။

၆။ အချိုဓာတ်ငုံခြင်း – သကြားလုံးငုံခြင်း၊ သကြားချောင်းလျက်ခြင်းနှင့် လိုဇင်းဂျစ်( Lozenges ) လည်ချောင်းရှင်းရန်ငုံသည့်ဆေးတို့မှာ လည်ချောင်းမခြောက်ဘဲ ရှင်းလင်းစေသဖြင့် ကောင်းပါတယ်။ထိုသို့ လျက်ခြင်း၊ ငုံခြင်းသည် ကယ်လိုရီများလိမ့်မည်ဟု စိုးရိမ်လျှင် သကြားမပါသော ငုံဆေးများရှိပါတယ်၊ ထိရောက်မှုက အတူတူပင်ဖြစ်ပါတယ်၊

၇။ မကြာခဏ နှာညှစ်ရလျှင် – နှာရည်စိမ့်ယိုပြီး နှာညှစ်ရဖန်များသောအခါ နှာဝနာကျင်နေမည်ဖြစ်၍ မနာစေရန် ချောဆီတစ်မျိုးမျိုး၊ လိုရှင်းအဆီ တစ်မျိုးမျိုး လိမ်းပေးသင့်ပါတယ်၊ သို့မဟုတ် ခြောက်သွေ့လွယ် ဂျယ်လီတစ်မျိုးမျိုးလိမ်းသင့်ပါတယ်။

၈။ ခြေထောက်ကို ရေနွေးစိမ်ခြင်း – ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ခံစားရလျှင် ခြေထောက်ကို ရေနွေးစိမ်ပေးခြင်းဖြင့် သက်သာစေပါလိမ့်မယ်ဖြစ်ပါတယ်။

၉။ အခန်းထဲ လေကောင်းလေသန့်ဝင်ရန် – တုပ်ကွေးဖျားနေစဉ် အခန်းထဲ၌ လေသန့်ဝင်ဖို့လိုပါတယ်၊ သို့သော်လေစိမ်းပြင်းပြင်းကိုတော့ ရှောင်ရပါမယ်၊   အေးစိမ့်ခြင်းမဖြစ်စေရန် အိပ်ယာကိုနွေးထွေးစေသင့်ပါတယ်၊ ကျောကို ပွတ်ပေးခြင်းသည် တုပ်ကွေးကိုခုခံရန် ကိုယ်ခံစွမ်းအားတက်ကြွစေမည်ဖြစ်ပါတယ်။

၁၀။ ပျို့ခြင်း – တော်ရုံတန်ရုံ အော်ဂလီဆန်ပြီး ပျို့ချင်နေသူအတွက် အစာစားချင်စိတ်နည်းနည်းရှိလျှင် အဆီဓာတ်နည်းသော ရိုးရိုးဘီစကွတ်လို အစာကို အနည်းငယ်စားခြင်းဖြင့်သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် များများစားမိပါက ပိုးဆိုးသွားတတ်တာမို့ အနည်းငယ်သာစားသင့်ပါတယ်။ အဖျားရှိနေ၍   သောက်ချင်စိတ်မရှိ ပျို့ချင်အန်ချင်လျှင် ရေခဲတုံး ငုံ၍ရသည်။ ရေခဲတုံးတွင် သစ်သီးဖျော်ရည်များထဲ့ပြီး ရေခဲသေတ္တာထဲခဲစေနိုင်ပါသည်။

၁၁။ ဝတ်ဆင်မှု့ – အဖျားကြောင့်ပူအိုက်နေလျှင် အဝတ်ထူထူထပ်၍ မဝတ်ဘဲ အပူငွေ့ပျံနိုင်စေရန် အပိုအဝတ်များ ထပ်မဝတ်သင့်ပါ။ ချမ်းစိမ့်စိမ့်ဖြစ်နေလျှင်သာ လုံလောက်စွာ နွေးထွေးဖို့ ဝတ်ထားရမည်ဖြစ်ပါတယ်။

၁၂။ နာလန်ထစ အစာ – တုပ်ကွေးဖျားပြီးနေလျှင် စားသောက်ချင်စိတ်ရှိမည် မဟုတ်ပါ သို့သော် သက်သာစပြုသောအခါ စားလိုလျှင် အရည်များနှင့် ကစီ ဓာတ်ပါသော အစာများကိုအထူးပြုလုပ်စားသင့်ပါတယ်။ ပေါင်မုန့်မီးကင်၊ ဌက်ပျောသီး၊ ဆန်ပြုတ်၊ ဆန်ပူတင်း၊ အာလူးမီးဖုတ် စသည်တို့ကို နည်းနည်းချင်း ချင့်ချိန်စားသင့်ပါတယ်။ လည်ချောင်းနာကျန်ခဲ့လျှင် သံပရာ၊ ပျားရည်နဲ့ ရေရောစပ်ထားတဲ့ ဖျော်ရည်ဟာ လည်ချောင်းနာခြင်းကို သက်သာစေပြီး ရေဓာတ်   ဖြည့်ရာလည်းရောက်ပါတယ်။ နလန်ထစမှာ ကြော်လှော်ထားသော အစားအစာနဲ့ အဆီများတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

9 comments

  • YE YINT HLAING

    August 20, 2012 at 9:56 am

    ငယ်ငယ်က ဖျားလို့ တုပ်ကွေး မိလို့ ရှိရင်အမေ က ကျောကို ပွတ်ပေးခဲ့တာ ဒါကြောင့်ကိုး ။ ကျန်းမာရေး ဗဟုသု တ ပညာပေး ဖြစ်လို့ ကျေးဇူးပါ ကိုခင်ခ ရေ ! ဖတ်ရှု မှတ်သားသွားပါတယ် ။

  • manawphyulay

    August 20, 2012 at 10:03 am

    အိမ်မှာနေပါ – ဟုတ်ကဲ့ အိမ်မှာနေပါတယ်။

    ၂။ အနားယူပါ – အိပ်ယာထဲတွင် အနားယူခြင်းဖြင့် အပျင်းဝေဒနာပါတိုးလာသည်။

    ၃။ အရည်သောက်ပါ – ကော်ဖီ ခဏခဏ သောက်ပါသည်။

    ၄။ အကိုက်အခဲပျောက် သက်သာစေဖို့- ကလေးအရွယ် ဆရာဝန်ညွှန်ကြားသည့် ပမာဏအတိုင်း သောက်သုံးပါသည်။

    ၅။ ဆေးစားလျှင်သတိ – ဟုတ်ကဲ့ ဒါကြောင့် ဆရာဝန်ပေးသော ဆေးများက အဆမတန် အလွန်များပြားနေသဖြင့် မစားပဲ သိမ်းထားပါသည်။

    ၆။ အချိုဓာတ်ငုံခြင်း – သကြားမပါသော ငုံဆေးများသည် အလွန်ပင် ခါးသက်လှပါသည်။

    ၇။ မကြာခဏ နှာညှစ်ရလျှင် – နှာရည်စိမ့်ယိုပြီး နှာညှစ်ရဖန်များသောအခါ နှာဝနာကျင်နေမည်ဖြစ်၍ မနာစေရန် ချောဆီတစ်မျိုးမျိုး၊ လိုရှင်းအဆီ တစ်မျိုးမျိုး လိမ်းပေးသင့်ပါတယ်၊ ဆိုတော့ ညွှန်ကြားသောသူသည် လိုရှင်းဗူးများ ဝယ်ပြီး ပေးပို့စေချင်ပါကြောင်း မပေးပို့ပါက ရှိသမျှ အကျီများဖြင့် သုတ်ပစ်လိုက်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    ၈။ ခြေထောက်ကို ရေနွေးစိမ်ခြင်း – ခြေထောက်ကို ရေနွေးစိမ်ပေးခြင်းဖြင့် အပူလောင်ပြီး ခြေထောက် ကောင်းစွာ မထောက်နိုင်ဖြစ်နေပါသည်။

    ၉။ အခန်းထဲ လေကောင်းလေသန့်ဝင်ရန် – ရှိသမျှ တံခါးပေါက်များ အကုန်ဖွင့်ထားပါသည်။

    ၁၀။ ပျို့ခြင်း –အဖျားရှိနေ၍ သောက်ချင်စိတ်မရှိ ပျို့ချင်အန်ချင်လျှင် ရေခဲတုံး ငုံ၍ရသည်။ဆိုလို့ ငုံကြည့်ရာ အာသီးပါ ရောင်ရမ်းလာပြီး အဖျားပိုတက်ပါသည်။

    ၁၁။ ဝတ်ဆင်မှု့ – အဝတ်မထပ်ပဲ ဝတ်ကြည့်သောအခါ အဖျားပိုတက်ပါသည်။

    ၁၂။ နာလန်ထစ အစာ – စားချင်တာတွေ အကုန်ကျွေးမှာလားဟင်….

    လေးလေးခ သမီးကို စောင်းပြောတာနေမယ် ဟုတ်လား…

  • ဥဥ

    August 20, 2012 at 10:16 am

    ဟုတ်ကဲ့ဗျ
    တုတ်ကွေးဖြစ်ရင် စောင်ခြုံနေပါ
    ပီးလျှင် ရေချိုးပါ
    ပီးလျှင် ဘီဘီလေးလွှေးလိုက်ပါ

  • ko khin kha

    August 20, 2012 at 10:17 am

    YE YINT HLAING ရေ ပထမ comment အတွက်ကျေးဇူးပါ။ ဟုတ်ပါတယ် ကျွန်တော်ငယ်ငယ်ကလည်း ဖျားတုံးကလည်း အဖွားက ကျောပွတ်ပေးခဲ့တယ်ဗျ။

    (လေးလေးခ သမီးကို စောင်းပြောတာနေမယ် ဟုတ်လား…) မနှောရေ ကျွန်တော် ပိုစ့်တွေရေးရင် ကျွန်တော်စာကိုဖတ်လာမယ့် ပရိတ်သတ် ( မည်သူမဆိုဖြစ်နိုင်ပါတယ်၊ ရွာသူ/သား နှင့် အခြား ဂေဇတ်ဖွင့် ဖတ်သူများ )တွေ ကိုအလေးထားပြီးရေးပါကြောင်း၊ တစ်စုံတစ်ဦး အတွက်ရည်ရွယ်ပြီး ပိုစ့်ဘယ်တော့မှ မရေးပါကြောင်း နောင်လည်းရေးမည်မဟုတ်ပါကြောင်း အသိပေးပါရစေ။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကစပြီး မန်းမှာမိုးရွာနေလို့ ရုံးပြန်တဲ့ကလေးတွေ မိုးမိပြီးနောက်ရက်ဖျားလို့ ရုံးပျက်တဲ့သူလေးတွေရှိလာတာတွေ့ပြီး ဗဟုသုတအဖြစ် ဒီပိုစ့်လေးတင်မိတာဖြစ်ပါတယ်။
    မမျော်လင့်ဘဲ မနှောကို စောင်းပြောသလိုဖြစ်ရင်ဖြင့် အလွန်ကိုဝမ်းနည်းစွာဖြင့် တောင်းပန်လိုက်ပါသည်။
    မန်းမှာနေသော – ခင်ခပါ။

  • ko khin kha

    August 20, 2012 at 10:19 am

    ဥဥ ရေ အဲဒါလည်းကောင်းတာဘဲနော်။ မှတ်ထားလိုက်ပါပြီ။

  • shwe kyi

    August 20, 2012 at 10:22 am

    လေးခင်ခရေ ရွှေကြည်တို့လို အိမ်ဝေးနေသူတွေအတွက် တကယ်ကိုအသုံးဝင်ပါတယ်။

  • မောင်ပေ

    August 20, 2012 at 10:38 am

    ကိုခင်ခရေ တုပ်ကွေးဖြစ်ဖူးပါတယ်
    အဲ့တုန်းက နေခဲ့တဲ့ပုံစံတွေ နဲ့ ကိုခင်ခစာနဲ့တိုက်ကြည့်တော့ တလွဲတွေချည်းပဲ
    ဆိုတော့ဗျာ… ကိုခင်ခ နည်းတွေကိုမှတ်သွားပါတယ်
    ကိုယ့်ဖို့မဟုတ်ရင်တောင် အသိမိတ်ဆွေများအတွက်ပေါ့

  • မွန်မွန်

    August 22, 2012 at 2:23 pm

    စောစောကတည်းက ဖတ်လိုက်ရမှာ… 🙂

    အခုတော့ နာလန်ထစ ဘာမှမစားချင်ဘူးဖြစ်နေတယ်… ကြေးအိုးလာတိုက်ပါ လေးလေး… 🙂

  • mayjuly

    August 22, 2012 at 3:44 pm

    ဟုတ်ကဲ့ လေ့လာမှတ်သားသွားပါတယ်ဗျာ ..

    ကိုယ်လုပ်ဆောင်နေတဲ့ တုတ်ကွေး ရဲ့ ခုခံချက်ကလေးကိုပြောပါရစေ .. 😛

    အိမ်မှာတစ်မိသားစုလုံး တုတ်ကွေးဖြစ်ကြတယ် ကျမကတော့ မဖြစ်ခဲ့ပါဘူး ….

    ဘာလို့လဲ ဆိုတော့ တုတ်ကွေးဆိုတာမျိုး က ကွေးနေတဲ့အခါမှာ တုတ်တာလို့ သိထားလို့ပါ ..

    အဲတော့ ကိုယ်လက်လှုပ်ရှားမှု အမြဲ ရှိနေလိုက်မယ် …. အလုပ်ထဲမှာပဲ စိတ်ရှိနေလိုက်မယ် ….
    တုတ်ကွေးဆိုတာကြီးကို စိတ်ထဲကိုမထည့်ပဲ နေလိုက်မယ် … နဲနဲ ဖျားချင်လာတာနဲ့ ချွေးလေးစို့ နေအောင်.. အလုပ်လုပ်ပစ်လိုက်မယ် ဆိုရင် တုတ်ကွေးလဲ မကပ်နိုင်တော့ဘူးလို့ ထင်မိပါတယ်…. အဲလိုပဲ အမြဲ လုပ်နေတော့ …
    သူများတွေ တုတ်ကွေးဖြစ်နေရင်လဲ … ကိုယ်က မကွေးတော့ဘူးဗျ….. ကိုယ်ထင်တာကိုယ်ပြောတာနော် .. 😛
    တကယ်လဲ အဲလိုပဲ လုပ်တယ် … လက်တွေ့ပါပဲ …

Leave a Reply