Philadelphia စမ်းသပ်ချက် (အပိုင်း – ၁၂) – ခင်မမမျိုး

kaiAugust 20, 20121min1255

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု)

(အပိုင်း – ၁၂)

အခန်း (၁၂)

အေးဂျင့် Miller ဆီမှာ မေးခွန်း နောက်တခု ရှိနေပါသေးတယ်။

“ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုကို ကျွန်တော် စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။ ဘာလဲဆိုတော့ ကို်ယ်ပျောက်လူတွေနဲ့ ပျောက်ကွယ် သွားတဲ့ သင်္ဘောင်္ကြး အကြောင်းပဲ။ ဒီကိစ္စနှစ်ရပ်အကြားမှာ ဆက်စပ်မှု ရှိနိုင်သလား”

” အဲဒီဆက်စပ်မှုကို ကျွန်မပြောပြီးပြီလေ။ Gravity ပဲပေါ့။ Unified Field Theory ကို မှတ်မိတယ် မဟုတ်လား။ anti-gravity field ကို ဖန်တီးနိုင်ရင် ဒါက time, space နဲ့ light ကို သက်ရောက်မှု ရှိတယ်။ Philadelphia စမ်းသက်ချက် ပြုလုပ်တုန်းက electricity နဲ့ magnet ကို သုံးပြီး gravity ကို ပြောင်းခဲ့ကြတယ်။ ဒါပေမယ့် သူတို့ မသိလိုက်တာက timeနဲ့ space ကိုပါ ပြောင်းပစ်ခဲ့မိကြတယ် ဆိုတာပဲ။ သူတို့ဆီမှာကလဲ ယာဉ်တစီးမှာ ပါတဲ့ steering နဲ့ accelerator pedal လိုမျိုး ထိန်းချုပ်နိုင်တဲ့ ကိရိယာ တခုခု ဘာမှ မရှိခဲ့ဘူး။ on/ off ခလုတ်ပဲ ရှိခဲ့တာကလား။ ကားတစီးနဲ့ပဲ နှိုင်းယှဉ်ပြီး စဉ်းစားကြည့်လိုက်ပါ။ ခလုတ်တခု နှိပ်လိုက်တာနဲ့တင် ကားက တနာရီကို နှစ်ကီလိုမီတာနဲ့ ရှေ့ကို သွားနေတာ (ဒါမှမဟုတ်) ကီလိုမီတာ ၂၀ဝ နဲ့ ဘေးတိုက်ကြီး သွားနေတာမှာ စတီယာရင်လဲ မရှိ၊ ဘရိတ်လဲ မရှိဆိုရင် ဘယ်လို လုပ်ကြမလဲ”

” သဘောပေါက်ပါပြီ။ ဒါဆို (၁၉၄၃) ခုနှစ်ကာလကို ပြန်သွားကြည့် ရအောင်။ ဒီတုန်းက ဘာဖြစ်ခဲ့တယ်လို့ မင်းထင်သလဲ”

အဖိုးက ကိုယ်ကို ကိုင်းညွတ်ပြီး သူ့ရဲ့ တံတောင်ဆစ်တွေကို စားပွဲပေါ် ထောက်တင်လိုက်ပါတယ်။ တကယ်တမ်းကျတော့ ကျွန်မကို စိတ်ဝင်စားစေခဲ့တဲ့ ပျောက်ဆုံးသွားတဲ့ သင်္ဘောကြီးအကြောင်းကို သူစပြောခဲ့တာပါ။ ဒါပေမယ့် အဖိုးထက် ကျွန်မ ပိုသိနေပြီဆိုတာ သိသာ ထင်ရှားလာပါတယ်။ ဒါက ကြောက်စရာကောင်းတဲ့ အတွေးပါ။ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ကြိုးစားပြောပြလိုက်ပါတယ်။

“ NDRC က သိပ္ပံပညာရှင်တွေဟာ USS Eldridge ကို ကြီးမားလှတဲ့ သံလိုက်နဲ့ လျှပ်စစ်ဓာတ်အား coil ကြီးနဲ့ ရစ်ပတ်လိုက်တယ်။ ပြီးတော့ USS Eldridge နဲ့ generator ships နှစ်ခုကို ချိတ်ဆက်လိုက်တယ်။ စတုတ္ထသင်္ဘောက တကီလိုမီတာ အကွာကနေ စောင့်ကြည့်လေ့လာ ခဲ့တယ်။ အဲဒီသင်္ဘောဟာ Carlos Allende အလုပ်လုပ်တဲ့ သင်္ဘောပဲ။ USS Eldridge ပေါ်က လူတွေဟာ electro magnetic field ထဲမှာ ရှိနေတဲ့အတွက် အန္တရာယ်ရှိမှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။ ဒါပေမယ့် ဒီယူဆချက် မမှန်ခဲ့ဘူး ”

” ရေတပ်က ဒီလူတွေရဲ့ အသက်ကို big risks ယူလိုက်တာပဲ”

အေးဂျင့် Miller က တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

“ Big risk လား၊ ဟုတ်တယ်။ ဒါပေမယ့် အလုပ်သာ တကယ်ဖြစ်ခဲ့ရင် အကျိုးကျေးဇူးက ပိုပြီး များမှာကိုး။ (၁၉၄၃) ခုနှစ်မှာ force shield နဲ့သာ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့ရင် လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်နိုင်ခဲ့မှာပဲ။ တခါတရံ စစ်ပွဲကာလမှာ ဒီလို risk မျိုး ယူကြရတာပဲ ”

အဖိုးက ကြားဖြတ်ပြီး ဝင်ပြောလိုက်ပါတယ်။

အဖိုးရဲ့ စကားဆုံးတော့ ကျွန်မ ဆက်ရှင်းပြပါတယ်။

“ Unified Field Theory မှန်ကန်ကြောင်းကိုတော့ သက်သေပြနိုင်ခဲ့ကြပါတယ်။ စစ်သင်္ဘောကြီးကို အင်အားကြီးမားလှတဲ့ force field နဲ့ ဝန်းရံလိုက်တဲ့အခါ gravity field က အလင်းကို ကွေးညွတ်လိုက်ပါတယ်။ ဒီအခါမှာ စောင့်ကြည့်သူတွေအတွက် သင်္ဘောက ပျောက်ကွယ်သလို ဖြစ်သွားပါတယ်။ ဒါပေမယ့် gravity field က တခြားအရာတွေကိုလဲ ဖြစ်စေခဲ့ပါတယ်။ space ကို ခေါက်ချိုးလိုက်သလို ဖြစ်သွားတဲ့အတွက် ကီလိုမီတာ (၆၅၀) အကွာမှာ ရှိတဲ့ Virginia state က Norfolk ကိုလဲ သင်္ဘောကြီးက ရောက်သွားပါတယ်။ အချိန်ကိုလဲ ခေါက်ချိုးလိုက်တဲ့အတွက် တချိန်တည်းမှာတင် စစ်သင်္ဘောကြီးကို နှစ်နေရာမှာ တွေ့လိုက်ကြ ရပါတယ်။ စစ်သင်္ဘောပေါ်က သင်္ဘောသားတွေက ဂြိုလ်သားတွေရဲ့ အာကာသယာဉ်ကြီးကို တွေ့လိုက်ရတယ်လို့ ဆိုကြပါတယ်။ ဒါကလဲ ဖြစ်နိုင်ချေရှိပါတယ်။ gravity field က စကြဝဠာကြီးရဲ့ space-time highroad ကို တွန်းတင်လိုက်တဲ့အခါ ဒီလမ်းမကြီးပေါ်က တခြား ခရီးသွားတွေကိုလဲ တွေ့ရမှာပါပဲ။ သင်္ဘောသားတွေက ဂြိုလ်သား တွေကို တွေ့လို့ တုန်လှုပ်ခြောက်ချားသွားခဲ့သလိုပဲ ဂြိုလ်သားတွေ ကလဲ ကြီးမားလှတဲ့ စစ်သင်္ဘောကြီး ရုတ်ခြည်းဖြတ်သွားတာကို တွေ့လိုက်ရရင် ဘယ်လိုတွေးကုန်ကြမလဲ ဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်”

” သင်္ဘောသားတွေ ဘာဖြစ်သွားသလဲ ဆိုတာကိုကော ရှင်းပြနိုင်မလား။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့က ရူးသွပ်သွားကြပြီး၊ တချို့က ပင်လယ်ထဲ ခုန်ချသွားကြတယ်။ ဒါကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် တချို့ကကျတော့ စမ်းသပ်မှုကြီးပြီးသွားပြီး နောက်ပိုင်း ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်ဆုံးသွားပဲ ရှိနေခဲ့ကြ တယ်”

” ဒါကတော့ Gravity A နဲ့ သက်ဆိုင်မယ် ထင်ပါတယ်။ Gravity A က ဒီစားပွဲမှာ ရှိတဲ့ အက်တမ်တွေကို စုစည်းနေအောင် လုပ်ထားသလို၊ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ အက်တမ်တွေကိုလဲ စုစည်းထားပေးတယ်။ သင်္ဘောသားတွေရဲ့ အက်တမ်တွေကို Philadelphia စမ်းသပ်ချက်က ရှုပ်ထွေးသွားစေတဲ့အခါ သူတို့ရဲ့ ကိုယ်ခန္ဓာကလဲ တည်ငြိမ်မှု မရှိပဲ ဖြစ်လာတယ်။ သူတို့ဟာ နံရံတွေကို ကျွန်မတို့တွေ မြူမှုန်တွေ အကြားမှာ ဖြတ်သန်းသွားသလို ဖြတ်သန်းသွားနိုင်တယ်။ မီးခိုးလုံးအဖြစ် ပျောက်ကွယ်သွားနိုင်သလို တခြား dimension တခုခုထဲကို ရွေ့လျား ပျောက်ကွယ်သွားနိုင်တယ်။ လူတွေက dimensions သုံးခုကိုပဲ မြင်နိုင်တယ်။ အချိန်ကိုကျတော့ စတုတ္ထ dimension တခုအနေနဲ့ တွေ့ကြုံခံစားလို့ရတယ်။ ဒါပေမယ့် (၁၉၈၀) ခုနှစ်တွေမှာ လုပ်ထားခဲ့တဲ့ super-string theory ဆိုတဲ့ သုတေသနဖိုင်တချို့ကို ကျွန်မ hack လုပ်ထားတယ်။ ဒီသုတေသနအရ dimensions က ဆယ်ခုတောင် ရှိတယ်။ ခြောက်ခုကို ကျွန်မတို့ လူသားတွေက မမြင်နိုင်ဘူး။ ခံစားလို့လဲ မရဘူး”

အဖိုးက ကျွန်မကို ဂုဏ်ယူစွာနဲ့ လှမ်းကြည့်နေပါတယ်။

” ဒါဆို Philadelphia စမ်းသပ်ချက်ဟာ အမှန်တကယ် ဖြစ်ပွားခဲ့တယ်လို့ မင်းသက်သေပြနိုင်ပြီပေါ့”

” ဟင့်အင်း၊ Philadelphia စမ်းသပ်ချက်ဟာ ဖြစ်နိုင်ချေရှိတယ် ဆိုတာနဲ့ ဘယ်လိုဖြစ်ပွားခဲ့တယ် ဆိုတာကိုပဲ သက်သေပြနိုင်ပါတယ်။ မှန်ကန်တဲ့ သက်သေ အစစ်အမှန်ကတော့ လျှို့ဝှက်ဖိုင်တခုအနေနဲ့ တနေရာမှာ ရှိနေပါလိမ့်မယ်”

” ဒါက မင်းအပေါ်မှာပဲ မူတည်ပါတယ်။ အဲလစ်။ တယောက်တည်း ဆက်အလုပ်လုပ်ပြီး၊ အထီးကျန်အခြေအနေမှာ တို့လိုလူမျိုးတွေက ဝိုင်းလိုက်နေတာကို ခံမလား၊ ဒါမှမဟုတ် ဒီပြဿနာတွေကို အဖြေရှာနေတဲ့ သိပ္ပံပညာရှင်တွေနဲ့ အတူလက်တွဲမလား ဆိုတာပေါ့”

လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်ကို ကစားနေရင်း၊ Proxima Centauri ဆိုတဲ့ စကားလုံးလေးကို ကျွန်မ လှမ်းကြည့်နေမိပါတယ်။ တနေ့မှာ ကျွန်မကိုယ်တိုင် ဒီနေရာကို ရောက်ရှိပြီး ထိတွေ့ကိုင်တွယ်လို့ ရနိုင်တဲ့ ကမ္ဘာတခုပေါ့။

” ဒီကမ်းလှမ်းချက်က စိတ်ဝင်စားဖို့ ကောင်းပါတယ်”

ကျွန်မ ပြန်ပြောလိုက်ပါတယ်။

” မင်းကို တို့လိုအပ်တယ် အဲလစ်။ မင်းရဲ့ ကျွမ်းကျင်မှုတွေ၊ မဖြစ်မနေ လုပ်တတ်တဲ့ စိတ်တွေနဲ့ တနေ့မှာ ပိတ်ထားတဲ့ တံခါးတွေအားလုံးကို မင်းဖွင့်သွားနိုင်မှာပါ”

အေးဂျင့် Miller က အားတက်သရော ပြောလိုက်ပါတယ်။

အဖိုးကလဲ ကျေနပ်စွာနဲ့ ကျွန်မကို လှမ်းကြည့်လိုက်ပါတယ်။

” သူမှန်တယ် ထင်တယ်၊ အဲလစ်။ ဒီထက်ပိုပြီး မင်းလုပ်နိုင်လာလိမ့်မယ်။ ကောင်းကင်ကြီးမှာ အကန့်အသတ်ရှိတယ်”

ကျွန်မ ပြုံးလိုက်ပါတယ်။

Proxima Centauri ဆိုတဲ့ စလုံးလေးတွေကို လက်ညှိုးနဲ့ တို့ကြည့်လိုက်ပါတယ်။

” အဖိုးမှားတယ်ဆိုတာ သိပ်ပြီး မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီတခါတော့ အဖိုး မှားသွားပြီ။ ကောင်းကင်ကြီးမှာ အကန့်အသတ် မရှိပါဘူး။ ဘာကန့်သတ်ချက်မှ မရှိပါဘူး။ ကန့်သတ်ချက်ဆိုတာ မရှိပါဘူး”

ပြီးပါပြီ။

(ဇာတ်ကောင်များ အကြောင်းနှင့် classified files များ အကြောင်းကို နောက်ဆက်တွဲအနေဖြင့် ဆက်လက်ဖော်ပြပါမည်)

ရေးသားသူ- Terry Deary

စာအုပ်အမည်- The Philadelphia Experiment

စာအုပ်ထုတ်ဝေသည့်နှစ်- (၁၉၉၆) ခုနှစ်

စာအုပ်အမျိုးအစား- လူငယ်စာပေ

ဘာသာပြန်သူ – ခင်မမမျိုး (၁၉၊ ဝ၈၊ ၂၀၁၂)

5 comments

  • Liquid_Sn@ke

    August 20, 2012 at 12:19 pm

    ကျန် ဒိုင်မန်းရှင်း ရခု ဆိုတာ လေး စိတ်ဝင်စားမိသား..
    နောက်တပုဒ် ထပ်ရေးမိဒေါ့မယ် ထင့်…
    😀

  • ဦးဦးပါလေရာ

    August 20, 2012 at 4:30 pm

    ကောင်းကင်ကြီးမှာ အကန့်အသတ်မရှိပါဘူး…
    ကောင်းကင်ကြီးကို ကြည့်မိတဲ့သူအမျိုးမျိုးအလိုက်ပဲ သူတို့ကိုယ်သူတို့ ကန့်သတ်ထားတဲ့ အကန့်အသတ်အမျိုးမျိုးရှိတာပါ…။
    ကျုပ်တို့မတော့
    ခလုပ်တိုက်မှာစိုးလို့ အောက်ငုံ့ကြည့်ရ
    ကားပွတ်သွားမှာစိုးလို့ ဘေးလှည့်ကြည့်ရ .. နဲ့
    မသေခင်တော့ ကောင်းကင်ကြီးကိုကြည့်ဖို့
    ခဏ လောက်ဖြစ်ဖြစ် အား ချင်မိတယ်…။

  • pooch

    August 20, 2012 at 4:54 pm

    ဟုတ်ကဲ့ကောင်းကင်ကြီးမှာ အကန့်သတ်မရှိဘူး ဆိုတာ
    တလောက ကြည့်ဖြစ်တဲ့ Lockout ဇာတ်ကားထဲမှာ တွေ့လိုက်ရပါတယ်။ ကမာ္ဘမြေပေါ်က သိပ်ဆိုးတဲ့ အကျဉ်းသားတွေကို စကြာဝဠာထဲမှာ ဆောက်ထားတဲ့ MS ဝမ်းဆိုတဲ့ ယာဉ်ကြီးထဲမှာ အမေရိကန်တွေက သွားထားခဲ့ကြသတဲ့လေ ။ အတော်လည်း တတ်နိုင်တဲ့လူတွေ 😀

  • ကြည်ဆောင်း

    August 21, 2012 at 2:30 pm

    စောင့်ဖတ်လိုက်ရတာ အကြာကြီးဘဲ 😀
    သူတို့မြေးအဖိုး ဘာမှမဖြစ်လို့တော်သေးရဲ့
    ပြီးသွားလို့လဲတော်သေးရဲ့ …

  • မောင်ပေ

    August 22, 2012 at 9:35 pm

    တစ်ရက် က avengers ဇါတ်ကားကို ကြည့်မိတော့
    ပင်လယ်ထဲကလား သမုဒ္ဒရာထဲကလား မသိ
    လေယာဉ်တင်သင်္ဘောကြီး ကနေ ပြေးလမ်းမလိုတဲ့ လေယာဉ်ပျံကြီးဖြစ်သွားပြီး ၊ မိုးပေါ်ရောက်တော့ ကိုယ်ပျောက်အဖြစ် လုံးဝ ဖျောက်ပြထားတယ်
    ယူအက်စ်အေ မှာ အဲဒီနည်းပညာတွေ ပေါ်ထွန်းနေပြီ ထင်ပါရဲ ့

Leave a Reply