ကွန်းမန့်လဲဟုတ် ပို့စ်လဲဟုတ်

ရွှေကြည်တင်သော “ဝါသနာအရ ဖန်တီးထားတဲ့ အနုပညာပါတဲ့” ပို့စ်ကို ဖတ်အပြီး လက်ရာမြောက်လှစွာသာ ရွံ့စေးပန်းပုရုပ်ထုများကို မြင်သိရကြားသိရတော့ ကျွန်တော်ရဲ့ စိတ်ဝယ် အတိတ်သယံဆီက ငယ်ရွယ်စဉ်ပုံရိပ်လေးတွေ ပြေးလွားပေါ်ပေါက်လို့ လာတော့တာပေါ့။ ဒါကြောင့် ကွန်းမန့် လဲရေးချင်သလို ပို့စ်လေးလဲ တင်ချင်စိတ်ပေါ်လာလို့ အခုလို ကဗျာလေးရေးလိုက်မိတာပါ။

ပန်းပုဆရာရေ

ရွံ့စေးကို နယ်ကာဆုပ်

အံ့မခန်း ထုလုပ်လိုက်ပုံများ…

တို့တောရွာ ငယ်ဘဝက

နွားရုပ်နဲ့ ရွှေချိုးကူ

အပြိုင်ယူ ရွံ့တွေလုံး

မြန်ဓလေ့ ဖွဲ့ကာထုံးတဲ့

လူကြီးနဲ့ တူအောင်ရှုန်းတယ်

ဘယ်နွားရယ် သူမတူပိုလို့လှ

ဝင့်ကြွားခဲ့တယ်….

ခုများတကယ် ဂလိုဗယ်မှာ

နောင်မျိုးဆက် ပုခက်ရယ်ထွက်တော့

လက,်မ ရယ်မော်မဆုံးအောင်

မြန်နှုန်းနဲ့ ခလုပ်တွေရွေ့

ထမင်းမေ့ မျက်တွင်းဝေ့အောင်

ဂိမ်းဘောင်ကစွယ်….

လက်မှုသယ် ကိုပန်းပုရွံ့စေး

သူ့လက်ရာမြင်သူငေးရလောက်

ကမာ္ဘမှီ စာစီရေးရတော့မယ်

ပြည်မြန်မာမှာ ပညာရယ်မတိမ်ကောရအောင်

ကိုပညာရယ်ပုန်းကာသာမနေပါနဲ့

မြင်သောသူ ကြည်ညိုငေးရအောင်

ထွက်ခဲ့တော့ကွယ်….

 

အတိတ်တွေက မှုံဝါးပေမဲ့ (လေးဖြူသီချင်းလို ) တခါတလေ တိုက်ဆိုင်မှုတွေရှိတော့ အမှတ်တမဲ့ပါပဲ ကလေးဘဝလေးကို ပြန်လည် လွမ်းစွတ်သတိရမိတာပါ။

အမှတ်တရလေးတွေက ရေနံဆီမီးခွက်ကပဲ စရတော့မယ်။ မက်နေကြ အိမ်မက်ထဲမှာ တမလွန်ဘဝတစ်ပါးက အဘိုးအဖွားတို့ကို ရေနံဆီမီးခွက် မီခိုးတလူလူနဲ့ မြင်မက်နေကျ။ အဲဒီလိုအိမ်မက်မက်တိုင်းလဲ အတိတ်ကလေးဘဝကို ပြန်လည် ခံစားမိနေရတာ ပြောမပြတတ်တဲ့ ခံစားမှုမျိုးပါပဲ။ ကျွန်တော်မွေးဖွားခဲ့တဲ့ ဇာတိရွာလေးထဲက လက်မှုပညာလေးတွေကို တင်ပြပါရစေ။ ရွာထဲမှာ အိမ်ဆောက်ကြရင် ရှိသမျှလူလတ်လူကြီးတွေ ဝိုင်းဆောက်လိုက်ကြတာပဲ။ လွှဖြတ်သူကဖြတ် သံရိုက်သူကရိုက်။ ကျင်တွယ်၊ တူ၊ လွှ၊ ခြစ်သား၊ ပေတံ၊ ချိန်သီး၊ စသည်ဖြင့် အိမ်တိုင်းလိုလိုမှာလဲရှိတယ်။ လက်သမားဆရာရယ်လို့ ခေါ်သူသီးသန့်မရှိပေမဲ့ အားလုံးလိုလိုက အစဉ်အဆက် ဆောက်လုပ်ရေးပညာကို တတ်ခဲ့ကြသည်အလားမသိ။ ခုခေတ်လို ပုံ Drawing တွေပါတွေလဲ မတွေ့ရပါဘူး။

ဦးလေးဝမ်းခွဲတော်သူ ဦးလေး သန်းလွင်ဆိုရင် လှည်းပန်းတောင်း လည်းဆံတွေ ကယ့်အိမ်တွေကို သူဘာသူလုပ်တာ၊ လုပ်လိုက်တိုင်းလည်း ပန်းခက်ပန်းနွယ်လေးတွေနဲ့ လက်ရာမြောက်လှတယ်။ လှည်းဦးငှက်ဆိုရင် ငှက်မျိုးစုံ၊ နဂါးပုံစံမျိုးစုံ မရိုးရဘူး။ သူတို့တွေရဲ့ ခြေရာကို နောက်ကလေးတွေကလဲ လိုက်သပ။ ကျွန်တော်နဲ့ အသက်တူသူငယ်ချင်း ငပြည့်ဆိုရင် သစ်သားရုပ်ကို တော်တော်ထုတတ်တယ်။ ငယ်ငယ်က သူ့ကိုကျွန်တော် အားကျရတာပေါ့။ သူ့ဆီကလဲ လက်ဆောင် တစ်ခုရဘူးတယ်လေ။ အဲဒါက သူကိုယ်တိုင်လုပ်ထားတဲ့ သစ်သားဂျင်ကလေးပါ။ သံမှိုမပါဘူး။ မိန်းမဂျင်လို့ခေါ်တယ်။ ပြောင်ပြီးလုံးနေတာပဲ။ သူတို့အိမ်ရဲ့ မီးတိုင်တင်ခုံတို့ ဘုရားစင်တို့မှာလဲ ပန်းလက်ရာလေးတွေ တွေ့ရတယ်။

နှီးဖြာတာကိုတော့ လူတိုင်းဖြာတတ်ပါရဲ့။ ယောက်ျား မိန်မရယ်မဟုတ်။ ပျိုးဆေးနှီး၊ မိုးဆေးနှီးရယ်လို့ အိမ်တိုင်းလိုလို နှီးဖြာချိန်ရောက်ရင် ဓားကိုယ်ဆီကိုင်လို့။ ကျွန်တော့ အရီးတော်သူများကတော့ တစ်မျိုး။ ပလုံးယှက်တယ် အုပ်ဆောင်းယှက်တယ် အဲဒီနှီးတွေနဲ့ မျိုးစုံအောင်လုပ်တတ်တယ်။ အလှဆုံးကတော့ နှီးရပ်တောင်ပါပဲ။ ကျွန်တော်မှတ်မိသလောက် အအေးသောက်တဲ့ ပိုက်တွေပေါလာတော့ အကွက်မျိုးစုံအောင်ဖော်တော့တာပဲ။ ရပ်တောင်လေးတွေက မြင်တာနဲ့ မကိုင်ရမနေနိုင်အောင်၊ ဒေါင်းရုပ်ကလေးတွေ၊ ပန်းပွင့်လေးတွေဖော်ထားတာ လှမလှ။ အအေးသောက်တဲ့ ပိုက်ရောင်စုံကို နှီးထဲစွတ်ပြီး အလှဆင်ထားတဲ့ အနုပညာရှင်တွေပါ။ အကွပ်ကိုတော့ ပိတ်စ အနီရောင်နဲ့ အများဆုံးကွတ်တယ်။

ဦးလေးဋ္ဌေးဝင်းဆိုသူကတော့ ဝါးထရံယှက်ကျွမ်းကျင်သူပါ။ သူအိမ်မှာဆိုရင် ထရံကွက်အဆန်းလေးတွေ တွေ့ရတယ်။ ဥပမာ အိမ်ရှေ့ ထရံဆိုရင် အလင်းဝင်ပေါက် လေဝင်ပေါက်လေးတွေရောပြီး တဆက်တည်း ယှက်ထားတာမျိုး အနုစိပ်တယ်။ ကျွန်တော့ရဲ့ အဘိုး နာမည်ကတော့ ဦးပိုးတဲ့ဗျ။ အဘိုး ကတော့ အများဆုံးလုပ်တတ်တာ ကြက်အုပ်ဆောင်းပါပဲ။ ကျွန်တော်တို့တွေ အုပ်ဆောင်းပေါ် တက်ပြီးဆော့ကြတာပဲ တော်တော်ခိုင်ခိုင်ပါ။ ကျွန်တော်ခုမှ ပြန်တွေးကြည့်ပြီး သတိထားမိသွားတာက ရွာကလူတွေက ပစ္စည်းအသုံးအဆောင်တော်တော်များများကို ဝယ်သုံးတာရှားတယ်။ ကိုယ်တိုင်လုပ်ကြတာတွေကြည့်ပါပဲ။ ငါးထောင်ချိန်အတွက် နှီးနဲ့ပဲ ဘုံတို၊ ဘုံရှည်ခေါ်တဲ့ ငါးထောင်မြုံးတွေ၊ ဘောက်လို့ခေါ်တဲ့ ငါးပက်တဲ့ ဂေါ်လိုပုံစံ ပစ္စည်းတွေ၊ ကြက်အုပ်ဆောင်းကိုအစိပ်ယှက်ထားတာကြတော့ ငါးအုပ်ဆောင်းတဲ့၊ အဲဒါလဲ ငါးဖမ်းတာပါပဲ။ ကြွက်ထောင်ချောက်ဆိုရင် လယ်ညှပ်၊ ထိပ်စောင့်လို့ခေါ်တာတွေရှိတယ် ဝါးနဲ့ လုပ်တာတွေကြည့်ပဲ။

စပါးက ကျီထဲမှာရှိတယ် ကိုယ်တိုင်ဆန်ကြိတ်ကြတဲ့ခေတ်၊ ကြိတ်ဆုံနဲ့၊ အဲဒီတုန်းက လူကြီးတွေ ဆန်ကြိတ်ရင် ကလေးတွေက ဝင်ပြီးရှုပ်နေကြ။ ကလေးသဘာဝလေ။ အရမ်းပျော်ဖို့ကောင်းတယ်။ ပြီးရင် မောင်းဆုံနဲ့ ထောင်း ဆန်ဖွတ်တယ်လို့ခေါ်တယ်။ သစ်တုံးကြီးကို ငရုပ်ဆုံလိုထွင်းထားတာပါ။ မောင်းဆုံကလဲ ခြေထောက်နဲ့နင်းရတာ။ နေလည်ခင်းဆိုရင် စည်းချက်မှန်မှန်နဲ့ မောင်းထောင်းသံတွေ။ အဲဒီအသံလေးနဲ့မှ နေ့လယ်ခင်းအိပ်လို့က ကောင်းမှကောင်းပဲ။

ဆန်က အဲဒီလိုဖြစ်လာတာ။ ဟင်းသီးဟင်းရွက်တွေက ဘယ်မှာခူးခူး ပေါသမှ၊ သားငါးကိုတော့ လယ်ထဲကပြန်လာသူတွေက တမျိုးမဟုတ်တမျိုး ဆွဲလာနေကျ။ ရေသောက်တော့ ရေခွက်က အုန်းမှုတ်ခွက်၊ အုန်းသီးခွံမာကို သစ်သားလက်ကိုင်တတ်ထားတာ။ အင်းဒီလိုနေရာမှာ ဈေးရောင်းရင် ဈေးသည်မွဲပြီပဲ။ ကိုယ့်စားဝတ်နေရေးကို ကိုယ့်ဘာသာ ဖန်တီးသူတွေပါ။

ဒါနဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားခဲ့ကြပုံတွေထဲမှာ ရွံ့ရုပ်လုပ်ခြင်းက ကလေးတိုင်းဖြတ်သန်းပျော်ရွင်ခဲ့ကြတဲ့ ဓလေ့အနုပညာဖြစ်ပါတယ်။ ဦးကြီး ဦးလေး အဒေါ်ကြီး အဒေါ်လေးတွေက နွားရုပ် ချိုးရုပ်တွေ လုပ်ပြခဲ့ကြတယ်။ နွားရုပ်လုပ်တာဆိုရင် အရင်ဆုံး ရွံ့ကို စလင်ဒါပုံရအောင် လုံးလိုက်၊ ထိပ်နှစ်ဘက်ကိုဆောင့်လိုက်နဲ့၊ ပြီးကာမှအဲဒီ့ ထိပ်နှစ်ဘက်ကို ပန်းပွင့်လို ကုတ်ယူရတယ်။

စလင်ဒါရဲ့ အလယ်က ဖောင်းကျန်ခဲ့ပြီး ထိပ်နှစ်ဘက်က ပန်းပွင့်လိုကားကားပွင့်ကြီးဖြစ်သွားတယ်။ ပြီးမှ အဲဒီပန်းပွင့်လိုပုံစံ တစ်ဖက်ကို နွားခြေထောက်နှစ်ချောင်းဖြစ်အောင် ဆွဲယူတယ်။ အပေါ်ဘက်ကိုတော့ နွားခေါင်းနဲ့ နွားချို၊ နွားနားရွက်လုပ်တယ်။ ပြီးရင် နွားလည်ပင်း အရည်ပြားပေါ်အောင် ပြားယူရတယ်။ အဲဒါဆိုရင် နွားဦးခေါင်းလေးပေါ်လာပြီ..၊ ပြီးရင် နွားဘို့လေးရအောင် အလယ်ပိုင်းက ရွံ့ကိုဆွဲယူရတယ်။ စလင်ဒါရဲ့ အနောက်ဘက်က ပန်းပွင့်ကြီးကိုလဲ နောက်ခြေထောက်နဲ့ အမြီးဖြစ်အောင် အရင်ပုံစံအတိုင်းပဲ ဆွဲယူရတာပေါ့။ ရွံ့နဲ့ အရုပ်လုပ်ရတာ အရမ်းကို ပျော်ဘို့ကောင်းတဲ့ ကစားနည်းတစ်ခုပါပဲ။ ပြောနေ့ရင်းနဲ့ ရွံ့သွားကုတ်ချင်လာပြီ (အရုပ်လုပ်ရန် ဝါသော စေးသော မြေစေးကို ရှာပြီး ယူခြင်းကို ကျွန်တော်တို့တွေက ရွံ့ကုတ်တယ်လို့ ခေါ်တယ်)။

လူကြီးတွေက အဲဒီလို လုပ်ပြတော့ ကျွန်တော်တို့တွေကလဲ နောက်ကနေ သူတို့လုပ်တဲ့ အတိုင်း လိုက်လုပ်ကြတာ၊ အနုပညာလက်ဆင့်ကမ်းခြင်းလို့ ခေါ်ရမယ်ထင်ပါတယ်။ ပြီးရင် လူကြီးတွေလုပ်တဲ့ နွားက အရမ်းလှတော့ ကျွန်တော်တို့ ကလေးတွေက သူ့ပေး ငါ့ပေးနဲ့ လုကြတာပေါ့။ ပြီးတော့ ကိုယ်လုပ်တဲ့ နွား ဘယ်လောက်လှတယ်ဆိုတာ အချင်းကြွားကြတာ ဆူညံနေတာပဲ။ အရုပ်လုပ်ပြီးသွားရင် ခြောက်သွားအောင်နေပူလှန်းရတယ်။ မခြောက်မချင်း အရိပ်တကြည့်ကြည့်နဲ့ပေါ့။

အဲဒီအဖြစ်အပျက်ကလေးတွေက ကျွန်တော့ရင်ထဲမှာ ဘယ်လိုမှမမေ့နိုင်စရာ ကလေးဘဝလေးပါ။ ဘယ်တော့မှလဲ ပြန်မရနိုင်တော့ပါဘူး။ နွားရုပ်ကို ခုပြန်လုပ်မယ်ဆိုရင်တောင် လုပ်နိုင်အုံးမယ်ထင်ပါတယ်။ အပြင်ကနွားလိုတော့ လက်ရာမဖြစ်နိုင်ပါဘူး။ ဘုရားဈေးတန်းက စက္ကူနဲ့ လုပ်တဲ့ နွားရုပ်လိုမျိုးပါ။ ကျွန်တော်တို့ လက်ဆင့်ကမ်းသင်ယူခဲ့တဲ့ သာမာန်နည်းလေးပါပဲ။ ကျွန်တော်ဆိုလိုချင်တာကတော့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အဲဒီလို လက်မှုအနုပညာတွေရဲ့ ကြားမှာ မွေးဖွားခဲ့ရပြီး အဲဒီလို အနုပညာမျိုးစေ့လေးတွေ ဖန်တီးမှုလေးတွေ နှလုံးသားထဲမှာ တချိန်ကကိန်းဝတ်ခဲ့ဘူးတယ်လို့ ဆိုချင်တာပါ။

ခေတ်ရှေစီးကြောင်းပြောင်းလဲမှုတွေနဲ့အတူ အခုတော့ အဲဒီဓလေ့လေးများ ကျွန်တော်တို့ ရွာမှာ ရှိလေအုံးမလား မပြောနိုင်တော့ပါဘူး။ (ကျွန်တော်က အဲဒီရွာလေးကထွက်ခဲ့တာ နှစ်ပေါင်းကြာပါပြီ)။ မြို့ပေါ်က ကလေးတွေဆိုရင် အိမ်မှာဆူလွန်းလို့ တချို့ဆိုရင် မုန့်ဖိုးပေးပြီးတော့ ဂိမ်းဆိုင်ကိုတောင် တမင်လွတ်ကြရသေးတယ်။ တချို့က အိမ်မှာတင် တီဗွီဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ဖုန်းဂိမ်း၊ မျိုးစုံအောင်ရှိနေတော့၊ ပုခက်တွင်းက ထွက်တယ်ဆိုတာနဲ့ လက်မလေးနဲ့ မြင်မြင်ရာနိပ်တတ်နေတဲ့ မျိုးဆက်ကို Thumb Generation လက်မ မျိုးဆက်ရယ်လို့ ခေါ်တွင်ကြတော့တာပေါ့။

ရွှေကြည့်ပို့စ်ထဲက ရွံ့စေးရုပ်များကြတော့ ကမာ္ဘကျော်နိုင်မဲ့ လက်ရာတွေပါ။ ဖန်တီးခြင်း ဆိုတဲ့ အနုပညာကို နှလုံးသားနဲ့ ခံစားတည်ဆောက်တတ်တဲ့ သူကို ကျွန်တော်တို့တွေ လေးစားကြရတာမဟုတ်လား။ အခု အဲဒီ ရွံ့စေး ပန်းပုပညာရှင်ကို ပုန်းလျှိုးကွယ်လျှိုးမနေစေလိုပါဘူး။ သူ့ပညာများကို နောင်လူတွေ အတုယူအားကြစေရန်နဲ့ အနုပညာချစ်သူ သူသူငါငါ ခံစားကြည့်ရှုခွင့်ရအောင် “ကိုပညာရယ်ပုန်းကာသာမနေပါနဲ့

မြင်သောသူ ကြည်ညိုငေးရအောင်

ထွက်ခဲ့တော့ကွယ်….” လို့သာ အခါအခါအော်လိုက်ချင်ပါတော့တယ်။….

11 comments

  • shwe kyi

    August 20, 2012 at 4:04 pm

    ကျေးဇူးပါ လေပြေရိုင်းရေ။ သူ့တူမကိုဒီပို့စ်ပြလိုက်မယ်။ ဝမ်းသာလွန်းလို့ထခုန်မလားပဲ။

  • မိုး မင်းသား

    August 20, 2012 at 7:06 pm

    လက်မှုသယ် ကိုပန်းပုရွံ့စေး

    သူ့လက်ရာမြင်သူငေးရလောက်

    ကမာ္ဘမှီ စာစီရေးရတော့မယ်……….

    လေပြေရေ……တကယ်ကောင်းတဲ ့စာသားလေးဗျာ……..

    ကြိုးစားထားနော်….fighting…….

  • ရဲစည်

    August 20, 2012 at 11:07 pm

    ကောင်းပါတယ် ဗျာ
    ကဗျာနောက် ခံစားမှီတည်ရင်း ကျေနပ်စွာ ဖတ်သွားပါတယ်
    ပန်းသီးတံဆိပ် ငါ့အပြားကို ကြိုက်သလို
    Yeeဲ Xie Brand My Cow ရွှံ့ရုပ်ကလေးကို အမြဲတမ်း လွမ်းနေပါကြောင်း
    တချို့တော့ မသိ ကျနော်တော့
    ခုထိ မာမာအေးနဲ့ ဘီယွန်းဆေးကို တူတူပဲ နှစ်သက်ပါကြောင်း
    အမ်မီနမ် မပေါ်ခင်ကတည်းက ကြာနီကန် နားထောက်ပီး ခပ်သွက်သွက် စာတွေ ရွတ်တတ်လာကြောင်း
    တခါတလေ ခလေးတွေ နည်းပညာ အကြောင်း ရေးကြီးခွင်ကျယ် ပြောရင် သီချင်းစာသား တကြောင်း ဖြစ်တဲ့ လင်းလိုက်စမ်းဘာ …ကြယ်ကလေးရယ် ဒန် တမ် ဒမ် တန့် ဒန်န့် တမ် ဒမ်း….. လို့ဘဲ ဆိုခြင်ကြောင်း ……

    • လေပြေ ရိုင်း

      August 22, 2012 at 9:10 am

      ကိုရဲစည်ရေ…
      iPad ဆိုတာမပေါ်ခင်တည်းက
      ကျွန်တော်တို့ငယ်ငယ်တည်းက အိုင်ပက်လာခဲ့တာပါ။ ဟဲ.. ဝါသနာဗျ…
      ပါဏာတိပါတာမို့ မလုပ်ချင်တော့ပေမဲ့
      ငယ်ငယ်တုန်းက အိုင်ပက်ရတာ iPad ဆော့ရတာထက် ပျော်ခဲ့ဘူးပါတယ်။
      ကြာနီကန်ဆိုမှ
      ရွာက ဦလေးကြီးတယောက်ကို သွားသတိရတယ်…
      သူက လူပျက်တွေပြောသလို အမြဲပြောနေကြ…
      ” မနက်ကြာနီကန်၊ ည အာမီဝရန် ”
      ပြောလဲပြော အဲဒီအတိုင်းလဲ လုပ်သဗျို့
      မနက်ဆို ကြာနီကန် အကျယ်ကြီးဖွင့်ပြီ…
      ညဆိုရင်တော့ သိတဲ့အတိုင်း
      ဗိုလ်အောင်ဒင်ပြဇာတ်နဲ့ အာမီဝရမ်လားဘာလား ပစ်စလက်ခတ် သောက်တာ…
      ရွာထဲမှာ သူကစပြီး ကက်ဆက် ဆိုတာကြီးကို ဝယ်နိုင်တာကိုး…
      “ကိုသိန်းတန်… ကိုသိန်းတန်…. စိုးသင်္ဘောပေါ်တက်ခဲ့မယ်…”
      ပြန်လည် အမှတ်တရ နားထောင်ချင်ပါတယ်ဗျာ…

  • မောင်ပေ

    August 20, 2012 at 11:36 pm

    စိတ်တော့မရှိပါနဲ့
    ပုံ၂ပုံ ပြထားတာ
    မြန်မာနိုင်ငံက မဟုတ်ဘူးလို့ ထင်တယ်
    ကိုလေပြေရိုင်းရဲ့ အတွေ့အကြုံတွေကို ဖတ်ရလို့ အားရပါအိ

    • လေပြေ ရိုင်း

      August 22, 2012 at 8:57 am

      ကိုမောင်ပေ ပြောတာ ဟုတ်ပါတယ်ခင်ဗျာ
      အဲဒီဓါတ်ပုံ ၂ ပုံက မနစ်က ဘန်ကောက်မှာ ပြတဲ့
      BOI Fair 2011 မှာ ရိုက်လာခဲ့တာပါ။
      ကိုယ့်ဆီမှာ မမြင်ဘူးတာကြာပေမဲ့ အဲဒီရောက်မှ
      တခူး တက ကြည့်ခဲ့ရတာ။
      သူတို့ဆီက စပါးလှေ့စက်၊ နွားလှည်း၊ ကြိတ်ဆုံ၊ မောင်းဆုံ၊ ထွန်တုံး
      စတဲ့ ရှေးခေတ် လယ်ယာသုံး ပစ္စည်းတွေကို အမြတ်တနိုး ပြထားတာ။
      တဖက်မှာတော့ ပျိုးဘန်းကိုတင်ပြီး စိုက်လို့ရတဲ့ အဆင့်မြင့် စက်တွေအထိပြထားတယ်။
      ကျွန်တော် ပုံအညွန်းကိုရေးပါသေးတယ်၊ ဘာလို့မပေါ်ပဲ ပုံ ၂ ပုံထပ်သွားလဲမသိဘူး။
      အခုလိုပြောတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။

  • padonmar

    August 21, 2012 at 12:19 am

    လေပြေရိုင်း
    အတွေ့အကြုံလေးတွေ မှတ်သားစရာပါပဲ။
    အဲဒီလို လူတိုင်းလက်မှုပညာ တတ်တဲ့ ခေတ်များကုန်သွားပြီလားလို့ထင်မိပါတယ်။
    ကျမလည်း ရွှံ့ရုပ်လုပ်တမ်းဆော့ခဲ့ရတာ လွမ်းမိပါတယ်။

  • kyeemite

    August 21, 2012 at 10:05 am

    တော်တော်ကောင်းတဲ့ ပို့စ်လေးပါကိုလေပြေရိုင်းရေ…
    ငယ်စဉ်ကလေးဘဝက ကျနော်လည်းနယ်တွေမှာနေထိုင်ကြီးပြင်း
    ခဲ့တော့ ရွှံ့ရုပ်လုပ်တမ်းဆော့ခဲ့ရတာ ပြန်အမှတ်ရမိပါရဲ့..
    အဖိုးသိပ်မတန်လှပေမဲ့ လုပ်ပီးသားအရုပ်ကလေးတွေမကျိုး
    မပျက်ရအောင် သိမ်းရတာအမောပဲ…ခုခေတ်ကလေးတွေကို
    လည်း ဆော့စေချင်မိပါတယ်..
    ကဗျာလေးလည်းကြိုက်တယ်ဗျို့…
    ဒုတိယမြောက်လက်မလေးထောင်ခဲ့ပါတဂျောင်းးးးးး

  • လေပြေ ရိုင်း

    August 22, 2012 at 9:18 am

    မရွှေကြည်၊ ကိုအလင်းဆက်
    မိုးထက်က ကိုရွှေမင်းသား
    ကိုရဲစည်၊ ကိုမောင်ပေနှစ်ယောက်နဲ့
    မပဒုံမာ၊ ကိုကြီးမိုက်တို့
    ကျမ်းမာစေသား။……

  • kotun winlatt

    August 22, 2012 at 9:30 am

    ငယ်ငယ်က ရွံတွေခူး နွားရုပ်လေးတွေ ဆင်ရုပ်လေးတွေလုပ် လောက်စာလုံးလုံးးးနေလှန်းပီး ဆော့ကစားခဲ့ရတာတွေကို သတိရသွားစေတယ်ဗျာ..

Leave a Reply