မောင်မိုးပြာ၏ ဆရာ ဘာ့ကြောင့် ပြာ (၁၀)

ရိုးရာဗုဒ္ဓဘာသာ ဆည်းကပ်မှုဆိုင်ရာ၊ ရွတ်ဆိုရတဲ့ စကားတွေနဲ့ စပ်ပြီး ရွတ်ဆိုတတ် နေပေမယ့် အဓိပ္ပာယ်အနေနဲ့ သိလှတယ်လို့ မဟုတ်သလိုဖြစ်နေတာမျိုး က ကျော်လွန် လွတ်မြောက်ချင်ပါတယ်။ ဒီအကြောင်း ဆွေးနွေးတင်ပြပေးဖို့ တောင်းဆို တယ်။ ဒါကြောင့် ဒီစာကို ဒီနေ့အစပြုပြီး ရေးလိုက်တာပဲ။

“ သိလိုတာ မေးဖို့ပါပဲ ”

“ ဩကာသ ဆိုပြီး ဘုရားကန်တော့တာကစပြီး မေးရမှာပဲ။ နမောတဿဆိုတာ တို့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ ဆိုတာတွေလည်း သိစရာတွေအဖြစ် သိချင်ပါတယ်”

“ဟုတ်တယ်၊ ဒါတွေက သိချင်ရမှာတွေပဲပေါ့။ ကိုယ်က ဗုဒ္ဓဘာသာ မိဘဝန်း ကျင်ထဲက ပေါက်ဖွားလာသူဖြစ်လို့ ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်ပြီး ဒီဘုရားရှစ်ခိုး စာ တွေက၊ ကိုယ့် ပါးစပ်ထဲရောက်နေတာ။ အဲဒီစာ တွေရဲ့ အနက်အဓိပ္ပာယ်ကို တကယ် သိသူဆီက စနစ် တကျ သင်ယူဖူးတာလည်း မဟုတ်တော့ တကယ်သိတာမဟုတ်ဘူး ဖြစ်နေတာပေါ့ ”

“ဟုတ်တာပေါ့။ အသက်အရွယ် နှစ်ဆယ်လောက်ဝန်းကျင်အထိ၊ ကျောင်းစာ တွေနဲ့ နပန်းလုံးနေကြရမှာပဲ”

“ကျောင်းပြီးတော့လည်း အလုပ်ခွင်ဝင်၊ နောက်ပြီးတော့ အိမ်ထောင်ပြု၊ သားတစ် ယောက်ရဲ့ဖခင်ဖြစ်၊ အိမ်ထောင်လုပ်ကျွေးနေတုန်း ထောင်ထဲရောက်လာတာပဲ ”

“စာပေ ဖတ်မှတ်တော့ အတော်လုပ်တာပဲ ”

“စာတွှေထဲက ဘာသာရေးစာတွေ ဖတ်မိတော့လည်း တင်းတိမ်သွားတဲ့ အထိ အဲဒီစာတွေက မရဘူး ”

“နှစ်ပေါင်းများစွာ သင်ယူခဲ့တာတွေက အကြောင်းနဲ့ အကျိုး အတိအကျသိရတဲ့ သိပ္ပံ တွေဖြစ်နေတော့ အကြောင်းမြုတ်၊ အကျိုးမြုတ် ဘာသာရေးစာတွေ ဖတ်ရတဲ့အခါ အသိရှင်းတာ မရတာပေါ့ ”

“ဘာသာရေးက ဘယ်လို အကြောင်းမြုတ်၊ အကျိုးမြုတ်ဖြစ်တာလဲ”

“ ဒီမှာ ဖြစ်သမျှတွေရဲ့ အကြောင်းတွေက မမွေးမှီမှာရှိပြီး၊ ဒီက လုပ်သမျှတွေဖြစ် မှာက သေပြီးနောင်မှာ မဟုတ်လား။ အဲဒီတွေဆီ သိနိုင်တာမဟုတ်တာ မြုတ်တာပေါ့ ”

“ ဟုတ်မှာပဲ။ မသိတဲ့ အကြောင်းအရာပါလာရင် သိနိုင်တဲ့ အကြောင်းအရာတွေ ကို ဦးနှောက်က ဖတ်အားပျက်သွားတာ ဖြစ်နိုင်တာပဲ ”

“ ဦးနှောက်ရှုပ်သွားတော့ ငြီးသွားတာပဲ ”

“ အဲဒါတွေ အသိနဲ့ စပ်ပြီး၊ လေးနေတာတော့ အမှန်ပဲ ”

“ ဒါပေမယ့် အတော်လေ့လာထားတာတွေ တွေ့ရတယ်။ အကြောင်းအရာတွေ တော် တော်များများ သိနေတာ တွေ့ရလို့ပဲ ”

“ အဲဒါတွေက အစိပ်အပိုင်းတွေပဲ၊ လုံးမိတဲ့အဖြစ် ရောက်အောင် မလုပ်နိုင်ဘူး ”

“ ကိုယ်က ဘာသာဝင်ပဲ၊ ဒီလောက်ပဲ ဖြစ်ရမှာပေါ့၊ ဘာသာခေါင်းဆောင်ရတဲ့ သူတွေ တောင် အဲဒါက ဖြစ်နိုင်ကြတာမဟုတ်တာပဲ ”

“ အဲဒီလိုတော့ မဖြစ်သင့်ဘူးထင်တာပဲ ”

“ ဘာဖြစ်လို့လည်း ”

“ ကိုယ်ကဖခင် အရွယ်ရောက်သူဖြစ်နေပြီ ”

“ အသက်ကြီးပြီလို့ ဆိုလိုတာလား ”

“အဲဒီလိုထက် ကိုယ်မွေးထားတဲ့သူကို လမ်းညွှန်မှုပေးရတဲ့သူ ဖြစ်ပြီးမဟုတ်လား”

“ ဦးဆောင်နေရာရောက်နေသူက နောက်လိုက်အသိပဲရှိနေတော့ အားမရစရာ ဖြစ် နေတယ်ဆိုတာ အတော်သင့်မြတ်ပါတယ်”

“ ကိုယ်က ဝိုးတိုးဝါးတားဖြစ်ပေမယ့် ကိုယ့်ခလေးကိုတော့ အဲဒီလို ဝိုးတိုးဝါးတား အမွေကို မပေးခဲ့ချင်ဘူး ”

“ ဒါ မွန်မြတ်တဲ့ မိဘစေတနာနဲ့ ရည်ရွယ်ချက်ပဲ ”

“ ဒီရည်ရွယ်ချက်ကို ရည်ရွယ်တဲ့အတိုင်း ဖြည့်နိုင်အောင် ဘာတွေသိရမလဲ အဲဒါ လမ်းညွှန်ပါ ”

“ လူကောင်းတွေပဲ၊ လူကောင်းတွေဟာ အပြောအဆိုမှာလည်း ပြောစရမရှိဘူး၊ အပြုအမူနဲ့ အနေအထိုင်တွေမှာလည်း ပြောစရာမရှိဘူး ”

“ ပြောစရာမရှိဘူးဆိုတာ ဘယ်လိုဖြစ်လို့လဲ ”

“ အပိုတွေ အလိုတွေ ပြောဆိုပြုမူနေထိုင်တာမရှိလို့ ဘာပိုနေတယ်- လျှော့၊ ဘာလိုနေတယ်-ဖြည့် လို့ ပြင်ဆင်ပြောပေးစရာ မရှိလို့ပဲ ”

“ ဒီလိုသိရတာ ဝမ်းသာပါတယ် ”

“ အသိက ဘယ်လိုချွတ်ယွင်းနေတာလဲ ”

“ ကိုယ်သိတာနဲ့ ကိုယ်မသိတာ မကွဲဘူးဖြစ်နေတာပဲ ”

“ အဲဒါ ရှင်းပါအုံး ”

“ကိုယ်သိတာတွေက ကိုယ်မသိမှန်း မသိတဲ့၊ မသိတာတွေ ဖြစ်နေတယ် ”

“ သိတာတွေဟာ မသိတာတွေဖြစ်နေတယ်၊ အဲဒီလို ဖြစ်မှန်းမသိတာလည်း ဖြစ်တယ်၊ ဒီလို ဆိုလိုတာလား ”

“ ဟုတ်တယ် ”

“ သိတာကို မသိမှန်း မသိတာက၊ သိတယ်ဆိုတာကို တကယ်သိတာလား မသိတာလား ဝေဖန်မကြည့်လို့များလား ”

“ ဒါပေါ့ ”

“ ဟုတ်တယ်၊ သိတာကိုတော့ ဝေဖန်မကြည့်တာလည်း အသေချာပဲ မဝေဖန် တာတင် မကဘူး ဘယ်လိုဝေဖန်ကြည့်ရမယ်လို့တောင် မသိဘူးပဲ ”

“ ဟုတ်မှာပဲ ”

“ ဝေဖန်ပုံအစလေး ပြောပါအုံး ”

“ သိတယ်ဆိုတာ ဘယ်လိုဖြစ်တာလဲ လို့ပေါ့ ”

“ အဲဒီလိုတော့ မလုပ်ဖြစ်ဘူး၊ သိတာကို ဒီလိုမေးရလောက်အောင် ပြဿနာ မရှိဘူး လို့ ယုံထားတာပ ဲ”

“ ဗုဒ္ဓဘုရားက အမှန်လို့ မမှတ်ယူရမယ့် အချက်ကို ပေးတာတစ်ခုမှာ ယုံတာ ပါတယ် ”

“ ဘယ်လိုလဲ ”

“ ယုံတာနဲ့တော့ မှန်ပြီလို့ မမှတ်ရဘူးလို့ပဲ ”

“ အဲဒီလို မမှတ်ရပေမဲ့ ကျန်တာတွေလည်း ပြောပါအုံး ”

“ ကြိုက်တာ၊ ကြံဆလို့ရတာ၊ ကြားဘူးတာ၊ ဈာန်မြင်၊ ကိုယ်တိုင်တွေ့တာ အဲဒါတွေလည်း အမှန်လို့ မမှတ်ဖို့ပေါ့ ”

“ အဲဒါတွေကလည်း အမှန်လို့ မှတ်နေကြတာတွေချည်းပဲ ”

“ အဲဒါတွေကို ကိုယ်က ကိုယ့်ဟာအဖြစ် ကိုယ့်အဖြစ်နဲ့ ကိုယ့်အသိအဖြစ် ထင်မှတ်လို့  ဒီလိုဖြစ်တာပဲ ”

“ အဲဒီတော့ အဲဒီလို မထင်မှတ်အောင် ဘာလုပ်ရမလဲ ”

“ တစ်လုံးထဲပြောရင်” ဝေဖန်ရမှာပဲ ” လို့ပေါ့ ”

“ ဘာကိုဝေဖန်ရမှာလဲ ”

“ ကိုယ့်အသိအဖြစ် အထင်မှတ်ခံရတာတွေကို တကယ်သိတာ ဟုတ် မဟုတ် ဝေဖန်ရမှာပေါ့ ”

“ အဲဒါကို ဘယ်လိုဝေဖန်မှာလဲ ”

“ သိတယ်ဆိုတာကို မေးခွန်းထုထ်ရမှာပဲ ”

“ မေးခွန်းထုတ်ရကောင်းမှန်း မသိတာလည်း မကဘူး၊ အဲဒီမေးခွန်းကို ဘယ်လို ဖြေရာကောင်းမှန်း မသိတာပဲ ”

“ သိတယ်ဆိုတဲ့ အသိခံရတဲ့ အရာရဲ့ မှတ်သားထားတဲ့ စာရင်းစာအုပ်ထဲက စာ ရင်းလို စာရင်းမျိုးပ ဲ”

“ အသိဆိို လူ့အပြင်ဘက်က အရှိရဲ့ အမှတ်အသားပေါ့ ”

“ ဟုတ်တယ် ”

“ အဲဒီတော့ ဘာဖြစ်သလဲ ”

“ အသိမှန် မမှန်ဆိုတာ စာရင်းမှန် မမှန် စာရင်းစစ်ကြည့်သလို စစ်ကြည့်ရမှာပဲ ”

“ စာရင်းစစ်တာကတော့ စာရင်းထဲကပစ္စည်းနဲ့ အပြင်ဘက်ကပစ္စည်း ညီ မညီ လုပ်တာပဲ။ အဲဒီလိုပဲ လုပ်ရမှာလား ”

“ အတူတူပဲပေါ့ ”

“ အသိမှာသာရှိနေပြီး အပြင်မှာ မရှိဘူးဆိုရင် အဲဒီအသိဟာ မမှန်တဲ့ အသိလား

ဟုတ်တယ် ”

“ အဲဒီလိုစစ်ကြည့်လို့ မမှန်တဲ့ အသိလို့ တွေ့ရလျှင် အဲဒီအသိကို ဖျက်ပြစ်ရ မှာလား ”

“ ဖျက်နေဖို့ အလိုပါဘူး သူ့ဟာသူပျက်သွားမှာပဲ ”

“ အဲဒီ မမှန်တဲ့ အသိတွေက ဘယ်လိုကြောင့် သိနေခံကြတာလဲ ”

“ အဲဒါကတော့ အကြောင်းကြောင်းတွေကြောင့်ပဲ ”

“ ပဓာနကျတဲ့ အကြောင်းတစ်ခုလောက် ပြောပေးပါ ”

“ စကားလုံးတွေပဲ ”

“ စကားလုံးတိုင်းပဲလား ”

“ အထပ်ထပ် မပြတ်ရွတ်နေရတဲ့ စကားလုံးပဲပေါ့ ”

“ အဲဒါတွေက ဘယ်လိုဖြစ်လို့လဲ ”

“ အဲဒါတွေက ကိုယ့်ဦးနှောက်က မဖတ်တဲ့ စကားလုံးတွေပဲ၊ မဖတ်တတ်ပေမယ့် အထပ်ထပ် မပြတ်ရွတ်နေတော့ မဖတ်တတ်မှန်း မသိပဲ ဖတ်တတ်သလိုဖြစ်သွားတာပဲ”

“ကလေးတွေကို အရှိမသိနိုင်တဲ့ အသိတွေ မပေးသင့်တာ ထင်ရှားတာပဲ ”

“ အဲဒါ ထင်ရှားရင် ကိုယ့်ဆီမှာ အရှိမဟုတ်တဲ့ အသိဝင်နေတာတွေကို ဝေဖန် ကြည့်တာ ဦးစားပေးလုပ်ရမှာပဲ ”

“ အဲဒီတွေ ဝေဖန်နိုင်အောင် ကူပေးပဲ ”

“ ဟုတ်ပါ့ ”

“ တပည့်တော်က ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှိခိုးတာ ဘုရားစာ ရသလောက် ရွတ် တာတွေကို ဝတ်တက်တယ်ဆိုပြီး အမြဲမပြတ်ရွတ်တာတွေ ရှိပါတယ် ”

“ ဟုတ်ပြီပေါ့ ”

“ အဲဒါတွေက အသိခံမရှိပဲ သိနေတာတွေဆိုရင် အဲဒီလိုမဖြစ်အောင် အသိခံ ညွှန်ပြပေးဖို့ပါပဲ ”

“ ခုပြောခဲ့တဲ့ စကားထဲက ‘တပည့်တော် ’ဆိုတဲ့ စကားကိုပဲ စပြောမယ် ”

“ အဲဒါ ဘာပြောစရာရှိလို့လဲ ”

“ အဲဒီစကားက ဘုန်းကြီးနဲ့ ပြောတဲ့အခါ (third person) အမှယောဂ စကားလုံးပဲ၊ အဓိပ္ပာယ်က အဲဒီပြောနေတဲ့ဘုန်းကြီးဆီ တပည့်ခံတဲ့အနေနဲ့ တပည့်တော်လို့ သုံးတယ် ထင်တတ်ကြတယ်၊ အဲဒီလို မဟုတ်ဘူး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်လို့ ဘုရားရှင်ရဲ့ တပည့်ဖြစ်သူပါလို့ ကိုယ့်ကိုယ်ကို သုံးနှုန်းပြသွားတဲ့ စကားပဲ၊ ဒါကြောင့် ‘တပည့်တော်’ လို့ အတိုချုပ် မသုံးသင့်ဘူး၊ ‘ဘုရားတပည့်တော်လို့’ အပြည့်သုံးသင့်တယ်”

“ ဘုရားတပည့်တော်ရဲ့ အနက် အစဆုံးသင်ခွင့်ရတာအတွက် ဝမ်းသာ၊ အသိ အမှတ် ပြုပါတယ် ”

“ အဲဒါမှာ နည်းနည်း ဆက်ပြောစရာရှိသေးတယ် ”

“ ပြောပါ ”

“ ‘တပည့်’ ဆိုတာပဲ၊ ဆရာရဲ့နောက်လိုက်လို့တော့ အနက်သိမှာပဲ၊ စကားလုံးက တပည့်ပဲ။ အဲဒီမှာ ‘ပည့် ’က ပါဠိ ဥပသမ္ပန္န ရဲ့ အနက်၊ အပြည့် စည်းကပ်သူပဲ။ သမ္ပန္န ဆိုတာ ပြည့်တာပဲ။ ‘ တ ’ ကတော့ တစ်ဦးကို ဆိုတာပဲ။ ဗုဒ္ဓဘုရားကို အပြည့်စည်းကပ် သူ တစ်ဦးပေါ့။”

“ ဒီလို ရှားရှား ကြားရတာလည်း ဝမ်းသာပါတယ် ”

“ ဘာသာရေးသုံးစကားတွေက မြုတ်လွန်းလို့ ဖေါ်ခွင့်ရတာကလေး၊ အကြောင်း သင့်တုန်း အသိပေးတာပဲ ”

“ ဟုတ်ပါတယ် ”

“ အမြဲမပြတ် ရွတ်ဖတ်တာထဲမှာ ဘုရားကန်တော့တယ်ဆိုတာတော့ လက်ဦးဆုံး ရွတ်ဖတ်မှာပဲ ထင်တယ် ”

“ ဩကာသကတော့ လက်ဦးပေါ့ ဘုရား ”

“ အဲဒီ ဩကာသကန်တော့ချိုးဟာ အတော်ကောင်းတဲ့ ဟာပဲ။ အဲဒါ ဘယ်သူ လုပ်ခဲ့ တာနဲ့ ဘယ်ခေတ်က လုပ်ခဲ့တာလို့ကို မပေါ်ဘူးဖြစ်နေတယ် ”

“ ဘာဖြစ်လို့လဲ ”

“ ဒီ ကန်တော့ချိုးဟာ ပါဠိကို မြန်မာပြန်ထားတာ မဟုတ်ဘူး။ ဒီစကားရဲ့ ပါဠိဟာ ဘယ်ကျမ်းစာမှာမှ မလာဘူး ”

“ ဒါက ဗမာပညာရှင်ရေးလို့လားမှ မသိတာပဲ ”

“ အဲဒီလို ထင်ချင်တယ် ”

“ ပုဂံခေတ်အတွင်း အဲဒီဟာ ရှိပြီလား ”

“ အဲဒါလည်း မပြောတတ်ဘူး။ ဗမာစကားတော့ အတော်ပီတယ်။ အင်းဝ စကား မျိုးပဲ ”

“ ပုဂံအမတ်ကြီး သေခါနီးရေးတဲ့ ‘ သူတည်းတစ်ယောက် ’ ကဗျာလည်း ပီတာပဲ မဟုတ်လား ”

“ အဲဒီလို ပီတာကြောင့်ပဲ အဲဒါ ပုဂံကဗျာမဟုတ်ဘူး အပြောခံရတာပဲ ”

“ အင်းဝ စကားဆိုရင် ရေးသူမမြုတ်လောက်ပါဘူး ”

“ နှုတ်ဆောင်ဆိုတော့ အဆင့်ဆင့် ပြောင်းဆောင်လာတာလည်း ဖြစ်နိုင်တယ်၊ ကျောက်စာကသာ ရပ်နေတော့ ပုဂံလေသံ ဖြစ်နေတာများလားပေါ့ ”

“ မွန်ပညာရှိတွေများ ရေးခဲ့တာလား ”

“ အဲဒါလည်း သိပ်မစောကြောနိုင်ဘူး၊ ပုဂံက မွန်တွေဆီ ဒီဟာရောက်တာလား၊ မွန် တွေဆီက ဗမာဆီ ရောက်တာလားမသိဘူး ”

“ ဒီကန်တော့ချိုးဟာ ဗမာပြည်ဖြစ်လို့ ထင်နေလို့လား ”

“ ဟုတ်တယ် ”

“ အဲဒီလို ဘာကြောင့် ဒီလောက် စိတ်ဝင်စားနေတာလဲ ”

“ ဒီအချိုးဟာ အတိုင်းမသိ ကောင်းလွန်းနေတာ တွေ့ရလို့ပဲ ”

“ ပုဂံစာက ကောင်းတာလား၊ အကြောင်းအရာ အနက်ကကောင်းတာလား ”

“ နှစ်ခုလုံး အတိုင်းမဲ့ ကောင်းတာ ”

“ ဗုဒ္ဓဘာသာဝင်လုပ်တာဟာ ဘာဖြစ်ဖို့လို့ ထင်သလဲ ”

“ ပြောပါအုံး ”

“ အရိယာ ဖြစ်ဖို့ပဲ ”

“ ငရဲတွေ၊ ငအုံ တွေက လွတ်ဖို့ မဟုတ်ဘူးလား ”

“ အရိယာဖြစ်ဖို့ တစ်ခုထဲပဲ ”

“ ဗုဒ္ဓဘာသာလုပ်နေပြီး အရိယာမဖြစ်ရင် ဘယ်လိုလုပ်မလဲ ”

“ ဗုဒ္ဓဘာသာ အဖြစ်မတော်သူ ဖြစ်တာပဲ ”

“ ဗုဒ္ဓဘုရားလက်ထက်က ဗုဒ္ဓဘာသာဝင်တွေလို့ပြောရတဲ့ ဘုန်းကြီးရဟန်း မဟုတ် သူတွေ အရိယာဖြစ်ကြရဲ့လား ”

“ ဖြစ်ကြတာပေါ့ ”

“ ဘာကို ထောက်ထားပြီး ဒီလိုပြောနိုင်တာလဲ ”

“ ဘုရားဆည်းကပ်သူဟာ ဘုရားမသိပဲ ဘယ်ဆည်းကပ်မလဲ။ ဘုရားသိတယ်ဆို တာ အရိယာမှ သိနိုင်တာပဲ ”

“ အကြောင်းကြောင်းကြောင့် ဆည်းကပ်ဟန်ဆောင်သူတွေ မရှိနိုင်ဘူးလား ”

“ ရှိနိုင်တာပေါ့။ ဒါတွေက တကယ်ဆည်းကပ်သူ မဟုတ်တာတွေပဲ၊ သူတို့တော့ အရိယာ ဘယ်ဖြစ်မလဲ ”

“ ဘုရားဆည်းကပ်သူဟာ အရိယာဖြစ်ဖို့ပဲ ဆိုတာကို သိပ်ကြီးကိုပဲ သဘောကျ လို့ လင်းပါး ကြည့်တာပါ ”

“ ဟုတ်တာပေါ့။ ဒီလိုပဲ ကြည့်ရမှာပဲ ”

“ ဗုဒ္ဓဘာသာဝင်တွေအတွက် ဒီကန်တော့ချိုးက အရိယာဖြစ်အောင် လုပ်ပေးနိုင်လို့ လား ”

“ ဟုတ်တယ် ”

“ အရိယာအသိက ဘာဖြစ်လို့လဲ ”

“ ကံ..ကို သိတဲ့ အသိပဲ ”

“ ကံကို ဘယ်လိုဖြစ်စေတယ် သိလို့လဲ ”

“ ဒုက္ခ ဖြစ်စေတယ်လို့ပေါ့ ”

“ အရိယာက ကံ သိတော့ ဘာလုပ်လို့လဲ ”

“ ကံ ဖြစ်ကြောင်း ပယ်တာ လုပ်တာပေါ့ ”

“ ကံဖြစ်ကြောင်းပယ်တော့ အရိယာက ဘာဖြစ်မှာမို့လဲ ”

“ ကံ ငြိမ်းရာ ရောက်မှာပေါ့ ”

“ အရိယာရဲ့ အသိဟာ ကံ ငြိမ်းကြောင်းလား ”

“ ဟုတ်တယ် ”

“ ဒီကန်တော့ချိုးထဲမှာ အဲဒါတွေအားလုံး ပါဝင်တာပဲ ”

“ ဒါကြောင့် ဒီကန်တော့ချိုးဟာ အတိုင်းမသိ တန်ဖိုးရှိ သိုက်စာလို့ ပြောခဲ့တာပဲ ”

“ ဒီစာဟာ ဗုဒ္ဓဘာသာ ( မြန်မာ) မှန်သမျှလက်ထဲ ရောက်နေတဲ့ စာပဲ ”

“ ဟုတ်တယ် ”

“ မြန်မာတွေဆီမှာ အဲဒီစာရဲ့ တန်ဖိုးမှန် ရနေတာလည်း မတွေ့ရပါလား ”

“ ဒီကန်တော့ချိုးကို နေ့စဉ်ရွတ်ဆိုနေကြသူတိုင်းလည်း အဲဒီ ကန်တော့ချိုးထဲက အကြောင်းအရာတွေကို မသိကြပဲ ရွတ်ဆိုနေကြလို့ပဲ ”