အယူ…..ယူ, မယူ

koyoAugust 21, 20121min914

ကိုယ့်ဝါဒမှ ကိုယ့်ဝါဒ ဆိုပြီး လူတွေကို စိုးမိုးချယ်လှယ်ချင်တဲ့ ဝါဒရှင် တွေကြား မှာ ထူးထူးခြားခြား ဗုဒ္ဓကတော့ “ ငါ ဘာအယူမှ မယူဘူးတဲ့”။ ဒါ့ ကြောင့်လည်း ဒီစကားကြားရတဲ့သူတွေက ဗုဒ္ဓကို ဘာသာမဲ့လို့ စွပ်စွဲကြဆိုပဲ ကျွန်တော်တို့တစ်တွေ ဆိုလျှင်ကော ဘယ်လို ပြောမိကြမလဲ။ “ဗုဒ္ဓပယ်ချ အ ယူဝါဒ” မှာ ဘုရားသုံးဆူရဲ့ အယူ အမြင်တွေကို ဖော်ပြခဲ့ပြီးပါပြီ။ ကျန်နေသေးတဲ့ ဘုရားသုံးဆူရဲ့ အယူဝါဒတွေကို ဆက်လက်ပြီး ကျွန်တော်သိသမျှ မျှဝေလိုက်ပါတယ်။

ပကုဓကစ္စာယနရဲ့ အယူက ခုနှစ်မျိုးသော ဤကာယတို့ကို မည်သူမျှ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် မပြုအပ်၊ မပြုနှိုင်ကုန်။ ကာယခုနှစ်းပါးတို့ဟူသည် ပထဝီကာယ (ပထဝီဓာတ်ပေါင်း),အာပေါကာယ(အာပေါဓာတ်ပေါင်း),တေဇောကာယ,ဝါယောကာယ, သုခ,ဒုက္ခ,ဇီဝ(အသက်)တို့တည်း။ ဤခုနှစ်ပါး သည် သူ့သဘောအတိုင်း အမြဲတည် ရှိသောကြောင့် ဘယ်သူမှ ပြုပြင်ဖန် ဆင်းနေဖို့မလို၊ သူတို့ကလည်း အခြားသောအရာ ကို ဖြစ်အောင် မပြုပြင်နှိုင် မဖန်ဆင်းနှိုင်။

အကြင်သူသည် ထက်လှစွာသော သံလျှက်ဖြင့် တစ်စုံတစ်ယောက်၏ ဦးခေါင်း ကို ဖြတ်အံ့၊ ထိုတစ်စုံတစ်ယောက်သည် မည်သူ့ကိုမျှ မသတ်နှုိုင် ကာယခုနှစ်ပါးတို့၏ အကြားဖြင့် သံလျှက်ဓားသည် ခုနှစ်ပါးသော အပေါင်း ထဲသို့ ကျသွားခြင်းသာဖြစ်သည်။ ထို့သို့ကျသွားသည့်အခါ”သတ်တယ်” ပါ ဏာတိပါတလို့ အများကထင်မှတ်ခြင်းသာ ဖြစ်သည်။ စင်စစ်အားဖြင့် ပထဝီ ကာယ စသည် မည်သူမျှ ပျက်စီးအောင် မဖျက်ဆီး နှိုင်၊ မသတ်ဖြတ်နှိုု်င်။

ဤသို့သော ပကုဓကစ္စာယန၏ အသိအမြင် အတွေးအခေါ်ပေါက်နေသူ၊ ထိုလမ်းဆီသို့ ဦးညွှတ်နေသူများ မိမိတို့ဝန်းကျင်မှာ ရှိ,မရှိ။ ဘုရားသခင်၏ အလို အတိုင်းလို့ ယူသူက ယူတယ်။ ရှေးကံ၏ အတိုင်းလို့ ယူသူကယူ တယ်။ ဤသို့သော အယူအမြင်များမှ လွတ်မြေက်ရန် ဓာကမ္မဋ္ဌာန်းပေါက်အောင် သင်ကြားကျင့်ကြံနေသူ များ။ ပထဝီစားတာ ငါ စားတာမဟုတ်၊ ဓာတ် သွားတာ ယောက်ျား သွားတာ မဟုတ်၊ ဓာတစ်ခုက ဓာတ်တစ်ခုကိုသတ်တာ မိန်းမ သတ်တာမဟုတ်။ ဓာတ်တရားတို့၏ မရပ် မနားဖြစ်ပျက်နေတာကိုသာ မြင်အောင်ကြည့်ဖို့လိုသည်။ မည်သူကမျှ မည်သူ့ကို ပျက် စီးအောင် ဖျက်ဆီး တာမဟုတ်။ ဓာတ်ကမ္မဋ္ဌာန်းမပေါက်သေး၍သာ အမြင်မှားနေခြင်း ဖြစ်လေ၏ ဓာတ်ကမ္မဋ္ဌာန်းပေါက်အောင် ကြိုးစားတော်မူကြပါကုန်။

နိဂဏ္ဍနာဋပုတ္တ၏ အယူအကျင့်များနှင့် ယနေ့ ကျင့်ကြံတွေးခေါ်သူတို့ ဘယ်အ တိုင်းအတာထိ ခြားနားမှုရှိပါသလဲ။ ဤလောက၌ နိဂဏ္ဍသည် စောင့်စည်း ကြောင်း အကျင့်လေးမျိုး လေးစုဖြင့် စောင့်စည်းအပ်သော ကိုယ်၊နှုတ်၊စိတ်ရှိ၏။ ကိုယ်၊ နှုတ်၊ စိတ်တို့ကို လေးမျိုးလေးစုသော အကျင့်ဖြင့် စောင့်စည်းသည်။

ဤနေရာတွင် အထူးအသိပေးလိုသည်မှာ ပကုဓကစ္စာယနနှင့် နိဂဏ္ဍ၏ အယူ အဆများကို အရှင်ဇနကာဘိဝံသ၏ သာမညဖလသုတ် မြန်မာပြန်မှတစ်ဆင့် ဖော်ပြ ခြင်းဖြစ်ပါသည်။ ဆရာတော်၏ မှတ်ချက်ကိုလည်း ဖော်ပြပေးလိုက်ပါသည်။

ဤဝါဒ၌ ရေအေးကို မသုံးကောင်းဟု အယူရှိခြင်းသာ ဗုဒ္ဓတရားတော်နှင့် တိုက် ရိုက်ဆန့်ကျင်သည်။ မကောင်းမှုတို့ကို ပယ် ရှားတားမြစ်ခြင်းကား ဗုဒ္ဓတရားတော်နှင့် သဘောတူပင်ဖြစ်၏။ ထို့ကြောင့်လည်း နိဂဏ္ဍနာဋပုတ္တဆရာကြီး၏ဝါဒကို ပညာရှိ အခေါ်ခံသူ လူကြီးလူကောင်း တစ်ချို့ပင် လက်ခံကြလေသည်။ ထိုဆရာကြီးကို ပါဠိလို”ဇိန”ဟိန္ဒူ သံဖြင့်’’ဂျိန-ဂျိန်း”ဟု ခေါ်ဝေါ်ကာ ယခုတိုင်အောင် ဂျိန်းအယူဝါဒနှင့် ဂျိန်း၏ ရုပ်တု (ဆင်းတု)များ ထင်ရှားလျှက်ရှိလေသည်။ ဒါက အရှင်ဇနကာဘိဝံသ ၏ အာဘော။

နောက်ဆုံးခြောက်ဆူမြောက် သဉ္စယဗေလဋ္ဌပုတ္တရဲ့အယူကတော့ ခပ်ဆန်းဆန်း ပဲဗျ။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ ဆရာတင်ခဲ့ဘူးတဲ့ ဆရာပေါ့။ သူက အယူ ဆယ်ချက်ကို တစ်ချက်ခြင်းပဲ  ဗုဒ္ဓကို ယူနှင့် မယူ မေးတယ်။ ဗုဒ္ဓကလည်း တစ်ချက် ခြင်းပဲ သူမယူဘူးလို့ ဖြေတယ်။ သဉ္စယက သူလည်း တစ်ချက်တိုင်းကိုပဲ မယူဘူး။ သူ့ အသိဉာဏက်ဟာ ဗုဒ္ဓအသိဉာဏ်နဲ့ တူပါတယ်လို့ ဗုဒ္ဓကိုဖြေတယ်။ ဒီတော့ ဗုဒ္ဓက သူ့ကို မေးခွန်းတစ်ခု ပြန်မေးတယ်။ သူ့ဉာဏ်နဲ့ ပုရဗိုဇ်ဉာဏ် တူ မတူ သိသာအောင်ပေါ့

မေးခွန်းက အဲဒါတွေ မယူရင် “ဘာမှ မယူဘူး” ဆိုတဲ့ အယူကိုများ သင်ပုရဗိုဇ် ယူသလားလို့ ဖြစ်တယ်။ ပုရဗိုဇ်က အဲဒီလိုယူရင် ရှေ့ကပြောခဲ့တာတွေ ပျက်ကုန်မှာပေါ့ လို့ ဖြေပြီး၊ ဗုဒ္ဓကို မကျေမနပ်စကားပြောတယ်။ “ရဟန်းတွေဟာ လူရည်လည်လုပ် တယ်”သူတို့လည်း ဒီအချက်တွေကို မယူဘဲနဲ့ သူများမယူတာကြတော့ “ဘာမှ မယူ ဘူး” ဆိုတဲ့ အယူကိုလုပ်ပြစ်တယ် လို့ပဲ။

အယူတွေကို မယူဘဲနေနိုင်ဖို့

အယူတွေကို မယူဘဲနေတတ်ဖို့

အယူတွေရဲ့ စက်ကွင်းကနေ လွတ်မြောက်ဖို့ ရှာဖွေနိုင်ကြပါစေကုန်။

4 comments

  • kai

    August 22, 2012 at 3:10 am

    http://www.lknt11.com/2010/11/blog-post_495.html

    http://myanmargazette.net/137301/
    မိစ္ဆာဒိဋ္ဌိ ၆၂ ပါး
    ၁၃=ကိုယ်က ဘာမှမသိလို့ မသိပဲနဲ့ယူရင် မှားမှာစိုးလို့ ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။
    ၁၄=ကိုယ်က ဘာမှမသိပဲနဲ့ဖြေရင် အဖြေမှားဥပါဒါန်စွဲကပ်ပြီး ပင်ပန်းမှာစိုးလို့ဆိုပြီး ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။
    ၁၅=ကိုယ်က ဘာမှမသိပဲ ဖြေရင်.. သူများက ပြန်ဖိနှိပ်ခံရမှာစိုးလို့ ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။
    ၁၆=တပါးသော လောကရှိမှရှိ။ သေပြီးနောက်ဖြစ်..မဖြစ်…။ ကံနဲ့ကံရဲ့အကျိုးစတာတွေမေးလာတဲ့အခါ.. ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။ ဒီလေးမျိုးကိုတော့ စကားလွဲ မိစ္ဆာဒိဋ္ဌိ ၄=မျိုးလို့ဆိုတယ်။

    • ကျေးဇူးပါ သူကြီးရေ။ကိုရိုးပြောသလိုပေါ့

      အယူတွေကို မယူဘဲနေနိုင်ဖို့

      အယူတွေကို မယူဘဲနေတတ်ဖို့

      အယူတွေရဲ့ စက်ကွင်းကနေ လွတ်မြောက်ဖို့

  • koyo

    August 22, 2012 at 7:53 am

    အယူတွေက လူတွေကို အတော်ဒုက္ခပေးတာပဲ။ မိစ္ဆာဒိဋ္ဌိ(၆၂)ပါးက အကျဉ်းပဲရှိသေးတာ ကိုခိုင်ရ
    လူ့ဒုက္ခကို တလွဲ ပြောတာမှန်သမျှကို မိစ္ဆာဒိဋ္ဌိလို့ ပြောရမှာဗျ။

  • မောင် ဓုဝ

    August 23, 2012 at 8:15 am

    ဟုတ်ပါတယ်။ ဘုရားက လူနဲ့ လူ့အစိတ်အပိုင်း ရုပ်နာမ်ကို ဟောသူမဟုတ်ပါဘူး လူ့အမှု့ကိုသာ ဟောတဲ့သူဖြစ်တယ်။ လူသေပြီး ဖြစ်မဖြစ်၊ တစ်ချို့ဖြစ် တစ်ချို့မဖြစ်၊ ဖြစ်တာလည်း မဟုတ် မဖြစ်တာလည်းမဟုတ် စတာတွေက လူနဲ့ပတ်သက်တဲ့မေးခွန်းတွေပါ။ ရုပ်နာမ်လောကကြီ မြဲမမြဲ အဆုံးရှိ မရှိ ဆိုတာတွေက လူ့အစိတ်အပိုင်း ရုပ်နာမ်နဲ့ပါတ်သက်တဲ့ မေးခွန်းတွေဖြစ်တယ်။ ဒါတွေကို ဘုရား မဖြေကြားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်လည်းသိလို့မရ၊ သူများကိုပြောပြလို့လည်း နားမလည်နိုင်၊ လူ့ငြိမ်းချမ်းမှုနဲ့လည်း မပတ်သက်တဲ့ အရာဖြစ်လို့ပါပဲ။
    လူ့အမှုနဲ့ပတ်သက်ရင်တော့ အမှုကံတွေ မှားရင် မငြိမ်းချမ်းမှုတွေဖြစ်မယ်။ အမှုကံတွေမှန်မ ငြိမ်းချမ်းမှုတွေ ရမယ်။ အမှုကံတွေမှားတာက ဒုက္ခဖြစ်ကြောင်းသမုဒယ၊ မငြိမ်းချမ်းတာက ဒုက္ခ၊ အမှုကံတွေ မှန်တာက မဂ္ဂ၊ ငြိမ်းချမ်းမှုတွေရတာက နိရောဓ ဒီအချက်လေးချက်ကိုသာ ဘုရားဖြေကြား ဟောကြားတော်မူတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါတွေက ကိုယ်တိုင်လည်းသိလို့ရတယ်၊ သူများကိုလည်း ပြောပြလျင်သိနိုင်တယ်။ လူ့ငြိမ်းချမ်းမှုနဲ့လည်းပတ်သက်လို့ပါပဲ။

Leave a Reply