ဆီးချို/သွေးချိုရောဂါ (Diabetes Mellitus) သည် ယခုအခါ မြန်မာ လူမျိုးများ အပါအ၀င် ကမ္ဘာနှင့်အ၀ှမ်း ရင်ဆိုင်နေရသော ကပ်ရောဂါ (Endemic) တမျိုးဖြစ်ပါသည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ ၂၀၁၁ခုနှစ် သြဂုတ်လ တွင် ထုတ်ပြန်သော စာရင်းဇယားများအရ ကမ္ဘာ့လူဦးရေ ၃၄၆သန်း တို့၌ ဆီးချို/ သွေးချိုရောဂါ Diabetes ရှိနေသည်ဟုခန့်မှန်းထားပါသည်။
ဆီးချို/သွေးချိုရောဂါကို အကြမ်းအားဖြင့်-
• ငယ်ရွယ်စဉ်ကတည်းက စတင်သော Type 1 နှင့်
• အသက်ကြီးမှ စတင်သော Type 2 ဟုခွဲခြားနိုင်သည်။
• ရောဂါစတင်ချိန်နှင့် တိုက်ရိုက်ဆက်နွယ်၍ မရနိုင်သော အခြား ဆီးချို/သွေးချို အမျိုးအစားများလည်းအနည်းငယ်ရှိသည်။
ယခုဆောင်းပါးတွင် လူကြီးများ၌ဖြစ်လေ့ရှိသော Type 2 Diabetesအမျိုးအစားအကြောင်းကိုအဓိကထားဆွေးနွေးတင်ပြပါမည်။

ကျမနှင့် Diabetes
သက္ကရာဇ်၂၀၀၀ပြည့်နှစ်ကဖြစ်သည်။ ကျမ မြန်မာပြည်တွင် အလုပ် သင်ဆရာဝန်လုပ်နေစဉ်က ကျမ၏အမေသည် တလတခါဆိုသလို ဖျားတတ် သည်။ အမေသည် အသက် ၅၅-၅၆ ဆိုသော်လည်း အလွန်ကျန်းမာသူ၊ ကျန်းမာ ရေးလိုက်စားသူဖြစ်သည်။ ကျမကိုမွေးပြီးကာစ၌ ကျောက်ကပ်တွင် ကျောက် တည်ဖူးသဖြင့် ရေကိုဂရုစိုက်၍ သောက်တတ်သည်။ ထို့ကြောင့် အမေ ရေခဏ ခဏသောက်ခြင်းသည် ကျမအတွက် အသစ်အဆန်းမဟုတ်သလိုပင်။ တလ တခါဖျားခြင်းကိုလည်း ဆီးထဲပိုးဝင်သည် (Urinary Tract Infection) ဟုသာ ယူဆ၍  Antibiotics  ၀ယ်သောက်၍ဖြေရှင်းခဲ့သည်။ သည်လိုနှင့်၃လဆက်တိုက် ဖြစ်လာသောအခါ ဆီးစစ်ကြည့်မှတော်မည်ဟု စဉ်းစားမိသည်။ ဆီးပိုး ဘက်တီး ရီးယားနှင့် Antibiotic  ဆေးမတည့်ဖြစ်နေသည်ဟု ယူဆသောကြောင့် Urinalysis (သာမန်ဆီးစစ်ခြင်း) & Culture (ဆီးပိုးမွေးခြင်း) စစ်ကြည့်သောအခါ ဆီးထဲတွင် သကြားဓါတ်အများအပြား တွေ့ရတော့သည်။
ထိုအခါမှ သွေးဖေါက်စစ်ပြီး ကျမအမေတွင် ဆီးချို/သွေးချိုရောဂါ ရှိနေပြီဟု သိရတော့သည်။ အမေ၏ကိုယ်အလေးချိန်ကျဆင်းခြင်း၊မကြာခဏ ရေငတ်ပြီး ရေများစွာသောက်ခြင်း၊ မကြာခဏဆီးသွားခြင်း၊တလတခါဖျားနာ ခြင်းတို့သည် ဆီးချိုရောဂါကြောင့်ဟု ကျမရော အဖေ(အငြိမ်းစားဆရာဝန်ကြီး)ပါမစဉ်းစားမိခဲ့ကြပါ။
အမေ့ဆီးချိုရောဂါကို ကုသရန် ဒေါက်တာဦးညွန့်သိန်းနှင့်အပ်ခဲ့ပြီး ၂၀၀၁ခုနှစ်တွင် ကျမ အမေရိကနိုင်ငံသို့ ထွက်လာခဲ့သည်။ အမေ့ကို သွေးချို တိုင်းစက် Glucocard Meter , Test Strips နှင့် သွေးဖေါက်အပ် Lancets များ ကို ၀ယ်ပေးခဲ့ပြီး တပါတ်/နှစ်ပါတ်တခါ သွေးဖေါက်စစ်ရုံဖြင့် လုံလောက်ပြီဟု ထင်မှတ်ခဲ့သည်။ ကျမကိုယ်တိုင် အလုပ်သင်ဆရာဝန်လုပ်ပြီးခဲ့၍ ဆီးချိုရောဂါ ကုဆရာဝန်ထံ သွားပြသည့်အခါ ၃လစာပျမ်းမျှသွေးချိုဓါတ်ကို စစ်ဆေးသည့် Hemoglobin A1C ကို သွေးဖေါက်စစ်ရသည်လောက်ပဲ သေချာသိခဲ့သည်။ ၂၀၀၃တွင်အသက်၆၅နှစ်အရွယ်ရှိတဲ့ ကျမအဖေမှာလည်းဆီးချိုရောဂါရှိနေပြီဟုသိရသည်။
ယခုဤဆောင်းပါးရေးခြင်းသည် ကျမ၏မိဘများနှင့်နည်းတူ ဆီးချို ရောဂါရှိနေကြသော၊ ကျမနှင့်နည်းတူ မိဘမျိုးရိုးရှိကြသော မြန်မာများအား ကျမ သင်ယူနားလည်ထားသောဆေးပညာဗဟုသုတကိုဝေမျှရန်ဖြစ်ပါသည်။
ဆီးချိုရောဂါဖြစ်နိုင်သောအခြေခံအန္တရာယ်အကြောင်းအချက်များ
၁။ မိဘမျိုးရိုး (မိသားစုဝင်များတွင်ဆီးချိုရောဂါရှိခြင်း)
၂။ ကိုယ်ဝန်ဆောင်စဉ်သွေးချိုဓါတ်ရှိဘူးခြင်း (Gestational Diabetes)
၃။ အချိန်တိုအတွင်း ကိုယ်အလေးချိန်တက်လာခြင်း
၎။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း။

ကြိုတင်ကာကွယ်ခြင်း၊ မဖြစ်အောင်ရှောင်ရှားခြင်း
“အချိုသိပ်မစားနှင့်၊ ဆီးချိုဖြစ်လိမ့်မယ်” ဟုကြားဘူးကြပါလိမ့်မည်။ သို့သော် ဘယ်လိုအရာတွေက “အချို” အမျိုးအစားထဲပါသည်ကို သေချာသိဖို့ လို အပ်ပါသည်။ “ကိတ်မုန့်၊  အိုက်စကရင်၊ သကြားလုံး၊ ချိုချဉ်၊ ဆိုဒါအချိုရည်၊ Doughnut ” များသည်သာ“အချို”မဟုတ်။ ကျမတို့မြန်မာလူမျိုး နေ့စဉ်၂ ကြိမ်မှ ၃ ကြိမ်စားသုံးနေသော ထမင်းသည်လည်းထိပ်တန်း“အချို”စာရင်းဝင်ဖြစ်သည်။
ထမင်း(Rice) စားသုံးခြင်းနှင့် ဆီးချိုရောဂါဆက်နွယ်မှုကို အနောက် တိုင်းဆေးပညာက မှတ်တမ်းတင်လာကြပြီဖြစ်သည်။ ထို့အတူ အာလူး၊ ဆန် ခေါက်ဆွဲ (မုန့်ဟင်းခါး၊ မုန့်တီ) တို့သည်လည်း အချိုဓါတ်တန်းတူပါပါသည်။
ထို့ကြောင့် ဆီးချိုရောဂါကာကွယ်ရန်မှာ မီးဖိုချောင်မှ၊ထမင်းစားပွဲမှ စတင်ရမည်ဖြစ်သည်။ Brown Rice, Pasta, Brown Bread များသည် ကျန်းမာ ရေးနှင့်အသင့်တော်ဆုံးဖြစ်သည်။ သို့သော် ကျမတို့မြန်မာများအဖို့ ဆန်ကြမ်းကို မည်သို့မျှ ခံတွင်းမတွေ့နိုင်ကြပေ။ ကျမမိဘများ ကိုယ်တိုင်မစားနိုင်သော အစာ ကို မည်သူ့ကိုမျှ ကျမ မညွှန်းလိုပါ။ ထို့ကြောင့် စားနိုင်လျှင်တော့ထို “Brown”များ ကိုပဲစားကြပါဟု အကြံပေးလိုပါသည်။ မစားနိုင်သူများအနေနှင့်တော့ ဆန်ဖြူ မွှေးကို “လျှော့”စားကြဖို့ အဓိကတိုက်တွန်းလိုပါသည်။ မိဘမျိုးရိုးတွင် ဆီးချိုရော ဂါ အခိုင်အမာရှိသူ (ကျမလိုလူများ)၊ မိမိကိုယ်တိုင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိ သည်ဟု ခန့်မှန်းခံရသူများ (PreDiabetic, Borderline Diabetic) အနေဖြင့်စားနေကျထမင်းပမာဏထက်များစွာလျှော့စားကြရန်အထူးလိုအပ်ပါသည်။
ခါတိုင်း ထမင်းစားဇွန်း ၁၀ဇွန်းစာ စားနေကျဆိုပါစို့။ ၅ဇွန်း၊ ၆ဇွန်းနှင့် ကျေနပ်နိုင်အောင်ကြိုးစားသင့်သည်၊ ‘ဗိုက်မ၀ဘူး’ဟု ဆင်ခြေပေးမည်ကြံလျှင် ထမင်းမစားမီ ရေသောက်ဖို့တိုက်တွန်းလိုပါသည်။ ၈ မှ ၁၂ အောင်စ ရေတဖန် ခွက်စာကို ထမင်းမစားမီ သောက်လိုက်ခြင်းဖြင့် အစာအိမ် နေရာအတော်များ များကိုပြည့်စေပါသည်။ ထို့အပြင် အသီးအရွက် (Salad   or   Vegetable) များ ပိုစား ခြင်းဖြင့်လည်းဗိုက်တင်းပြည့်စေနိုင်သည်။ ထမင်းဖြူ/ပေါင်မုန့်ဖြူမှရမည့် အင် အားဓါတ် (Calorie) ကို အစားထိုးရန် Protein(အသားဓါတ်)ကို ပို၍တိုး၍ဖြည့် တင်းစားရမည်ဖြစ်သည်။ အတိုဆုံးပြောရလျှင် ထမင်းကို ထက်ဝက်လျှော့စား၍ အသားနှင့်အရွက်ကိုတိုးစားခြင်းဖြင့် Diabetes onset (ဆီးချိုရောဂါစတင်ဖြစ် ခြင်း)ကို နောက်ကျစေနိုင်သလို၊ ဆီးချိုရောဂါ ဖြစ်နေလျှင်လည်း ထိန်းထားနိုင်ပါ သည်။ ခန္ဓာကိုယ်ထဲတွင် သကြားဓါတ်သို့ ပြောင်းလဲနိုင်သောအစားအစာအားလုံးကို ကာဗိုဟိုက်ဒြိတ်ဟုခြုံ၍ခေါ်ပြီး ကာဗိုဟိုက်ဒြိတ် များသော ဆိုဒါအချိုရည်၊ သကြားလုံးချိုချဉ်၊ Pasta, Burrito, Tortilla စသည်တို့ကိုလည်း အထူးသတိထား ပြီးလျှော့စားသင့်ပါသည်။
ပထမဆင့်အနေနှင့် အစားဆင်ခြင်နိုင်ရမည်ဖြစ်ပြီး ဒုတိယဆင့် အနေနှင့် ကိုယ်လက်လှုပ်ရှားမှုကို ဂရုပြု၍ လိုက်စားသင့်ပါသည်။  Gym သို့သွားမှ Trainer နှင့်လေ့ကျင့်မှ Exercise လုပ်တာမဟုတ်ပါ။ နေ့စဉ်ပုံမှန် နာရီဝက်၊ တ နာရီခန့် လမ်းလျှောက်ခြင်းကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ပိုလျှံနေ သော သကြားဓါတ်များကို သုံးစွဲလိုက်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်တွင်၊ ကျောင်းတွင်၊ ဈေးဝယ်သွားရာတွင်တို့၌လည်း ကားကိုဝေးဝေးမှာရပ်၍ လမ်း လျှောက်ခြင်း၊ ဓါတ်လှေကားနှင့် စက်လှေကားအစား လှေကားထစ် များကို အသုံးပြုခြင်းတို့ဖြင့်Exercise ကိုလုပ်ဖြစ်အောင် ရှာကြံသင့်ပါသည်။ ယခုခေတ် ကာလတွင် လူကိုသက်သာစေသော အသုံးအဆောင်ကိရိယာများစွာတို့သည်ကျမတို့ကိုဆီးချိုဖြစ်စေသောအဓိကအထောက်အပံ့များဖြစ်ပေတော့သည်။

ဆောင်ရန် နှင့် ရှောင်ရန်
ဆီးချိုရောဂါ ဖြစ်တော့မည်၊ ဖြစ်နေပြီဆိုလျှင် ကျမတို့ ခန္ဓာကိုယ်မှ Insulin (အင်ဆူလင်) ထုတ်လုပ်မှုသည်  သွေးအချိုဓါတ်ကို  မထိမ်းနိုင်တော့သည့် အခြေအနေသို့ ရောက်နေပါသည်။ ဆီးချိုရောဂါဟု မသိခင်ကာလ၌ Pancreas (ပန်ကရိယ)သည် သွေးအချိုဓါတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းနိုင်ရန် အလုပ် များစွာပိုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဆီးချိုရောဂါရှိနေပြီဟု ဆရာဝန်ကသတ် မှတ်လိုက်ချိန်သည် အင်ဆူလင် ထုတ်လုပ်မှုကို မနိုင်နင်းတော့ဟု အချက်ပြချိန် ပင်ဖြစ်သည်။ ထို့အပြင် ပန်ကရိယ မှ အခြားဟော်မုန်းဖြစ်သော Glucagon (အသည်းတွင် သိမ်းထားသော သကြားဓါတ်ကို သွေးထဲသို့ ဖြန့်ပို့ပေးသော ဟော် မုန်း) ထုတ်လုပ်မှုကလည်း Out of Balance စည်းချက်မညီတော့ပဲ မလိုအပ်ပဲသ ကြားဓါတ်များကိုသွေးကြောထဲပြန်ပို့နေတတ်သည်။
ထိုဖြစ်စဉ်များကို ပြန်လည်ပြုပြင်နိုင်ရန်နှင့် ပိုမဆိုးအောင် တားဆီး နိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ကုသသင့်ပါသည်။ လူနာတဦးချင်းစီ၏  ကျောက်ကပ် အခြေအနေ၊ အသည်းအခြေအနေ၊ သွေးချိုအတိုင်းအဆပေါ်လိုက်၍ ဆရာဝန် များက မည်သည့်ဆေးကို စတင်ရမည်၊ မည်သည့်အချိန်တွင် တိုးခြင်း၊ လျှော့ခြင်း၊ ပြောင်းလဲခြင်း၊ အသစ်ထပ်မံပေးခြင်းပြုရမည်ကိုဆုံးဖြတ်ရပါသည်။ ထို့ကြောင့် နေ့စဉ် လက်ချောင်းထိပ်ဖောက်သွေးစစ်ခြင်း (Finger-Stick Glucose Monitoring) သည်လည်း အရေးပါသောရောဂါထိန်းသိမ်းခြင်းဖြစ်ပါသည်။
ထို့အပြင် ဆီးချိုရောဂါတခုတည်းကပင် နှလုံးသွေးကြော၊ ဦးနှောက်၊ အာရုံကြောနှင့် ကျောက်ကပ်တို့ကို ထိခိုက်ပျက်စီးစေရုံသာမက သွေးတိုးရော ဂါ၊ Cholestrol သွေးအဆီတိုးခြင်းတို့နှင့် ပေါင်းစပ်၍ ပိုဆိုးသော ရောဂါများကို ဖြစ်ပေါ်စေပါသည်။ သွေးတိုး၊ ဆီးချို၊ Cholestrol မြင့်တက်ခြင်းနှင့် ခန္ဓာကိုယ် အလေးချိန်တိုးလာခြင်း စသည့်အခြေအနေမျိုးကို Metabolic Syndrome ဟု ခေါ်သည်။ Metabolic Syndrome သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်အားနည်းခြင်း၊ ဦးနှောက်သွေးကြောပိတ်ရောဂါ (လေဖြတ်ခြင်း၊ လေဖြန်းခြင်း) နှင့် အာရုံကြောအားနည်းခြင်း (ခြေလက်ထုံကျဉ်ခြင်း၊ တခါတရံ ဆူးစူးသကဲ့သို့နာကျင်ခြင်း) များကို ဦးတည်ဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် ဆီးချိုရောဂါရှိသူများအတွက် Target သွေးပေါင်ချိန်၊ Cholestrol (LDL) များသည် ဆီးချိုရောဂါမရှိသော သာမန်လူများထက် လျော့ နည်းရမည်ဖြစ်သည်။ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ (Heart Attack)၊ ဦးနှောက်သွေးကြောပိတ်ရောဂါ (လေဖြတ်ခြင်း) ဖြစ်ဘူးသူများဆိုလျှင် သာ၍ ပင်နိမ့်သော Target  Value  များ၌ ထိန်းသိမ်းထားရမည်ဖြစ်သည်။ သို့မှသာ နောက်ထပ် Attack များဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါမည်။

အင်ဆူလင်နှင့်ဆီးချိုရောဂါကုထိုးဆေးများ
ဆီးချိုရောဂါရှင်အများစုသည် သောက်ဆေး သောက်နေကြရသူ များပါသည်။ သို့သော်အချို့မှာ အင်ဆူလင် နှင့်အလားတူထိုးဆေးများဖြင့် ကုသ ကြရပါသည်။ လူနာအများစုမှာ အင်ဆူလင်နှင့်ထိုးဆေးများကို ကြောက်တတ် ကြပါသည်။ လေသံမျှပင် မကြားလိုကြပေ။ အင်ဆူလင် ထိုးရမည် (သို့မဟုတ်)ထိုးဆေးတမျိုးမျိုးသုံးရတော့မည်ဆိုလျှင် “ဘ၀ဆုံးပြီ” “ရောဂါဂိတ်ဆုံးပြီ” ဟု မှတ်ထင်ကြပါသည်။ ထိုသို့သဘောမပိုက်စေလိုပါ။
ရောဂါအခြေအနေပိုဆိုးလာသည်ဟု မှတ်ထင်နိုင်သည့်အကြောင်း မှာ သောက်ဆေးဖြင့် သွေးချိုဓါတ်ကို လျှော့ချနိုင်မှုလျော့လာခြင်း၊ ကျောက်ကပ် အခြေအနေကြောင့် သောက်ဆေးရွေးချယ်မှုနှင့် Dose မြင့်တင်ရန်ခက်ခဲခြင်းတို့ ကြောင့် အင်ဆူလင် ထိုးရခြင်း ဖြစ်နိုင်သည်။
သို့သော် တခါတရံ ရောဂါအခြေအနေ “ပို” ဆိုးလာခြင်းမဟုတ်ပဲ ဆီးချိုရောဂါရှိကြောင်းစတင်သိရှိချိန် နှင့် ဆီးချိုရောဂါရှိမရှိစစ်ဆေးနေချိန် တို့ တွင် သွေးချိုဓါတ် အလွန်အမင်းလွန်ကဲခြင်းကြောင့်၎င်း၊ ပဋိသန္ဓေရှိနေခြင်း ကြောင့်၎င်း၊ ခွဲစိတ်ကုသမှုကာလတ၀ိုက် အနာကျက်မြန်စေရန်အတွက်၎င်း၊ အင်ဆူလင်ကို အသုံးပြုရသည်။ ထို့ကြောင့် ဆီးချိုလူနာဖြစ်နေသည့်ကျမတို့ မြန်မာလူမျိုးတို့သည် သက်ဆိုင်ရာဆရာဝန်က အင်ဆူလင် (သို့မဟုတ်) အခြား ထိုးဆေးများသုံးစွဲရန် ညွှန်ကြားလာပါက အကြောင်းရင်းကို သေချာစွာ မေးမြန်း ဆွေးနွေးပြီး လက်ခံလိုက်နာကြစေလိုပါသည်။ သို့သော် မိမိသုံးရမည့် အင်ဆူ လင် အမျိုးအစားနှင့် ပတ်သက်၍ သိသင့်သမျှကို ရှင်းလင်းစွာ သိရအောင်တော့ ဆရာဝန်အားမေးမြန်းသင့်ပါသည်။ သို့မှသာ မမျှော်လင့်သော သွေးချိုဓါတ် ရုတ် တရက်ကျဆင်းခြင်း (Hypoglycemia) မှရှောင်ကြဉ်နိုင်ပြီး မလိုအပ်ပဲ အင်ဆူ လင်ကို ကြောက်ရွံ့ခြင်းမဖြစ်ပေါ်တော့ပါ။
အမေရိကနိုင်ငံတွင် နေထိုင်ကြသော မြန်မာများကို အသိပေးလို သည်မှာ ဆီးချိုရောဂါပညာပေးသင်တန်းများ၊ ကိုယ်အလေးချိန်လျှော့ချရေးသင်တန်းများ၊ ကျန်းမာစွာစားသောက်နေထိုင်ရေးသင်တန်းများစွာ အခါအား လျော်စွာရှိတတ်ပါသည်။ County ဆေးခန်းများ၊ဆေးရုံများ၊တက္ကသိုလ်ဆေးရုံ၊ ဆေးခန်းများ၊ ကွန်မြူနတီပွဲများတွင် ပြုလုပ်လေ့ရှိသော အခမဲ့ ကျန်းမာရေး ပညာပေးသင်တန်းများကို သွားရောက်နားထောင် ပညာယူနိုင်ကြပါကြောင်း အသိပေးလိုက်ပါသည်။♦

 

မှတ်ချက်။  ။ မန္တလေးဂဇက် ဇွန်လ ၂၀၁၂ ထုတ်တွင်ဖေါ်ပြပြီးဖြစ်ပါသည်။

 

kai

About kai

Kai has written 995 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

   Send article as PDF