ပွဲစားမ မာယာငွေ

toyoJuly 7, 20101min15411

“အစ်ကို ဘယ်ပျောက်နေတာလဲ။ မမြင်တာကြာပြီနော်။ ခရီးထွက်နေတာလား။ ရွာပြန်နေတာလားဟင်” မာယာငွေရဲ့ ပြုံးယောင်ယောင် စကားကြောင့် ကျွန်တော့် စိတ်ထဲ ခိုးလိုးခုလု ဖြစ်သွားတယ်။ သူမနဲ့ ကျွန်တော် ဘာဆိုင်လို့လဲ။ ဘာပတ်သတ်ခဲ့လို့လဲ။ အဲ နှစ်ကြိမ်တော့ ပတ်သတ်မိတာပေါ့လေ။ ဒါပြီးခဲ့ပါပြီ။ နောင် မာယာငွေနဲ့ ဘယ်အကြောင်းနဲ့မှ မပတ်သတ်ဖို့၊ မဆက်ဆံဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ပထမမှားရင် လိမ်သူရဲ့ အမှား။ ဒုတိယမှားရင် အလိမ်ခံရသူရဲ့ အမှား။ တတိယ အမှားမဖြစ်ဖို့ သတိကြီးစွာ နေရမယ်။ ကျွန်တော်နဲ့ အတူ လမ်းလျှောက်လာတဲ့ ကိုသံခဲက “လုပ်ပြီ”လို့ တိုးတိုးလေးပြောတယ်။ မနက် အလုပ်မသွားခင် ကျွန်တော်နဲ့ ကိုသံခဲ လမ်းဆုံက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ပြီး ပြန်လာကြတယ်။ အိမ်နဲ့ မနီးမဝေး အရောက်မှာ မာယာငွေနဲ့ မျက်နှာချင်းဆိုင် လာဆုံနေတယ်။ မာယာငွေက ပိန်ပိန်ပါးပါး၊ အသက် ၃ဝ လောက်ရှိမယ်။ စကားပြောရင် နှာသံလေးပါတယ်။ ချွဲချွဲပျစ်ပျစ် ပြောတတ်တယ်။ သပ်သပ်ရပ်ရပ် ဖြီးလိမ်းထားပြီး မှုံနံ့သာ ခြယ်ကာသထားတယ်။ ပွဲစားတွေ ဆုံစည်းရာ ်လမ်းဆုံက လက်ဖက်ရည်ဆိုင်တွေဆီ သွားတာ ဖြစ်မယ်။ ကျွန်တော်က မျက်နှာထား တင်းတင်းနဲ့ စကားမပြန်ဘဲ ရှေ့ဆက်လျှောက်ခဲ့တယ်။ “အစ်ကို သံခဲတို့ လက်ဖက်ရည်ဆိုင်ကပြန်လာတာလား”
ကိုသံခဲကို လှမ်းမေး ပြန်တယ်။ ကိုသံခဲက “အေး” ဆိုပြီး ကျွန်တော်နဲ့ အတူ ရှေ့ ဆက်လျှောက်ခဲ့ကြတယ်။

၂။
နာမည် အရင်းက မခင်ငွေပါ။ ဒါပေမယ့် အရပ်က မာယာငွေလို့ပဲ ခေါ်ကြတယ်။ သူမကလည်း မာယာငွေလို့ ခေါ်တာ ကြိုက်ပုံရတယ်။
ဒီ မင်္ဂလာရပ်ကွက်လေး ကို ကျွန်တော်ရောက်တာ မကြာသေးပါ။ သုံးလကျော် လောက်ပဲ ရှိဦးမယ်။
ကျွန်တော့်အလုပ်က ကုမ္ပဏီတစ်ခုက ထရပ်ကား မောင်းသမားပါ။ အိမ်ထောင် မရှိသေးပါဘူး။ ဒါပေမယ့် ရွာမှာ ချစ်သူရှိပါတယ်။ သီတင်းကျွတ်မှာ လက်ထပ်ဖို့ အတွက် စေ့စပ်ထားပါတယ်။ ဒါကြောင့် မြို့မှာ အိမ်လေး ဝင်းလေးနဲ့နေနိုင်ဖို့ ကိုယ်စု ထားတဲ့ငွေနဲ့ မိဘတွေဆီက တောင်းတဲ့ငွေ ပေါင်းပြီး အိမ် နဲ့ဝင်းနဲ့ ဝယ်ထားပါတယ်။

အိမ်ဝယ်တာက အစ မာယာငွေနဲ့ စတွေ့တာပါ။
ကျွန်တော့်ရှိတဲ့ ငွေနဲ့ မြို့ထဲ မကပ်နိုင်တော့ မြို့သစ် တွေ၊ မြို့ဆင်ခြေဖုံးရပ်ကွက် တွေမှာ မြေဝယ်ရှာပုံတော် ဖွင့်ရတာပေါ့။
ခုနက သောက်ခဲ့တဲ့ လမ်းဆုံလက်ဖက်ရည်ဆိုင်မှာ စနည်းနာဖို့ ဝင်ထိုင်ခဲ့တယ်။ လက်ဖက်ရည်မှာသောက် တယ်။ ထူးထူးခြားခြား လက်ဖက်ရည်ဆိုင်ထဲမှာ အမျိုးသမီးတွေ အများကြီး။ ကျွန်တော့်ကို ဝံပုလွေမ မျက်လုံးတွေ၊ ကျားသစ်မ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ ကျွန်တော်က သမင်ပျိုမ မျက်လုံးမျိုး ရှိမယ့်သူကို လိုက်ရှာနေတယ်။

အဲဒီအချိန်မှာ အမျိုး သမီးတစ်ဦး ဆိုင်ထဲဝင်လာ တယ်။ ပြုံးပြရင်း ကျွန်တော့် စားပွဲနားရောက်လာတယ်။
“အစ်ကို နေကောင်း လား”ဆိုပြီး ကုလားထိုင်မှာ ဝင်ထိုင်တယ်။

“ဗျာ” ကျွန်တော့်မှာ သူမကိုကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားတယ်။ ရင်းနှီးတဲ့ ခေါ်သံကြောင့် အသိလား ပေါ့။

“ကျွန်မ မာယာငွေပါ။ အစ်ကို့ကို မြို့ထဲမှာ ခဏခဏ မြင်ဖူးနေလို့ စိတ်ထဲကသိ နေတာလေ။ နောက်ပြီး အစ်ကိုက ရုပ်ရှင်မင်းသားရဲ အောင်နဲ့လည်း တူတယ်နော်”

ပြောပြီး ရယ်နေသေး။ အသံက နှာသံလေးနဲ့။ ဟုတ်မှာပေါ့။ ကိုယ်က ထရပ်ကား မောင်းသမားဆိုတော့ မြို့ထဲမှာ သွားလာ နေရတာလေ။
“ဪ ဟုတ်လား”

“အစ်ကို မြေဝိုင်းရှာ နေတာ မဟုတ်လား။ ညီမ ကူရှာပေးမယ်လေ”

“ခင်ဗျားက မြေပွဲစားလား”

“ဟင်းဟင်း၊ ညီမက မြေပွဲစားစစ်စစ် မဟုတ်ပါ ဘူး။ အစ်ကိုလို ရင်းနှီးတဲ့သူ တွေသာ ကူညီပေးတာပါ။ ဒီအရပ်မှာက ပွဲစားတွေ အများကြီးလေ။ ဟိုမှာကြည့် ပါလား။ မှန်မှန်ကန်ကန်လုပ်တဲ့ သူတွေ ရှိသလို ဖြတ်စား လျှပ်စားလုပ်တဲ့ သူတွေလည်း ရှိတာပေါ့။ အစ်ကိုကရိုးတော့ အစ်ကို ခံသွားရမှာ စိုးလို့ပါ။ မြေကွက်တွေ လိုက်ပြမယ်လေ။ အစ်ကိုကြိုက်ရင် ပိုင်ရှင်နဲ့ တွေ့ပေးမှာပေါ့။ အစ်ကို့ ဘာသာ ဈေးစကားပြော၊ ညီမကို ပွဲခ ပေးစရာ မလိုပါ ဘူး။ အစ်ကိုသနားရင် မုန့်ဖိုးပဲ ပေးပါ”

သူမ စကားကြောင့် ကျွန်တော့်စိတ်ထဲ ကျေနပ် သွားတယ်။ သူမလိုက်ပြတဲ့ မြေကွက်တွေ လိုက်ကြည့်တယ်။ နောက်တော့ကျွန်တော် ကြိုက်တဲ့ဝင်းနဲ့ အိမ်လေးကို တွေ့တော့ ပိုင်ရှင် ဆိုသူနဲ့ တွေ့ပေးတယ်။ ဈေးစကားပြော တယ်။ သူမက ကျွန်တော့် ဘက်က ကူပြောပေးပါ တယ်။ ဒါကြောင့် ကျွန်တော် က ပွဲခထက် မနည်းတဲ့ မုန့်ဖိုး ပေးလိုက်ပါတယ်။

ဝါမဝင်ခင် ကျွန်တော် ပြောင်းလာတယ်။ ဝင်း ကလေးက နိမ့်နေလို့ မာယာ ငွေက မြေဖို့ဖို့ပြောတယ်။ မြေကားကိုလည်း သူမ ရှာ ပေးတယ်။ မုန့်ဖိုးလောက်ပဲ ပေးရတယ်။ အဲဒီအချိန်က သဘော ကောင်းတဲ့ မာယာငွေကို ကျေးဇူးတင်မိတာ အမှန်ပါ။ ဒါပေမယ့် ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင်ဆိုသလို မာယာငွေရဲ့သတင်းကို သိလာ ရတယ်။ ကျွန်တော်နဲ့ အိမ်နီးချင်း ဖြစ်လာတဲ့ အနောက်ဘက် အိမ်က ကိုသံခဲ မိန်းမ မဝိုင်းတင်ဆီကပါ။ ကိုသံခဲက အငှားကားမောင်းတယ်။ မဝိုင်းတင်က အိမ်မှုကိစ္စပဲ လုပ်တယ်။

မာယာငွေခေါ် မခင်ငွေကို မုဆိုးမလား၊ တစ်ခုလပ် မလားတော့ မသိကြပါ။ ကလေးသုံးယောက်နဲ့ မင်္ဂလာ ရပ်ကွက်ကို ပြောင်းလာတာ သုံးနှစ်ရှိတာတော့ သေချာ တယ်။ အစက အိမ်ငှား။ နောက် မြေပွဲစား၊ အိမ်ပွဲစား၊ အပေါင်ပွဲစား၊ အထွေထွေ ပွဲစားတွေလုပ်ရင်း အိမ်ပိုင်ဖြစ် လာတယ်။ နှုတ်သွက်၊ လျှာ သွက်တယ်။ တစ်ဖက်လူငေး နေအောင်၊ ကျအောင် ပြောနိုင်တယ်။ ဒါတော့ ကျွန်တော့် ကိုယ်တွေ့ပါ။ နောက်ပြီး မာယာငွေက အငြိမ ့်မင်းသမီး ဖြစ်ခဲ့တယ်။ ဒါတော့ ဖြစ်နိုင် တယ်။ စကားပြောရင် မာယာသံ ပါတယ်။ ဒါတော့ မငြင်း။ ကလေးတစ်ယောက် လင်တစ်ယောက် ဆိုတဲ့ စကားကိုတော့ အလွန်အကျွံ ပြောကြတယ် ထင်တယ်။ ထားပါ။ ဒါက မာယာငွေရဲ့ သမိုင်း။

“တကယ်တော့ ကိုမောင်ထွန်းရဲ့ဝင်းနဲ့အိမ်က ဆယ့်ကိုးသိန်း ရရင်ကို ရောင်းချင်နေတာ”

မဝိုင်းတင် စကားကြောင့် ကျွန်တော်မျက်လုံး ပြူးသွားတယ်။
“ဗျာ၊ ဟုတ်ရဲ့လား။ ကျွန်တော်က နှစ်ဆယ့် တစ်သိန်းပေးရတာ”

“ဟုတ်မှာပေါ့။ မာယာငွေ ပြောတာကို ကိုမောင်ထွန်း ယုံသွားတာကိုး။ ပိုင်ရှင်က ကျွန်မလည်း အပ်ထားတာလေ။ သိန်းနှစ်ဆယ်ထိ ရရင် ပွဲခပေးမယ်။ ကျော်ရင် ပွဲညွန့် စားလို့ ပြောထားတာ။ မာယာငွေ ပွဲညွန့်တစ်သိန်း ရသွား တာပေါ့”

“သေလိုက်ပါတော့ ဗျာ။ ဆိုတာက သိန်းသုံး ဆယ်ဗျ။ ကျွန်တော်က နှစ်ဆယ်နဲ့ ဆစ်တာ။ ပိုင်ရှင်က နှစ်ဆယ့်ငါး တင်းခံ နေလို့ မာယာငွေက ကြားဝင်ပြီး နှစ်ဆယ့် တစ်သိန်းနဲ့ ဝင်ပြောတာ။ ကျွန်တော့်မှာ မာယာငွေ ကြောင့် ဒီဈေးရတာဆိုပြီး မုန့်ဖိုးငါးသောင်းတောင် ပေး လိုက်တာ”

ကျွန်တော် စိတ်ပျက် ပျက်နဲ့ ပြောလိုက်တယ်။
မဝိုင်းတင်က ပြုံးပြီး “တစ်ဆက်တည်း ဆက်ပြော ရဦးမယ်။ ကိုမောင်ထွန်း မြေချတာ တစ်စီးခုနစ်ထောင် ပေးရတယ် မဟုတ်လား။ တကယ်တော့ ပေါက်ဈေးက ငါးထောင်ပဲ ရှိတာ”

ကျွန်တော် ကိုယ့်နဖူး ကိုယ်ရိုက်မိတော့တယ်။
“ကိုမောင်ထွန်း မာယာ ငွေနဲ့ ပေါင်းရင် ကြည့်ပေါင်း နော်။ တော်ကြာ ဟိုက အပြော ကောင်း၊ အချွဲကောင်းတာနဲ့ စတုတ္ထ ကလေး အဖေဖြစ် သွားမယ်”
မဝိုင်းတင်က ရယ်ပြီး ပြောတယ်။
ကျွန်တော့်မှာ “ဟာဗျာ” ပင် မလုပ်နိုင်၊ စိတ်ထဲက မာယာငွေနဲ့ မပတ်သက်တော့ ဖို့ ဆုံးဖြတ်လိုက်တယ်။

၃။
တစ်ရက် ကုမ္ပဏီဝင်း ထဲမှာ မန်နေဂျာမရဲ့ နိုင်ငံခြား ဖြစ်ခွေးလေးက ပြေးရင်းနဲ့ ကျွန်တော့် ကားကို ဝင်တိုက် မိတယ်။ တော်ပါသေးရဲ့။ ကားဘီးကို ဘေးကဝင်တိုက် မိပြီး ကျွန်တော်ကလည်း ချက်ချင်းဘရိတ် အုပ်လိုက် လို့ သာပေါ့။ မန်နေဂျာမက နိုင်ငံခြားဖြစ် ခွေးလေးတွေကို တစ်နေ့ တစ်ကောင် သူမရုံးခန်းကို ခေါ်လာတတ်တယ်။

မန်နေဂျာမက သူမခွေး ကို ကားတိုက်ပြီဆိုတော့ ရုံးထဲက ပြေးထွက်လာပြီး ကျွန်တော့်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး နှစ်ပြား မတန် ဆိုတယ်။
ကျွန်တော်က ပြန်ပြော ချင်ပေမယ့် သူဌေးမျက်နှာကို မြင်ပြီး စကားတွေလည်ချောင်း ဝ တစ်သွားတယ်။
သူမရဲ့ခြွေရံသင်းပင်း တွေကလည်း ပျာယာခတ်ပြီး ခွေးလေးကို ကောက်ပွေ့ကာ “မမ ခွေးလေးကို ဆေးခန်းသွားပြမှဖြစ်မှာ”လို့ပြော မှ ကားနဲ့တစ်အုပ် တစ်မကြီး ခွေးကို ဆေးခန်းသွားပြကြတယ်။

ကျွန်တော့်မှာ ရင်မောစွာ၊ စိုးထိတ်စွာနဲ့ကျန်ခဲ့တယ်။
နောက်နေ့ရောက်တော့ မန်နေဂျာမက ကျွန်တော့်ကို သူမ ရုံးခန်းထဲခေါ်တွေ့တယ်။

“မင်း မဆင်မခြင် မောင်းလို့ ငါ့ဘေဘီလေး ခြေသန်း ကျိုးသွားတယ်။ ခွဲရ စိတ်ရ၊ ဆေးထိုးရနဲ့ ငွေသုံး သိန်းကုန်သွားတယ်။ အဲဒါ မင်းလျော်ပေး”

မန်နေဂျာမက မျက်နှာ ခပ်ထန်ထန်နဲ့ ပြောတယ်။
“ဟာ ဘာလို့ လျော်ရမှာလဲ။ ကျွန်တော် မမှားဘူး။ အစ်မခွေးက ကျွန်တော့် ကားဘီးကို ဘေးက ဝင်တိုက် တာလေ”

ကျွန်တော်က မဟုတ် မခံဆိုတော့ ပြန်ပြောတာပေါ့။ ဒီတော့ မန်နေဂျာမက ပိုစိတ် ဆိုးသွားပုံရတယ်။
“ဘာ မင်းမမှားရမှာလဲ။ မင်းမှားလို့ ငါ့ခွေးတိုက် မိတာပေါ့။ မင်းက ဗြောင် ငြင်းတယ်။ ဒါမျိုး ငါမကြိုက်ဘူး။ ငွေသုံးသိန်းလျော်ကို လျော်ရမယ်။ အေး မင်းကို ငါအချိန် သုံးရက်ပေးမယ်။ မလျော်ရင် အလုပ်ဖြုတ်ပစ် မယ်။ မင်း သွားတော့။ ငါ့ကို ဘာမှပြန်မပြောနဲ့တော့”

မန်နေဂျာမရဲ့ အမျက်တော်ကို မချေဖျက်နိုင်ဘဲ ကျွန်တော်ပြန်ခဲ့ရတယ်။
ကျွန်တော် မမှားကြောင်း ကျွန်တော်သိတယ်။ ကုမ္ပဏီဝန်ထမ်း အားလုံးသိ တယ်။ ငွေသုံးသိန်းဆိုတာက ကျွန်တော့် လက်ထဲမှာ မရှိ။ သီတင်းကျွတ်ရင် လက်ထပ်မှာမို့ အခုကတည်းက ဝယ်ခြမ်းထားဖို့ ငွေနှစ်သိန်းကို ရွာပို့ထားတယ်။ အခုဆို ဝယ် ထားလောက်ပြီ။ ကျွန်တော့် လက်ထဲမှာက သောင်းဂဏန်း လောက်ပဲရှိတယ်။
ဖြစ်ပျက်သမျှကို ကိုသံ ခဲတို့မိသားစုကို ရင်ဖွင့်မိတယ်။ ကိုသံခဲကတော့ “ဟုတ်တာ ပေါ့၊ ခင်ဗျား မမှားဘူး”ပဲ လုပ်နေတယ်။
မဝိုင်းတင်က
“ရှင်တို့ သူဌေးတိုင်ပါ လား”လို့ အကြံပေးတယ်။

“သူဌေးက ဟောင်ကောင်မှာ၊ ဒီမှာ ကုမ္ပဏီခွဲ လာဖွင့်တာ။ တိုင်လည်း အကြောင်းထူးမှာ မဟုတ်ပါ ဘူး”

“ဘာလဲ မန်နေဂျာမက သူဌေးရဲ့ စပါယ်ရှယ်ဝမ်းလား”

မဝိုင်းတင်က ပြောတော့ စိတ်အိုက်ရတဲ့အထဲ ရယ်ချင်သွားတယ်။ ကိုယ့် သူဌေး အကြောင်း ဘာမှ မပြောချင်။
“ဒီလိုဆို မာယာငွေကို ငှားပါလား”

မဝိုင်းတင်စကား ကြောင့်လန့်သလို၊ အံ့ဩ သလိုဖြစ်သွားတယ်။
“ဘာဆိုင်လို့လဲ။ မာယာ ငွေက ရှေ့နေမို့လား”လို့မေး လိုက်တယ်။    “ရှင် ငွေသုံးသိန်း မလျော်ချင်ရင် မန်နေဂျာမကို တောင်းပန်ရမယ်လေ။ ရှင်က တောင်းပန်မှာ မဟုတ်ဘူး။ ဒီတော့ မာယာငွေကို ငှားပြီး တောင်းပန်ခိုင်းရမှာပေါ့။ တောင်းပန်တယ်ဆိုတာ အောက်ကျို့ခံပြီး တစ်ဖက်သူ သနားလာအောင် ပြောရတာ။ ဒါမျိုး မာယာငွေတတ်တယ်”
မဝိုင်းတင် အပြော ကောင်းတာရယ်၊ ပြဿနာက ငယ်ထိပ်တက်နေပြီမို့ မာယာ ငွေနဲ့ မပတ်သက်ချင်တော့ပေမယ့် တစ်ခါပြန်ပတ်သက် ရပြန်တယ်။

၄။
မဝိုင်းတင်က တစ်ဆင့် မာယာငွေကို ၃၀၀၀ဝ နဲ့ငှား လိုက်တယ်။ စရန်တစ်ဝက် အရင်ပေးရတယ်။
ညနေပိုင်းမှာ ကိုသံခဲ လေးဘီးကားနဲ့ မန်နေဂျာမ အိမ်ထွက်ခဲ့ကြတယ်။ ဇာတ် လမ်းက မစရသေးဘူးမာယာ ငွေက ဩဇာ စပေးတယ်။ မဝိုင်းတင်ကို ကားရှေ့ခေါင်း ထိုင်ခိုင်းပြီး ကျွန်တော့်ကို သူတို့မိသားစုနဲ့အတူ ကား နောက်ခန်းထိုင်ခိုင်းတယ်။
ကလေး သုံးယောက် က အကြီးက မိန်းကလေး ၈ နှစ်လောက်ရှိမယ်။ အငယ် ဆုံး နှစ်ယောက်ကယောက်ျား လေး။ မာယာငွေမျက်နှာမှာ ဘာမှ ခြယ်သမထား။ ဒါပေမယ့် အကျႌတွေက သစ်သစ် လွင်လွင်၊ နောက်ပြီး အဝတ် အိတ်ကြီးလည်း ယူလာကြ တယ်။ တကတဲ မိသားစု ပျော်ပွဲ စားထွက်လာတဲ့ပုံ။
ကားသွားရင်းနဲ့ မာယာငွေက သူမ စီမံချက်တွေကို ပြောပြတယ်။ ကျွန်တော့်ကို ပြောသလို သူ့ကလေးတွေ ကိုလည်း သွန်သင်နေတယ်။
ကျွန်တော့်မှာ မျက်လုံး ပြူးပြီး နားထောင်နေရ တယ်။ ဖြစ်မှဖြစ်ပါ့မလားလို့ လည်း စိတ်ကပူမိတယ်။ နောက်ပြန်လှည့်ရ ကောင်း မလားလို့လည်း စိတ်ကကူးမိ ပြန်တယ်။

“ကိုထွန်း စကားမမှား စေနဲ့နော်။ ငွေပြောတဲ့ စကား နောက်ကအသာ လိုက်ပြော နော်။ အရေးကြီးဆုံးက ဒေါသ မဖြစ်နဲ့နော်။ အတတ် နိုင်ဆုံး ခေါင်းငိုက်စိုက်ချ နေ နော်။ ကိုထွန်း ငွေ ပြောတာ မှတ်မိတယ်နော်”နဲ့ မျက်နှာ ချင်းဆိုင် ထိုင်နေတဲ့ ကျွန်တော့် လက်ကို သူမလက်နဲ့ ကိုင်ပြောနေတော့ ကျွန်တော့်မှာ ဘာပြောရမှန်း မသိဘူး။ စိတ်တွေ ထူပူသွားတော့တာ ပေါ့။

မန်နေဂျာမအိမ်နဲ့ မနီး မဝေးမှာ ကားရပ်သွားတယ်။ နောက် မာယာငွေတို့မိသားစု က အဝတ်ဟောင်းတွေ လဲ ဝတ်ကြတယ်။
ကျွန်တော်နဲ့ ကိုသံခဲက တအံ့တဩ ကြည့်နေတယ်။ မဝိုင်းတင်က ကူလုပ်ပေးနေ တယ်။ မာယာငွေရဲ့ဗိုက်ကို ရေမြှုပ်တစ်ခုကပ်နေတယ်။ နောက် အကျႌတစ်ထည်ပွပွကို အပေါ်က ဝတ်လိုက်တယ်။ ဆံပင်တွေလည်း ဆွဲဖွနေ တယ်။
ဘုရားရေ၊ မာယာငွေ မှာ ဗိုက်တုကြီးနဲ့ပါလား။

“ကဲ ကိုထွန်းရှေ့က သွား၊ သမီးနဲ့ သားတွေ အမေ ပြောတာ မှတ်မိတယ်နော်”

မာယာငွေက ကျွန်တော့် ကို အမိန့်ပေးသလို သူမ ကလေးတွေကိုလည်း ပြောနေ တယ်။
“ဟုတ်ကဲ့ မေမေ၊ မှတ်မိပါတယ်” ကလေးတွေက ပြိုင်တူဖြေတယ်။

“ကိုထွန်း သားလေးချီလေ”

ကျွန်တော့်မှာ အငယ်ဆုံး ကောင်ကို ကောက်ချီရတယ်။ အကြီးကောင်က လက်လာ ဆွဲတယ်။ ကျွန်တော့်နောက် မှာ မာယာငွေက သူ့သမီးကြီး ကို ပခုံးဖက်လိုက်လာတယ်။
“ကိုမောင်ထွန်းတို့ မိသားစ ုအောင်မြင်ပါစေ”လို့ မဝိုင်းတင်က နောက်ကလှမ်း စတယ်။

ကျွန်တော့်မှာ သွားရင်း လာရင်း ရှိုးတိုးရှန့်တန့်ဖြစ်နေ ရတယ်။ ခလုတ်တိုက်မိချင် သလိုလို။ မျက်နှာက ထူ အမ်းနေသလိုဖြစ်နေတယ်။
မန်နေဂျာမအိမ်ရောက် တော့ အစောင့်က…
“ဘာကိစ္စလဲ”လို့ ဆီး မေးတယ်။

“ဟို မန်နေဂျာမမနဲ့ တွေ့ ချင်လို့ပါ အစ်ကိုကြီး”
ကျွန်တော် မပြောခင် မာယာငွေက ချွဲချွဲပျစ်ပျစ်ဝင် ပြောတယ်။ တစ်ခေါင်းလုံး ဖြူနေတဲ့အစောင့်က “ခဏ နေဦး”ဆိုပြီး တိုက်ဆီခပ် သုတ်သုတ်သွားသတင်းပို့ပြီး ခပ်သုတ်သုတ်ပြန်လာကာ တံခါးဖွင့်ပေးတယ်။
“ကျေးဇူးနော် အစ်ကိုကြီး”

မာယာငွေက ပြောပြီး ကျွန်တော်တို့ဝင်းထဲဝင်ခဲ့ကြ တယ်။ တိုက်အပေါက်မှာ မန်နေဂျာမက ခါးထောက်ရပ် နေတယ်။
“မင်းမှားတဲ့အတွက် လျော်ကြေးငွေ သုံးသိန်းလာ ပေးတာလား”လို့ ဆီးမေး တယ်။

ကျွန်တော်က ဘာပြန် ပြောရမှန်းမသိ။ မာယာငွေ မှာထားသလို ခေါင်းငုံ့နေ လိုက်တယ်။ ဒီအချိန်မှာ မာ ယာငွေနဲ့ ကလေးသုံးယောက် က သမံတလင်းပေါ် ဒူး ထောက်လိုက်ကြတယ်။
“မမရယ် ကျွန်မတို့သား အမိကို သနားပါရှင်”လို့ ငိုသံလေးနဲ့ ပြောလိုက်တယ်။    “ဘာလဲ၊ ရှင်တို့က သူနဲ့ ဘာတော်တာလဲ”လို့ မန်နေဂျာမ က မေးတယ်။
“ကျွန်မက ကိုထွန်း မိန်းမပါ။ ဒါကျွန်မတို့ ကလေးတွေပါ မမ”

“ကိုမောင်ထွန်းမှာ မိန်းမ ရှိတယ်လို့ မကြားဖူးပါ ဘူး”
မန်နေဂျာမကလည်း လျင်တယ်။
“ဟုတ်လား မမ၊ သူက သူ့ကိုယ်သူ လူပျိုလို့ ပြောနေ တာနေမှာ မမ။ ယောက်ျား တွေက ကွယ်ရာကျ ဒီလိုပဲ”

မာယာငွေက ကျွန်တော့်ကို မျက်စောင်း လှမ်းထိုးလိုက်တယ်။ နောက် မျက်ရည်တွေ ဝိုင်းလာပြီး…
“စီးပွားရေးမို့ ကျွန်မတို့ လင်မယား ချစ်လျက်နဲ့ ခွဲနေ ရတာပါ မမရယ်။ ကျွန်မတို့ မိသားစုက ရွာမှာနေရတာ ပါ။ ရွှေဘို အနောက်ဘက် ဇီး ဖြူကုန်းကပါ။ ကျွန်မအဖေ က မျက်စိမမြင်ရှာပါဘူး။ ကိုထွန်းအဖေအမေတွေက လည်း အိုနေကြတော့ ကျွန်မ ကပဲ ပြုစုစောင့်ရှောက်နေရ တာ။ ကိုထွန်းလှမ်းပို့တဲ့ ငွေ ရယ်၊ ကျွန်မ ပျိုးနုတ်၊ ကောက်စိုက်တဲ့ငွေလေးနဲ့ပဲ ကျွန်မတို့မိသားစု ချွေတာ စားသုံးနေရတာပါ။ အဖေ ကလည်း မျက်စိခွဲရမှာတဲ့။ အခုလို ပြဿနာဖြစ်တယ် ကြားတော့ ကျွန်မတို့ သား အမိ လိုက်လာရတာပေါ့။ ကျွန်မတို့မှာ စားစရာ အနိုင် နိုင်မို့ လျော်စရာလည်း မရှိပါ ဘူး အစ်မရယ်။ အလုပ်ပြုတ် သွားရင်လည်း သူတင်မက ဘူး ကျွန်မတို့ မိသားစုရော၊ ကျွန်မတို့ကို မှီတင်းနေတဲ့ မိအိုဖအိုတွေလည်း ဒုက္ခ ရောက်ကြရမှာ မမရယ်။ ဒါကြောင့် ကျွန်မတို့ အစ်မကို ရှိခိုးတောင်းပန်ပါတယ်ရှင်။ သူဌေးနဲ့ အစ်မမန်နေဂျာက သဘောကောင်းတယ်၊ စိတ် ထား မြင့်မြတ်တယ်လို့ ကိုထွန်းက ကျွန်မတို့ကို အမြဲ တမ်းပြောနေတာပါ မမရယ်”

မာယာငွေမှာ ပြောရင်း မျက်ရည်တွေ တပေါက် ပေါက်ကျကာ မန်နေဂျာမကို ဦးချနေတယ်။
“မမ၊ ဖေဖေ့ကို အလုပ် မဖြုတ်ပါနဲ့နော်။ သမီးတို့ ဒုက္ခရောက်မှာ စိုးလု့ိပါ”

အကြီးမလေးကလည်း ငိုပြီး ကန်တော့ရှာတယ်။ ယောက်ျားလေးနှစ်ယောက် ကလည်း ကန်တော့ကြ တယ်။
ဒီတော့ မန်နေဂျာမက သနားသွားသလား၊ စိတ်ရှုပ် သွားသလား မသိဘူး။

“ကဲကဲ တော်ကြပါ။ ကိုမောင်ထွန်း ရှင်မှားတယ် မဟုတ်လား”လို့ မန်နေဂျာမ က ကျွန်တော့်ကိုလှမ်းမေး တယ်။ ကျွန်တော်က ကျွန်တော် မမှားဘူးလို့ ဖြေ မယ်အလုပ်…
“ကိုထွန်း ကိုထွန်း မှား တယ်လေ။ ငွေ့ကို ချစ်ရင် ကိုထွန်း အမှားကို ဝန်ခံလိုက် လေ။ မမက အမှန်တရားမှ ကြိုက်တာ”

မာယာငွေက ထလာပြီး ကျွန်တော့်လက်မောင်းကို လှုပ်ပြီး ပြောရှာတယ်။ ကျွန်တော်သက်ပြင်းချပြီး
“ဟုတ်ကဲ့။ ကျွန်တော် မှားပါတယ် မမ”လို့ ပြော လိုက်တယ်။ ဒီတော့ မန်နေဂျာမက ပြုံးပြီး
“ရှင် မှားမှန်း သိရင် လျော်တာတော့ လျော်ရမယ်။ ဒါပေမယ့် ရှင့်မိန်းမနဲ့ ကလေး တွေကို သနားလို့ တစ်သောင်းတော့ လျော်ရမယ်”လို့ ပြော တယ်။
မန်နေဂျာမ စကား ကြောင့် ကျွန်တော့်ရင်ထဲက အလုံးကြီးကျသွားတယ်။

“မမ ကိုထွန်းကိုတော့ အလုပ် မဖြုတ်ပါနဲ့နော်”

မာယာငွေက စိုးရိမ်သံ လေးနဲ့ဝင်ပြောတယ်။
“စိတ်ချပါ။ ရှင်က ရှင့် ယောက်ျားကို တော်တော်ချစ် ပုံရတယ်။ လျော်ကြေးလည်း လစာထဲက ဖြတ်လိုက်ပါ မယ်။ နေဦး။ ကလေးတွေ အတွက် မုန့်ဖိုးပေးလိုက်ဦး မယ်”
မန်နေဂျာမက အိမ်ထဲ ဝင်ပြီး ငွေယူတယ်။ နောက် ကလေးတစ်ယောက်ကို မုန့်ဖိုးတစ်သောင်းပေးတယ်။ မာ ယာငွေကိုတော့ “ဗိုက်ထဲက ကလေးအတွက်”ဆိုပြီး နှစ်သောင်းပေးတယ်။ ကျွန်တော့်မှာ ရယ်ချင်လိုက်တဲ့ ဖြစ် ခြင်း။

၅။
အပြန်လမ်းမှာ မာယာငွေက ကလေးတွေ ဆာနေပြီ ဆိုတော့ စားသောက်ဆိုင်မှာ ခေါက်ဆွဲကြော်ဝင်ကျွေးရ တယ်။ အအေးတိုက်ရတယ်။ ကလေးတွေ မရောက်ဖူးပါ ဘူးဆိုတော့ တိရစ္ဆာန် ဥယျာဉ် လိုက်ပို့ရတယ်။
အရေးထဲ မဝိုင်းတင်က “ကိုမောင်ထွန်း ပျော်လား”လို့ နောက်နေသေးတယ်။

အိမ်ရောက်တော့ ကျန် ငွေ ၁၅၀၀ဝ ပေးရတယ်။
“ငါးထောင်က မဝိုင်းတင်ကို ပွဲခပေးရဦးမှာ”လို့ ပြောသွားတယ်။ ကားခလည်း မယူဘူးပြောပေမယ့် တစ်သောင်း ပေးလိုက်ရတယ်။
နောက်တော့ စိတ်မော လူမောနဲ့ ခုတင်ပေါ်မှာ ပက်လက်လှန် လှဲချလိုက်တယ်။
ဒီတော့ ခဏတွင်းဖြစ် ပျက်မှုတွေကို ရုပ်ရှင်ပြကွက် လေးတွေလို မာယာငွေရဲ့လှုပ်ရှားမှုကို မြင်နေမိတယ်။ မြင်ရင်း မြင်ရင်းနဲ့ ရွာက လက်ထပ်တော့မယ့် ချစ်သူကို ဘယ်လိုကနေဘယ်လို သတိ ရသွားတယ် မသိဘူး။ အိပ်ရာထဲကနေ ငေါက်ခနဲ ထ ထိုင်မိတယ်။
ရင်တွေ တဒိုင်းဒိုင်း ခုန် နေတယ်။ ချွေးတွေပြန်နေတယ်။

“ဟိုက အပြောကောင်း၊ အချွဲကောင်းတာနဲ့ စတုတ္ထ ကလေးအဖေ ဖြစ်သွားမယ်”
မဝိုင်းတင်ရဲ့စကားသံ ကို ပဲ့တင်ကြားနေရတယ်။

မဖြစ်ဘူး။ မဖြစ်ဘူး။ ခွင့်ယူပြီးရွာကိုပြန်မှ။ သီတင်း ကျွတ်ရင် လက်ထပ်မှ။ ချစ်ရတဲ့သူနဲ့ အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ကို နေမှ တစ်သက်တာ စိတ်ချမ်းသာမယ်။
ဒီဝင်း ဒီအိမ်ကို ရောင်းရမယ်။ ဘယ်သူတွေ ဘာပြောပြော မာယာငွေနဲ့ စတုတ္ထ အကြိမ် ပတ်သက် ရပေဦးမယ်။

11 comments

  • etone

    July 8, 2010 at 2:40 am

    ရေးထားတာကောင်းလွန်းလို့ တစ်ထိုင်ထဲမျက်နှာမလွဲနိုင်အောင်ပဲဖတ်ခဲ့ရတယ် ။ ကိုယ်တိုင်ရေးတာလား။

  • josher

    July 8, 2010 at 6:27 am

    အရမ်းသဘောကျပါတယ်ဗျာ…အရေးအသားကလည်း ကောင်း….အကြောင်းအရာကလည်း ဖြစ်ရပ်အမှန်လို့ မှတ်ယူရတာကြောင့်
    တစ်ထိုင်တည်းပြီးအောင်ဖတ်လိုက်တော့တယ်။အင်း..ဒါမျိုးတေါက တစ်ကယ်ရှိတက်တယ်နော်….

  • babymay

    April 8, 2011 at 4:09 am

    ဖတ်လို့အရမ်ကောင်းပါတယ်။။ အားပေးသွားပါတယ်။

  • nigimi77

    April 8, 2011 at 5:35 am

    အရေးအသား တကယ် ကောင်းတယ်။ တကယ်ကို ကိုယ်တိုင်ရေးတာဆိုရင်ပေါ့။

  • winkyawaung

    April 8, 2011 at 7:25 am

    အရေးအသား ကောင်းပါတယ်။ ဝထ္ထု များများရေးသူဖြစ်ပါမည်။ ကိုယ်တိုင်ရေးစာမူဆိုရင်တော့ ရသမြောက်ပါတယ်နော်..။

  • လင်းဝေကျော်

    April 8, 2011 at 10:35 am

    အရေးအသား နဲ့ စကားပြေ ကောင်းပါတယ်။
    အဖွဲ့အနွဲ့ကတော့ နည်းနည်း လွန်တယ်ဗျ။
    ခွေးကိုတိုက်မိတာ လျော်ရမယ်ဆိုတာတော့ မဟုတ်သေးဘူး။
    မှန်နေတယ်ဆိုရင်ပိုတောင် မှ လျော်စရာမလိုတာ။
    ကားမောင်းသမားအနေနဲ့ အလုပ်ထွက်ပြီး နောက်အလုပ်တွေကလည်း ပေါတာပဲလေ။
    သံရုံးကားမောင်းနေတာဆိုရင်သာ ပြန်ရဖို့မလွယ်တာ။ ပုံမှန်ရုံး ဒရိုင်ဗာအလုပ်ကတော့ ပေါလို့။

  • nature

    April 8, 2011 at 2:12 pm

    ဇာတ်အိမ်လေးကဆင်ထားတာတော်တော်ကောင်းတယ်၊အကွက်စေ့တယ်၊ တကယ့်အဖြစ်အပျက်လား၊

  • kopauk mandalay

    April 8, 2011 at 3:14 pm

    ဒီစာမူလေးကို ရွှေအမြုတေ မဂ္ဂဇင်းထဲမှာ မနှစ်တုံးက ဖတ်ဘူးပါတယ်။
    ရေးသူကိုတော့ မမှတ်မိတော့ဘူးဗျာ။

  • intro

    April 8, 2011 at 4:01 pm

    တော်တော်လေး ဖတ်လို့ကောင်းတယ်ဗျာ… တကယ်ပါ

  • kai

    April 8, 2011 at 4:37 pm

    ခိုးကူးစိတ်တွေတော့ ဖျောက်ဖို့လိုပါပြီ..။
    ခရက်ဒစ်မပေး.. ဘာမပေးနဲ့..တော်တော်ဆိုးပါတယ်..။ အဲဒီအတွက် ဝန်ခံတောင်းပန်စာတင်ပေးပါခင်ဗျား..။

    ပွဲစားမ မာယာငွေ – ရေးသူ။ ။ မင်းတင်ထွဏ်း ရွှေအမြုတေ ၂၀၁၀

  • nigimi77

    April 8, 2011 at 5:19 pm

    ဆိုးပါ့ဗျာ။ ကိုယ့်ရည်းစား သူများနဲ ့ ဗိုက်ကြီးရင်တော့ ကျွန်တော်ဟာ အဖေပါလို ့ ပြောမည့်လူ ရှိမယ် မထင်ဘူး။

Leave a Reply