ခြေခင်းလက်ခင်းလေးသာတယ်ပဲပြောမလား… နေသာတယ်ပဲပြောမလား…… လွယ်လွယ်ပြောရရင် အဲ့ဒီနေ့ကမိုးမရွာဘူးပေါ့ဗျာ….. စင်္ကာပူရဲ့ ပူပူနွေးနွေးပဲရှိသေးတဲ့…. Garden By the Bay ကို ခြေဦးတည့်ခဲ့မိပါတယ်….. အပြင်ဆင် အခမ်းနား…အားလုံးအားလုံး သြချစရာတွေပါ….. ဟုတ်ကဲ့… အဲလိုပါပဲ… ရှိနေတဲ့အပင်တွေကလဲ တကယ့်ကို သြချစရာလို့ပဲပြောမလား….. စိုက်ထားပျိုးထားတာတွေမြင်တော့… ရင်ထဲဖြင့်…ကိုယ်သာသူတို့နိုင်ငံလာအလုပ်လုပ်နေရတာ… သူတို့တောင် သနားမိသေး…ဘယ့်နှယ်…. အဘွားအိမ်မှာ ရေမလောင်းဘဲပစ်ထားလဲ များချင်တိုင်းများနေတဲ့ ကစ်စမီကွစ်ဆိုလား… အဲဒါတွေလဲ တယုတယ အလုံပိတ်အခန်းထဲထားလား ထားရဲ့… ကန္တာရပင်ခေါ်မလား… တစောင်းလက်ပတ်လား… ဘာလား အဲလိုအမျိုးအစားတွေလဲ ဟုတ်ကဲ့.. သူတို့လဲဘုရင်တွေဖြစ်နေပါတယ်ခင်ဗျ…. ဒီတိုင်းတောင်ကြည့်လို့မရဘူးနော် ငါးကျပ်လား ဆယ့်နှစ်ကျပ်လား ပေးပြီးဝင်ကြည့်မှရတဲ့… အလုံပိတ်အခန်းကြီးထဲထည့်ထားတာ…. (၀င်တော့မကြည့်ခဲ့ပါဘူး အပြင်ကပဲချောင်းခဲ့တယ်…..) တကယ်တမ်းတွေးကြည့်ရင်…. စင်္ကာပူမှာမွေး စင်္ကာပူမှာပဲကြီးတဲ့ကလေးတွေများ အဲလိုမှမကြည့်ရရင် သူတို့ဒါတွေဒီတစ်သက်မမြင်ဖူးကြဘူးနေမှာဗျ..နော့….. အဲလိုနေရာကိုဝင်ကြည့်ဖို့တန်းစီနေတာကလဲ….. ရွာကဘုရားပွဲ ရဟတ်စီးဖို့စောင့်နေသလောက်ကိုရှိတာဗျို့….. လူတွေထိုင်ဖို့ချပေးထားတာကတော့…. ကိုယ်တွေနိုင်ငံတွေမှာတောင် ရှာမှရှားနေတဲ့ သစ်အချပ်လိုက် အပြားကြီးတွေပဲ…. (ဘာသစ်လဲတော့လာမမေးနဲ့….. သစ်ဆိုသစ်…အမျိုးစားမသိ… အကွက်ကြီးတွေကတော့လှတယ်….) ကဲ… အလကားရတဲ့နေရာလေး ဆက်ပြီး ကြည့်ကြစို့လို့ ကိုယ့်ကိုကိုယ်မောင်းတင်ပြီး ကြည့်မိပါတယ်…. ပိုသနားသွားတယ်ဗျာ….. ဘယ့်နှယ်…. ကန်တော်ကြီးလားဆိုတော့လည်း မဟုတ်… အင်းလျားကန်လားဆိုတော့လည်းမဟုတ်… ဘာဆိုဘာမှမဟုတ်တဲ့…. ရပ်ကွက်ဘေးက ဘောလုံးကွင်းနားကရေအိုင်လောက်ကို….. သေချာ ကန်ပတ်လမ်းလေးဖောက်ပြီး အပင်လေးတွေစိုက်ထားသေးတာဗျ…. ခုံလေးတွေအစီရီနဲ့ပေါ့….. အထင်တော့မသေးနဲ့နော် အဲ့နေရာလဲ အားပေးသူတစ်ပုံတစ်မပဲ……. ကဲကဲ… ဒါတွေကအလကားရတဲ့နေရာမို့ မျက်စိထဲဘ၀င်မကျတာနေမယ်လို့ ကိုယ့်ဘာကိုယ်အားပေးပြီး နောက်တစ်နေရာချီတက်လိုက်မှ ရင်ထဲတစ်မျိုးကြီးဗျာာာာာ…. ဘယ့်နှယ်..ငယ်ငယ်က ပြည်သူ့ဥယျာဉ်ထဲက ကြိုးတံတားဆိုတာ ရန်ကုန်နေဖူးသူတိုင်း တော်ရုံရောက်ဖူးမယ်ထင်တာပဲ… အဲ့တံတားလိုပဲ ဒါပေမယ့်သူကနည်းနည်းပိုမြင့်တာလေးတော့သာတာပေါ့…. အဲ..နောက်တစ်ခုကသူကသိပ်တော့လှုပ်မယ်မထင်ဘူးဗျ….. အဲဒါလဲ ငါးကျပ်လား ဆယ့်နှစ်ကျပ်လားပဲ… အလကားတော့မဟုတ်ဘူး………. လူ့သဘာဝကလဲအဆန်းသားလေ…… လမ်းထိပ်ကဘိန်းမုန့်ထက်….. ဟိုတယ်ပေါ်က ရွှေနားကွပ်ပန်းကန်ပြားထဲက ဘိန်းမုန့်ပိုကောင်းတယ်ထင်ကြတာပဲ…. အဲဒါကြောင့်မို့ပြောကြတာ….. အဆင်းထက်အချင်းကအရေးကြီးတယ်ဆိုတာ…. အဆင်းမရှိသူတွေပြောတဲ့ စိတ်ဖြေစကားတဲ့……(မှတ်ချက်…ကျုပ်ပြောတာမဟုတ်ဘူးရယ်ဗျ… ကြားဖူးတာလေးပြောတာ) စစရောက်ချင်းတုန်းကတော့… မြင်မြင်သမျှအဆန်းချည်းပေါ့….. ဓာတ်ပုံများ အမှိုက်ပုံးနားလေးရိုက်ရင်တောင် လှနေတာ ကိုယ့်စိတ်ထဲမှာတော့…. စင်္ကာပူမှာချီးကျူးစရာတစ်ခုက…. သူများအိတ်ထဲကပိုက်ဆံဘယ်လိုယူရင်ကောင်းမလဲဆိုတာ သိတဲ့သူတွေ အများကြီးရှိတယ်….. (ခါးပိုက်နှိုက်ကိုပြောတာမဟုတ်ရပါ) လက်ပစ်ကူးတတ်သူတွေများ ကူးရင် ဆယ့်ငါးစက္ကန့်လောက်နဲ့ တစ်ဖက်ကမ်းရောက်သွားမယ့်ချောင်းသာသာဟာလေး… သူတို့ကတော့ Riverတဲ့ဗျာ… အဲ့ထဲမှာလဲ စက်တပ်ထားတဲ့ ဘုတ်သဘောင်္လေးတွေ စုန်ဆန်ကူးပြီး ဒေါ်လာတွေသဲ့နေတာ…. ပြောမယ့်သာပြောတာ စင်္ကာပူက လှေတွေသဘောင်္တွေကတော့အကျိုးပေးတယ်ဗျ…. ဟိုးမြို့လယ်က သဘောင်္ကြီးကိုရွက်ထားတဲ့တိုက်ထဲမှာလဲ….. ဆယ်ပေသာသာမြောင်းလေး…. (သိမ်ဖြူနားက မြောင်းကြီးကသူ့ထက်တောင်ကြီးသေး…) အဲ့မြောင်းထဲမှာ ကိုယ့်ဘာကိုယ်ထည့်ထားတဲ့ရေထဲလဲ လှေလေးတွေထည့်ထားပြီး အိမ်ထဲလှေစီးတဲ့ရသလိုချင်သူများအတွက်…. ၀န်ဆောင်ပေးသေးတာဗျို့….. အကုန်လုံးခြုံပြောရရင်…. သူတို့ကိုချီးကျူးတယ်ဗျ….. စင်္ကာပူဆိုတာ…(ကြားဖူးနားဝလူတွေသိပါတယ်) ထွက်ကုန်ဆိုလို့ လူပဲရှိတာ.. ဒါတောင် သူတို့စင်ကာပူးရီးယန်းဆိုတာတကယ်တော့ မလေးအနွယ်တွေပဲ…. တစ်ချို့ကဟာသလုပ်ပြောတယ်… စွန့်ပစ်ရေ ပြန်သန့်စင်ပြီးသုံးတယ်တဲ့….. ဘာမှရှိတာမဟုတ်ပါဘူးကွာတဲ့…. အဲလိုပြောနေတဲ့သူတွေ… ခဏလောက်လာကြည့်ပါ… အကုန်ထွက်တဲ့ ကျုပ်တို့တွေ ဘယ်လောက်တောင် နောက်ကောက်ကျနေပြီလဲလို့….. ဒီကစင်ကာပူးရီးယန်းတွေ… သူတို့ကိုယ်သူတို့ စင်္ကာပူနိုင်ငံသားဖြစ်ရတာသိပ်ဂုဏ်ယူကြတယ်….. (မှတ်ချက်… နောက်မှပြောင်းလာသူများကိုမဆိုလို… နဂိုမူရင်းများကိုသာဆိုလိုသည်) သူတို့နိုင်ငံမှာ… အဖြူကောင်တွေတောင် လာလုပ်ကြတယ်….. စင်္ကာပူပတ်စ်ပို့ကိုင်ထားရင် ကမ္ဘာအနှံ့ နိုင်ငံတော်တော်များများ ဗီဇာမလိုဘာမလိုလေ…… ကျုပ်တို့ကော…. ကိုယ့်နိုင်ငံသားဖြစ်ရခြင်းတွေကို ဂုဏ်ယူတတ်နေပြီလား…… ကြားဖူးတယ်ဗျ…. စင်္ကာပူက ရန်ကုန်ကိုမှီအောင် နောက်နှစ် ၃၀ဆိုလား ဘာလား……ဟိုးးးးးးးးးတုန်းကဘဘလီကွမ်ယု ပုံလာပြောသွားတာလေ…… တကယ်တော့ ချီးကျူးသလိုလိုနဲ့ ကျုပ်တို့ကို မြှောက်ချတာဗျ… မြှောက်လို့မြောက်နေတုန်း ပြန်ရိုက်ချသွားတာဘယ်သူမှမသိလိုက်ဘူး…. ကိုယ်တွေအကျင့်ကလဲ ချီးကျူးခံရလို့ကတော့ ပြောမဆုံးပေါင် တောသုံးထောင်လေ…. အမှန်ပြောရင်သာ လက်မခံကြတာ…. နိုင်ငံကြီးသားပီသဖို့လဲ ကြိုးစားနေကြတာကြာပြီ…. ဒါပေမယ့် ပြည်လမ်းမကြီးပေါ်လဲ စီးလာတဲ့ကားမှအားမနာ… ပြောင်းဖူးရိုးက ပစ်ချတုန်း….. စည်းကမ်းလိုက်နာတယ်ဆိုတာ ဂုဏ်ယူစရာပါလို့မသိတတ်ရင်တောင်… စည်းမရှိကမ်းမရှိဆိုတာက ရှက်ဖို့ကောင်းတယ်ဆိုတာ သိတတ်ရင် ဘယ်လောက်ကောင်းမလဲဗျို့…. ငယ်ငယ်ကတည်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဆိုတဲ့စကားတွေနဲ့ချည်း ကြီးပြင်းလာရတော့လဲ…. ခုနေခါများ ဆင်းရဲတယ်တို့ မဖွံ့ဖြိုးဘူးတို့များ လာပြောကြည့်ပါလား….. ရွာလုံးကျွတ်ကိုထွက်ပြီး ကျီးအာသလိုကိုအာပစ်ဦးမှာ…… တကယ်တော့ မြေပေါ်မြေအောက်သယံဇာတတွေက ဘာမှလုပ်မရဘူးဗျာ… ကျုပ်တော့တကယ်ကိုအဲလိုပဲတွေးတယ်…… အဲဒါတွေပေါချင်းသောချင်းရှိနေတာ တကယ်တော့ ကျိန်စာတွေလားတောင်ထင်တယ်… ဟုတ်တယ်ဗျ…. စင်္ကာပူ ဘာမှကိုမရှိတာပါ….. ဒါပေမယ့်…. ကျုပ်တို့လိုက်ကိုမမှီတော့ဘူး…..

About Win Paing Soe

Win Paing has written 7 post in this Website..

   Send article as PDF