ကျွန်ုပ်နှင့်ချင်ကျားပူ

Win Paing SoeAugust 26, 20121min6019

ခြေခင်းလက်ခင်းလေးသာတယ်ပဲပြောမလား… နေသာတယ်ပဲပြောမလား…… လွယ်လွယ်ပြောရရင် အဲ့ဒီနေ့ကမိုးမရွာဘူးပေါ့ဗျာ….. စင်္ကာပူရဲ့ ပူပူနွေးနွေးပဲရှိသေးတဲ့…. Garden By the Bay ကို ခြေဦးတည့်ခဲ့မိပါတယ်….. အပြင်ဆင် အခမ်းနား…အားလုံးအားလုံး ဩချစရာတွေပါ….. ဟုတ်ကဲ့… အဲလိုပါပဲ… ရှိနေတဲ့အပင်တွေကလဲ တကယ့်ကို ဩချစရာလို့ပဲပြောမလား….. စိုက်ထားပျိုးထားတာတွေမြင်တော့… ရင်ထဲဖြင့်…ကိုယ်သာသူတို့နိုင်ငံလာအလုပ်လုပ်နေရတာ… သူတို့တောင် သနားမိသေး…ဘယ့်နှယ်…. အဘွားအိမ်မှာ ရေမလောင်းဘဲပစ်ထားလဲ များချင်တိုင်းများနေတဲ့ ကစ်စမီကွစ်ဆိုလား… အဲဒါတွေလဲ တယုတယ အလုံပိတ်အခန်းထဲထားလား ထားရဲ့… ကန္တာရပင်ခေါ်မလား… တစောင်းလက်ပတ်လား… ဘာလား အဲလိုအမျိုးအစားတွေလဲ ဟုတ်ကဲ့.. သူတို့လဲဘုရင်တွေဖြစ်နေပါတယ်ခင်ဗျ…. ဒီတိုင်းတောင်ကြည့်လို့မရဘူးနော် ငါးကျပ်လား ဆယ့်နှစ်ကျပ်လား ပေးပြီးဝင်ကြည့်မှရတဲ့… အလုံပိတ်အခန်းကြီးထဲထည့်ထားတာ…. (ဝင်တော့မကြည့်ခဲ့ပါဘူး အပြင်ကပဲချောင်းခဲ့တယ်…..) တကယ်တမ်းတွေးကြည့်ရင်…. စင်္ကာပူမှာမွေး စင်္ကာပူမှာပဲကြီးတဲ့ကလေးတွေများ အဲလိုမှမကြည့်ရရင် သူတို့ဒါတွေဒီတစ်သက်မမြင်ဖူးကြဘူးနေမှာဗျ..နော့….. အဲလိုနေရာကိုဝင်ကြည့်ဖို့တန်းစီနေတာကလဲ….. ရွာကဘုရားပွဲ ရဟတ်စီးဖို့စောင့်နေသလောက်ကိုရှိတာဗျို့….. လူတွေထိုင်ဖို့ချပေးထားတာကတော့…. ကိုယ်တွေနိုင်ငံတွေမှာတောင် ရှာမှရှားနေတဲ့ သစ်အချပ်လိုက် အပြားကြီးတွေပဲ…. (ဘာသစ်လဲတော့လာမမေးနဲ့….. သစ်ဆိုသစ်…အမျိုးစားမသိ… အကွက်ကြီးတွေကတော့လှတယ်….) ကဲ… အလကားရတဲ့နေရာလေး ဆက်ပြီး ကြည့်ကြစို့လို့ ကိုယ့်ကိုကိုယ်မောင်းတင်ပြီး ကြည့်မိပါတယ်…. ပိုသနားသွားတယ်ဗျာ….. ဘယ့်နှယ်…. ကန်တော်ကြီးလားဆိုတော့လည်း မဟုတ်… အင်းလျားကန်လားဆိုတော့လည်းမဟုတ်… ဘာဆိုဘာမှမဟုတ်တဲ့…. ရပ်ကွက်ဘေးက ဘောလုံးကွင်းနားကရေအိုင်လောက်ကို….. သေချာ ကန်ပတ်လမ်းလေးဖောက်ပြီး အပင်လေးတွေစိုက်ထားသေးတာဗျ…. ခုံလေးတွေအစီရီနဲ့ပေါ့….. အထင်တော့မသေးနဲ့နော် အဲ့နေရာလဲ အားပေးသူတစ်ပုံတစ်မပဲ……. ကဲကဲ… ဒါတွေကအလကားရတဲ့နေရာမို့ မျက်စိထဲဘဝင်မကျတာနေမယ်လို့ ကိုယ့်ဘာကိုယ်အားပေးပြီး နောက်တစ်နေရာချီတက်လိုက်မှ ရင်ထဲတစ်မျိုးကြီးဗျာာာာာ…. ဘယ့်နှယ်..ငယ်ငယ်က ပြည်သူ့ဥယျာဉ်ထဲက ကြိုးတံတားဆိုတာ ရန်ကုန်နေဖူးသူတိုင်း တော်ရုံရောက်ဖူးမယ်ထင်တာပဲ… အဲ့တံတားလိုပဲ ဒါပေမယ့်သူကနည်းနည်းပိုမြင့်တာလေးတော့သာတာပေါ့…. အဲ..နောက်တစ်ခုကသူကသိပ်တော့လှုပ်မယ်မထင်ဘူးဗျ….. အဲဒါလဲ ငါးကျပ်လား ဆယ့်နှစ်ကျပ်လားပဲ… အလကားတော့မဟုတ်ဘူး………. လူ့သဘာဝကလဲအဆန်းသားလေ…… လမ်းထိပ်ကဘိန်းမုန့်ထက်….. ဟိုတယ်ပေါ်က ရွှေနားကွပ်ပန်းကန်ပြားထဲက ဘိန်းမုန့်ပိုကောင်းတယ်ထင်ကြတာပဲ…. အဲဒါကြောင့်မို့ပြောကြတာ….. အဆင်းထက်အချင်းကအရေးကြီးတယ်ဆိုတာ…. အဆင်းမရှိသူတွေပြောတဲ့ စိတ်ဖြေစကားတဲ့……(မှတ်ချက်…ကျုပ်ပြောတာမဟုတ်ဘူးရယ်ဗျ… ကြားဖူးတာလေးပြောတာ) စစရောက်ချင်းတုန်းကတော့… မြင်မြင်သမျှအဆန်းချည်းပေါ့….. ဓာတ်ပုံများ အမှိုက်ပုံးနားလေးရိုက်ရင်တောင် လှနေတာ ကိုယ့်စိတ်ထဲမှာတော့…. စင်္ကာပူမှာချီးကျူးစရာတစ်ခုက…. သူများအိတ်ထဲကပိုက်ဆံဘယ်လိုယူရင်ကောင်းမလဲဆိုတာ သိတဲ့သူတွေ အများကြီးရှိတယ်….. (ခါးပိုက်နှိုက်ကိုပြောတာမဟုတ်ရပါ) လက်ပစ်ကူးတတ်သူတွေများ ကူးရင် ဆယ့်ငါးစက္ကန့်လောက်နဲ့ တစ်ဖက်ကမ်းရောက်သွားမယ့်ချောင်းသာသာဟာလေး… သူတို့ကတော့ Riverတဲ့ဗျာ… အဲ့ထဲမှာလဲ စက်တပ်ထားတဲ့ ဘုတ်သဘောင်္လေးတွေ စုန်ဆန်ကူးပြီး ဒေါ်လာတွေသဲ့နေတာ…. ပြောမယ့်သာပြောတာ စင်္ကာပူက လှေတွေသဘောင်္တွေကတော့အကျိုးပေးတယ်ဗျ…. ဟိုးမြို့လယ်က သဘောင်္ကြီးကိုရွက်ထားတဲ့တိုက်ထဲမှာလဲ….. ဆယ်ပေသာသာမြောင်းလေး…. (သိမ်ဖြူနားက မြောင်းကြီးကသူ့ထက်တောင်ကြီးသေး…) အဲ့မြောင်းထဲမှာ ကိုယ့်ဘာကိုယ်ထည့်ထားတဲ့ရေထဲလဲ လှေလေးတွေထည့်ထားပြီး အိမ်ထဲလှေစီးတဲ့ရသလိုချင်သူများအတွက်…. ဝန်ဆောင်ပေးသေးတာဗျို့….. အကုန်လုံးခြုံပြောရရင်…. သူတို့ကိုချီးကျူးတယ်ဗျ….. စင်္ကာပူဆိုတာ…(ကြားဖူးနားဝလူတွေသိပါတယ်) ထွက်ကုန်ဆိုလို့ လူပဲရှိတာ.. ဒါတောင် သူတို့စင်ကာပူးရီးယန်းဆိုတာတကယ်တော့ မလေးအနွယ်တွေပဲ…. တစ်ချို့ကဟာသလုပ်ပြောတယ်… စွန့်ပစ်ရေ ပြန်သန့်စင်ပြီးသုံးတယ်တဲ့….. ဘာမှရှိတာမဟုတ်ပါဘူးကွာတဲ့…. အဲလိုပြောနေတဲ့သူတွေ… ခဏလောက်လာကြည့်ပါ… အကုန်ထွက်တဲ့ ကျုပ်တို့တွေ ဘယ်လောက်တောင် နောက်ကောက်ကျနေပြီလဲလို့….. ဒီကစင်ကာပူးရီးယန်းတွေ… သူတို့ကိုယ်သူတို့ စင်္ကာပူနိုင်ငံသားဖြစ်ရတာသိပ်ဂုဏ်ယူကြတယ်….. (မှတ်ချက်… နောက်မှပြောင်းလာသူများကိုမဆိုလို… နဂိုမူရင်းများကိုသာဆိုလိုသည်) သူတို့နိုင်ငံမှာ… အဖြူကောင်တွေတောင် လာလုပ်ကြတယ်….. စင်္ကာပူပတ်စ်ပို့ကိုင်ထားရင် ကမာ္ဘအနှံ့ နိုင်ငံတော်တော်များများ ဗီဇာမလိုဘာမလိုလေ…… ကျုပ်တို့ကော…. ကိုယ့်နိုင်ငံသားဖြစ်ရခြင်းတွေကို ဂုဏ်ယူတတ်နေပြီလား…… ကြားဖူးတယ်ဗျ…. စင်္ကာပူက ရန်ကုန်ကိုမှီအောင် နောက်နှစ် ၃ဝဆိုလား ဘာလား……ဟိုးးးးးးးးးတုန်းကဘဘလီကွမ်ယု ပုံလာပြောသွားတာလေ…… တကယ်တော့ ချီးကျူးသလိုလိုနဲ့ ကျုပ်တို့ကို မြှောက်ချတာဗျ… မြှောက်လို့မြောက်နေတုန်း ပြန်ရိုက်ချသွားတာဘယ်သူမှမသိလိုက်ဘူး…. ကိုယ်တွေအကျင့်ကလဲ ချီးကျူးခံရလို့ကတော့ ပြောမဆုံးပေါင် တောသုံးထောင်လေ…. အမှန်ပြောရင်သာ လက်မခံကြတာ…. နိုင်ငံကြီးသားပီသဖို့လဲ ကြိုးစားနေကြတာကြာပြီ…. ဒါပေမယ့် ပြည်လမ်းမကြီးပေါ်လဲ စီးလာတဲ့ကားမှအားမနာ… ပြောင်းဖူးရိုးက ပစ်ချတုန်း….. စည်းကမ်းလိုက်နာတယ်ဆိုတာ ဂုဏ်ယူစရာပါလို့မသိတတ်ရင်တောင်… စည်းမရှိကမ်းမရှိဆိုတာက ရှက်ဖို့ကောင်းတယ်ဆိုတာ သိတတ်ရင် ဘယ်လောက်ကောင်းမလဲဗျို့…. ငယ်ငယ်ကတည်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဆိုတဲ့စကားတွေနဲ့ချည်း ကြီးပြင်းလာရတော့လဲ…. ခုနေခါများ ဆင်းရဲတယ်တို့ မဖွံ့ဖြိုးဘူးတို့များ လာပြောကြည့်ပါလား….. ရွာလုံးကျွတ်ကိုထွက်ပြီး ကျီးအာသလိုကိုအာပစ်ဦးမှာ…… တကယ်တော့ မြေပေါ်မြေအောက်သယံဇာတတွေက ဘာမှလုပ်မရဘူးဗျာ… ကျုပ်တော့တကယ်ကိုအဲလိုပဲတွေးတယ်…… အဲဒါတွေပေါချင်းသောချင်းရှိနေတာ တကယ်တော့ ကျိန်စာတွေလားတောင်ထင်တယ်… ဟုတ်တယ်ဗျ…. စင်္ကာပူ ဘာမှကိုမရှိတာပါ….. ဒါပေမယ့်…. ကျုပ်တို့လိုက်ကိုမမှီတော့ဘူး…..

19 comments

  • Inz@ghi

    August 27, 2012 at 1:35 am

    ဟုတ်တယ် ဘာမှမရှိဘူး
    ကျုပ်တို့လည်း လိုက်လို့မမီဝူး

    ဂုဏ်ယူစမ်းပါအေရယ်.
    သီဟပူရ အတွက် အင်ဂျင်နယာဒွေ. မွေးထုတ်ပေးနေတဲ့ တိုင်းပြည်ရယ်ပါ.
    ညင်းညင်း.
    စကားမစပ်. အဲ့မှာ မာကတ္တာ မလိုဝူးလားဟင်
    အန်တီလေးတို့ကို သများအားကျ လွန်းလို့ဘာာာာာာာာာာာာ

    • Win Paing Soe

      August 27, 2012 at 8:30 am

      ဟုတ်တယ်….
      အင်ဂျင်နီယာ.. Accountant…. အားလုံးကတော့ မိတ်အင် မြန်မာတွေများတယ်…..
      မာကတ်တာကတော့လိုမလိုမသိဘူး သူတို့တနိုင်ငံလုံးကမာကတ်တာတွေနဲ့ပဲလုပ်စားနေတာ…..
      နိုင်ငံကိုက ပွဲစားနိုင်ငံလို့တောင်ခေါ်လို့ရတယ်….. 😛

      • ပစ်ပစ်ချန်

        August 27, 2012 at 12:55 pm

        ပိုင်ပိုင်
        သများလည်း လာချင်တယ်
        အမှိုက်ပုံးလေးနားဖြစ်ပါစေ ဒတ်ပုံလေးတော့ ရိုက်ချင်ပါရဲ့
        သများလည်း ၁၀၀% မိတ်အင်မြန်မာပါ
        ခြင်ကျားတော့ ကိုက်ခံနေရပါတယ်
        ချင်ကျားပူတော့ အကိုက်မခံရတေးရို့ဘာာ….. 🙁

    • Pye Kun Zaw

      August 27, 2012 at 12:20 pm

      မလာပါနှင့် ဂီရယ်.. နေထိုင်ခွင့်ပါမစ်တွေ ခက်နေရတဲ့အထဲ

    • Win Paing Soe

      August 27, 2012 at 8:32 am

      ဟုတ်တယ်….
      ဘိုးဘွားပိုင်မြေ… ဘိုးဘွားတွေထားခဲ့တာလေ…သယံဇာတဆိုပြီး ကိုယ့်မိသားစုပိုင်လိုပဲ…. တစ်သက်လုံးသုံးမကုန်ဖြုန်းမကုန်တော့မယ့်အတိုင်းလေ….
      ဘာမှမလုပ်ဘဲ သယံဇာတပေါကြွယ်ဝပါတယ်ဆိုတာကြီး ထိုင်ထိုင်အော်နေတော့….. ဓါးပြတိုက်ခံရတာလဲမဆန်းပါဘူး…….

  • မောင်ပေ

    August 27, 2012 at 9:06 am

    အေးပေါ့အေ
    မှတ်ထားလိုက်ပါတယ်
    ထီပေါက်တဲ့ခါမှ face book က ခင်တဲ့ စင်ကာပူမတွေဆီ သွားလည်ဦးမယ်

  • Foreign Resident

    August 27, 2012 at 9:33 am

    ” စင်္ကာပူရဲ့ ပူပူနွေးနွေးပဲရှိသေးတဲ့…. Garden By the Bay ”

    ဒီ သောက်စင်္ကာပူ တွေ ၊
    အားတိုင်း ယားတိုင်း လှတ ပတ တွေ ၊
    တစ်ခုပြီး တစ်ခု ဆောက်နေတယ် ။
    ခေတ် နောက်ကျမှာစိုးလို့ သွားကြည့်ရဦးမယ် ။

    စာရေးသူကလည်း ဓါတ်ပုံလေးနှင့် တွဲတင်တာ မဟုတ်ဖူး ။

    • Win Paing Soe

      August 27, 2012 at 12:34 pm

      ဟုတ်ပနော်… ဓာတ်ပုံကရိုက်ထားတာတော့ရှိတယ် အဲ့နေ့ကဘက်ထရီကုန်သွားလို့ ပုံတွေသိပ်မကောင်းဘူး….
      နောက်ဆိုပုံနှင့်တကွတင်ပါ့မယ်ဗျို့…..

    • Win Paing Soe

      August 27, 2012 at 12:36 pm

      သွားရင်တော့ ညဘက်သွားဗျို့… နေ့ခင်းကြောင်တောင်ကတော့ မသိရင် နေပြည်တော်ရောက်နေသလားပဲ အပင်သစ်တွေ မြေသစ်တွေနဲ့ ကြည့်ရတာအသားမကျသေးဘူး

  • mocho

    August 27, 2012 at 1:14 pm

    စင်ကာ ပူ မှာ စန်တိုဆာ လို ဖန်တီး ထားတဲ့ ကမ်းခြေတွေ၊ စမ်းချောင်း အတု၊ရေတံခွန် အတုတွေ တေ့ါ် တိုင်း ကိုယ့် နိုင်ငံ က သဘာဝ အလှ စစ်စစ်တွေ ပြေးပြီး မြင် မိတယ်။ စလုံး တွေ က အလှ အတုတွေ ဖန်တီး ပြီး လူတွေကို ဆွဲ ဆောင် တယ်။ ကိုယ့် ဆီ မှာတော့ သဘာဝ အလှ စစ်တွေ ကို ဥပက

  • mocho

    August 27, 2012 at 1:20 pm

    မန့် ရင် း တန်းလန်း မပြီးသေးဘဲ တတ် သွား တယ်။
    ကိုယ့် ဆီ မှာတော့ သဘာဝ အလှ စစ်တွေ ကို ဥပက္ခာ ပြု လို့ စား ဝတ် နေရေး အတွက် လုံး ပန်း နေကြ ရတယ်။ သဘာဝ တောတောင် အလှ အပတွေ ကို ထိမ်းသိမ်း ရမဲ့ အစား ဖျက်ဆီး ပစ်ကြတယ်။ သဘာဝ အလှ အပ ခြေ ပြု တဲ့ ခရီး သွားလုပ်ငန်းတွေ တွင် ကျယ် စေချင်တယ်။

    • Win Paing Soe

      August 27, 2012 at 1:52 pm

      ဘရားသခင်ကတော့ညီတူမျှတူပေးခဲ့မှာပဲ အသုံးမချတတ်သူနဲ့အသုံ့းချတတ်သူပဲကွာမယ်ထင်တယ်…. :)))

      • pooch

        August 27, 2012 at 3:57 pm

        ဟုတ်တယ် အသုံးမချတတ်တဲ့သူတွေ ကြောင့် ဒီလို ကျိန်စာသင့်ရုံမက အောက်ဆုံးတန်းကို ဆင်းသွားရရှာတာ။
        အခုတော့ မျှော်လင့်ချင်ရင်မျှော်လင့်လို့ ရလောက်ပြီလို့ ထင်တာပါပဲ။ ဖြစ်ခဲ့တာတွေ နမူနာယူပြီး မှားခဲ့တဲ့ အမှားတွေ ထပ်မမှားအောင်ပါ။ အနည်းဆုံးတော့ ပြင်ဆင်လို့ ရနိုင်ကောင်းပါရဲ့။

        • Win Paing Soe

          August 27, 2012 at 4:36 pm

          ပြင်ဆင်လို့ကရပါတယ်…. ပြင်ဆင်ချင်စိတ်ပဲလိုတာပါ….
          ခေါင်တွေကနေပြင်ဖို့လိုသလို…. တစ်ယောက်ချင်းချင်းစီကနေလဲ ပြင်ကြရမှာ…..
          တစ်ခုခုမကောင်း….. အုပ်ချုပ်သူခေါင်းဆိုတာမျိုးမဟုတ်ဘဲ….. တိုးတက်လာမယ့်ခေတ်နဲ့အညီ….
          အကျင့်တွေပါ တိုးတက်အောင် လုပ်ကြဖို့လဲလိုသေးတယ်…..
          ဆိုဖာမြင်ရင် ဓားနဲ့ခွဲချင်တဲ့ အကျင့်လေးတွေဖျောက်ကြရဦးမယ်… :)))

        • Inz@ghi

          August 27, 2012 at 6:33 pm

          ကတောက်.
          မိန်းမယူဖို့ရှိနေလို့ပေါ့ကွာ
          နို့မို့ဆို အမိ့မန်မာပြည်ကြ ီးကောင်းအောင်
          အူးဆောင်ပေးချင်မိသား.

          ခိခိ

  • MaMa

    August 27, 2012 at 4:55 pm

    သဂျီးကိုယ်စား ပြောပေးမယ်။
    နှစ် ၁၀၀ဝ ကျိန်စာ [:@]

    • kai

      August 28, 2012 at 12:03 am

      ပုဂံခေတ်ကစတွက်တာမို့.. နှစ်၁၀၀ဝ ကျိန်စာက ပြည့်ခါနီးနေပြီ.. ။ ၁၁၀ဝလောက် အချိန်တိုးပေးလိုက်ရင်ကောင်းမလားပဲ..။ 🙂

      ဒီရွာထဲတင် အစွန်းရောက်တွေ ပိုပိုတွေ့လာရလို့..။
      .. ဖြေစရာတခုက..
      အစွန်းရောက်တွေဟာ.. နောက်ပိုင်းဝင်လာသူတွေထဲကများနေတာပါ..။

      အနိစ္စ..

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 8:59 pm

    ရန်ကုန်ကို မှီအောင် နှစ် (၃၀) လို့
    စင်ကာပူက လူဂျီး ပြောတွားသလို ..
    ရန်ကုန်မြို့ဂျီးကို စင်ကာပူ ပုံစံအတိုင်း လုပ်သွားမယ်လို့ ..
    ဟိုးး လွန်ခဲ့တဲ့ လအနည်းငယ် လောက်က ပြောတာ ကြားဖူးပါဒယ် …
    ဘယ်အချိန် ဘယ်လို ဖြစ်လာမလဲတော့ မသိ ..
    မသေခင်တော့ မြန်မာပြည်ကြီး တိုးတက် ချမ်းသာနေတာ ကြည့်သွားချင်ပါ၏ …

    ပြီးတော့ .. ဘယ်သူမှတော့ မပြောနဲ့ဦး ..
    ခင်ဗျားကို တိုးတိုးလေး ပြောရဦးမယ် ..
    ကျုပ် အခု တန်ခိုးတွေရအောင် တရားထိုင်နေတယ်ဗျ ..
    ကျုပ် တန်ခိုးတွေ ရလာရင်လေ ..
    မြန်မာပြည်ကြီးကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်သွားအောင် ..
    “ဝုန်း” ဆိုပြီး တစ်ခါတည်း ဖန်ဆင်းပစ်လိုက်မှာဗျ …
    ရည်ရွယ်ချက်ကြီးဒါ .. :mrgreen:

Leave a Reply