ရွှေဖရုံသီးဟင်းချို easy cook

weiweiAugust 27, 20121min53726

အခုတလော မိုးအေးအေးမို့ ဟင်းချိုဟင်းပူပူ ချက်သောက်ဖြစ်လေ့ရှိပါတယ်။ ကိုးရီးယားဇာတ်ကားတွေမှာ ရွှေဖရုံသီးဆန်ပြုတ်လို့ ခေါ်တဲ့ ဟင်းရည်တစ်ခုကို စမ်းသပ်ကြည့်ချင်တာနဲ့ စမ်းချက်ကြည့်ဖြစ်တယ်။ အရသာ အထူးကောင်းမွန်ပြီး အရမ်းသောက်လို့ကောင်းပါတယ်။ တရုတ်လူမျိုးတွေ နှစ်သက်တဲ့ ဟင်းရည်တစ်မျိုးလဲဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းများ
ရွှေဖရုံသီး အလုံးခပ်သေးသေးတစ်လုံး၏ တစ်ခြမ်းတိတိ
အသားပြုတ်ရည် ဝ.၅ လီတာ
ကြက်သွန်ဖြူ အမွှာကြီးကြီး ၂ မွှာ
ဆား အနည်းငယ်

ချက်ပြုတ်ပုံအဆင့်ဆင့်
ဖရုံသီးကို အခွံခွာပြီး ဂျစ်တစ်ခုဖြင့် ခြစ်ပစ်လိုက်ပါတယ်။ မုန်လာဥနီသုတ်ရင်ခြစ်တဲ့ဂျစ်ကို အသုံးပြုလိုက်တယ်။ အသားပြုတ်ရည်ထဲကို ကြက်သွန်ဖြူထောင်းထည့်ပြီး ပွက်ပွက်ဆူထဲကို ဖရုံသီးခြစ်ပြီးသားထည့်ပြီး ယောင်းမတစ်ခုဖြင့် စိတ်ရှည်ရှည် ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။ ဆားထည့်ပြီး အရသာမြည်းပြီးလျှင် သောက်လို့ရပါပြီ။ နဂိုအချိုဓါတ်ပါပြီးသားမို့ ဟင်းချိုမှုန့်ထည့်စရာမလိုပါဘူး။ ဖရုံသီးအနံ့ပျောက်သည်အထိ စိတ်ရှည်ဖို့တော့ လိုပါတယ်။

ပူပူ ချိုချိုလေး သောက်လို့ရပါပြီ

26 comments

  • etone

    August 27, 2012 at 11:56 am

    ရုံးက ကကြီးမတွေ … ချက်တာကတော့လေ … ဖရုံသီးကို အခွံမခွာပဲ အတုံးလေးတွေ အနေတော်စိတ်ပြီး ၊ နူးရုံကျိုလိုက်ရပါတယ်(အတုံးပုံမပျက်အောင် မမွှေရပါဘူးတဲ့) ပြီးတော့ အသားလေးတွေ နူးတော့မှ ၊ အခွံလေးတွေကို ဇွန်းနဲ့ ခွာ ချပြီး ကော်ဖီစစ်သလို အစစ်ထဲကို ထည့်ပါတယ် ။ ပြီးမှ ကျိုထားတဲ့ ဖရုံသီးလေးတွေကို တတုံးချင်းစီ စိတ်ရှည်လက်ရှည်နဲ့ အစစ်ထဲကို ဇွန်းနဲ့ ဖိပြီး ချေပစ်လိုက်ပါတယ် ။ ထပ်တလဲလဲ … ကြေညက်နေအောင် ချေပြီးတာနဲ့ .. မီးအေးအေးနဲ့ မီးဖိုပေါ် ပြန်တင်ပြီး နှမ်း ဆီနည်းနည်း ၊ ဆားသကြား လိုသလောက်ထည့်ကာ ခပ်ပြစ်ပြစ်အနေထား ရောက်လုနီးပါးမွှေပါတယ် ။အိုးမကပ်တဲ့ ဟင်းအိုးမျိုးကို သုံးပြီးယောက်မနဲ့ မွှေရပါတယ်တဲ့ .. မဟုတ်လျှင် … တူးနံ ့ရပြီးစားမကောင်းလို့ပါတဲ့လေ … ။ အဲ့ဒါကို အအေးခံပြီး ရေခဲ သေတ္တာထဲ ထားစားကြတယ် ။ တစ်ခါ ကျိုထားပြီးရေခဲ သေတ္တာထဲ ထည့်ထားလျှင် သုံးရက်လောက် အထိ ခံပါသတဲ့ … ။ ဖရုံသီးကို အထူးသဖြင့်နေမကောင်းတဲ့ အချိန် ၊ ခံတွင်းပျက်တဲ့ အချိန်တွေမှာ စားကြတယ်လို့လည်း သိရပါတယ် ။ အမြဲ လိုလို အိမ်မှာဖရုံသီး အနည်းဆုံး သုံးလေးလုံးလောက် ဆောင်ထားတတ်တဲ့ အကျင့်ရှိကြောင့်လည်း သိရပါတယ် ။

    ဟင်းချို အပူအနေနဲ့ ဆိုလျှင်တော့ ရေညှိဟင်းရည်လိုမျိုးတွေ ၊ ပဲငပိဟင်းရည်လိုမျိုး ၊ ငါးခြောက်ဟင်းချို လိုမျိုးတွေလောက်ပဲ အသောက်များတာတွေ့ရတယ် ။ 🙄

    • weiwei

      August 27, 2012 at 1:33 pm

      ဘယ်လိုချက်ရင်ကျေပြီး အလွယ်ဆုံးဖြစ်မလဲလို့ စဉ်းစားပြီး တီထွင်ထားလိုက်တာလေ …. 😛
      ကိုရီးယားတွေ ချက်နည်းသိရလို့ ကျေးဇူးတင်ပါတယ် …
      တခါလောက်တော့ ကိုရီးယားနည်းအတိုင်း ချက်ကြည့်လိုက်ပါအုန်းမယ် …

      • မောင်ပေ

        August 27, 2012 at 7:59 pm

        အန်တီဝေ့ နည်းအတိုင်းလဲ လုပ်စားမယ်
        အိတုံ နည်းအတိုင်းလဲ လုပ်စားမယ်
        အိတုံ ရဲ ့နည်းက ပိုအဆင်ပြေလောက်တယ် ၊ ခံတွင်းမကြာခဏ ပျက်တတ်လို ့ပါ

      • Mobile

        December 16, 2012 at 6:38 pm

        နည်းနည်း ဆားငံသလိုပဲကွဲ့

  • ကို ခင်ခ

    August 27, 2012 at 2:39 pm

    မဝေဝေရော၊ မအိတုံ ပြောတဲ့နည်းရော ဖတ်ကြည့်တာ နှစ်နည်းလုံးက အဆင်ပြေစေတဲ့နည်းတွေပါဘဲ။
    ကျွန်တော်တို့ကတော့ ရွှေဖရုံသီးဆို အတုံးလိုက်ဟင်းချက်ပြီး စားတာပါဘဲ။

  • pooch

    August 27, 2012 at 3:08 pm

    တုန်တုန်ပြောတဲ့နည်းက အပြစ်စားရတာထင်တယ်။ မဝေကတော့ အရည်သောက်ပေါ့။ချက်စားတာက လွဲပြီး တခြားတော့ လုပ်မစားဘူးသေးဘူး။ စမ်းကြည့်ရအုန်းမယ် ။ 😀

  • YE YINT HLAING

    August 27, 2012 at 4:07 pm

    ရှမ်းပြည်မှာနေတုန်းကတော့ ဖရုံသီး ထမင်းနဲ့ ဖရုံသီးဟင်းရည် မကြာခဏ စားရ သောက်ရပါတယ် ။ ချိုတဲ့ အရသာကြောင့် များများ မစားနိုင်ပါ ။

  • ရွှေ ကြည်

    August 27, 2012 at 4:37 pm

    အရည်သောက်ကိုပိုသဘောကျပြီးလွယ်ကူတာကြောင့်စမ်းသပ်ကြည့်ဦးမယ်
    မဝေဝေကျေးဇူးပါ။
    အိတုံပြောတဲ့နည်းလေးကိုတော့နယ်အိမ်ပြန်ဖြစ်မှပဲလုပ်စားကြည့်မယ်။

  • AKKO

    August 27, 2012 at 6:34 pm

    အိမ်မှာတော့ ဖရုံသီးကို အတုံးလိုက်ဟင်းချက်နှပ်တာကလွဲပြီး တခြားနည်းနဲ့ မချက်လေ့မရှိပါဘူး ။ ဖရုံသီးကို ဒီလိုဟင်းရည်လေး လုပ်သောက်လို့ရတယ်ဆိုတာ အခုမှသိတာပါ မဝေရေ ။

  • si tone

    August 27, 2012 at 8:29 pm

    wei wei
    ှSi Tone စားချင်တယ်…. လုပ်ကျွေးမှာလား

    • ကြောင်ကြီး

      August 30, 2012 at 10:29 am

      လာခဲ့ နင့်ကို ငါ တုတ်ကျွေးမယ်…။

  • အရီးခင်လတ်

    August 27, 2012 at 10:01 pm

    ဖရုံသီး က ရာသီတိုင်းမရှိလို့ အာလူး နဲ့ လုပ်ပြီး သောက်ကြည့်မယ်။
    ဒီမှာ ဒီရက် မိုးများ နေပြန်ပြီ။
    နွေလဲ ကုန်ပြီ ဆိုပါစို့။
    နောက်ပိုင်း ပိုအေးဖို့သာရှိတော့တယ်။
    ရာသီကိုက် ဟင်းချို နည်းလေးအတွက် ကျေးဇူးပါ ဝေရေ့။
    တစ်ချိန်က ရင်တွင်းဖြစ် ဖတ်ချင်ပြီ။ 😉

    • Mလုလင်

      August 28, 2012 at 12:10 am

      ငရုတ်ကောင်းလေး နာနာထည့် … ဦးနော့ အဲ့ဒါမှ အေး တာနဲ့ ကွက်တိ ဖြစ်မှာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 27, 2012 at 11:12 pm

    ရွှေဖရုံသီးကို အင်္ဂလိပ်လို ပမ်းကင် လို့ခေါ်ဘာဒယ် 😀
    မွန်လိုကတော့ ပီးထော လို့ခေါ်ဘာဒယ်
    ရွှေဖယုံသီးကို ဆီနဲ့ကျော် မွန်လိုခေါ်တော့ ဟနှားပီးထော ဗမာလို့ခေါ်ဒေါ့ ကျမရှက်ဒယ်
    လို့ မွန်တိုင်းရင်းသားများရဲ့ ရယ်ရွှင်ဖွယ်စကားလေးတစ်ခုရှိပါတယ်
    ရွှေဖရုံသီးဟာ ကျောက်ကပ်ကိုအားပေးဒယ်လို့တော့ပြောဂျဒါဘဲ
    စင်ဒရဲလားပုံဗျင်ထဲမှာ ရွှေဖရုံသီးလည်းပါသပေါ့
    ရွှေဖရုံသီးဆိုတာ စီးးးးးးးးးး မှစားလို့ကောင်းဘာဒယ်
    အများအားဖြင့် အဝါရောင်ရင့်ရင့်ရှိတဲ့ ရွှေဖရုံသီးဟာ စီးးးတဲ့သဘောရှိပါတယ်
    ဆိုလိုတာက
    ရွှေဖရုံသီးဆိုတာ မစီးးးရင်စားလို့မကောင်းပါဘူး
    ရွှေဖရုံသီးများကို ကြိုက်သလောက်ခုတ်ထစ်ထားဘာ
    ပထမဦးဆုံး ကြက်သွန်နီပါးပါးလှီးထားတာကို ဆီသပ်ပါ ကြက်သွန်ဖြူထောင်းထားတာကိုပါ
    ရောပြီးဆီသပ်ပါ ပုဇွန်ထုပ်လက်ကောက်ဝတ်လောက်အကောင်ကြီးလေးငါးကောင်ကို
    တစ်ခါတည်းရောပြီးဆီသပ်ပါ
    ခုတ်ထစ်ထားတဲ့ ရွှေဖရုံသီးတွေကိုပါ ရောပြီးလှိမ့်လိုက်ပါ
    အချိုမှုန့်ကြိုက်သလောက်ထဲ့ပါ 😀
    ငံပြာရည်ကြိုက်သလောက်ထည့်ပါ
    ရေ သင့်တော်သလိုထည့်ပါ
    စပါးလင် ကိုထုပြီးထည့်ပါ
    ( စပါးလင်ဆိုတာ စပါးပင်ရဲ့ လင်ကိုဆိုလိုသလားဘဲ ဘာ့ကြောင့်စပါးလင်ဆိုတာ သိတဲ့သူပြောကြဇမ်းဘာဗျာ )
    ရေဆူလာလျှင် ကြက်ဥ ဖေါက်ထည့်လိုက်ဘာ
    နံနံပင်ကို သင့်တော်ရုံ ပါးပါးလေးလှီးထည့်ပါ
    မယုံရင်လုပ်စားကြည့်
    မှတ်ချက်။ ။ အထက်ပါနည်းအတိုင်း ချက်ပြုတ်စားသောက်ပြီးလျှင် အောက်ပါသီချင်းကိုမဆိုရ
    ပုပု နဲ့ဘဲ…..နေမယ်စိတ်ကူးဒယ်…

  • kai

    August 28, 2012 at 12:13 am

    ယူအက်စ်မှာ.. သရဲနေ့ Halloween မတိုင်ခင်လဆို.. ရွှေဖရုံသီးတွေ အများကြီး..နေရာအနှံ့ရောင်းကြတယ်..။

    ပွဲလည်းပြိးရော.. ပေါမှပေါ..။
    ကိပ်မုန့်..ပူတင်း.. ရွှေဖရုံသီးနဲ့ဆိုင်တဲ့..မုန့်မျိုးစုံလည်း.. ထွက်လာတာပေါ့..
    နာမယ်ကြီးစားစရာထဲ..Pumpkin Soup လည်းပါတယ်.. 🙂

    Why pumpkin carving is symbol of Halloween.?
    Hollowed-out-pumpkins, called jack-o-lanterns can be traced back to the people in Ireland and England who carved out beets, potatoes, and turnips to use as lanterns on this festive occasion. They were named for a miser named Jack who could not enter heaven and played jokes on the devil.
    http://answers.yahoo.com/question/index?qid=20061027213806AAa8Gau

  • Foreign Resident

    August 28, 2012 at 7:40 am

    ဒီမှာတော့ ရွှေဖရုံသီးရဲ့ အသားကိုခြေပြီး ၊
    Pumpkin Soup ခပ်ပျစ်ပျစ် လုပ်သောက်ကြတယ် ။ အရမ်း ပျစ်တယ် ။
    မြန်မာ မုန့်ဟင်းခါး တစ်ပွဲစာလောက်ကို ၄ ဒေါ်လာလောက်နှင့် ရောင်းတယ် ။
    တချို့ အသား ပါတယ် ၊ တချို့ အသား မပါဘူး ။
    ကျနော်တော့ ပါမုန့်နှင့် တို့စား ပြစ်လိုက်တယ် ။

  • Ma Ei

    August 28, 2012 at 8:55 am

    ရွှေဖယုံသီးကို ပါးပါးလှီး မုန့်နှစ်နဲ့ကြော်တာရယ်
    အတုံးလေးတွေတုံးပြီးချက်စားတာရယ်ဘဲ လုပ်ဖူးတာ…
    ပြောင်းဖူး ဟင်းချိုတော့ချက်ဖူးတယ်…
    ရွှေဖယုံသီး ဟင်းချိုဆိုတာလေးလဲ စမ်းကြည့်ဦးမှ…

  • ဆူး

    August 28, 2012 at 10:23 am

    ရွှေဖရုံသီး ကို ငယ်ငယ်ကတည်း က သိပ်စားလေ့ မရှိဘူး အရသာ အရမ်းချိုလို့ မကြိုက်တာပါ။
    တနေ့တုန်းက ဘုန်းကြိးကျောင်းမှာ ကပ္ပိယကြီး ချက်တဲ့ ရွှေဖရုံသီး ဟင်းချို သောက်လိုက်တာ သဘောကျနေလို့ စိတ်ကူးနေတာ.. အခုတော့ နည်းစနစ် သိသွားပြီ လုပ်စားလိုက်မယ်။ ကျေးဇူးတင်ပါတယ်။

  • Zu

    August 28, 2012 at 1:37 pm

    ဗိုက်တောင် ဆာလာပြီ… ရှလွတ်… 🙁

  • nozomi

    August 28, 2012 at 1:59 pm

    ဦးပါရဲ့ဝါဆိုထမင်းရယ် အန်တီဝေရဲ့ ဖရုံသီး ဟင်းချိုရယ်ဆို ကောင်းမှကောင်းလို့ အော်နေရမှာ

    ဖရုံသီးသေးသေးနုနုကို အထဲက အသားတွေဖယ်ပြီး နို့နဲ့ကြက်ဥထည့် ပူတင်းပေါင်းစားတာလဲ အရသာသစ်လေးမို့ စားကောင်းတယ်

    အန်တီဝေက အချက်အပြုတ်ကျွမ်းတော့ တစ်ခု အကူအညီတောင်းရဦးမယ်
    မေမြို့မှာ စားဖူးတာ ဂျုံယိုပြုတ် တချို့လဲ ဂျုံကြိုလို့ ခေါ်သလားလို့
    စားခဲ့ဘူးတာ အနှစ် ၂ဝ ကျော်ပြီ အခုထဲ ထုတ်ထုတ် အရသာလေးနဲ့ စားလို့ကောင်းတာလေး မှတ်မိတုန်း တမ်းတတုန်း
    အဲဒါ ဘယ်မှာ စားလို့ ရမလဲ ၊ အိမ်မှာ လုပ်စားမယ်ဆိုရင်ရော ဘယ်လိုလုပ်ရမလဲ ကူညီပေးပါဦး ဗျာ

    • weiwei

      August 29, 2012 at 10:22 am

      ဦးနို ပြောတဲ့ ဂျုံကျိုကို မန်းလေးမှာ တစ်ခါစားခဲ့ဖူးတယ် …
      အရသာတော်တော်လေးကောင်းပါတယ် …
      အဲဒါနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားပြီး လုပ်စားဖူးပါတယ် … မန်းလေးမှာ စားခဲ့သလိုမျိုး မဖြစ်ပဲ တစ်ခုခုလိုနေသလိုပါပဲ …

      ဈေးထဲမှာ ဒါမှမဟုတ် စီးတီးမတ်မှာ ဂျုံစေ့ဝယ်လို့ရပါတယ် (လတ်တာကိုဝယ်မှ အရသာပိုကောင်းတယ်) … ဂျုံစေ့ကို ၂၄ နာရီလောက် ရေစိမ်ထားရမယ် … အဲဒါမှ ကျိုတဲ့အခါ မီးအားကုန်တာသက်သာမှာဖြစ်ပါတယ် … ကျက်ခါနီးမှ ထန်းလျက် သို့မဟုတ် သကြားထည့်ရပါမယ် … စားခါးနီးမှ ပန်းကန်ထဲကို အုန်းသီးဖတ်လေးတွေ ဖြူးစားရပါမယ် …

  • ကို ခင်ခ

    August 28, 2012 at 9:56 pm

    နာဂရချစ်သူကလည်း အပေါ်မှာချက်နည်းရေးတာ ဘာလို့အမေ့ချက်ခိုင်းမှာလည်း ကိုယ်တိုင်စမ်းလိုက်လေ။

  • ဦးဦးပါလေရာ

    August 29, 2012 at 12:18 am

    ရွှေဖရုံသီးစားပြီးရင် အရမ်းအိပ်ချင်တာကြောင့် တော်တော်ကို စိတ်ကို ချုပ်တီးပြီး တစ်ခါစားရင် နဲနဲပဲစားရပါတယ်။
    ရွှေဖရုံသီးဟာ အရသာအပြည့်အစုံပါပြီးဖြစ်တာကြောင့် အနံ့ပျောက်ရုံဆီလေးသတ်ပြီး ချက်စားလို့ရတဲ့သီးနှံပါပဲ။
    ဒါပေမယ့် မြန်မာတွေ စိုက်တာ စားတာ တော်တော်နည်းတယ်လို့ ထင်မိတယ်။
    ဒီလောက်ကောင်းတဲ့အသီးကို တစ်ခါတစ်ရံကျမှ ချက်စားကြတယ်။
    တရုတ်တွေကတော့ မြန်မာတွေထက် အနည်းဆုံး ဆယ်ဆ စားတယ်လို့ထင်တာပဲ..။

    • weiwei

      August 29, 2012 at 10:28 am

      ကျွန်မငယ်ငယ်တုန်းက ရွှေဖရုံသီးကို မကြိုက်ပါဘူး … အရသာချိုချိုကြီးမို့ ထမင်းနဲ့စားလို့ မလိုက်ဖက်သလိုပါပဲ … ဒါပေမယ့် ကိုရီးယားတွေ တရုတ်တွေ အရမ်းစားကြတာတွေ့လို့ ကျန်းမာရေးအတွက်လဲ ကောင်းတာမို့ အာဟာရစုံအောင် စားကြည့်ပါတယ် … အမျိုးမျိုးချက်စားကြည့်ရင်း ဖရုံသီးကို ကြိုက်လာပါတယ် …
      မှတ်မှတ်ရရ ကျွန်မ ၁ဝ တန်းကျောင်းပိတ်ထားတုန်းက မုန့်လုပ်နည်းတွေ လုပ်ကြည့်တုန်းကပေါ့ … စာအုပ်ထဲက လုပ်နည်းအတိုင်း ဖရုံယိုလုပ်မလို့ ကြိုးစားဖူးတယ် … ကျောက်ဖရုံသီးနဲ့လုပ်ရမှာကို သေချာမဖတ်ပဲ ရွှေ့ဖရုံသီးဝယ်ပြီး လုပ်ခဲ့ဖူးတယ် … 😛 😛

  • ကြောင်ကြီး

    August 29, 2012 at 10:47 am

    ဟာလာကြက် ဘယ်နှစ်ဆယ်သားလောက် ထည့်ရမလဲ ပြောပါအုံး..။

Leave a Reply