အလုပ်မှပြန်ရောက်ရောက်ချင်းပင်… အိပ်ရာထဲသို့ ပစ်လှဲချလိုက်သည်။ နံရံပေါ်တွင်ချိတ်ထားသည့် ပြက္ခဒိန်ကိုတစ်ချက်ကြည့်မိသည်။ ဒီကိုရောက်တာ သုံးလပင်မပြည့်သေး။ အိမ်မှာအမေအဆင်ပြေရဲ့လားမသိ။ သမီးလေးရော နေကောင်းရဲ့လား….။ လှဲနေရင်းနှင့်ပင် ဖုန်းလေးကို ကျွန်မကောက်ကိုင်လိုက်မိသည်။ ဖုန်းထဲတွင်ကျန်သော ပိုက်ဆံမှာတစ်မိနစ်စာလောက်ပင် ရှိတော့၏။ မြန်မာပြည်တွင် ကျန်ခဲ့သည့် သမီးလေးနှင့်စကားပြောချင်တာတောင် တစ်လတစ်ခါမျှသာ ကံတရားက ကျွန်မကိုကန့်သတ်ခဲ့သလား ထင်မိသည်။ ဖုန်းကိုသာ ကျွန်မငေးကြည့်နေရင်း မျက်ရည်များအလိုလိုကျလာမိသည်။ လွန်ခဲ့သည့်လတုန်းက ကျွန်မအားပါဆယ်နှင့်ပို့လိုက်သော ကျွန်မသမီး၊တူမလေး၊မောင်လေးနှင့်အမေ့ပုံကိုသာ ပွတ်သပ်ကြည့်ရင်း ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်များ အတားအဆီးမရှိ စီးဆင်းနေတော့သည်။
“ မဂျူး ငိုနေပြန်ပြီလား…. မငိုပါနဲ့.. မဂျူးငိုရင် သမီးလည်းငိုချင်တယ်…”
          ကျွန်မနှင့်အတူ ကျွန်မညီမလေးဝမ်းကွဲပါ သူတစ်ပါးနိုင်ငံတွင် အလုပ်လုပ်ဖို့ရွေးချယ်ခဲ့သည် မဟုတ် လား။ ကျွန်မအတန်းပညာ (၅)တန်းသာတက်ခဲ့သည်။ ညီမလေးမှာ တက္ကသိုလ်တွင် Chemistry နှင့် ဘွဲ့ရ ပြီးသား….။ ယခင်က မြန်မာပြည်အိမ်မှာတွင်ပဲ ကျွန်မအကျီ င်္ချုပ်သည်။ ကျွန်မခင်ပွန်းနှင့် ကျွန်မသမီးလေး (၂)နှစ်သမီးကတည်းက ကွာရှင်းထားကြသည်။ အကျီ င်္ချုပ်ရင်းနှင့်ပင် ငွေစုမဲလေးစုမိသည်။ ငွေစုမဲကိုင်သည့် သူလိမ်သွားသည်နှင့် ကျွန်မအကြွေးသာတင်ခဲ့သည်။ အကြွေးအားဆပ်ရန် နေ့သွင်းကလေး ကျွန်မယူမိသည်။ မိသားစုမပြေလည်သည့်ကြားကပင် (၁၀)ရက်တိုး (တစ်နည်းအားဖြင့် မတ်တိုး)ယူခဲ့မိသည်။ ငွေငါးသောင်း ယူလျှင်…… နေ့စဉ် (၅၀၀)သွင်းရသည်။ ထို(၅၀၀)မှာ အရင်းမဟုတ်ဘဲ ငွေငါးသောင်း မပေးမချင်း ပေးနေရ သော ငွေဖြစ်သည်။ ကြပ်တည်းနေရသောဘဝနှင့်ပင် အတိုးပေါ်အတိုးဆင့်ကာ အတိုးများမှာ အရင်းထက်ပင် အဆမတန်များပြားခဲ့ရသည်။
 နေ့တိုး ၊ မတ်တိုးများကြားထဲ၏ နွံထဲတွင် ကျွန်မရုန်းထွက်ဖို့ ကြိုးစားခဲ့သည်။  စက်ချုပ်ရင်းနှင့်ပင် မစုမိသည့်ငွေအား တစ်လနှင့်တစ်လစုမိရန် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန်အတွက် အေးဂျင့်(Agent) တစ်ခု၏ ပွဲစားတစ်ယောက်နှင့် ချိတ်မိခဲ့ပြီး.. ကျွန်မနှင့် ကျွန်မညီမဝမ်းကွဲ ကျွန်မတို့နှစ်ယောက် မလေးရှားနိုင်ငံ ၊ ဆရီဘန်းဆိုသည့်မြို့ရှိ Golden Dragon Restaurant တွင် Waitress လုပ်ရန် ရောက်ရှိခဲ့သည်။ ကျွန်မ တို့လက်မှတ်ထိုးရသော စာချုပ်ထဲတွင် လစာတစ်လ(၈၀၀)ရရှိမည်။ တနင်္ဂနွေနေ့တိုင်းပိတ်မည်။ တစ်ရက် အလုပ်ချိန်(၁၂)နာရီလုပ်ရမည်။ နေစရာ၊စားစရာပေးမည်။ ကျန်းမာရေးမကောင်းလျှင်ဆေးကုပေးမည်။ သုံးနှစ်အနည်းဆုံးလုပ်ရမည်။ စာချုပ်ထဲတွင် အင်္ဂလိပ်လိုသာ ရေးထားသည် ကျွန်မမောင်လေးဖတ်ပြလို့သာ ကျွန်မသိခဲ့ရသည်။
          ထွက်ခွာမည့်ရက် လေယာဉ်ကွင်းသို့အရောက်တွင် ကျွန်မရင်ထဲတွင်ဆို့နင့်နင့် ဖြစ်ခဲ့ရသည်။ နေ့ခင်းဘက် မလေးရှားနိုင်ငံသို့ရောက်သောအခါ ကျွန်မတို့ကို လာကြိုမည့်သူပေါ်မလာ။ ညသန်းခေါင်အထိ လာကြိုမည့်သူမလာသည့်အခါ ကျွန်မတို့ လေယာဉ်ကွင်းရှိရုံးခန်းထဲတွင်သာ အိပ်စက်ခဲ့ရသည်။ လေအေးပေးစက်၏ အအေးဒဏ်က ကျွန်မတို့မောင်နှမနှစ်ယောက်နှင့် ထိုစားသောက်ဆိုင်တွင် အလုပ်ဝင်မည့် လူအားလုံးကိုပါ အရိုးထဲထိအေးစေသည်။ လာကြိုသည့်မန်နေဂျာမှာ နောက်တစ်နေ့နံနက်မှ ရောက်လာတော့ သည်။ ကျွန်မတို့ ဆရီဘန်းဆိုသည့်မြို့သို့ရောက်သောအခါ  ကျွန်မတို့အလုပ်ခွင်သို့ တန်းဝင်ရောက်ရတော့ သည်။ အလုပ်ဝင်ဝင်ချင်းနေ့ပင် ကျွန်မတို့အားကိုးခဲ့ရသော ကျေးဇူးတင်ခဲ့ရသော အေးဂျင့်နှင့်ပတ်သက်ရျ် အထင်အမြင် တက်တက်စင်အောင်လွဲပေတော့သည်။
                   *******************************************
“မဂျူးမ အလုပ်ချိန်က (၉)နာရီပဲ လုပ်ရတာတဲ့…. စာချုပ်ထဲမှာကျတော့ (၁၂)နာရီတဲ့ ခုတော့ သမီးတို့က (၃)နာရီပိုလုပ်ရတော့မှာပေါ့… အမှန်တော့ ဒါ(over time)ရမယ့် အလုပ်ချိန်ပဲ”
“အေးဂျင့်(Agent)က သေသေချာချာမလုပ်ပေးလိုက်တာလား…။ တမင်ပဲလုပ်တာလား…”
“နောက်ပြီးလစာကလည်း (၉၅၀)ရတာတဲ့… သမီးတို့ကို (၈၀၀)ပဲပေးပြီး သူတို့ဖြတ်ခုတ်ထားတာပေါ့..”
          ညီမလေးခမျာ ငိုမဲ့မဲ့နှင့်ပြောနေတော့သည်။ ကျွန်မလည်းသက်ပြင်းသာ ချနိုင်တော့သည်။
“ဟဲလို… ဖြိုးလေး… ဟဲလို… ဖြိုးအောင်လား…”
“အေး … ဂျူးမငါပြော… နင်အဆင်ပြေလား…”
“အင်း… ငါအဆင်ပြေပါတယ်… ဒီလတစ်သိန်းပဲ ပို့နိုင်ဦးမယ် အကြွေးတွေထဲက အတိုးတွေ အရင်ဆပ်ထားလိုက်နော်…”
“နင်ဒီလို…မျိုးနဲ့ အတိုးတွေပဲဆပ်တော့မှာလား….. အရင်းမကျေဘဲဖြစ်တော့မှာပဲ.. ငါတို့ကိုက စိတ်မပူနဲ့ ဒီမှာက ဘယ်လိုစားစားရပါတယ်…။”
“အင်းပါ..စိတ်မပူပူါနဲ့ ငါအဆင်ပြေပါတယ်…။ အမေရောနေကောင်းတယ်မဟုတ်လား…။ ဖူးလေးရောနေကောင်းလား…”
“နင့်သမီးကတော့ နေကောင်းပါတယ် မေကြီးလည်း နေကောင်းတယ်..။ စိတ်မပူနဲ့..နင်သာအေးဆေး အလုပ်လုပ်”
“အေးအေး.. ငါဖုန်းချလိုက်တော့မယ်နော်…။ ပိုက်ဆံက သိပ်မရှိဘူး…”
          ဖုန်းချကာ ကျွန်မသက်ပြင်းချမိတော့သည်။ တကယ်တော့ ကျွန်မအဆင်မပြေပါ။ မလေးရှားနိုင်ငံရှိ တရုတ်စားသောက်ဆိုင်မှ ကျွေးသောအစားအစာများမှာ ချိုချိုအီအီတွေသာဖြစ်သည်။ ကျွန်မညီမလေးမှာတော့ မညည်းပါ စားသောက်နေတော့သည်။ မောင်လေးပြောသလိုပင် ကျွန်မအကြွေးတွေ အရင်းတောင်ကျေပါ့မလား…။
                             *****************************************
          ကျွန်မတို့နေရသောအဆောင်တွေ မိန်းကလေးသီးသန့် ယောက်ျားလေးသီးသန့်ဖြစ်သည်။ ကျွန်မထက် အသက်(၃-၄)နှစ် ကြီးသူများလည်းပါသည်။ ကျွန်မတို့အခန်းတွင်နေသော မသီတာဆိုသည့် အစ်မမှာ ကျွန်မကိုကြည့်ရျ်…..
“ဂျူးမရယ် စိတ်မညစ်ပါနဲ့…. မတရားအတိုးချေးစားတဲ့သူတွေဟာ တစ်နည်းနဲ့မဟုတ် ၊ တစ်နည်းနဲ့တစ်နည်း ပျောက်ပျက်ကုန်တာ ရောဂါဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် အိမ်မီးလောင်တတ်တာ.. ငါတို့နားက ငွေတိုးမတရားချေးစား တဲ့ မိန်းမတစ်ယောက် အဲသည်အတိုင်းပဲ….”
          ထိုအစ်မပြောမှသာ ကျွန်မပိုစိတ်ပူမိတော့သည် ကျွန်မတို့အိမ်လေးနားမှ အိမ်မှမိန်းမသည် မတရားငွေးတိုးချေးစားသည့်မိန်းမဖြစ်သည်။ နံနက်စာ၊ညစာ ဟင်းချက်ဝယ်စရာမလို နံနက်ဈေးထဲ သွားသည်နှင့် သူငွေတိုးချေးစားထားသော ပျံကျဈေးသည်များမှ အတိုးမရလျှင် ရရာအသီးအနှံ အသားငါးကိုယူတတ်သောမိန်းမဖြစ်သည်။ ကျွန်မကံကောင်းသည်မှာ ထိုမိန်းမဆီမှ ငွေမချေးဖြစ်ခဲ့ပါ။ နောက်ရက်အနည်းငယ်တွင် ကျွန်မယောင်းမဖြစ်သူ မလေးရှားသို့ အလုပ်လုပ်ရန်ရောက်လာတော့မည်။ မလာနဲ့ဟုပြောရန်လည်း ငွေများလက်လွန်ကုန်ပြီဖြစ်သည်။ ကျွန်မယောင်းမဖြစ်သူအလုပ်လုပ်ရန်နေရာမှာ ဝေးသည်ဟုဆိုသည်။ သူမအား အေးဂျင့်(Agent)မှ မည်သို့ဝန်ဆောင်မှုပေးလိုက်လည်း ကျွန်မသိပါ။ နေရာစရာသာရရျ် စားစရာဝယ်စားရမည်ဟုပြောသည်။ လစာမှာ (၉၀၀)ရမည်ဖြစ်သည်။ ကျွန်မတို့နှင့် (၁၀၀)သာကွာသည်။
          အလုပ်တွင်ပင်ပန်းလာရျ် ကျွန်မအိပ်ရာပေါ်သို့လှဲချလိုက်သည်။ ကျွန်မဘေးနားမှ ကျွန်မညီမလေးမှာ လူငယ်ဆိုတော့ ခေါင်းချရုံနှင့် အိပ်မောကျနေပြီ။ အတိုးရော အရင်းပါကျေရန်အတွက် (၃)နှစ်လုံးလုံး ကျွန်မ ချွေးနှင့်သွေးနှင့်ရင်း၍ အလုပ်လုပ်ရဦးမည်။
                             *****************************************
          ညဘက်အလုပ်မှ အဆောင်သို့ ရောက်ရောက်ချင်းပင် ဖုန်းသံထမည်လာသည်။
“ဟယ်လို…..”
“ဂျူးမလား.. ငါဖြိုးအောင်ဟ….”
“နင်ပိုက်ဆံကုန်မှာစိုးလို့ ငါအင်တာနက်ကနေ ဖုန်းခေါ်လိုက်တာ … နင်အဆင်ပြေရဲ့လား…”
“အင်း…ငါပြေပါတယ်…..”
“နင်….ငိုနေတယ်ဆို… မီမီ(ညီမလေး)ပြောတယ်…”
“ငါမငိုပါဘူး….”
          ကျွန်မလိမ်ပြောလိုက်မိသည်။ စိတ်ပူမှာစိုးသောကြောင့်ပင်။
“အားတင်းထားပါဟာ…. မတရားလုပ်တဲ့သူတွေ မတရားခံရမယ်….”
“အင်းပါ….ငါသိပါတယ်.. သုံးနှစ်ပြည့်တာနဲ့ ငါပြန်လာတော့မှာ…”
          စကားပြောရင်းနှင့်ပင် ကျွန်မရင်ထဲဆို့တက်လာသည်။ ငိုသံမပါအောင် ကျွန်မထိန်းကာထားနေမိသည်။
“အေး….နင် လမ်းထဲက ကုန်စုံဆိုင်မိန်းမဆီက ငွေငါးသောင်းချေးထားတယ်ဆို…. အတိုးဘယ်လောက်တောင်လဲဟာ… သူလာတောင်းတာ အတိုးရောအရင်းပါ ကိုးသောင်းရှိပြီတဲ့… အရင်းထက်တောင်များတော့မယ်….”
“အင်းဟုတ်တယ်….”
“သူတို့ကိုငါမေးတယ် ဒီလထိ အတိုးရောအရင်း ကိုးသောင်းတဲ့… အဲဒါနဲ့ငါပြောတယ် ခုလငါးသောင်းပေးမယ် နောက်လလေးသောင်းယူလို့… အဲဒါမရဘူးပြောတယ်.. မရရင်လည်း မယူနဲ့လို့ ကျွန်တော်က သက်သက် ဆပ်ပေးတာလို့ အဲဒါနောက်တော့ ယူမယ်ဖြစ်သွားတယ်… အဲသည်အကြွေးဆပ်ထားလိုက်တယ်…”
          ကျွန်မအသံမထွက်ပေမယ့် ပါးပြင်တွင် မျက်ရည်များကျနေမိသည်။ ကိုယ့်ထက်ငယ်သော မောင်လေးကိုတောင် ကျွန်မအပူတွေပေးနေမိသည်။
“မတရားငွေတိုးချေးစားတဲ့သူတွေဟာ ချက်ချင်းပြန်ခံရတယ်ဆိုတာမမှားပါဘူး ဂျူးမရယ်… ခုအဲသည်မိန်းမတွေ ဘာဖြစ်သွားလဲ နင်သိလား…”
“ဟင်…ဘာဖြစ်လို့လဲ”
          ကျွန်မရင်တွေတုန်သွားမိသည်။ အိမ်များမီးလောင်တာလား….။
“သူတို့ကိုင်တဲ့ စုမဲလေ… သိန်း(၂၀)မဲဆိုတာ … ရပြီးသားမဲစုပြီးသားသူတွေ မပေးနိုင်တာနဲ့ သူတို့ ဆယ်ယောက်စာ သိန်း(၂၀၀)လျော်လိုက်ရတယ်…။ ခုအိမ်ပါရောင်းပေးလိုက်ရတယ်…”
“ဟင်…”
          ကျွန်မ အံဩစွာရေရွတ်မိလိုက်သည်။
“အေးခု အကြွေးသမားတွေကိုလည်း အတိုးရောအရင်းပါပေါင်းခိုင်းထားတယ်…။ အဲသည်ပေါင်းပြီးသားတွေကိုပဲ တစ်လချင်းဖဲ့ဆပ်မယ်ပြောထားတယ်။ သူတို့မတရားယူထားတာ သူတို့သိပါတယ်..နင်သာ နေကောင်းအောင် နေပြီး အလုပ်အေးအေးဆေးဆေးလုပ်…”
“အင်း….အင်း….”
          ဖုန်းချပြီးပြီးချင်းပင် ကျွန်မမနောက်ကျောသို့ ညီမလေးလာဖက်ရှာသည်။ သူမပါးပြင်နှင့် ကျွန်မကျောပြင် ထိလိုက်သောအခါတွင် ကျွန်မကျောပြင်တွင် မျက်ရည်အချို့စိုစွတ်သွားသည်။
“သမီးလည်း ကျောင်းဆက်တက်ချင်သေးတာ.. အမေတို့အဆင်မပြေလို့သာလာရတာ အားတင်းထားပါအစ်မရယ်….ခုအလုပ်က စားသောက်ဆိုင်ဖြစ်ပြီး (Tick money)မယူခိုင်းတာကိုလဲ သမီးတို့ ဆန္ဒပြထားတယ်မဟုတ်လား.. အဆင်ပြေလာမှာပါ…”
                             ****************************************
“ဟယ်လို…..ဟယ်လို ဖြိုးအောင်လား…”
“ဟဲ….ဂျူးမ ငါသူဇာ… ငါဒီကိုရောက်နေပြီ…”
“ဟင်..မသူဇာ..မသူဇာ ရောက်နေပြီလား…”
          ကျွန်မယောင်းမ မသူဇာ၏အသံမှာ ဖုန်းထဲတွင်တောင် အားမရှိသလိုအားလျော့နေသည်။
“အဆင်ပြေလား မသူဇာ”
“ပြေပါတယ်…အလုပ်ကတော့ နင်တို့လိုမဟုတ်ဘူး စက်ရုံဆိုတော့ ဘယ်နားကြည့်ကြည့် တောတွေ တောင်တွေကြီးပဲ…။ အလုပ်ကလည်း ငါကလူသစ်ဆိုတော့ အရမ်းပင်ပန်းတယ်။ ကုမ္ပဏီက လစာပေးတာ ထောင်ကျော်တယ် ငါ(၉၀၀)ပဲရတာ။ လစာထုတ်ရင်ငွေပေးတဲ့သူက အလုပ်ရှင်မဟုတ်ဘူး အေးဂျင့်(Agent)ဟ…။ သူတို့က ငါတို့လစာတွေကို ခေါင်းပုံဖြတ်ထားတာ မတရားဘူးဟာ။ ငါတို့ သူတို့ကို ဝန်ဆောင်ခလည်းပေးထားတာကိုး…”
          မသူဇာအသံမှာ ပြောရင်းပြောရင်း ငိုသံပါလာသည်။ မသူဇာမှာ သားလေးနှစ်ယောက်အား သူ့ညီမဖြစ်သူနှင့်ထားခဲ့၍ ထွက်လာခဲ့သူဖြစ်သည်။
“အေးဂျင့်(Agent)ကို ပြန်ပြောဦးပေါ့ မသူဇာရယ်…”
“သူတို့က ငါတို့ကို အေးအေးလေးနဲ့ ဂျင်းထည့်သွားတာဟ…..။ အေးပေါ့ဟာ… ငါတို့ချွေးတွေ၊သွေးတွေနဲ့ ရုန်းကန်ထားတာတွေကို သူတို့ကဖောက်ထုတ်ပြီး သောက်ကြတယ်…..။ ဖောက်ပြီးသောက်ပြီးသွားရင်း သူတို့ မှောက်ရက်လဲကျမယ့် အချိန်တော့ လာမှာပေါ့…။ ဝဋ်မှာအမြဲ ငရဲမှာအပတဲ့… ဝဋ်ကချက်ချင်းလည်မှာပါ။”
          မသူဇာ၏စကာသံမှာ ကျွန်မနားထဲသို့ စူးနစ်စွာဝင်ရောက်လာသည်။ အသွေးအသားတွေကိုဖောက်… ပြီးရင်းသောက်….၊ သောက်ပြီးရင် မှောက်လဲကျမယ့်အချိန်တဲ့။
“ငါမကျိန်ပါဘူး ဂျူးမရယ်… ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ။ ငါတို့ကနေပေမယ့် ကံတရားကမနေပါဘူး။ ဝဋ်ကမနေပါဘူးဟာ…။ တော်ပြီဟာ ငါ့ကို စကားပြောချင်ရင် ဒီနံပါတ်ဆက်လိုက်နော်.. ငါပင်ပန်းနေလို့ အိပ်ဦးမယ်…..”
          မသူဇာဖုန်းချသွားသောအခါ ကျွန်မဖုန်းလေးကိုသာ ကြည့်နေမိသည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် အိမ်မှပို့လိုက်သော ဓာတ်ပုံလေးအား ဖုန်းကင်မရာဖြင့် ပြန်လည်ရိုက်ထားသောပုံကလေး…။ ကျွန်မကြည့်သော ဖုန်းမျက်နှာပြင်လေးမှာ ဝေးဝါးနေသည်…။ ကျွန်မမျက်ဝန်းစမှ မျက်ရည်များ စီးဆင်းလာပြန်သည်။ ည ၁၂းဝဝနာရီရှိပြီဆိုသော ဖုန်းမျက်နှာပြင်မှ နာရီကို ကျွန်မဝိုးတဝါးသာ တွေ့ရသည်။ ကျွန်မဘုရားရှိခိုးကာ ခေါင်းအုံးပေါ်သို့လှဲချလိုက်၏။ ကျွန်မတို့အားလုံး၏ ချွေး၊သွေးဖြင့်ရင်းနှီးထားသောအရာများ ဖောက်ထုတ်ခံရ ဦးမည်။ ဖောက်ထုတ်ခံပြီးလျှင် သောက်သုံးခံရဦးမည်။ ပြီးလျှင်……………………………………………..။
စူးရှ
24.12.2011
Sunday,9:36PM

About အောင် မိုးသူ

ဘကြီး အောင် has written 222 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။