သိကြတဲ့အတိုင်း ပို့စ် ခေါင်းစဉ် ဆိုတာ ပို့စ် တစ်ခုရဲ့ အသက် ခင်ဗျ။ ကိုက အောက် က စာသားတွေ ဘယ်လောက်ကောင်းအောင်ရေးထားရေးထား ခေါင်းစဉ်နဲ့ တက်Tag မှာ လူအများကို ဆွဲဆောင်မှု မရှိဘူးဆိုလို့ကတော့ အဲဒီပို့စ်မှာ comment တစ်ခုတောင် လာပေးဖို့မရေရာတော့ပါဘူး။ ဆိုတော့………. ပို့စ်ခေါင်းစဉ် ဟာ တော်တော်အရေးကြီး တာကို တွေ့နိုင်ပါတယ်။

၁- target ရွေးတတ်ရပါမယ်။

ဆိုလိုတာက ပို့စ် တင်တယ်ဆိုတာ ဈေးကွက်ထဲကို ကိုယ့်ရဲ့ product တစ်ခု ချပြရသလိုပါပဲ။ ကိုယ့်ရဲ့ ပို့စ်က ဘယ်သူတွေကို အဓိက ရည်ရွယ်ပါသလဲ။ ဒါကို တော့ ကိုယ့်ဟာကိုယ် ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ ကိုယ်က ဘယ်လိုလူမျိုးတွေကို ကိုယ့်ပို့စ်ကို ဖတ်စေချင်တာလဲ။ လူငယ်လား၊လူကြီးလား၊ အပေါ့ဖတ်လား၊ အလေးဖတ်လား။ယောက်ျားလား၊မိန်းမလား။အပျိုလား။လူပျိုလား၊အိမ်ထောင်သည်လား၊ကျောင်းသားလား၊ဘာသာရေးလား။ ဖျော်ဖြေမှုလား၊အပျော်ဖတ်လား၊ ဟာသ လား။ ပညာပေးလား။ ဒီလို ကိုယ့်ဖာသာကို စီစစ်ပြီး ရွေးချယ်သင့်ပါတယ်။

၂- စိတ်ဝင်စားစရာ ခေါင်းစဉ်ပေးတတ်ရမယ်။

ဥပမာ..၁။ ကိုယ်က ဘာသာရေးအကြောင်းပြောချင်နေတာ ဆိုရင် ပို့စ်ခေါင်းစဉ်ကို…

ဘာသာရေးအကြောင်းသိကောင်းစရာ လို့ပေးလိုက်မယ်။ ဒါဆိုရင် ဘာသာရေးကို ( စာလေးပေလေးကြီး အမြင်ဖြင့် မဖတ်ချင်သူများ ) စိတ်မ၀င်စားစွာကျော်သွားပါ လိမ့်မယ်။လူကြီးတွေနဲ့ ဘာသာရေးအကြောင်း သိချင်၊၀င်ပြောချင်တဲ့ သူတွေ သာလျှင် ထိုပို့စ်မျိုးကို စိတ်ဝင်တစားဝင်ဖတ်ပါလိမ့်မယ်။ များသောအားဖြင့် လူငယ် ကောင်လေးကောင်မလေးများက တော့ ဖတ်ခဲလှပါတယ်။

ဘာသာရေးအကြောင်း တစ်စေ့တစ်စောင်း၊ ဘာသာရေးနှင့်လူငယ်။ ဘာသာရေးဆိုတာ၊   လေ့လာသင့်သည့်ဘာသာရေး၊  ဘာသာရေးဘာလဲဘယ်လဲ။ စသည်ဖြင့် ပေးနိုင်ကြပါတယ်။

ဥပမာ..၂၊ကိုယ်က အချစ်အကြောင်းကို ပြောချင်နေသည်ဆိုပါစို့။ ကိုယ့် targetက လူငယ်လူရွယ် လူပျို၊မိန်းမပျိုလေးများ ဖြစ်သောကြောင့် အနည်းငယ်ပေါ့ပေါ့ပါးပါး ပို့စ် ခေါင်းစဉ်ကို ရွေးချယ်သင့်ပါတယ်။ဤသို့သော ခေါင်းစဉ်များကို ပေးခြင်းအားဖြင့် စာဖတ်သူ၏ စိတ်ဝင်စားမှုကို လျှော့ကျစေနိုင်ပါတယ်။

ရည်းစားရှိဖူးသူမဖတ်ရ ( ကိုယ်တွေ့ပါ) ၊ရည်းစားထားသူဒို့ရန်သူ ၊ရည်းစားထားခြင်းနှင့် မြန်မာ့ယဉ်ကျေးမှု ၊ရည်းစားတစ်ထောင်လင်ကောင်တစ်ယောက် ၊ စသည်ဖြင့်…

ထိုသို့လေးပင်နေသော နာမည်များကို ပေးမည့်အစား

ငယ်ကချစ်အနှစ်တစ်ရာ။ အချစ်ဦး။ လမ်းခွဲသွားပေမယ့် လွမ်းဆဲ ပါ မေ…။ ပြဒါးတစ်လမ်း သံတစ်လမ်း၊ ချစ်ခြင်းဖွဲ့အလင်္ကာ။ အချစ်ဆိုတာ။ အကြွေပန်းပေမယ့် ရင်ထဲအထိမွှေးဆဲပါ။ စသည်ဖြင့် ပေးသင့်ပါသည်။

၂-အချိန်အခါကို သိခြင်း

ပို့စ်ခေါင်းစဉ်ပေးရာတွင် အခြေအနေအချိန်အခါကိုလည်း စဉ်းစားသင့်ပါသည်။ နိုင်ငံရေးအခြေအနေ၊ လူမျိုးရေးအခြေအနေ၊ဘာသာရေးအခြေအနေ၊ စသည်တို့ကိုလည်း တွက်ချက်သင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ ပို့စ်ခေါင်းစဉ်သည် အငြင်းပွားဖွယ် အကြောင်းအရာ တို့ကို ရည်ညွှန်းထားပါက..ပြဿနာ အမျိုးမျိုးကို လက်ယက် ခေါ်နေသကဲ့သို့ဖြစ်ပါတယ်။

ဥပမာ။  မြန်မာပြည်သည် ဗမာလူမျိုးတစ်ခုတည်းအတွက်သာ ဖြစ်နေပြီလော  ဟူသော ပို့စ်ခေါင်းစဉ်ကို ကြည့်ပါ။ စာဖတ်သူဟာ ဗမာ ဖြစ်နေပါက..စာကို ဆုံအောင်ပင် ဖတ်မည် မဟုတ်ချေ။ အဆဲခံရမည်မှာ ကြိမ်းသေဖြစ်ပါသည်။လူမြင်ပါက အရိုက်ပင်ခံရကိန်းရှိပါသည်။

သို့ဆိုလျှင် နာမည်ပြောင်းပေးကြည့်ပါမည်။

တိုင်းရင်းသားလူမျိုးများ၏ တန်းတူအခွင့်အရေး   သို့ဆိုလျှင် နိုင်ငံရေးကို စိတ်ဝင်စားသူ တိုင်းရင်းသားရော ၊ ဗမာတွေပါ စိတ်ဝင်တစားဖတ်ကြလိမ့်မည်။ အဆဲခံရခြင်းမခံရခြင်းကတော့ ပို့စ် အထဲတွင် ပါဝင်ရေးသားထားသော စာသားများအပေါ်တွင် သာမူတည်ပါသည်။

၃-စေတနာ

စာရေးသူဟာ ဖတ်သူကို စေတနာထားရပါမယ်။ သန့်ရှင်းသော စေတနာဖြင့် ဗဟုသုတ ရစေချင်လို့ပင်ဖြစ်စေ။ ရယ်စေချင်လို့ပင်ဖြစ်စေ။ ရဿ တစ်ခုခုကို ပေးလိုလျှင်ဖြစ်စေ။လှပသော ရှုခင်းတို့ကို ကြည့်ရှုစေချင်လို့ဖြစ်စေ။ တစ်ခုခုကို မျှဝေချင်လို့ပင် ဖြစ်စေ ရိုးသားရပါမယ်။ သို့မဟုတ်ပါက စာရေးသူရော ဖတ်သူရောအကျိုးမရှိ အချိန်ကုန် သွားတာဘဲ အဖတ်တင် ပါလိမ့်မယ်။ လူမျိုးအချင်းချင်း ခိုက်ရန်ဖြစ်စေခြင်း ၊ ငြင်းခုန်စေခြင်း ၊ အတိုက်အခံဖြစ်စေချင် ခြင်းကြောင့် အဖြတ်သဘောဖြင့် မည်သို့သော ပို့စ်ကို မှ တင်ရန် မသင့်ပါချေ။ ( အဆဲခံရမည် ) ။  ရခိုင်မှာဖြစ်သော ပြဿနာ များကြောင့် ယခု အချိန်တွင် ပိုဆိုးပါသည်။

၎-အကြောင်းအရာအပေါ်မှန်ကန်မှုရှိခြင်း နှင့် စာလုံးပေါင်း

ရမ်းတုတ်ထားသော ပို့စ်များကို ဖတ်ရသည်မှာ ပေါ့ပျက်ပျက်ဖြင့် ဘာမှ အကျိုးမရှိနိုင်ပါချေ။ ခိုင်မာသော အထောက်အထား၊ ဓါတ်ပုံ ၊ သတင်း စသည်တို့သည် ဖတ်သော သူတို့အတွက် အကြောင်းအရာ မှန်ကန်မှု ၏ အသက်ပင်ဖြစ်ပါသည်။ ထို့ကြောင့်မိမိ ပြောလိုသော အကြောင်းအရာ ။ အဖြစ်အပျက်အကြောင်း ဃ ဃ ဏ ဏ သိဖို့လိုအပ်ပါသည်။ စာလုံပေါင်းမှားခြင်း ။ ပို့စ် အဆုံးထိ မပါခြင်း၊ တစ်ခါတစ်လေ ဘာမှပင်ပါမလာခြင်း။ စသည်တို့သည် စာဖတ်သူအတွက် လွန်စွာမှ စိတ်ရှုပ်ထွေး စိတ် ညစ်ညူးစေသော အကြောင်းအရာများဖြစ်ပါသည်။

ပို့စ်ခေါင်းစဉ် လှလှလေးတွေ ပေးပြီး စာဖတ်သူတို့ကို ဆွဲဆောင်နိုင်ပါစေ ဗျာ။

( သိသလောက် ဆရာကြီး လုပ်ထားသည် ၊ အမှားပါက သိသော တတ်သောသူများ ခွင့်လွှတ်စေချင်ပါသည် ခင်ဗျား )

 

 

 

 

About သုရှင်

သု ရှင် has written 44 post in this Website..

ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။ ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။ တိုင်းတိုင်းပြည်သူ လူဟူသမျှ ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။ မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း ကျွန်ုပ်မမြင်..မထင်ပါသေး။ ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန် ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား.. တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။ သုရှင်

   Send article as PDF