ရန်ကုန် လမ်းဘေးဈေးသည် ပိတ်ပင်၊ ထောင်ချမည်ဟု စည်ပင် ထုတ်ပြန်

True FaithJuly 8, 20101min923
မြို့တော်ဟောင်း ရန်ကုန်မှ လမ်းဘေးဈေးသည်တချို့

ရေးသူ – ညိမ်းသူ

ရန်ကုန် (မဇ္ဈိမ)။ ။ မြို့တော်ဟောင်း ရန်ကုန်၏ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်လုံးတွင် ယနေ့မှ စတင်၍ လမ်းဘေးဈေးသည်များ ရောင်းချခွင့် မပြုရန် စည်ပင်သာယာက ပိတ်ပင်လိုက်သည်။

ဇူလိုင်လ ၂ ရက်နေ့ကတည်းက မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများမှတဆင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ တားမြစ်ချက်ကို ကြေညာခဲ့ပြီး ယနေ့မှ စတင်ပြီး ရောင်းချခြင်း မပြုရန်နှင့် တားမြစ်ချက်ကို မလိုက်နာသူသည် ဖမ်းဆီးကာ ထောင်ချအရေးယူခံရမည်ဟု ဆိုသည်။

”ဒီလမ်းပေါ်မှာ လမ်းဘေးဈေးရောင်းသူတွေကို ကြွက်တကောင် ကြောင်တမြီး မမြင်စေရ၊ ယင်း သတိပေးခြင်းကို ဆန့်ကျင်ပြီး ရောင်းချရင် ဖမ်းဆီးမယ်၊ လူကို ထောင်ချသည်ထိ အရေးယူမယ်နဲ့ နောက်ဆုံးမှာ ဆိုင်ကို ရိုက်ချိုးမယ်လို့ ပါတယ်” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းမကြီးပေါ်တွင် ၁ဝ နှစ်ကျော်ကြာ ဈေးရောင်းချခဲ့သူတဦးက ပြောသည်။

ယခင်က မြို့လယ်ကျသော နေရာများတွင်သာ အချိန့်အကန့်အသတ်ဖြင့် ရောင်းချခွင့် ပြုခဲ့သော်လည်း ယခုအခါ ၃၃ မြို့နယ်လုံးရှိ လမ်းမကြီးများ၏ နံဘေး လူသွားလမ်းများတွင် ရောင်းချမှု ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

”အဓိက လမ်းဆိုတာက ကုန်စည်စီးဆင်းနေတဲ့ လမ်းတွေပေါ့။ အဲဒီလို ယာဉ်တွေ ပြေးနေတဲ့ လမ်းတွေမှာ ရှိတဲ့ လမ်းဘေး ဝဲယာ လမ်းဘေး ဈေးသည်တွေကို မရောင်းရဘူးလို့ တားတာ ဖြစ်တယ်” ဟု စည်ပင် အရာရှိတဦးက ပြောသည်။

မြို့တော်ခန်းမတွင် ပြုလုပ်သော မြို့တော်အဆင့်မြှင့်တင်ရေး အစည်းအဝေးမှသည် ဆုံးဖြတ်ချက် ထွက်ပေါ်လာကြောင်း သူက ပြောသည်။

လူဦးရေ ၄ သန်းကျော်ရှိ ရန်ကုန်တမြို့လုံးတွင် လမ်းဘေးဆိုင်ပေါင်း မည်မျှရှိသည်ကို မသိရနိုင်သော်လည်း စည်ပင်သာယာ အငြိမ်းစား အရာရှိတဦး၏ ခန့်မှန်းချက်အရ စမ်းချောင်းမြို့နယ် တခုထဲတွင်ပင် လမ်းဘေးဈေးသည် ၅ဝဝဝ ခန့် ရှိနိုင်ကြောင်း သိရသည်။

”ရန်ကုန်မှာက မိရိုးဖလာ လမ်းဘေးမှာ ဈေးရောင်းသူတွေနဲ့ စားဝတ်နေရေးအတွက် ရောင်းနေသူတွေ ရှိတယ်။ ဒါက ရန်ကုန်ရဲ့ ယဉ်ကျေးမှုလည်း ဖြစ်နေပါပြီ။ အောင်မြင့်မယ့် နည်းလမ်းတော့ မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

ရန်ကုန်မြို့လယ် လမ်းမကြီးများတွင် ယခင်မြင်တွေ့နေကျ လမ်းဘေးဆိုင် အများအပြားကို ယနေ့ မမြင်ရဘဲ ကွမ်းယာသည်အချို့က လက်တွန်းလှည်းများဖြင့် ရောင်းချနေသည်။

”ဒါက အနှေးယာဉ်လေ။ စည်ပင်မှာကို မှတ်ပုံတင်ထားတာ။ တနှစ်စာကို ငွေတသိန်းခွဲ ပေးရတယ်။ ပြီးတော့မှ တနေ့ကို စည်ပင်ကို ဈေးကောက် ၂ဝဝ ကျပ် ပေးရတယ်” ဟု စမ်းချောင်းတွင် ရောင်းချနေသော ကွမ်းယာသည်တဦးက ပြောသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးအဖွဲ့ အဖွဲ့ဝင်တဦးက စည်ပင်အနေဖြင့် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ကာ ဆိုင်များကို သိမ်းသည်အထိ အရေးယူနေကြောင်း ပြောဆိုသည်။

(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

မူရင်း – http://www.mizzimaburmese.com/news/inside-burma/5666-2010-07-07-13-00-42.html

3 comments

  • LadyLinn

    July 8, 2010 at 7:35 am

    လမ်းဘေးဈေးသည်တွေကို ကိုယ်ချင်းစာပါတယ် .ဒါပင်မဲ့ တခါတလေ သူတိုရဲ့ ဆိုင်ဗန်းကို မတော်တဆ တိုက်မိသွားလို ့တောင်းပန်တာတောင် မကျေနပ်တဲ့ မျက်နာမျိုးတွေနဲ ့ အကြည်ခံရ တာတွေ ..တချိူ ့ဈေးသည်တွေဆို ရန်တောင်တွေ ့သေးတယ် လူသွားလမ်းမှာ အဒီ ရန် ကို ကြောက် လို ့လမ်းမပေါ် က လျှောက်တော့လည်း ကားသမားက ဆဲပြန်ရော…:(

  • etone

    July 8, 2010 at 7:57 am

    LadyLinnပြောတာဟုတ်တယ် ။ လမ်းဘေးဈေးသည်တွေကိုစာနာမိပါရဲ့ ဒါပေမဲ့လည်း တခါတလေ စည်းကမ်းမဲ့လမ်းပိတ်ပြီးရောင်တာတွေကြောင့်လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တာအကြိမ်ကြိမ်ပါဘဲ။ လသာဘုံကျောင်းဘေးမှာဆိုရင် လူတစ်ကိုယ်စာတောင်မနည်းသွားရတဲ့အခြေနေမျိုးပါ ။ ဆိုင်ခန်းခတွေကလည်းဈေးကြီးတော့ လမ်းဘေးဈေးသည်တွေဖြစ်ကုန်တာပါ ။
    သူတို့ကိုနေရာသတ်သတ်မှတ်မှတ်လေးပေးပြီးရောင်းခိုင်းရင်လည်း အဆင်ပြေတာပဲလေ ။ အခြေခံလူတန်းစားတွေအတွက်က လမ်းဘေးဈေးသည်ပဲအားကိုးနေရတာကိုး ။ (zamate ရေ thank you ပဲ ဘူလေးလဲမှာcommentရေးပေးတဲ့အတွက်ပါ)

  • cobra

    July 8, 2010 at 10:38 am

    ဟုတ်ပါတယ်…ladylinnပြောတာတွေ…။ဈေးသည်တွေကတဖြည်းဖြည်းနဲ့များလာပြီ။လှည်းတန်းလိုနေရာမျိုးမှာကြည့်ရင်တွေ့နိုင်ပါတယ်။လမ်းလျှောက်လို့တောင်မရဘူး။ဒီလိုမိုးရာသီဆိုပိုဆိုးတယ်…
    ထီးတွေနဲ့ထိုးမိလို့ထိုးမိ…ထီးကရေတွေသူတို့ဈေးဗန်းထဲဝင်ရင်လည်းကြည့်တဲ့အကြည့်ကကြောက်စရာ…။ဒါပေမယ့်မရောင်းရဘူးဆိုတော့လည်းမကောင်းဘူး။သူတို့စီးပွားရေးလေ။စီးပွားရေးကြပ်တည်းရတဲ့
    အထဲဈေးပါမရောင်းရဘူးဆိုတော့…လုယက်မှုတွေများလာတော့မယ်ထင်တယ်….။

Leave a Reply