စစ်အစိုးရ အခွန် ၂ နှစ်စာကြိုကောက်

True FaithJuly 8, 20101min1004

ရေးသူ – ဆလိုင်းထွန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အသေးစား စက်မှုလုပ်ငန်းများ အားလုံး ၂ နှစ်စာ ကြိုတင်အခွန်ပေးဆောင်မှသာ လုပ်ငန်းလိုင်စင် သက်တမ်း တိုးပေးမည်ဟု မြို့တော် စည်ပင်နှင့် အခွန်ဦးစီးဌာနက ညွန်ကြားထားသည်။

ယခင်က ၃ လ တကြိမ် ပေးဆောင်ရသော်လည်း ယခုအခါ ၂ဝ၁၁ နှင့် ၂ဝ၁၂ ဘဏ္ဍာရေးနှစ်များအတွက် ၂ နှစ်စာ ကြိုတင်၍ အခွန်ပေးဆောင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်ဌာနက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

စတိုးဆိုင်၊ အလှပြင်ဆိုင်၊ မိတ္တူဆိုင်၊ ဓာတ်ပုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးဆိုင်များအပြင် တွင်ခုံ၊ ဝပ်ရှော့၊ ပုံနှိပ်စက် စသည့် အသေးစားစက်မှု လုပ်ငန်းများ ကြိုတင်ဆောင်ရမည့်လုပ်ငန်းများတွင် ပါဝင်သည်။

’’မြို့နယ်စည်ပင် လာအကြောင်းကြားတယ်။ ၂ နှစ်စာ အခွန်ဆောင်ဖို့။ ဒီလကုန်နောက်ဆုံး ဆောင်ရမယ်လို့ ပြောသွားတယ်’’ ဟု လသာမြို့နယ်ရှိ အလှပြင်ဆိုင် ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ရှိ လမ်းဘေး လ္ဘက်ရည်ဆိုင်တဆိုင်၏ မြင်ကွင်း

မိတ္တူဆိုင်၊ ဓာတ်ပုံဆိုင်၊ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နှင့် တွင်ခုံ၊ ဝပ်ရှော့၊ ပုံနှိပ်စက်စသည့် အသေးစားစက်မှု လုပ်ငန်းများက အမြတ်ခွန် တမျိုးတည်းသာ ပေးဆောင်ရမည်ဖြစ်ပြီး စတိုးဆိုင်၊ ဆေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်များက ကုန်သွယ်ခွန်နှင့် အမြတ်ခွန် ၂ မျိုးစလုံး ပေးဆောင်ကြရမည်။

လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များသည် ယခင်က အမြတ်ခွန်တမျိုးသာ ပေးဆောင်ရသော်လည်း ယခုနှစ်တွင် ကုန်သွယ်ခွန်ပါ ထပ်မံပေးဆောင်ရန် အခွန်ဌာနက တိုးမြင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရက်သတ်မှတ်မှုမှာ နေရာလိုက်ပြီး ကွဲပြားမှုများရှိနေသည်။ လသာမြို့နယ်တွင် ယခုလကုန် နောက်ဆုံးထား အခွန်ဆောင်ရန် ညွှန်ကြားသော်လည်း အင်းစိန်မြို့နယ်တွင်မူ မေလ ၁၂ ရက်နေ့ နောက်ဆုံးရက် သတ်မှတ်ခဲ့သဖြင့် ၂ နှစ်စာ အခွန်ဆောင်ခဲ့ရကြောင်း စော်ဘွားကြီးကုန်း ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ပြောသည်။

‘’ မလုပ်လို့မရတော့ မရှိရှိတာစုပြီး လုပ်ရတယ်။ ကိုယ့်မှာ အခြားအလုပ်မှ မရှိပဲ။ ဆောင်လိုက်ရတာပေါ့’’ ဟု သူက ပြောသည်။

၁၉၇၆ အမြတ်ခွန်ဥပဒေအရ ဆိုင်ခန်းဖြင့် သေချာကျနစွာရောင်းချပြီး တလဝင်ငွေ ကျပ်တသောင်း ကျော်လွန်ပါက အမြတ်ငွေ၏ ၁ဝ ရာခိုင်နှုန်းကို အမြတ်ခွန် ပေးဆောင်ရသည်။

ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင် စသည့် ဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများအပေါ်တွင် စားသုံးသူက ပေးဆောင်ရသည့် အခွန်အမျိုးအစား ဖြစ်ပြီး ၁ဝ ရာခိုင်နှုန်းပင် ကောက်ခံသည်။

၁၉၉ဝ ခုနှစ်က ပြဌာန်းခဲ့သော ကုန်သွယ်ခွန်ကိုမူ နိုင်ငံပိုင်ကဏ္ဍ၊ သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ၃ ရပ်စလုံးအပေါ်တွင် ကောက်ခံပြီး နိုင်ငံတွင်း ကုန်စည်ထုတ်လုပ်ရောင်းချသူ၊ ပြည်ပမှ ကုန်စည် တင်သွင်းသူနှင့် နိုင်ငံတော်အတွက် အခကြေးငွေရယူသော ဝန်ဆောင်မှုလုပ်ငန်း တရပ်ရပ်ကို လုပ်ဆောင်သူများသည် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်သည်။

အခွန် ၂ နှစ်စာ ကြိုတင်ပေးဆောင်စေခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများက ဖြေဆိုရန် ငြင်းဆန်သည်။

ဆိုင်ရှင်များသည် လုပ်ငန်းလိုင်စင် သက်တမ်းတိုးရန်အတွက် သက်ဆိုင်ရာ မြို့နယ်အခွန်ဌာနများက ပေးပို့လာသည့် အခွန်ပေးဆောင်ရန် နှုန်းထားအတိုင်း မြို့နယ် စီးပွားရေးဘဏ်ခွဲတွင် ငွေသွင်းပြီးနောက် ရရှိလာသည့် အခွန်ဆောင်ဖြတ်ပိုင်းဖြင့် မြို့နယ်စည်ပင်ဌာနတွင် လုပ်ငန်းလိုင်စင်သက်တမ်း ထပ်မံတိုးမြှင့်ရသည်။

မိုးရာသီတွင်း အရောင်းအဝယ် နည်းပါးသည့် ကာလတွင် ယခုလို ၂ နှစ်စာ ကြိုတင်၍ အခွန်ဆောင်ခိုင်းသဖြင့် လုပ်ငန်းများ ဆက်လက်လည်ပတ်ရန် ခက်ခဲသွားကြောင်း ကျောက်တံတားမြို့နယ်မှ စားသောက်ဆိုင် ပိုင်ရှင်တဦးက ပြောသည်။

‘’ အရောင်းအဝယ်က ဒီအချိန်ဆို ဘာမှ ရောင်းရတာ မဟုတ်ဘူး။ ငွေက ကျပ်နေတဲ့ အချိန်ဆိုတော့ ပိုဆိုးတာပေါ့။ သူတို့ ကြိုက်သလို အလုပ်ခံရနေမယ့်အစား ဆိုင်ပိတ်လိုက်တာက ပိုကောင်းမယ်။ မလုပ်ရုံဘဲ ရှိတယ်’’ ဟု သူက ပြောသည်။

ရန်ကုန် စည်ပင်သည် ပြည်သူများထံမှ နှစ်စဉ်ရရှိသော အခွန်ငွေမှာ ကျပ်ငွေဘီလီယံ ၅ဝ ခန့် ရှိကြောင်း စည်ပင်မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် အမြတ်ခွန်၊ ကုန်သွယ်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ သိန်းဆုခွန် ဟူ၍ အခွန် ၅ မျိုး ကောက်ခံလျက်ရှိသည်။

(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်။)

4 comments

  • cobra

    July 8, 2010 at 10:29 am

    ခွေးမသားတွေလုပ်ချင်တိုင်းလုပ်နေကြတာဘဲ…။ပြည်သူတွေဘာဖြစ်နေလဲမသိလို့လား။မင်းတို့ကောင်တွေဝဋ်မလည်ကြပါစေနဲ့ကွာ။

  • etone

    July 9, 2010 at 2:52 am

    ဒီလောက်ငတ်ပြတ်ပြီးလူနေမှူအဆင့်တန်းတွေနိမ့်ကျ၊ အကျင့်စာရိတ္တတွေပျက်ပြားလာတောင် သူတို့က မတရားငွေလိုချင်သေးတယ် ။
    2နှစ်စာကြိုပေးခိုင်းမှာပေါ့ ဒါမှသူတို့ဝိုက်ပြီး ခေတ်မကောင်းရင် လစ်လို့ရအောင် ။

  • Endless

    August 6, 2010 at 9:44 am

    ဖြည်းဖြည်းလုပ်ကြပါကွာ…….. ဒီသတင်းကြားရတာ တကယ်စိတ်မကောင်းပါဘူး။ ပြည်သူပြည်သားတွေဆင်းရဲတွင်းနက်နေပါတယ်ဆိုမှ…..အခွန် ၂ နှစ်စာကောက်ရတယ်လို့……ရလာတဲ့ အခွန်တွေက…..ဘယ်တွေရောက်ကုန်လဲ။ အေးပါ..မိုးကောင်းတုန်းတော့ရွာထားကြ မိုးတိတ်မှ သိမယ်

  • Pyaung Gye

    August 20, 2010 at 8:06 pm

    ပြည်သူတွေကို ဖိနှိပ် ချုပ်ချယ်ပြီး ငတ်ပြတ် မွဲတေနေမှ ပြည်သူတွေ နိုင်ငံရေးကိုစိတ်မဝင်စားတော့ဘဲ
    စားဝတ်နေရေး တစ်ခုထဲကိုဘဲ လုံးပမ်းနေအောင်လို့လုပ်တဲ့ – – အောက်တန်းစား တိုက်ကွက်တွေလေ

Leave a Reply