မလေးရှားရောက် မြန်မာတစ်ယောက်ရဲ့ရင်ဖွင့်သံ အပိုင်း ၂

manawphyulayAugust 28, 20121min1153

မနောဖြူလေး။ ။မင်္ဂလာပါ ကိုကြီး။ကျွန်မ သိချင်တာလေးတွေ ဆက်မေးခွင့်ပြုပါနော်။ မလေးရှားရောက် မြန်မာစုံတွဲတွေ ဘယ်လို အိမ်ထောင်ပြုကြသလဲ သိချင်ပါတယ်ရှင်။
ကိုကြီး။ ။ မင်္ဂလာပါ ညီမလေး။ အင်း ပြောရရင်တော့ ကျွန်တော် သိသလောက်ပေါ့လေ သုံးမျိုး သုံးစားရှိကြပါတယ်ခင်ဗျာ။ (၁) သံရုံး ကို အကြောင်းကြားပြီး သံရုံးကို အသိသက်သေထား လက်ထပ်ခြင်း။(၂) အတူတူနေ ထိုင်လက်ထပ်ခြင်း(living together)(to live together) (၃) မိဘဆွေမျိုးများအား အသိပေးကာ မိတ်ဆွေများအား ဖိတ်ကြားပြီး လက်ထပ်ခြင်း ပေါ့လေ။ ပထမ လက်ထပ်နည်း အတွက်က အလုပ်တော့ တော်တော်များတယ်လေ။ မြန်မာပြည်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမူှးတွေဆီမှာ လူပျို၊ အပျိုဖြစ်ကြောင်း ထောက်ခံစာ၊ရဲစခန်းကလည်း မှန်ကန်ကြောင်း ထောက်ခံစာ။ပြီးရင် နိုင်ငံခြားရေးဝန်ကြီးရုံးက လူပျို၊အပျိုဖြစ်ကြောင်း ထောက်ခံစာ တွေရပြီးရင် ဝတ်လုံတော်ရ ရှေ့နေတွေက နိုတြီ အင်္ဂလိပ်လို ဘာသာပြန်ပြီး မှ မြန်မာသံရုံးမှာ ဆေးစစ်ချက်နဲ့အတူ လက်မှတ်ထိုးပြီး မင်္ဂလာဆောင်ခြင်းပါ။ ဒုတိယ လက်ထပ်ခြင်းကတော့ နှစ်ဦး သဘောတူ ( to live together )(အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်သည်)။ တတိယ အမျိုးအစားကတော့ မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းကို မင်္ဂလာဆွမ်းကျွေးပြီး မိတ်ဆွေ သင်္ဂဟများကို ဖိတ်ကြား လက်ထပ်ခြင်းတို့ ဖြစ်ပါတယ်ခင်ဗျာ။ ဒုတိယ နဲ့ တတိယ လက်ထပ်ခြင်းတွေက အများဆုံးတွေ့ရပါတယ်ခင်ဗျာ။ တတိယ လက်ထပ်နည်းကို ပိုသိတာက သူတို့အတွက် ရင်းနှီးမုှနဲ့ ကူညီပြီး ဖိတ်စာတွေကို မိမိကိုယ်တိုင် သက်သာအောင် စီစဉ် ရိုက်နှိပ် ကူညီပေးဘူးတဲ့ အတွက်ပါ ခင်ဗျာ။ ကျွန်တော် သိသလောက် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွေမှာ ရှေ့ ခုနှစ်အိမ်၊နောက် ခုနှစ်အိမ် သိရင် လင်မယားအရာမြောက်တယ်လို့ ဥပဒေမှာ ဖွင့်ဆိုထားပါတယ်ခင်ဗျာ။

မနောဖြူလေး။ ။ကိုကြီးအနေနဲ့ ဘာလို့ အခုလို မြန်မာ့ထုံးတမ်းတွေကို သိရှိနေပါသလဲရှင်။
ကိုကြီး။ ။ဘယ်လိုပြောရမလဲ။ကျွန်တော်က စာပေ ဗဟုသုတတွေကို အမြဲ လေ့လာတယ်။အထက်တန်းရှေ့နေ (H.G.P High Grade Pleader) ကို ဝင်ဖြေဘို့ အတွက် မြန်မာ့ ဥပဒေတွေကို လေ့လာဘူးတယ်လေ။အရင်တုန်းက ၁ဝတန်းအောင်ရင် အထက်တန်းရှေ့နေဖြေဆိုခွင့်ရှိတယ်လေ။ပထမပိုင်း (၃)ဘာသာ၊ ဒုတိယပိုင်း (၃)ဘာသာ ဖြေဆိုရတယ်လေ။ အပိုင်း (၂)ပိုင်းလုံးအောင်ပြီးရင် အနည်းဆုံး (၂)နှစ်လက်တွေ့ chamber ဆင်းပြီးရင် နာမည်နောက်ကနေ အထက်တန်းရှေ့နေ(H.G.P) ဆိုပြီးတတ်လို့ရတယ်။ ထမင်းစား လက်မှတ်ရတယ်ပေါ့နော်။ကျွန်တော် နှစ်ပိုင်းလုံးဝင်ဖြေတာ အပိုင်း(၁)ကို အထွေထွေ ဥပဒေ ဂုဏ်ထူးနဲ့အောင်ခဲ့ပေမဲ့ အပိုင်း(၂)က ဘာသာရပ် (၄)၊တရားမ မုှမှာ လက်တွေ့တွေမေးတယ်လေ။ မြေအမုှအတွက် ဘယ်လောက် တံဆိပ်ခေါင်းတွေ တပ်ရမလဲ စသည်ဖြင့် လက်တွေ့တွေမေးတာကြောင့် စာဖတ်ထားတော့ အဲဒီဘာသာရပ်အောင်မှတ်မပြည့်ခဲ့ဘူးလေ။ ဘာသာရပ်(၅)နဲ့(၆)က တော်တော်လေးဖြေနိုင်ခဲ့ပေမဲ့ ဘာသာရပ်(၄)ကြောင့် အပိုင်း(၂) မအောင်ခဲ့ပါဘူး ခင်ဗျာ။နောက်နှစ်ဖြေမယ်လို့ လုပ်တော့ အထက်တန်းရှေ့နေစာမေးပွဲတွေ ဖြေဆိုခွင့်တွေကို အစိုးရက ရပ်ဆိုင်းလိုက်တာ အခုအချိန်အထိပေါ့လေ။ ရယ်စရာလေးတွေ ညီမလေးကို မေးမယ်နော် ။ ဖြေနိုင်ရင် ဖြေပါနော်။
မြန်မာ့ထုံးတမ်းဓလေ့မှာ ရှေ့ခုနှစ်အိမ်၊နောက်ခုနှစ်အိမ် သိရင် ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်တယ်လို့ဆိုထားတယ်နော်။အဲဒါဆို ဥပဒေရေးသူက အမျိုးသားမို့ပေါ့။ အမျိုးသမီးသာဖြစ်ခဲ့ရင် ထမီတန်းတင် အကြင်လင်မယားဖြစ်မှာပေါ့နော်။ဟုတ်လား ညီမလေး။လူပျို၊အပျိုဖြစ်ကြောင်းထောက်ခံချက် ဆိုတော့ သူတို့က အဲဒီလူ လူပျို၊အပျိုဖြစ်ကြောင်း ဘယ်လို သိလဲဟင်၊ဖြစ်သင့်တာက တရားဝင် အိမ်ထောင်မကျဘူးသူလို့ပြောရင် မမှန်ဘူးလား ညီမလေး။ မြန်မာစာက အရေးအသားတစ်ခုမှာ ဖွင့်ဆိုချက်တွေက အမျိုးမျိုးထွက်တယ် မဟုတ်လား ညီမလေး။ကဲပါ ကိုကြီးက
အားလုံး စာဖတ်ပရိသတ်တွေ ပျင်းစရာမဖြစ်အောင်လို့ ဟာသလေးတွေ ညှပ်ရေးတာပါနော်။ မည်သူကိုမျှ မရည်ရွယ်ပါဘူးနော်။

မနောဖြူလေး။ ။ဟုတ်ကဲ့ပါရှင်။မလေးရှားမှာ အလုပ်အကိုင် အတည်တကျလုပ်တဲ့သူတွေ ရှိပါသလားရှင်။
ကိုကြီး။ ။ဟုတ်ကဲ့ပါ။ ပြောရရင်တော့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အပြောင်းအလဲဆိုတာ ရှိကြတာပေါ့နော်။ အဲဒါကြောင့်မို့လည်း အဆင်ပြေသူ၊ မပြေသူဆိုပြီးဖြစ်သွားတာပေါ့ ညီမလေး။တစ်ချို့က တရားဝင် စက်ရုံ ကောလင်းနဲ့ လာတယ် ။ဒီရောက်တော့ ပါမစ်ကြေးဖြတ်၊ပွဲစားခ ဖြတ်နဲ့ တစ်လတစ်လ ဝင်ငွေက စားဘို့တောင် အနိုင်နိုင်ဖြစ်လာတဲ့သူတွေက နီးစပ်ရာ သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးပြီး တစ်ခြား ဝင်ငွေကောင်းတဲ့ နေရာတွေမှာ ဝင်လုပ်နေကြတာတွေ တွေ့ရပါတယ်။အဲလို သူတွေ အတွက်ကတော့ ရဲရန်တော့ ကြောက်ရတယ်လေ။ အထောက်အထား ပတ်စ်ပို့က မူလ စက်ရုံမှာ ကျန်ခဲ့တာလေ။ ရဲ မိရင်တော့ အိတ်ကပ်ထဲမှာ ပေးဘို့ ဆောင်ထားရမှာပေါ့နော်။မလေးလို (အော်ပရာစီ) Operation လူဝင်မုှကြီးကြပ်ရေးတွေ၊ရဲတွေ၊အရန်ရဲတွေပါတဲ့ အဖွဲ့လိုက်ဖမ်းတာနဲ့ကြုံရင်တော့ ထောင်တို့၊ အကျဉ်းစခန်းတို့ကို ရောက်တာပေါ့နော်။ဒီမှာရှိတဲ့ ရဲတွေကလည်း အင်မတန်မှ လာဘ်စားတဲ့ ရဲတွေလေ။ သူတို့ လာဘ်စားတာက ကောင်းတာရှိသလို၊ဆိုးတာလည်း ဒွန်တွဲနေတယ်လေ ညီမလေး။ကောင်းတာက အဖမ်းခံရတဲ့သူက ပါတာလေးကို ပေးပြီး ငိုပြရင်(အပြောကောင်းရင်ပေါ့နော်)လွတ်လာပြီး အလုပ်ကောင်းတစ်ခုရခဲ့ရင် ငွေရှာနိုင်တာပေါ့နော်။ မကောင်းတာက အကြောင်းမရှိ အကြောင်းရှာပြီး ဖမ်းတာပေါ့ ညီမလေး။ ပါမစ်ရှိတယ်၊အထောက်အထားပြည့်စုံတယ်ဆိုရင် ဖုန်းကို စစ်တယ်။ ဆင်းရဲသားကားတွေ(အဝတ်မပါတာပြောတာနော်။ဆင်းရဲတော့ အဝတ်မကပ်တာပေါ့နော်)။အဲဒါတွေ တွေ့ရင် အမုှဆင်ပြီး ဘယ်လိုဖြစ်နိုင်တယ် ဘယ်လိုဥပဒေရှိတယ်နဲ့ ခြိမ်းခြောက်ပြီး ပါတာ အကုန်ယူတဲ့အပြင် ဖုန်းပါ သိမ်းသွားတတ်ပါတယ် ညီမလေး။ကိုယ်တိုင် ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ညီငယ်လေးတစ်ယောက်နဲ့ နီပေါ နိုင်ငံသားတစ်ယောက်ပြောပြလို့ သိခဲ့ရတာပါခင်ဗျာ။

မနောဖြူလေး။ ။မြန်မာအမျိုးသမီးလေးတွေ နိုင်ငံခြားသားနဲ့ လက်ထပ်ကြတာကော မလေးရှားမှာ ရှိပါသလားရှင်။
ကိုကြီး။ ။ဟုတ်ကဲ့ ရှိပါတယ်ညီမလေး။ အထူးသဖြင့် တရုတ်လူမျိုးတွေနဲ့ ယူကြတဲ့ မြန်မာမ လေးတွေ မြင်ဘူးပါတယ်။သူတို့ကတော့ မိဘတွေ ထောက်ပံ့နိုင်ဘို့နဲ့ သူတို့ ဘဝ ကောင်းစားရေးအတွက် ယူကြတယ်လေ။ သွားပြောလို့ကလည်း မရဘူးလေ။ ဘုရားဟောကြားသလို သူ့ကံနဲ့သူလာတယ်လို့ပဲ ပြောရမှာပေါ့ ညီမလေး။ယောကျင်္ားလေးတွေလည်း တရုတ်မလေးတွေနဲ့ အိမ်ထောင်ကျသူတွေပါ ရှိကြပါတယ်။ သူ့အကြောင်းနဲ့ သူပေါ့နော်။ ကံသာအမိ ကံသာအဖ လိုပေါ့ ညီမလေး။မြန်မာဆရာတော်ဘုရားတစ်ပါးကဆို အမြဲတမ်း ဘုန်းကြီးကျောင်းတရားပွဲတွေတိုင်းမှာ မြန်မာအမျိုးသားတွေက မြန်မာအမျိုးသမီးလေးတွေကို ကူညီစောင့်ရှောက်ကြဘို့နဲ့ ကိုယ့် နိုင်ငံသားအချင်းချင်း လက်ထပ်ကြဘို့ ဆုံးမ သံတွေ ကြားရပါတယ် ညီမလေး။လူတွေဆိုတာကလည်း အခက်သားလား။ ငွေအတွက်ဆိုရင် ဘာမှ မမြင်ကြတော့ဘူးလေနော်။အဘိုးကြီးဖြစ်လည်း သွားမပါချင်နေ၊ ဘယ်နှစ်ယောက်မြောက်ဖြစ်ပါစေ ကားပါရင် တော်ပြီဆိုသလိုပေါ့ ညီမလေး။

မနောဖြူလေး။ ။မလေးရှားမှာ လျှပ်စစ်က အမြဲရပါသလားရှင်။

ကိုကြီး။ ။ဟားးးးးးးးးးးးးးးးးးးးး။မြန်မာပြည်နဲ့ မှားနေပုံရတယ်နော် ညီမလေး။ဒီမှာက မြန်မာပြည်က လို ဘယ်နိုင်ငံကိုမှ လျှပ်စစ် မရောင်းဘူးလေ။ဘယ်ဓါတ်ငွေ့ကိုမှ နိုင်ငံခြားကို ပိုက်လိုင်း သွယ်ပြီး မရောင်းဘူးလေ ညီမလေး။ မြန်မာပြည်မှာ အခု ပိုက်လိုင်းတွေ သွယ်ပြီး ပေါက်ဖော်ကြီးကို ရောင်းနေတယ်ဆိုပဲ၊ နိုင်ငံခြားဝင်ငွေရှာပြီး တိုင်းပြည်ကို ကောင်းအောင်လုပ်ရင်တော့ သာဓုပါ ညီမလေး။ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ဆိုရင်တော့ ဝမ်းသာပါတယ်နော်။ဒီမှာက လျှပ်စစ်မီးကို ၂၄နာရီပေးထားပါတယ်။ပျက်ခဲပါတယ်။ပျက်ရင်လည်း အကြောင်းကြားပြီး ခဏတာ ပြင်ဆင်တာမို့ဘယ်အချိန်ကနေ ဘယ်အချိန်ထိဆိုပြီး သက်ဆိုင်ရာ နယ်မြေတွေကို အကြောင်းကြားပါတယ် ညီမလေး။မီးပျက်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ပျက်ခဲ့ရင်လည်း အချိန်ပိုင်းပါ။ ဖြစ်ခဲပါတယ် ညီမလေး။

မနောဖြူလေး။ ။ရေအခက်အခဲကောရှိပါသလားရှင်။
ကိုကြီး။ ။အရင်တုန်းကတော့ ရေအခက်အခဲတွေ မတွေ့ရသလောက်ပါ။ဟိုတစ်လောကတော့ နယ်မြေတစ်ချို့မှာ ရေအခက်အခဲကြောင့် ရေကားတွေနဲ့ ရေဝေနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်က ချင်းတိုင်းရင်းသူလေးတစ်ယောက် သားငယ်ကို နောက်မှာ ပိုးထားရင် ထမီဝတ်နဲ့ ရေသယ်နေတဲ့ ပုံလေး တရုတ်သတင်းစာ ခေါင်းကြီးပိုင်းမှာ ပါလာတာ တွေ့လိုက်ရပါတယ် ညီမလေး။မလေးရှားမှာက ဖြစ်တာကို တင်ပြခွင့်တွေရှိတယ် သူတို့တတ်နိုင်တာ ကူညီမုှတွေရှိပါတယ်ညီမလေး။

မနောဖြူလေး။ ။လူမှုရေး အခက်အခဲတွေကော ရှိပါသလားရှင်။
ကိုကြီး။ ။ မလေးရှားမှာ လူတစ်ယောက်နဲ့တစ်ယောက် ကူညီမုှဆိုတာ မရှိသလောက်ပါ။မလေး၊ကုလား၊တရုတ်လူမျိုးတွေဟာ ကိုယ်နဲ့ မဆိုင်ရင် ဝင်ပြီး မပါကြတာကို တွေ့ရပါတယ်ခင်ဗျာ။ရန်ဖြစ်ရင်လည်း ရှောင်သွားတတ်ပါတယ်။ လုယက်မှုတွေ တွေ့ရင်လည်း မသိသလို ကူညီမုှတွေ မရှိတာက မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ကူညီရိုင်းပင်းစိတ်ဓါတ်နဲ့ လုံးဝ ကွာခြားနေကြပါတယ်။ လုယက်သူကို ဝိုင်းရိုက်လို့ ဒဏ်ရာ ရသွားရင်တောင် ရိုက်တဲ့သူကို တရားစွဲတာတွေ တွေ့ရတော့ သူတို့ ဥပဒေကြောင့် ကူညီမုှ မရှိသလောက်ပေါ့နော်။တစ်ခါက မလေးသူလေး ကားမောင်းသူတစ်ယောက်က သူ့ လက်ဆွဲအိတ်ပါသွားလို့ ကားနဲ့ လိုက်တယ်။ လုတဲ့သူက ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်။ တစ်လမ်းမောင်း ပိတ်လမ်းနဲ့ တွေ့သွားတော့ ဆိုင်ကယ်က ပြန်လှည့်လာတယ်။ မလေးသူလေးက ပြန်လှည့်လာတဲ့ လုယက်သူ ဆိုင်ကယ်သမားကို ကားနဲ့ ဝင်တိုက်လိုက်တယ်။ တစ်ယောက်သေပြီးတစ်ယောက်ဒဏ်ရာ ရသွားတယ်။ သူ့ကို ဥပဒေအရ စစ်တယ်တဲ့။ ဒါပေမဲ့ မလေးလူမျိုးဆိုရင်တော့ မလေးနိုင်ငံက မျက်နှာလိုက်တတ်ပါတယ် ညီမလေး။ အခု ရက်ပိုင်းအတွင်း မြန်မာလူငယ်တွေနဲ့ မလေးနိုင်ငံသား ဆာဗားလူမျိုးတွေ ရိုက်ပွဲတွေကို ပူချွန်းနယ်မြေဘက်မှာ ဖြစ်နေပါတယ်။ ဆာဗားနိုင်ငံသားတွေက တွေ့သမျှ မြန်မာလူငယ်တွေကို ဆိုင် ဆိုင် မဆိုင်ဆိုင် လိုက်ရိုက်နေလို့ facebook စာမျက်နှာထက်မှာ မြန်မာတွေက တင်နေတာတွေ တွေ့နေရပါတယ်။ မလေးရှားနိုင်ငံရဲ့ လူ့အခွင့်အရေးက မျက်နှာလိုက်နေတဲ့ သတင်းပေါ့နော်။ မလေးရှားရဲကလည်း သူတို့ နိုင်ငံသားထိရင် နိုင်ငံခြားသား မြန်မာတွေကို ဖမ်းဆီးမုှတွေလုပ်တယ်ဆိုတာကတော့ တစ်ကယ်ဖြစ်ပျက်နေတာပါခင်ဗျာ။ ဘေးရန်ကြည့်ရှောင်ကြပါလို့ မြန်မာနိုင်ငံသားအပေါင်းကို အသိပေးတင်ပြလိုက်ပါရစေခင်ဗျာ။မြန်မာပြည်သူအပေါင်း ဘေးရန်ကင်းဝေးနိုင်ကြပါစေခင်ဗျာ။ စာဖတ်ပရိသတ်အပေါင်းကို ကျေးဇူးတင်လျက်ဖြင့် နောက်ထပ်ကြုံတွေ့နေရတဲ့ မလေးရှားနိုင်ငံအကြောင်းကို ထပ်မံတင်ပြပေးပါအုန်းမယ်လို့ နှုတ်ဆက်ရင်းရပ်နားခွင့်ပြုပါခင်ဗျာ။

3 comments

  • Inz@ghi

    August 28, 2012 at 12:19 pm

    မလေးအကြောင်း…ဆိုရင်
    ဆြာထူးဆွေအောင် ရေးတဲ့ ဟာသလေးဒွေ သွားသွားသတိရတယ်…
    အိုင်အမ် ကလင်းနင်း စည်ပိုင်း ..ဝှက်ထ်ခနဲ ဒူးဖော်ယူ ဆိုတာလေးလေ..
    ခိခိ

  • Mobile

    December 16, 2012 at 1:51 pm

    ဆက်လက်ဖော်ပြပေးပါဦးဗျာ စောင့်မျှော်ကြည့်ရှု့ပါ့မယ်။

Leave a Reply