မဖြစ်သင့်တဲ့အရာ

ShwemannmayJuly 8, 20102min1033



ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ထက်ပိုမိုလာ


ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအချို့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို အလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာနေပြီဖြစ်ပြီး ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ကထက် ပိုမိုလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများထံမှ သိရှိရသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသား၊ အမျိုးသမီးအချို့မှာ မြန်မာ့ဓလေ့၊ ယဉ်ကျေးမှုနှင့် လူမှုရေးအစဉ်အလာကောင်းများကို လျစ်လျူရှုမှုများ ပြုလုပ်လာကြောင်း သိရှိရပါသည်။

“ကျွန်မအမျိုးသားက မလေးရှားမှာသွားပြီး အလုပ်လုပ်နေတာ အခုဆိုရင် လေးနှစ်ကျော်သွားပါပြီ။ ပထမတစ်နှစ်ခွဲအထိတော့ အိမ်ကို ငွေမှန်မှန်ပို့ပေးပြီး အဆက်အသွယ်လည်း လုပ်ပါတယ်။ နောက်ပိုင်းကျ ငွေလည်း မပို့တော့သလို အဆက်အ သွယ်လည်း လုံးဝမရတော့ပါဘူး။ ကျွန်မတို့လည်း စိတ်ပူပြီး နီးစပ်ရာတွေဆီမှာ လှမ်းမေးပြီး စုံစမ်းကြည့်တော့ အလုပ်အကိုင်လည်း အဆင်ပြေနေပြီး ဟိုမှာပဲ အလုပ်ထဲက အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပြီဆိုတာ သိလိုက်ရတယ်”ဟု ကျောင်းနေအရွယ် ကလေးသုံးဦး၏ မိခင်တစ်ဦးက ပြောပြခဲ့ပါသည်။


နိုင်ငံခြားမှာ ရေကြည်ရာ မြက်နုရာသွားပြီး အလုပ်လုပ်နေကြရပေမယ့် ဘယ်နေရာကိုပဲ ရောက်ရောက် မြန်မာဆိုတဲ့ ဝေါဟာရကိုတော့ မမေ့သင့်ပါဘူး  .  .  .


“နိုင်ငံခြားမှာ ရေကြည်ရာမြက်နုရာသွားပြီး အလုပ်လုပ်နေကြရပေမယ့် ဘယ်နေရာကိုပဲရောက်ရောက် မြန်မာဆိုတဲ့ ဝေါဟာရကိုတော့ မမေ့သင့်ပါဘူး။ ဝတ်စားဆင်ယင်မှုကတော့ အခြေအနေအရ ပြောင်းလဲပြီး လိုက်လျောညီထွေ ဝတ်ဆင်ရပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ လူမှုကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်းဖို့က အရေးကြီးပါတယ်။ သွားတုန်းကတော့ မိသားစုအတွက် ပိုက်ဆံရှာဖို့ သွားကြပေမယ့် ဟိုရောက်တော့ လိုရင်းပျောက်သွားတဲ့ အဖြစ်တွေ အများကြီးရှိပါတယ်။ မိဘတွေ၊ မိ သားစုတွေ အတွက်တော့ တကယ်ရင်နာစရာ အဖြစ်မျိုးတွေပါပဲ” မလေးရှားနိုင်ငံ၌ ရှစ်နှစ်ကြာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး မကြာသေးမီက ပြန်ရောက်လာသူတစ်ဦးက ပြောပြခဲ့ပါသည်။

“အသိ ကောင်မလေးတစ်ယောက်ဆိုရင် work permit နဲ့ တရားဝင်သွား အလုပ်လုပ်နေတာပါ။ သူ့ကောင်လေးက overstay အနေနဲ့ နေရတာ၊ သူတို့နှစ်ယောက် အတူနေဖို့ဆိုပြီး ကောင်မလေးကပါ overstay လုပ်လိုက်တယ်။ မကြာခင် ကောင်မလေး အဖမ်းခံရပြီး ထောင်ကျသွားတော့ ကောင်လေးက ထွက်ပြေးသွားတယ်။ ယေဘုယျအားဖြင့် ပြည်ပမှာသွားပြီး အလုပ်လုပ်နေကြတဲ့ မြန်မာအများစုမှာက ဒီလိုဖြစ်ရပ်မျိုးတွေကို အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကျင့်ဝတ် သိက္ခာနဲ့ ကျန်းမာရေးဗဟုသုတ နည်းပါးတဲ့သူတွေမှာ ဖြစ်နေတာကို တွေ့နေရပါတယ်”ဟု မလေးရှားနိုင်ငံ၌ လက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသူ မအေးသီတာက ဆက်သွယ်ဖြေကြားခဲ့ပါသည်။

“တချို့ အမျိုးသားအိမ်ထောင်ဦးစီးတွေဆိုရင်လည်း စသွားတုန်းကတော့ မိသားစုအတွက်ဆိုပြီး သွားကြတာပါ။ နောက်ပိုင်း အလုပ်လုပ်နေကြတဲ့ သူတွေအချင်းချင်း ပြန်ပြီး လက်ထပ်ကြတာတွေ ရှိလာတော့ မိသားစုတွေဆီ ပြန်မဆက်သွယ်ကြ တော့လို့ ရင်မောနေကြရတဲ့ မိဘ၊ ညီအစ်ကို မောင်နှမ၊ သားသမီးတွေ အိမ်ရှင်မတွေလည်း အများကြီးရှိနေပါပြီ”ဟု ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။

“နိုင်ငံခြားသွားပြီး အလုပ်လုပ်နေပြီးမှ အိမ်ထောင်ပြိုကွဲသွားကြတဲ့ အထဲမှာ အမျိုးသားတွေအပြင် အမျိုးသမီးတွေလည်း ပါကြပါတယ်။ တချို့ဆိုရင် နိုင်ငံခြားမှာ အလုပ်လုပ်နေရင်းနဲ့ အိမ်ထောင် ထပ်ပြုလိုက်တာမျိုးတွေ ရှိပါတယ်။ အဲဒီအဖြစ်တွေကို နီးစပ်ရာတွေက မိသားစုတွေဆီ မေးလ်တွေ၊ ဖုန်းတွေဆက်ပြီး သက်သေအထောက်အထားတွေနဲ့ လှမ်းအကြောင်းကြား အသိပေးတာတွေ လုပ်ကြတဲ့အခါ ကွာရှင်းပြတ်စဲကြတဲ့ အဖြစ်မျိုးတွေ အရင်ကထက် ပိုများလာကြပါတယ်။ ဒီလို မိသားစုကွဲ သွားတာ၊ မိသားစုနဲ့ မဆက်သွယ်တော့တာတွေက အရင်ကထက်စာရင် အခု ပိုများလာတာကို တွေ့နေရပါတယ်။ မဆက်သွယ်တဲ့ အကြောင်းရင်းတွေကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်းပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဒီလို အဖြစ်တွေ မဖြစ်အောင် မိမိ မိသားစု တိုးတက်ရာတိုးတက်ကြောင်းအတွက် နိုင်ငံရပ်ခြားကို လာရောက်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့လိုအပ်ပါတယ်”ဟု အဆိုပါဖြစ်ရပ်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဒါလည်း အလဲဗင်းမှာဖတ်ဖြစ်တာပါပဲ ။

သူငယ်ချင်းတစ်ယောက်လည်း သူ ့ယောက်ကျားက စင်ကာပူမှာအလုပ်သွားလုပ်တာ သူငယ်ချင်းက ကိုယ်ဝန်နဲ ့ကျန်ခဲ့တာပါ။

သွားခါစက တော့ဒီလိုပဲ အဆက်အသွယ်မပြတ်ဘူးပေါ့။ နောက်တော့ ဘာသံမှမကြားရတော့ပဲ မလေးမှာလိုလို ဘန်ကောက်မှာလိုလိုနဲ ့ကလေးသာ လူ ့ပြ်ညရောက်လာတာ ကလေးအဖေကတော့ ပြန်မလာတော့ပါဘူး ။

3 comments

  • kai

    July 8, 2010 at 9:50 am

    အင်း..
    ပြောချင်တာက..
    ယူအက်စ်မှာနေတဲ့သူတွေလည်း အဲဒီလိုတွေရှိနေတယ်ကြားပါတယ်။
    မြန်မာပြည်က ကျန်ရစ်သူက အထောက်အထားခိုင်ခိုင်လုံလုံပြပြီး စွန့်ပြေးသူကို သတိပေးနိုင်ပါတယ်။
    ကျန်ရစ်သူသားသမီးတွေကို ငွေကြေးထောက်ပံ့တာတို ့ကအစ …အတိုင်းအတာတခုအထိတာဝန်ယူဖို ့လုပ်နိုင်ကြပါတယ်။
    ထုံးစံအတိုင်း မြန်မာသံရုံးကဘာမှမလုပ်ပေးနိုင်တောင်မှ ကျုပ်တို့မီဒီယာက လုပ်ပေးနိုင်ပါတယ်။
    အဲဒါမျိုး ပြသနာတွေကို မန္တလေးဂေဇက်သတင်းစာမှာ အခမဲ့ကြော်ငြာထည့်ကြနိုင်ပါကြောင်း…နဲ့..
    ဆိုင်ရာဆိုင်ရာသူတွေကို မြန်မာအသိုင်းအဝိုင်းမှာ သတိထားမိသွားအောင် မီဒီယာအနေနဲ့ တာဝန်ယူပေးမယ်ဖြစ်ပါကြောင်း..။
    ( ပေးပို့သူတွေဟာ အထောက်အထားခိုင်လုံစွာပြနိုင်ရပါမယ်။ ပုဂ်ဂိုလ်ရေးထိခိုက်မှုမရှိအောင် ရှေ့နေနဲ့တိုင်ပင်ပြီးမှ စာထည့်တာမျိုး ဖြစ်စေလိုပါတယ်)

  • aye aye

    July 11, 2010 at 3:34 pm

    ဟုတ်တယ် အေးလဲ အဲလိုမျုုုိုုုး တော်တော်လေးတွေ.ရတယ် မလေးမှာ
    စိတ်ကောင်းဘူး အဲလိုလူတွေအတွက်

  • gar

    July 12, 2010 at 3:10 am

    စိတ်ကောင်းဘူး

Leave a Reply