တက္ကသိုလ်ဝင်ခွင့်လျှောက်ထားဖို့ မှန်ကန်တဲ့ရွေးချယ်မှုပြုနိုင်ရန် အကြံဉာဏ်ပြုပေးကြပါဦး

အားလုံးပဲ မင်္ဂလာပါ။

ကျွန်မနယ်ဘက်ကိုရောက်ဖြစ်လို့ သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ မသီတို့မိသားစုနဲ့တွေ့ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်တွေလျှောက်ထားဖို့ခေါ်နေပြီမို့ အကြောင်းအရာစုံ စကားတွေအများကြီး ပြောဖြစ် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ သူ့မှာ တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်တဲ့ မောင်လေးတစ်ယောက်ရှိပါတယ်။ ဘာကိုအဓိကလျှောက်ရမလဲဆိုတာ ဆုံးဖြတ်ရခက်နေတဲ့အကြောင်း သူ့တို့ရဲ့အဆင်မပြေမှု အခက်အခဲတွေ၊ သူတို့ကြားသမျှ သိသမျှ ပြောပြပြီး ကျွန်မဆီအကြံဉာဏ်တောင်းလာပါတယ်။ သူတို့ပြောတာတွေကိုထောက်ပြီး ကျွန်မလည်း တိကျတဲ့အကြံပြုချက်မပေးခဲ့လိုက်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်ပေါ့ရှင်။ ဒါပေမယ့် ကျွန်မတစ်ခုတော့ သတိရလိုက်မိတာရှိတယ်ရှင့်။ အဲဒါကတော့ မန္တလေးဂေဇက်ပါပဲ။ တက္ကသိုလ်ဝင်ခွင့်လျှောက်တာနဲ့ မန္တလေးဂေဇက်နဲ့ဘာဆိုင်လဲလို့တော့ မထင်လိုက်ပါနဲ့နော်။ ဆိုင်ပါသကောရှင်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက ဘာကိစပဲဖြစ်ဖြစ် အကြံဉာဏ်ကောင်းပေးနိုင်တဲ့သူတွေအများကြီးရှိတယ်လေ။ အဲဒါကို အပြည့်အဝယုံကြည်လို့ပါ။ ရွေးချယ်ဆုံးဖြတ်နိုင်အောင် မိမိတို့သိသမျှ ကြားသမျှအားလုံး ကို အကြံပြုရေးသားပေးကြဖို့ တောင်းဆိုပါတယ်ရှင်။

အကြောင်းကတော့ ဒီလိုပါ။ မိဘတွေက တောသူတောင်သားတွေပါ။ ခေတ်ပညာမတတ်ကြပါဘူး။ ဆက်ဆံရေး ဝင်ဆန့်တဲ့အဆက်အသွယ်ကောင်း ဆိုတာလည်း မရှိဘူးပေါ့။ ငွေကြေးချမ်းသာသူတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သားသမီးတွေကိုတော့ ခေတ်ပညာ အတန်းပညာတွေသင်ခိုင်းပါတယ်။ သူတို့ရှိသမျှပစ္စည်းတွေကို ထုခွဲရောင်းချပြီးတော့ပေါ့။ အဲဒီကလေးက ရေကြောင်းတက္ကသိုလ်ကိုပဲ တက်ချင်နေပါတယ်။  ဘာလို့လဲဆိုတော့ ဘွဲ့အားဖြင့်လည်း အဆင့်မြင့်တယ် လုပ်ငန်းအားဖြင့်လည်း သူတို့မိသားစု ဆင်းရဲတွင်းက လွတ်ဖို့လမ်းပေါ့။ သူ့မိဘတွေရဲ့ လယ်တွေ၊ ယာတွေကိုရောင်းပြီး သူတို့ကိုကျောင်းထားရတော့ သူ့မိဘတွေရဲ့ပစ္စည်းတွေ ပြောင်ကုန်တာကိုး။ ဒါပေမယ့် ခက်တာက မိဘတွေက ရေကြောင်းနဲ့ပတ်သက်ပြီး လန့်နေကြတယ်။  ပင်လယ်ပြင်မှာ လုပ်ရမှာမို့ စိုးရိမ်တာလည်း တစ်ကြောင်းပါတာပေါ့။ မိဘတွေကလည်း ကလေးရဲ့သဘောထားကို ဖိအားပေးပြီးပြောင်းတာမျိုးမလုပ်ချင်ဘူးပေါ့။ ကျွန်မနားလည်တာကတော့ ကျောင်းပြီးသွားတဲ့နောက်ပိုင်းက ကိစ္စတစ်ချို့ကို စိုးရိမ်နေပုံရပါတယ်။ အဲဒီတော့ သူတို့သဘောက ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်တွေနဲ့ပတ်သက်ပြီး ကျောင်းပြီးသွားတဲ့နောက်ပိုင်း ဘယ်အပိုင်းမှာ ဘယ်လိုအခြေအနေတွေ ရှိနိုင်လဲဆိုတာတွေ ကို သိချင်နေတယ်.. အစိုးရဌာနရော  အပြင်မှာရောပေါ့။ ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်အပိုင်းကိုတော့ သူတို့စိတ်ထဲနည်းနည်းရှင်းတယ်။ ကျောင်းပြီးလို့ ဘွဲ့ရရင် အဲဒီဘွဲ့နဲ့ညီမျှ တဲ့ အဆင့်အတန်း တစ်ခုရှိတဲ့ ရာထူးတစ်ခုနဲ့ လုပ်ရမယ်ဆိုတာကို။ ရေကြောင်းကအဲဒီလိုမဟုတ်တော့ သူတို့လည်း ဆုံးဖြတ်ဖို့မဝံ့မရဲဖြစ်နေပုံပါပဲ။ အခြေအနေနဲ့ အကျိုးနဲ့ အကြောင်းနဲ့ ထောက်ပြ တွက်ချက်ပြနိုင်တဲ့သူလည်း မရှိတာကတစ်ကြောင်း အခုချိန် ရွေးချယ်မှုက အရေးကြီးသလို နောက်ပိုင်းကိစ္စကလည်း အရေးကြီးတာကတစ်ကြောင်း၊ ရေကြောင်းနဲ့ပတ်သက်ပြီးအဆက်အသွယ်နီးစပ်မှုကလည်း မရှိတာကေတစ်ကြာင်းဆိုတော့ အခက်ကြုံနေတယ်ဆိုပါတော့။

ဒါကြောင့် အားလုံးပဲ သိသမျှ ကြားသမျှအားလုံးကို မခြွင်းမခြံပြောပြပြီး အကြံပြုရေးသားပေးကြဖို့ကာယကံရှင်တွေရဲ့ကိုယ်စားတောင်းဆိုပါတယ်ရှင်။

တစ်ခါမှ ပိုစ်မရေးဖူးလို့ အမှားပါခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါနော်။

အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ။

60 comments

  • ကောင်းသီဟ ဇော်

    August 28, 2012 at 2:01 pm

    အဓိက ကာယကံရှင်ရဲ ့ဝါသနာပါပဲ။ကိုယ်ဝါသနာပါတဲ့ လိုင်းဆိုရင် ထွန်းထွန်းပေါက်ပေါက်ဖြစ်သွားမှာပါ။
    မြန်မာနိုင်ငံအနေနဲ ့ခေတ်အရဆိုရင် Computer ၊ဆေး၊ဆေး/ကျွမ်းကျင်၊GTC ၊ရေကြောင်း၊ရေဆင်း၊သစ်တော၊တွေက အလုပ်ရလွယ်ပါတယ်။ ဘာသာရပ်ဆိုရင်တော့Scienceဘာသာတွေကအလုပ်အတွက်လွယ်ပါတယ်။

  • Inz@ghi

    August 28, 2012 at 2:07 pm

    ကာယကံရှင် ဘာဝါသနာပါတယ်
    ဘာစိတ်ဝင်စားတယ် ဆိုတာနဲ့ ပဲ
    အခြေပြုပြီး ရွေးစေချင်တယ်ဗျာ…

    အဲ့သည်မှာ ကာယကံရှင် ကိုယ်တိုင်
    လေ့လာမှု ပြုရပါတော့မယ်…
    ပညာရေးလောကမှာ
    လက်တလော အပြောင်းအလဲတွေ လည်း
    ရှိထားသမို့ …ဘယ်လိုင်းက ဘာကြောင့်
    ဟော့သလဲ ..ဘယ်လိုင်း ဘာကြောင့် လူပြုံတိုးသလဲ
    ဆိုတာကို လည်း နားလည်ထားမှ …
    ကိုယ့်အမှတ်နဲ့ အမြင့်ဆုံး ဘယ်လိုင်း က စ လို့
    ဝင်လို့ရသလဲ ရွေးချယ်ခွင့်ရှိသလဲ ဆိုတာကို သိထားမှ
    မှန်ကန်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

    ဘာတက်ပါကွာ .. ဘာမတက်နဲ့ ကွ
    ဆိုတာတော့ ဘေးလူဖြစ်လို့ ..
    မပြောလိုပါဘူး …
    တကယ်တော့ အကောင်းဆုံး ဆိုတဲ့ best ဆိုတာ မရှိဘဲ
    မိမိနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး ဆိုတဲ့ best-fit ဆိုတာကို
    ရွေးချယ် သင်ယူနိုင်ပါစေလို့ …
    ဆန္ဒပြုလိုက်ပါတယ်။

    ခင်တဲ့

  • ပန်းစံပါယ်

    August 28, 2012 at 3:43 pm

    ကိုကောင်းသီဟဇော် ရေ
    ပထမဆုံး comment ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

    ကလေးကတော့ ဝါသနာပါတယ် မပါဘူးရယ်လို့မရှိပါဘူး။ အများအားဖြင့်တော့ လုပ်နေတဲ့အလုပ်မှာ ကြာတော့ ဝါသနာပါသွားတာများပါတယ်။

    ရေကြောင်းလည်း အလုပ်ရတာလွယ်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း သိသူများရဲ့အပြောအရတော့ အပေါ်ယံကြည့်ရင်တော့မှန်ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာတွေလည်း ရှိတယ်။ ဘွဲ့ကတော့ သူများတွေလို BE တို့ Bsc(Hons) တို့ပဲ။ ဒါပေမယ့် တစ်ခြားကျောင်းတွေလို ကျောင်းပြီးသွားရုံနဲ့ မပြီးပါဘူး။ တစ်ခြားကဏ္ဍတွေမှာ ၁ဝတန်းအောင်၊ ရိုးရိုးဘွဲ့ရတစ်ယောက်က ဆရာဝန်၊ အင်ဂျင်နီယာတစ်ယောက်ယောက်နဲ့ အလုပ်တစ်ခုတည်းမှာဘယ်လောက်ကြာကြာပဲအတူတူအလုပ်လုပ်နေဦးတော့ အဲဒီလူ ၂ ဦးဟာ တစ်ဦးနဲ့တစ်ဦးတူညီတဲ့အခြေအနေတစ်ခုကို လုံးဝဖြစ်လာမယ်မထင်ပါဘူး။ ရေကြောင်းမှာက အဲဒီလိုမျိုးမဟုတ်ပါဘူး။ ၁ဝတန်းမှာလည်း အမှတ်ကောင်းကောင်းနဲ့အောင်ဖို့ကြိုးစားရတယ်။ ပြီးတော့ ၅နှစ်အချိန်ပေးပြီး အကုန်အကျခံပြီးတက်ကြရတယ်။ ကျောင်းပြီးသွားလို့ BE, Bsc (Hons) တော့ရပါရဲ့။ ဒါပေမယ့် သူတို့အခေါ် 2/O, 2/E အတွက်စာမေးပွဲ ဖြေတာ အခုထိ မအောင်သေးလို့ သင်္ဘောမတက်သေးပဲ နောက်တစ်ကြိမ်စစ်မယ့်စာမေးပွဲကို စောင့်ဖြေရကောင်းမလား ဒါမှမဟုတ် တစ်ချို့လည်းမိသားစုကိုပြန်ထောက်ပံ့ရမယ့်အခြေအနေဆိုတော့ ပြန်တက်ရကောင်းမလား။ ပြန်တက်ရင်လည်း အနိမ့်ဆုံးအောက်ခြေအဆင့်နဲ့ပဲ တက်ရမှာဆိုတော့ နောက်တစ်ကြိမ်စာမေးပွဲပဲ စောင့်ဖြေရကောင်းမလား။ ကြာမယ်ထင်ပြီး ပြန်တက်လိုက်လို့ မကြာခင်မှာ စာမေးပွဲစစ်လိုက်ပြန်ရင်လည်း ပြန်လာတဲ့အခါထပ်စောင့်ရရင် ပိုကြာသွားမှာစိုးရနဲ့ ဆိုတဲ့အခြေအနေတွေလည်းရှိရဲ့။ တစ်ချို့လည်း အောက်ခြေအဆင့်နဲ့ ပြန်တက်လေရဲ့ တစ်ချို့လည်း စောင့်ဖြေလေရဲ့။ တစ်ချို့လည်း ၃ခါ ၄ခါလောက်ဖြေပြီးမှအောင်လေရဲ့။ အများကတော့ စောင့်ဖြေတာများမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရတဲ့ဘွဲ့နဲ့ညီတဲ့အဆင့်နဲ့လစာကိုလိုချင်ကြမယ်ထင်ပါတယ်။ အကြောင်းကြောင်းကြောင့် တစ်ချို့ဆိုရင် ကိုယ့်နောက်မှ ကျောင်းပြီး ဘွဲ့ရတဲ့လူတွေက ကိုယ့်ထက်အရင်အောင်သွားလေရဲ့။ တစ်ချို့လည်းအောက်ခြေအဆင့်နဲ့ပြန်တက်ပြီး မိသားစုကို ထောက်ပံ့လေရဲ့။ အဲဒီတော့ အဲဒီလိုအခြေအနေမျိုးမှာ ရေကြောင်းတက္ကသိုလ်က BE, Bsc(Hons) ဘွဲ့ရတဲ့သူတွေနဲ့ ၁ဝတန်းအောင်၊ ရိုးရိုးဘွဲ့ရနဲ့သင်္ဘောတက်တဲ့လူတွေနဲ့ တူညီတဲ့အခြေအနေပါပဲ။ ၅နှစ်ရင်း ၅နှစ်စာငွေကုန်ခံရင်းပြီး ရလာတာက ဒီလိုဆိုတော့လည်း မိဘတွေရဲ့မျှော်လင့်ချက်တွေ သဲထဲရေသွန်သလိုပါပဲ။ ဒီလိုအခြေအနေမျိုးဖြစ်မှာကို မိဘရော ကလေးရော စိုးရိမ်နေကြဟန်တူပါတယ်။ စိတ်လည်းညစ်ငြီးလည်းငြီးငြူကြပေါ့။ တစ်ချို့မိဘတွေကလည်း ဒီလိုမှန်းမသိလို့ဒီတက္ကသိုလ်ရွေးမိတာ မှားပြီလားဆိုတာမျိုးတွေလည်းကြားရတယ်။ ဒီလိုတွေဆိုတော့ မိဘတွေအနေနဲ့ရော ကာယကံရှင်တွေအနေနဲ့ပါ ရွေးချယ်ရ ဆုံးဖြတ်ရခက်မှာ အမှန်ပါပဲ။ အများကတော့ ကျောင်းပြီးတဲ့နောက်ပိုင်းကိစ္စတွေမှာ ဘာတွေဘယ်လိုဆိုပြီး တွေ့ကြုံရတတ်တဲ့ တွေ့ကြုံရလေ့ရှိတဲ့အထက်ကလိုအရာတွေတော့ အသေးစိတ်သိကြဟန်မတူပါဘူး။ ကျောင်းပြီးရင် သင်္ဘောတက်ရမယ်ဆိုတာလောက်ပဲ သိကြသူများမယ်ထင်ပါတယ်။ နောက်ပိုင်းကိစ္စတွေကိုတော့ လက်တွေ့ရင်ဆိုင်ရတဲ့အခါမှပဲ သိကြတာများဟန်ပါပဲ။ တစ်ချို့နိုင်ငံတွေမှာတော့ အဲလိုမဟုတ်ဘူးလို့ သိသူတွေကပြောကြတယ်။ ကျောင်းပြီးတာနဲ့ 2/O, 2/E ရာထူး လစာနဲ့တက်ရုံပဲတဲ့။ ဒီမှာလိုလည်း ၄နှစ် ၅နှစ် မတက်ရဘူးတဲ့။ ကျောင်းတက်နေစဉ် ၆လလောက်လုပ်သက်ယူ ပြီးရင် ကျောင်း ၁နှစ်ပြန်တက် ကျောင်းပြီးတာနဲ့ 2/O, 2/E လက်မှတ်ပဲတဲ့။ အမျိုးသမီး 2/O, C/O တောင်ရှိဆိုပဲ။
    ဘာကြောင့်ဘာတွေ ဘယ်လိုဆိုတဲ့အသေးစိတ်ကို သိရရင် သိခွင့်ရှိရင် ပိုကောင်းတာပေါ့လေ။

    ဆက်လက်ဆွေးနွေးအကြံပြုပေးကြဖို့မျှော်လင့်ပါတယ်ရှင်။

  • ပန်းစံပါယ်

    August 28, 2012 at 4:55 pm

    သိပ္ပံတွဲပါရှင် ရမှတ်ကတော့ ၅၀ဝ ကျော်ဆိုတာပဲမှတ်မိတယ် အတိအကျမမှတ်မိဘူးရှင့်။

  • Foreign Resident

    August 28, 2012 at 5:38 pm

    မ ပန်းစံပါယ် ရေ ။

    ရေကြောင်း ကိစ္စဆိုတော့ ၊
    အဘ နဲနဲ ဝင်ပြောလိုက်ဦးမယ်နော် ။

    ရေကြောင်း တက္ကသိုလ် တက်ခွင့် ရတယ်ဆိုရင်တောင်မှ ၊
    ရေကြောင်း တက္ကသိုလ် မှာမှ ထိပ်ဆုံး ၃ ဘာသာ ဖြစ်တဲ့ ၊
    Nautical Science, Marine Engineering, Marine Electronic,
    အဲဒါတွေ ရမှသာ သင်္ဘော လိုက်လို့ရတာပါ ။

    ရေကြောင်း တက္ကသိုလ် တက်ရင် ၅/၆ နှစ်ကြာမယ် ။
    တက္ကသိုလ် ဆင်းရင် သင်္ဘောတက်ဖို့ ၊
    နောက်ထပ် သိန်း ၂ဝ လောက် အကုန်ခံရမယ် ။

    သင်္ဘောသား / အရာရှိလောင်း ရာထူးနှင့် လိုက်ရမယ် ၊
    လစာ ၃၀ဝ US$ လောက်ရမယ် ။
    ၂/၃ နှစ်လောက် ပင်လယ် လုပ်သက်ယူပြီးရင် ၊
    2/O ( OOW ) ဝင်ဖြေခွင့် ရပြီ ။
    အဲဒီ 2/O သင်တန်းကြေးက သိန်း ၄ဝ ပေးရမယ် ။
    စာမေးပွဲ ဖြေချိန် တစ်နှစ်ခွဲ မှန်းထားပါ ။

    အောင်ရင် 2nd / 3rd Officer ရမယ် ။
    လစာ ၂၅၀၀-၃၅၀ဝ US$ ရမယ် ။
    အရာရှိ ပင်လယ် လုပ်သက် ၂/၃ နှစ်ထပ်ယူရမယ် ။
    ပြီးရင် 1st Mate စာမေးပွဲ ထပ်ဖြေရမယ် ။
    စာမေးပွဲ ဖြေချိန် တစ်နှစ်ခွဲ မှန်းထားပါ ။

    အောင်ရင် Chief Officer ရမယ် ။
    လစာ ၃၅၀၀-၅၅၀ဝ US$ ရမယ် ။
    Chief Officer ပင်လယ် လုပ်သက် ၂/၃ နှစ်ထပ်ယူရမယ် ။
    ပြီးရင် Master စာမေးပွဲ ထပ်ဖြေရမယ် ။
    စာမေးပွဲ ဖြေချိန် တစ်နှစ်ခွဲ မှန်းထားပါ ။

    အောင်ရင် Master ( Captain ) ရမယ် ။
    လစာ ၅၅၀၀-၁၀၀၀ဝ US$ ရမယ် ။

    အကြမ်းဖျင်းအားဖြင့် ၊
    ရေကြောင်း တက္ကသိုလ် စတက်ပြီး နှစ် ၂ဝ အကြာမှာ ၊
    အသက် ခန့်မှန်းခြေ ( ၃၅ ) နှစ်လောက်မှာ ၊
    တစ်လကို လစာ ၇၀၀ဝ US$ လောက်ရတဲ့
    Captain ရာထူး ရပါမယ် ။

    ၁ ။ ဟုတ်ပါတယ် ၊ ရေကြောင်း တက္ကသိုလ် မတက်ပဲနှင့်လည်း ၊
    အပြင်ကနေ လိုင်းရိုက်တက်ပြီးတော့လည်း ၊ ဒီ အခြေအနေ ရနိုင်ပါတယ် ။
    ရေကြောင်း တက္ကသိုလ် မတက်တဲ့အတွက် အချိန်တောင် ပိုတိုနိုင်ပါတယ် ။

    သို့သော် ရေကြောင်း တက္ကသိုလ် တက်ခဲ့ရင် အခြေခံ ပို ပိုင်နိုင်ပါတယ် ၊
    ဘွဲ့ရမယ် ၊ ဂုဏ်ပိုရှိမယ် ၊ အသိုင်းအဝိုင်း ပိုမြင့်ပါမယ် ။

    အဘ လက်ရှိ Captain တစ်ယောက် အနေနှင့် အကြံပေးရရင်တော့ ၊
    ငွေကြေး အခက်အခဲ မရှိရင်တော့ ရေကြောင်း တက္ကသိုလ် ကို ၊
    တက်စေချင်ပါတယ် ။

    ၂ ။ လက်ရှိ ရေကြောင်း စာမေးပွဲတွေမှာ စောင့်နေရတာကတော့ ၊
    IMO ရဲ့ စံနစ်သစ်ကို ပြောင်းတုန်း ခဏ မတည်မငြိမ် ဖြစ်နေတာပါ ။
    ကောင်လေး ဖြေတဲ့ အချိန်ကျရင်တော့ အေးဆေး တည်ငြိမ်သွားမှာပါ ။

    ၃ ။ တခြား တက္ကသိုလ်တွေ နှင့် ပါတ်သက်လို့ကတော့ ၊
    ဘယ် တက္ကသိုလ်မှာ မဆို ထိပ်ဆုံးကနေ ထူးချွန်ရင်တော့ ၊
    အောင်မြင်ကြတာပါပဲ ။

    ဥပမာ – ဆေးတက္ကသိုလ်ကနေလည်း ထူးချွန် ကြိုးစားရင် ၊
    ဆရာဝန်ဖြစ် ၊ AMC, USMLE, Preg, IELTS တွေဆက်ဖြေ ၊
    နိုင်ငံခြားမှာ Register ဆရာဝန် ဖြစ် ၊
    Fellowship အထူးကု ဆရာဝန်တွေဖြစ်ရင်လည်း ၊
    ဘဝ မှာ အောင်မြင် ကြ ပါတယ် ။

    ဩဇီမှာ Register ဆရာဝန် ဖြစ်ရင် ၊
    တစ်လ ၁၀၀၀ဝ US$ လောက်ရပြီး ၊
    Fellowship / အထူးကု ဆရာဝန်တွေဖြစ်ခဲ့ရင်တော့ ၊
    တစ်လ ၃၀၀၀ဝ US$ ပတ်ဝန်းကျင် ရပါတယ် ။
    ဘယ် သင်္ဘော Captain မှ အဲလောက် မရနိုင်ပါဘူး ။

    ၄ ။ ဒါပေမယ့် တစ်ချက် စဉ်းစားစရာက ၊
    ရေကြောင်း တက္ကသိုလ် တက်ရင် သာမာန် ပုံမှန်လောက် ကြိုးစားမှုနှင့် ၊
    အချိန်တန်ရင် တစ်လ ၇၀၀ဝ US$ လောက်ရတဲ့ Captain ဖြစ်ပါမယ် ။

    ဆေးတက္ကသိုလ်တက်ရင်တော့ ၊ သာမာန် ဆရာဝန်တော့ဖြစ်မယ် ၊
    တစ်လ ၃၀၀၀ဝ US$ ပတ်ဝန်းကျင် ရမယ့် Fellowship / အထူးကု ဆရာဝန် ၊
    ဖြစ်ဖို့ကတော့ ၁၀ဝ မှာ တစ်ယောက် လောက်ပဲ ဖြစ်တာပါ ။

    ၅ ။ ရေကြောင်းက ခုခေတ်ကြီးမှာ ထင်သလောက် အန္တရာယ် မရှိတော့ပါဘူး ။

    ဆင်ခြင် ရွေးချယ်နိုင်ဖို့ပါ ။

    ရေကြောင်း တက္ကသိုလ် ဝင်မှတ်က ဒီနှစ် ၅၄ဝ ကျော်မယ် ထင်တယ်နော် ။

    • Foreign Resident

      August 29, 2012 at 2:52 am

      အော် တစ်ခုကျန်ခဲ့လို့ ၊
      တောကလူတွေဆိုတော့ မသိလိုက်ဘူး ဖြစ်မှာ စိုးလို့ ။

      ရေကြောင်း တက္ကသိုလ် တက်ဖြစ်လို့ ၊
      ဘာသာရွေးရမယ်ဆိုရင် Nautical Science ပဲရွေးနော် ။
      Nautical Science ကမှ Deck Officer / Captain ဖြစ်မှာ ။
      အင်ဂျင်နီယာ နာမည်ကို ကြိုက်ပြီး ရွေးမိမှာ စိုးလို့ ။

      Deck Officer တွေ အဓိက အလုပ်လုပ်ရတယ်ဆိုတာ ၊
      ပဲ့စင်ပေါ်မှာ ဟိုကြည့် ဒီကြည့် ပဲ လုပ်ရတာ ၊ မပင်ပန်းဘူး ။
      ဝတ်တဲ့ ယူနီဖေါင်းတောင် အပေါ်အောက် အဖြူလေ ။

      Engineer တွေ အဓိက အလုပ်လုပ်ရတာကတော့ ၊
      တစ်ချိန်လုံး စက်ကိရိယာတွေကို နှိုက်ချွတ်ပြုပြင်နေရတာ ၊
      ၁ ။ အရမ်း ပင်ပန်းတယ် ။ လေးတယ် ။ အန္တရာယ် များတယ် ။
      ၂ ။ စက်ဆီတွေ ပေကျံပြီး အရမ်း ညစ်ပါတ်မယ် ။
      ၃ ။ စက်သံကြောင့် ရေရှည်မှာ နားလေးကြတယ် ။
      ၄ ။ Engineer ဆိုတာ Deck Officer ခိုင်းတာတွေကို လုပ်ပေးရတာလေ ။
      ( အလုပ် ဟူသမျှကတော့ ဂုဏ်ရှိတာပါပဲ ၊ သိရအောင်သာပြောတာပါ )

      အဘ သူငယ်ချင်း Engineer တွေဆို ၊
      Shore Leave ထွက်ခါနီး လက်ဘယ်လောက်ဆေးဆေး ၊
      လက်သဲကြားက ဆီချေး မဲမဲကြီးတွေ မပြောင်လို့ စိတ်ညစ်ကြတယ် ။

      အဘ သူငယ်ချင်း Engineer တွေ ကိုယ်နှိုက်က ၊
      သူတို့ရဲ့ သားတွေအလှည့်ကျတော့ Deck Officer ပဲ လုပ်ခိုင်းကြတယ် ။

      • ကထူးဆန်း

        August 29, 2012 at 11:53 am

        အပြည့်အဝ ထောက်ခံပါတယ် ။။ ဂျူတီဝင်တာချင်း အတူူတူ ဒက် အော်ဖစ်စာ တွေ နိဗ္ဒာန်တက်ချိန် (အပေါ်မှာ လေညှင်း ခံချိန်) အင်ဂျင်နီယာ အမည်ခံများ ငရဲ ( အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ်လောက်ရှိတဲ့ အင်ဂျင်ခန်းထဲ) ဆင်းရပါတယ်.. အဲ ဘိုဆင်များ သံချေး ခေါက်ခိုင်းတဲ့ အချိန်က လွဲရင်ပေါ့ ..

  • Htoo thin

    August 28, 2012 at 8:47 pm

    အင်း အမေကြီးကားမှာတော့ လူငယ်တွေက စူတိုဝါသနာပါတာလုပ်တယ် အထူးသဖြင် ဟိုင်စကူး ဂရက်ကျူရိတ်ဖြစ်တာတောင် ဘာမှ ဆက်မလုပ်ဘဲ တွေတဲ့အလုပ်ကို ဝင်လုပ်ြ့ပီး နေကြတဲ့လူေ ွတံတွေဘူးတယ် အလုပ်လုပ်နေရင်းက မှ အင်းဒီအလုပ်က ဒါအတွက် ရေရှည် မဟုုတ်ဘူးဆိုတာ သိတော့မှ ကောလိပ်ပြန်တက်ကြတယ်သူတို့ဘာကိုဝါသနာပါလဲဆိုတာသိလာပြီးနောက်
    အင်းဒီတော့က ဘာမှဝါသနာမပါဘူးဆိုရင် အရင် ဝါသနာပါအောင်လုပ်ခိုင်းရမယ် ၂နှစ်လောက်ရရာ အလုပ်လုပ်ခိုင်းလိုက်ရင် ဘာဝါသနာပါတာလဲဆိုတာ သိလာလိမ့်မယ်

  • မောင်ပေ

    August 28, 2012 at 9:26 pm

    ကျွန်တော် ၁ဝတန်းကျောင်းသားဘဝတုန်းကတော့ ရည်ရွယ်ချက်တစ်ခုရှိခဲ့တယ်
    တိုက်ခိုက် စွန် ့စား ခရီးသွားရတာ ဝါသနာကြီးတဲ့ ကျွန်တော်ဟာ စစ်တက္ကသိုလ် တက်ချင်ခဲ့တာ ။ စစ်တက္ကသိုလ်ရောက်ရင် ထပ်ကြိုးစားမယ် ၊ အစ္စရေးကို ပညာတော်သင်လွှတ်ခံရဖို ့အထိ မှန်းခဲ့တာပေါ့ဗျာ ။
    ၁ဝတန်းလဲအောင်ရော… စစ်တက္ကသိုလ်လျှောက်ဖို ့လဲ ပြင်ရော ၊ ဂျန်နရေးရှင်းထိလို ့ဆိုတော့ ပြုတ်တာပေါ့ဗျာ ။ အပြင်မှာ အင်ဂျင်နီယာဒီပလိုမာတန်း တက်တော့လဲ ပြီးအောင်မတက်ဖြစ်ခဲ့ ၊ အင်စတီကျူအော့ယူနီဗာစတီကို အမှတ်မှီလို ့အိမ်က တက်ခိုင်းလို ့တက်ပြန်တော့လဲ ၊ တစ်ဝက်လောက်မှ စိတ်လေပြီး ကိုယ့်ဟာကိုယ် ထွက်ခဲ့ပြန်ရော… ။ အခုကြတော့ ဘာဘွဲ ့မှ မရတဲ့ လူတစ်ယောက်ပေါ့
    ဆိုတော့ဗျာ
    ၁ဝတန်းအောင်ထားတဲ့ ကျောင်းသူား ကိုယ်တိုင် ၊ သူ ့ဘဝအတွက် သူဖြစ်ချင်တာ သူသင်ချင်တဲ့ ဟာကို ရွေးခြယ်တာကို ဘေးကနေ ၊ ဆုံးခန်းထိအောင် သင်ကြားနိုင်ဖို ့အားပေးစေချင်တာပါပဲ

  • paukpauk

    August 28, 2012 at 11:26 pm

    ရေကြောင်း တက္ကသိုလ် တက်ဘို့ ဘာလို့ရူးကြသလဲ မသိပါ။ မြန်မာပြည်က အတော်ဆုံးသူတွေ သင်္ဘောသွားလိုက်ကြတာ အင်မတန်မှ နှမြောစရာပါ။ brain drain to the sea အပြင် ဘာမှဖြစ်မလာနိုင်ပါဘူး။ မြန်မာပြည်အတွက် အင်မတန်မှ ရင်လေးရပါတယ်။ ငွေရှာဘို့ဆိုရင်ဖြင့် အဲဒီသွားစရာပင်မလိုတာ အားလုံးအသိဖြစ်ပါတယ်။
    တိုင်းပြည်အတွက်စဉ်းစားရင်ဖြင့် ဆရာဝန်ကော သင်္ဘောအရာရှိကော တိုင်းပြည်အတွက်ဘာမျှ မည်မည်ရရ တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သော သာဓကမရှိပါ။ ဖြစ်သင့် တာက Lawyer သို့မဟုတ် engineer ဖြစ်ဖြစ် economist ဖြစ်ဖြစ် လိုက်စားသင့်တယ်လို့ ပဲ အကြံပေးချင်တယ်။ မြန်မာပြည်ဟာ နောင် (၁၀)နှစ်မှာ အမှန်တိုးတက်မယ်ဆိုရင်ဖြင့် ကျုပ်ပေးတဲ့အကြံ မမှားဘူးဆိုတာ ရဲရဲအာမခံတယ်။ တိုးတက်တဲ့ တိုင်းပြည်မှာ ဘယ်သူမှ သင်္ဘောလိုက်ဘို့ မစဉ်းစားကြပါဘူး။

    • Foreign Resident

      August 29, 2012 at 12:22 pm

      paukpauk ရေ ၊ ကိုရင်ပြောတဲ့ ၊
      ” မြန်မာပြည်က အတော်ဆုံးသူတွေ သင်္ဘောလိုက်ကြတာ နှမြောစရာပါ ”
      ဆိုတာကို လက်ခံပါတယ်ကွယ် ။
      သင်္ဘော ကပ္ပတိန် ၊ အင်ဂျင်နီယာမှူး ဖြစ်ဖို့ ၊
      မြန်မာပြည်က အတော်ဆုံး ဖြစ်စရာ မလိုပါဘူး ။

      ဒါပေမယ့် ၊ စိတ်မပူပါနှင့် ၊
      မြန်မာပြည်က တကယ့် အတော်ဆုံး တွေကလည်း ၊
      အစ ကတည်းက အစိုးရကျောင်း မတက်ကြပါဘူး ။
      International School Yangon နှင့် ၊
      Diplomatic School ပဲတက်ပြီး ၊
      တစ်ခါတည်း US, UK, Ausi က ၊
      နိုင်ငံခြား Uni ကိုတန်းသွားကြတာပါ ။
      လူလတ်တန်းစားတွေတောင်
      ILBC စသဖြင့် ပုဂ္ဂလိကကျောင်းတက်ပြီး ၊
      Singapore Uni, Poly စသဖြင့် သွားကြတာပါ ။

      သို့သော် ၊ ဒီတစ်ခုကတော့ သိပ်မရှင်းဘူး ။
      ” ငွေရှာဘို့ဆိုရင်ဖြင့် အဲဒီသွားစရာ မလိုတာ အားလုံးအသိဖြစ်ပါတယ် ”

      မြန်မာပြည်မှာ သင်္ဘောလိုက်သလိုမျိုး ၊
      ပညာ နှင့် ကိုယ့် ခွန်အား ချွေး သွေး ကလွဲပြီး ၊
      အရင်းအနှီး ကြီးကြီးမားမား မလိုပဲ ၊
      အသက် ( ၃၅ ) နှစ်လောက်မှာ ၊
      သမာအာဇီဝနှင့် စားပြီးသောက်ပြီး ၊
      တစ်လ ၇၀၀ဝ US$ လောက် ရှာလို့ရမယ့် စီးပွားရေး ၊
      အဘတော့ မတွေ့မိဘူးကွယ် ။
      paukpauk ကော တွေ့မိလို့လားကွယ် ။

      ” မြန်မာပြည်ဟာ နောင် (၁၀)နှစ်မှာ အမှန်တိုးတက်မယ်ဆိုရင်ဖြင့် ”

      ဟဲဟဲ ၊ နောက် ဆယ်နှစ် အတွင်း ၊
      လောက်လောက်လားလား တိုးတက်ဖို့ ကတော့ သိပ်မမြင်ပါဘူးကွယ် ။

      • ကထူးဆန်း

        August 29, 2012 at 1:12 pm

        စိတ်မပူပါနှင့် ၊
        မြန်မာပြည်က တကယ့် အတော်ဆုံး တွေကလည်း ၊
        အစ ကတည်းက အစိုးရကျောင်း မတက်ကြပါဘူး ။
        International School Yangon နှင့် ၊
        Diplomatic School ပဲတက်ပြီး ၊

        ဒါလေးတော့ပြင်ပေးပါ ဘဖော ရေ .. အတော်ဆုံးတွေရယ်လို့ မဟုတ်ပါဘူး ။ ငွေကြေး တတ်နိုင်သူတွေရဲ့ သားသမီးတွေပါ ။။ အဲ့ဒီမှာ တက်နိုင်တာနဲ့ တော်တာ နဲ့ ဘာမှ မဆိုင်ပါဘူး ..

      • Foreign Resident

        August 29, 2012 at 4:55 pm

        ကထူးဆန်း ရေ ။
        တမင်ကို ရေးလိုက်တာပါ ။
        ရှင်းရရင်လည်း သိပ်ရှည်မှာ ဆိုတော့ ၊
        မရှင်းတော့ပါဘူးလေ ။
        ခွင့်လွှတ်ပါ ။

  • pazflor

    August 29, 2012 at 2:18 am

    မှန်ပါ puakpauk ရေ။
    နောက်ကြုံမှ ကျနော်တစ်ပုဒ်လောက်ရေးပါဦးမယ်။

    မပန်းစံပယ်ရေ….. သဘောင်္လိုက်ကိုလိုက်နိုင်မယ်ထင်ရင်တော့ ရေကြောင်းတက္ကသိုလ်တက်ပါ။
    အပေါ်မှာ အဘဖောပြောသွားတာလေးတွေလည်းပြည့်စုံပါတယ်။

    ဒါပေမဲ့ အမ မောင်က ရေကြောင်းရောက်ပြီးမှ အဲ့ ၃လိုင်းကို မရသွားရင်ကော….ဒါကလည်းသိပ်ဖြစ်နိုင်ပါတယ်။ အမှတ်နဲ့ခွဲတဲ့ အခါ အဲ့သုံးလိုင်းကိုစွတ်တိုးနေကြရင်…

    နောက်တစ်ခုက… မျက်စိ…. color blind သမားဆို သဘောင်္လိုက်လို့ မဖြစ်ပါ။

    ကျနော်ကတော့ အပြင်က အစုံလုပ်လို့ရတဲ့ mechanical or civil or electrical ကိုသဘောကျပါတယ်…. ကိုယ်ဝါသနာပါတာတစ်ခု ရွေးပေါ့။

    ဒီနှစ် YIT လည်းပြန်ဖွင့်ပြီဆိုတော့….

  • ကြောင်ကြီး

    August 29, 2012 at 10:24 am

    မော်ဒယ်လ်ဘွိုင်း လုပ်ဖို့ပြောကြည့်ပါလား။ ဝတ်ကောင်းစားလှဝတ်ပြီး စင်ပေါ်ကော့တော့ ကော့တော့လျောက်ပြရုံနဲ့ ပိုက်ပိုက်တွေ တထောဂျီးရမှာ..ပီးရင် အဆိုတော်လုပ်… ကောင်မလေးတွေဆိုတာ အောလဗုံတိုက်နေမှာ (ဘဂျီးပု ပြောတာ)

  • ပန်းစံပါယ်

    August 29, 2012 at 10:36 am

    အဘဖော, Inz@ghi, အတိသဉ္ဖာ နာဂရချစ်သူ, Htoo thin, မောင်ပေ, paukpauk နဲ့ pazflor အခုလိုအကြံဉာဏ်တွေပေးကြတဲ့ အတွက် အားလုံးကိုလည်း ဝမ်းလည်းသာတယ် ကျေးဇူးတင်ပါတယ်။

  • ပန်းစံပါယ်

    August 29, 2012 at 10:45 am

    အဘဖောရေ..အဘဖောကို သမီးတစ်ခုလောက်သိပါရစေ..

    ” ရေကြောင်း တက္ကသိုလ် တက်ရင် ၅/၆ နှစ်ကြာမယ် ။
    တက္ကသိုလ် ဆင်းရင် သင်္ဘောတက်ဖို့ ၊
    နောက်ထပ် သိန်း ၂ဝ လောက် အကုန်ခံရမယ် ။

    သင်္ဘောသား / အရာရှိလောင်း ရာထူးနှင့် လိုက်ရမယ် ၊
    လစာ ၃၀ဝ US$ လောက်ရမယ် ။
    ၂/၃ နှစ်လောက် ပင်လယ် လုပ်သက်ယူပြီးရင် ၊
    2/O ( OOW ) ဝင်ဖြေခွင့် ရပြီ ။
    အဲဒီ 2/O သင်တန်းကြေးက သိန်း ၄ဝ ပေးရမယ် ။
    စာမေးပွဲ ဖြေချိန် တစ်နှစ်ခွဲ မှန်းထားပါ ။ ”

    သင်္ဘောတစ်နှစ်တက်ပြီးလို့ စာမေးပွဲဖြေနေကြတဲ့၊ ဖြေဖို့စောင့်နေကြတဲ့ကျောင်းသားတွေရှိပါတယ် အဘဖော..အဲဒီထဲမှာ သင်တန်းကြေး သိန်း ၄ဝ တတ်နိုင်တဲ့သူလည်း ရှိမယ် မတတ်နိုင်တဲ့သူလည်းရှိမယ် အဘဖောရယ်..။ တတ်နိုင်တဲ့သူတွေအတွက်ဆိုရင် အဲဒီသိန်း ၄ဝ တန်သင်တန်းတက်တာနဲ့ အောင်တာသေချာလားဆိုတာရယ်…မတတ်နိုင်သူတွေအတွက် တခြားနည်းလမ်းရှိ မရှိဆိုတာရယ်..ရှိရင်လည်း ဘယ်လိုလဲဆိုတာလေး သိပါရစေအဘဖော…

    အဘဖောနဲ့မိသားစု ကျန်းမာ ချမ်းသာခြင်းသုခနဲ့ပြည့်စုံပါစေ..

    • ကိုရင်စည်သူ

      August 29, 2012 at 12:02 pm

      မစံပါယ်ခင်ည… အထက်က အဘဖောဆိုခဲ့တဲ့အတိုင်း အားလုံးဟာ
      ပြည့်စုံလုံလောက်ပြီး ဒီလိုင်းကို ရွေးသင့်မသင့် ဆုံးဖြတ်ဖို့ အကြံဉာဏ်ရပါလိမ့်မယ်။

      ပန်းစံပါယ် says: အဘဖော..အဲဒီထဲမှာ သင်တန်းကြေး သိန်း ၄ဝ တတ်နိုင်တဲ့သူလည်း ရှိမယ် မတတ်နိုင်တဲ့သူလည်းရှိမယ် အဘဖောရယ်..။ တတ်နိုင်တဲ့သူတွေအတွက်ဆိုရင် အဲဒီသိန်း ၄ဝ တန်သင်တန်းတက်တာနဲ့ အောင်တာသေချာလားဆိုတာရယ်…မတတ်နိုင်သူတွေအတွက် တခြားနည်းလမ်းရှိ မရှိဆိုတာရယ်..ရှိရင်လည်း ဘယ်လိုလဲဆိုတာလေး သိပါရစေအဘဖော…

      ဒီလိုဆိုတော့ သိပ်ပြီး တွေးလို့မရဘူး မစံပါယ်ရေ.. လူဆိုတာ ရည်မှန်းချက်လေးတစ်ခုထားပြီး ကိုယ်လျှောက်လမ်းပြီးသား ကိုယ်ရွေးချယ်ပြီးသား
      လမ်းကိုတော့ အကောင်းဆုံး လုပ်ကြရတာပဲ။ ကိုယ်က အကောင်းဆုံး ကြိုးစားပေမဲ့ ကံမလိုက်လို့
      မဖြစ်တဲ့အချိန်တွေဆိုတာလည်း ပေါ်လာမှာပဲ…။ မစံပါယ်ပြောသလို သင်တန်းကြေးသိန်း ၄ဝ မတတ်နိုင်တဲ့
      လူတွေထဲမှာ ကိုရင်စည်သူလည်း ထိပ်ဆုံးက ပါပါတယ်။ လက်ရှိအနေနဲ့ ဒီတစ်ခေါက်လှေပေါ်မှာ သူကြီးနဲ့ အဆင်ပြေလို့ ကိုရင့်ကို ကွန်ထရက်ပြည့်ရင် စာမေးပွဲအောင်အောင်ဖြေပြီး 3rd officer နဲ့ ကုမ်ပဏီမှာ သူထောက်ခံချက်နဲ့ သူလိုက်တဲ့ သင်္ဘောပေါ်ဆွဲခေါ်ပေးမယ်ဆိုတာတောင် ဘဝပေးအခြေအနေအရ
      တော်တော်ကြီးရုန်းရမယ့်သဘောမှာရှိပါတယ်။
      သဘာဝလောကကြီးမှာ ဘယ်အရာမှ အပိုင်တွက်လို့မရဘူး.. မစံပါယ်ရေ…
      အခြေအနေအချိန်အခါပေါ်ကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်ပါ။ ဖြေဖို့ မတတ်နိုင်လဲ
      ဒီလိုပဲ ချေးပြီး ငှားကြီး ကြိုးစားလုပ်ကိုင်နေသူတွေအများကြီးပါ။….

      ဘာပဲလုပ်လုပ်အဖြစ်ရှိအောင်လုပ်ဆိုတဲ့… အဘဆရာကြီးဆုံးမစကားလေးပဲ ရင်ထဲအမြဲ မှတ်သားထားပြီး
      ဆက်လျှောက်နေပါတယ်…။

      ခင်တဲ့
      ကိုရင်စည်သူ

  • ပန်းစံပါယ်

    August 29, 2012 at 10:50 am

    ကိုကြောင်ကြီး ပြောတာလည်း မဆိုးဘူး..အခုခေတ်မှာ ဒီလုပ်ငန်းကလည်း ငွေအများကြီးရတဲ့စာရင်းထဲမှာ တစ်ခုအပါအဝင်ပဲ..

  • weiwei

    August 29, 2012 at 11:05 am

    ကျွန်မကတော့ ရေကြောင်းတက္ကသိုလ်နဲ့ နီးနီးစပ်စပ်ရှိတဲ့အတွက် (အတွင်းသိ အစင်းသိ) ဖြစ်နေလို့ ရေကြောင်းကို သိပ်မကြိုက်လှဘူး …
    ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံအတွင်းမှာတော့ အကောင်းဆုံးတက္ကသိုလ်လို့ ပြောလို့ရပါတယ် …
    သင်္ဘောသားကိစ္စကတော့ အဘေဖော ပြည့်စုံအောင် ရှင်းပြပြီးသားမို့ ထပ်မပြောတော့ပါဘူး …

    တော်ပြီးသားကလေးအတွက် အဓိကလိုအပ်တာက ဝါသနာပါပဲ … ဝါသနာပါတဲ့လိုင်းကိုရွေးချယ်ပြီး တကယ်ကြိုးစားလိုက်ရင် အဆင်ပြေသွားမှာပါ ….

    • Foreign Resident

      August 29, 2012 at 1:03 pm

      ဟင်းနော် ၊ အပျိုကြီး ။
      တက္ကသိုလ် ကောင်းကြောင်း ဆိုးကြောင်းပဲပြောနော် ။
      သင်္ဘောသားတွေ ရှုပ်တဲ့ ဆိုးတဲ့ အကြောင်း မပါစေနှင့် ။
      ဟဲဟဲ ။ 😛

      • weiwei

        August 29, 2012 at 1:33 pm

        မိသားစုထဲမှာ ကပ္ပတိန်အောင်ပြီးသား သင်္ဘောသားတစ်ယောက်ရှိနေလို့ သင်္ဘောသားတွေ ကောင်းတာ ဆိုးတာတွေ နဲနဲပါးပါးတော့ သိထားပါကြောင်း …. 😛

        ကျွန်မသူငယ်ချင်းတစ်ယောက်ဆိုရင် သူ့အဖိုးက သင်္ဘောသား .. အဖေက သင်္ဘောသား၊ ယောက်ျားက သင်္ဘောသား၊ မောင် ၃ ယောက်စလုံးကလဲ သင်္ဘောသားမို့ သူ့ကို သင်္ဘောသား ၆ ယောက်အကြောင်းဆိုပြီး ဝတ္ထုရေးဖို့ မကြာခဏ နောက်ပြောင်မိတယ် … 🙂

  • kai

    August 29, 2012 at 11:29 am

    မြန်မာပြည်မှာ.. ကံကောင်းရင်( အင်း..ကံကောင်းရင်လို့.. ပြင်ပြောနေရပြီ)
    ကမ္ဘာ့အဆင့်..ထင်ရှားတဲ့.. ရေနက်ဆိပ်ကမ်းကြီး ၂ခု ..နောင်၁ဝစုနှစ်ဝန်းကျင်မှာထွက်လာလိမ့်မယ်..

    ဆိုတော့..
    ရေနဲ့ပါတ်သက်တာ.. သင်္ဘောနဲ့ပါတ်သက်တာ.. ရွေးရင်.. လွဲတဲ့အလုပ်.. နောင်တရစရာ.. ရွေးချယ်မှုဖြစ်မယ်တော့မထင်ကြောင်း….

  • ပန်းစံပါယ်

    August 29, 2012 at 11:33 am

    ဟုတ်ကဲ့ပါ မweiwei အခုလိုအကြံပြုပေးတာ ကျေးဇူးပါ။
    ရေကြောင်းကို သိပ်မကြိုက်လှတဲ့အကြောင်းလေးလည်း ပြောလို့အဆင်ပြေမယ်ဆိုရင် သိချင်ပါတယ်ရှင်။ ဖြစ်နိုင်ရင် မျှဝေပေးပါလား။ ရှုထောင့်ပေါင်းစုံ အချက်အလက်စုံစုံနဲ့ဆိုတော့ ဘက်ပေါင်းစုံကနေ စဉ်းစားပြီး ရွေးချယ်တော့ ပိုကောင်းတာပေါ့။

    မweiweiနဲ့မိသားစု ချမ်းသာသုခအပေါင်းနဲ့ ပြည့်စုံပါစေ…

    • weiwei

      August 29, 2012 at 1:21 pm

      မကြိုက်တာကတော့ သူငယ်ချင်းအရင်းအခြာအများစုက ရေကြောင်းမှာ ဆရာမလုပ်နေကြလို့ အတင်းတွေ အဖျင်းတွေ ကြားသိရတာ များလာလို့ပါ … ခံစားချက်တစ်ခုဖြစ်လို့ ရှင်းပြလို့ အဆင်မပြေပါဘူး …
      မနှစ်ကစပြီး ကျောင်းစတက်ရတဲ့ ပထမနှစ်မှာကထဲက မေဂျာခွဲပါတယ် … ဒီနှစ် စာသင်နှစ်ကစပြီး ၆ နှစ်ဖြစ်တော့မယ်လို့လဲ သတင်းကြားတယ် … မိဘတွေက ၆ နှစ်စာကို ကောင်းကောင်းထောက်ပံ့နိုင်ရပါလိမ့်မယ် … အဲဒီရောက်မှ တော်ရဲ့သားနဲ့ ပျက်စီးသွားတဲ့ ကျောင်းသားတွေကို အများကြီး မြင်ဖူးတယ် … သင်္ဘောတက်ဖို့ အဆင်မပြေတဲ့မေဂျာယူမိလို့ အလုပ်အဆင်မပြေတာတွေလဲ ကြုံဖူးတယ် …

      • Foreign Resident

        August 29, 2012 at 4:49 pm

        ” ရေကြောင်းမှာ ဆရာမလုပ်နေကြလို့ ၊
        အတင်းတွေ အဖျင်းတွေ ကြားသိရတာ များလာလို့ပါ ”

        ဟဲဟဲ ၊ MMU က ဒုကျောင်းအုပ် / Professor ( Training / Admin ) ၊
        လုပ်နေတဲ့ ဆရာကြီး အတင်း များလားကွယ် ။
        အရမ်း စိတ်ဝင်စားတယ် သိလား ။ ပြော ။ 😛

        • pazflor

          August 30, 2012 at 2:38 am

          သူကအဲ့လောက် ဆိုးပါဘူး အဘရဲ ့။ သူ့ထက်ဆိုးတဲ့သူ ရှိတယ်… 😛

        • Foreign Resident

          August 30, 2012 at 3:03 am

          ဟီ ဟိ ၊ တက္ကသိုလ် ရိပ်သာလမ်းမှာ ၊
          ၂ ဧက လောက်ရှိတဲ့ ခြံကျယ်ကြီး နှင့်နေပြီး ။
          စိန်တွေကို ပြည်တောင်းနှင့်ကို ပိုင်တာတဲ့ ။

  • ပန်းစံပါယ်

    August 29, 2012 at 11:40 am

    ဟုတ်ကဲ့ပါ သူကြီးလို့လူသိများတဲ့ သူကြီး ဦးkai ရှင့်…
    အခုလိုအကြံပြုပေးတဲ့အတက် ဝမ်းလည်းဝမ်းသာ ကျေးဇူးလည်း တင်ပါတယ်။

    သူကြီးနှင့်မိသားစု ချမ်းသာသုခအပေါင်း ပြည့်စုံပါစေရှင်…

  • ကထူးဆန်း

    August 29, 2012 at 12:01 pm

    အကောင်းဆုံးက တော့ ဝါသနာ ပါရာပါဘဲ ..
    ဘဖော ပြောတဲ့ အင်ဂျင်နီယာ နဲ့ Deck Officer များမှာ လည်း သူ့ဟာ သူ ကောင်းကျိုး ဆိုးကျိူး ရှိကြတာပါဘဲ ။ တစ်ချိန် သဘောင်္များ မလိုက်ခဲ့ မလိုက်ချင်တော့ဘူးဆိုရင် အင်ဂျင်နီယာက ကုန်းပေါ်မှာ အလုပ်လွယ်သွားပြန်ရော ။
    ဘာမှ ပုံသေပုံမ ပြောလို့ မရတဲ့ အတွက် ကိုယ်တိုင် လုပ်မှ ရမဲ့ အရာ တွေမို့လို့ ကိုယ်တိုင်လုပ်မဲ့သူ ဝါသနာ ပါရာ ဆုံးဖြတ်ပါစေ။
    အန္တာရယ် ဆိုတာလည်း အကြမ်းဖျင်း ပင်လယ်ထဲ များ တယ် ဆိုပေမဲ့ မုန်တိုင်းလာရင် ရှောင်ပြေးကြ ၊ ကျွန်းကြား ခိုအောင်းကြတာပါ ။ ပင်လယ်ထဲ တစ်ခု ခု ဖြစ်ရင်တော့ ချက်ခြင်း လက်ငင်း မကုနိုင်ဘူးပေါ့ ။

    • Foreign Resident

      August 29, 2012 at 12:57 pm

      Deck Officer လည်း အလုပ် မရှားလှပါဘူးကွယ် ။
      အခုဆို ကုန်းပေါ်မှာ နားနေရင်း စာသင်ပေးရုံလေးတောင် ၊
      အကြမ်းဖျင်း တစ်လ ၂၅၀ဝ ပေးပါတယ်ကွယ် ။

      DPA, Port Captain, Cargo Surveyor, Cargo Planner,
      Forwarding Manager အလုပ်တွေက Deck Officer မှ လုပ်နိုင်တာပါ ။
      အင်ဂျင်နီယာတွေ လုပ်လို့ မရပါဘူး ။

      အခု ကျောက်ဖြူ နှင့် ထားဝယ် ရေနက် ဆိပ်ကမ်းသာ ပြီးရင် ၊
      Deck ဖြစ်ဖြစ် Engine ဖြစ်ဖြစ် အရာရှိ အရမ်းရှားပြီး ၊
      အလုပ် နှင့် ရှိတဲ့လူနှင့် မမျှလို့ ပါတ်ပြေးနေရတော့မယ် ။

      အဘ ဩဇီ အိမ်မှာ ငုတ်တုတ် ထိုင်နေတာတောင် မှ ၊
      Sydney မှာ Cargo Surveyor လုပ်ဖို့ ၊
      တစ်နှစ် ၇၀၀၀ဝ ၊ အိမ် ကား ကွန်ပျူတာ ပေးမယ် ဆိုပြီး ၊
      လာ ကမ်းလှမ်းပါတယ်ကွယ် ။
      Over time ပါလုပ်ရင် တစ်နှစ် ၁၀၀၀၀ဝ ပေါ့ ။

      အဲဒီ အလုပ်ကို လက်ခံလိုက်ရင် အမိ မြန်မာပြည်ကြီးကို ၊
      ခဏ ခဏ ပြန်လို့ မရတော့မှာ မို့လို့ ငြင်းပစ်လိုက်ရတယ် ။
      ( ဟီ ဟိ ၊ မိန်းမ မကြားစေနှင့် ၊ သတ်လိမ့်မယ် )
      သားသားက အဲလို အမိ မြန်မာပြည်ကြီးကို ချစ်တာ ။ ဟီ ဟိ ။

      • ကထူးဆန်း

        August 29, 2012 at 2:32 pm

        ဘဖောနဲ့ ပွားလိုက်ဦးမယ် ။။ ရွာထဲ သဘောင်္ အင်ဂျင်နီယာ တွေ မရှိဘူးလားကွယ်..

        ၄ ။ Engineer ဆိုတာ Deck Officer ခိုင်းတာတွေကို လုပ်ပေးရတာလေ ။
        ( အလုပ် ဟူသမျှကတော့ ဂုဏ်ရှိတာပါပဲ ၊ သိရအောင်သာပြောတာပါ )

        အများအထင်မလွဲအောင်လို့ပါ ။
        သဘောင်္မှာ Master (captain) . Chief Mate , 2 nd Mate , 3 Mate … ဒါက Deck Officer လိုင်း
        Chief Engineer , 1 st Engineer (အချို့လိုင်းများသာ) , 2nd Engineer , 3 rd Engineer , စသဖြင့် Engineer လိုင်း နှစ်လိုင်း အဓိက ရှိပါတယ် ။ Cook တွေတော့ ဖယ်ထားလို်က်ပေါ့ ။
        အဲ့ဒီမှာ ဘဖော ပြောသလို Deck Office တွေ ခိုင်းတာ တွေကို လုပ်ပေးရတယ်ဆိုတာ မှန်ပေမဲ့ with respect နဲ့ပါ ။
        ကိုယ့်အောက်လက် ငယ်သားကို ခိုင်းရတဲ့ ပုံစံ မဟုတ်ပါဘူး ။ engineer ဖြစ်တဲ့ အတွက် သဘောင်္ ပေါ်က ပျက်တာ ပြင်ပေးရတဲ့ တာဝန်ရှိပါတယ် ။
        ကုန်ထုတ် ကုန်ထည့် သဘောင်္ ကိုရေသွင်း ရေထုတ် လုပ်ပေးရပါတယ် ။ အဲ့ဒီ့တော့ ကုန်းပါတ်က ဆရာတွေက ဘယ်ရေကန်ကို ရေသွင်းပေးပါဆို သွင်းပေးရပါတယ် ။ဘယ် ရေကန် ကို ရေထုတ်ပေးပါဆိုထုတ်ပေးရပါတယ် ။
        သဘောင်္ကုန်းပါတ် ဘာကြိုးသွားလို့ ပြန် ဂဟေဆော်ပေးပါဦး ။ ဘယ် crane အလုပ်မလုပ်တော့ဘူး လုပ်ပေးပါဦးဆို လုပ်ပေးရပါတယ် ။
        အဲ့ဒါနဲ့ဘဲ Deck Officer တွေ ခိုင်းတာ လုပ်ပေးရတယ်လို့ နှိမ်ချ မပြောသင့်ပါဘူး ။
        Captain နဲ့ Chief Engineer ယူနီဖောင်းဝတ်ရင် ဘားက တန်းတူပါ ။
        Chief Mate နဲ့ 2nd Engineer
        2 nd Mate နဲ့ 3 rd Engineer , Electrical Engineer (Once upon in time တုန်းကတော့ Radio Officer)
        3rd Mate နဲ့ 4 th Engineer တန်းတူ ဝတ်ရတာပါ ။
        အရောင်သာ ကွာတာပါ ဆိုတော့ ……

        နောက် ဘဖောပြောသလို သူကြီးဖြစ်ပြီး နောက်တော့ အလုပ်ပေါပါလိမ့်မယ် ။ 2nd Mate အောင်ပြီးရင်တော့ မဆိုးပါဘူး ။Harbour Pilot ခေါ်တာ တွေ့ဘူးပါတယ် ။ အဲ 3 Mate 3 Mate Certificate လောက်နဲ့တော့ ကုန်းပေါ် အလုပ်မရလောက်ဘူးထင်ပါတယ် ။ ကိုယ်ပိုင် အခြားဘွဲ့ ရရင်တော့ တစ်မျိုးပေါ့လေ။ အင်ဂျင်နီယာကတော့ Junior Engineer ဘဲဖြစ်ခဲ့ဦး အလုပ်ပြန်ရှာရလွယ်ပတယ် ။ အကြောင်းကတော့ အင်ဂျင်နီယာဘွဲ့ကြောင့် မို့လို့ပါ ။

        တစ်ခု ဝန်ခံစရာတော့ ရှိပါတယ် ။ အခု ရေကြောင်းတက္ကသိုလ် ဘွဲ့ နဲ့ဆိုရင်တော့ ဘာတွေ ရလဲ ကျွန်တော် မသိပါဘူး ။

        နောက် တစ်ချိန် တစ်ခါက ကျွန်တော် သိခဲ့သလောက် Deck Cadet ၁၀ဝ မှာ 50 လောက်သာ 2nd Mate ဖြစ်ခဲ့ကြပြီး Chief Mate , Master ဖြစ်သူ အလွန် နည်းခဲ့ပါတယ် ။

        ထိုနည်းတူဘဲ 2nd Engineer , Chief Engineer ဖြစ်သူ နည်းပါးခဲ့ပါတယ် ။

      • Foreign Resident

        August 29, 2012 at 4:03 pm

        ဟဲ ဟဲ ဟဲ ။ ကထူးဆန်း ။
        ” အဲ့ဒါနဲ့ဘဲ Deck Officer တွေ ခိုင်းတာ လုပ်ပေးရတယ်လို့ နှိမ်ချ မပြောသင့်ပါဘူး ”
        ဟုတ်ပါတယ်ဗျာ ၊ ဟုတ်ပါတယ်ဗျာ ။
        With Respect ၊ ချော့ခိုင်းရတာပါဗျာ ။

        ” Captain နဲ့ Chief Engineer ယူနီဖောင်းဝတ်ရင် ဘားက တန်းတူပါ ”
        နဲနဲလေးတော့ ကွန့်ပါရစေ ။ စိတ်မဆိုးပါနှင့် ။
        ၁ ။ ဘား အရေအတွက် တူပေမယ့် အောက်ခံ အစ ကွာတယ်လေ ။
        ၂ ။ ဦးထုပ်ပေါ် က ပန်းခွေကြီး လဲ ရှိသေးတယ်လေ ။
        ၃ ။ Merchant Shipping Act မှာ Article of Agreement မှာ By Law အရ ၊
        Master ( အုပ်ချုပ်သူ / အမိန့်ပေးသူ ) က သင်္ဘောမှာ တစ်ယောက်ထဲလေ ။
        Chief Engineer အပါအဝင် ကျန်သူတွေအားလုံးက Crew တွေလေ ။

        ထားပါ ၊ ကြုံလို့ ဗဟုသုတလေးရအောင် ပြောပြရအုံးမယ် ။
        အခုခေတ် ဥရောပမှာက သဘာဝ ပါတ်ဝန်းကျင်နှင့်ဆိုင်တဲ့ ၊
        စည်းမျဉ်းတွေက တယ်ကျပ်လာသကိုး ။
        Paris MOU ထိုးထားတဲ့ EU Area ဝင်တာနှင့် ၊
        သင်္ဘောမှာသုံးတဲ့ မောင်းဆီက ဆာလဖာ % ဘယ်လောက်ပဲ ရှိရမယ် ။
        ခေါင်းတိုင်က ထွက်တဲ့ မီးခိုးက ကာဗွန် % ဘယ်လောက်ပဲ ရှိရမယ် ။
        Oily Water Seperator ကထွက်တာ PPM ဘယ်လောက်ပဲ ခွင့်ပြုမယ် ။
        သင်္ဘောကနေ အိမ်သာ မစွန့်ပစ်ရဘူး ။ အမှိုက် မစွန့်ပစ်ရဘူး ။
        လက်ဆေးရေ ၊ အဝတ်လျှော်ရေ Grey Water မစွန့်ပစ်ရဘူး ။
        အဲလိုရှိတာကိုး ။

        အဲဒါ ၊ ပြီးခဲ့တဲ့ အပါတ်ကပဲ ၊
        ရင်းနှီးတဲ့ Chief Engineer တစ်ယောက်နှင့် စကားပြောကြတော့ ၊
        သူ့ သင်္ဘော ဥရောပ ရောက်နေတယ်ပေါ့ ။
        စည်းမျဉ်းတွေ တင်းကျပ်လွန်းတော့ စိတ်ညစ်ကြောင်း ပြောတယ်ပေါ့ ။

        အဲဒီမှာ အဘ က ဘာပြန်ပြောလိုက်လဲဆိုတော့ ၊
        မင်း Chief Engineer တစ်ယောက်အနေနှင့် တော်ပါသေးတယ်ကွာလို့ ၊
        မင်း စိတ်ကြိုက်လုပ်ပြီး ၊ မင်းညံ့ရင် ပေါ့ရင် မင်းခံရတာပါလို့ ။

        ငါတို့ Captain တွေ ဘဝမှာက ၊
        မင်းတို့ Engineer တွေ အောက်မှာ ဘာတွေလုပ်ထားမှန်းလဲ မသိ ။
        မင်းတို့ က ငါတို့ကို ဘာတွေ ဖုံးထား ရွီးထား ကြိတ်ရှင်းထားမှန်းလဲ မသိရပဲ ၊
        ဖြစ်လာရင် Captain ဆိုတော့ တာဝန် ရှိပြီး ဒိုင်ခံ ရှင်းနေရတာ ၊
        ကံများဆိုးရင် ရဲစခန်းပါ ရောက်မှာလေ ။
        တစ်နေ့ တစ်နေ့ C/E မျက်နှာ ကောင်း မကောင်း ၊
        သမီ ရည်းစား မျက်နှာကျနေတာပဲ ၊
        အမြဲ အရိပ် တကြည့်ကြည့်နေနေရတာလေ လို့ ။
        အဲလိုပြောလိုက်တော့ ကျေးဇူးရှင်က ရီတယ်လေ ။

        ခိုင်းတာတော့ ခိုင်းတာပေါ့လေ ။
        ဒါပေမယ့် ၊ ချော့ခိုင်း ၊ မြှောက်ခိုင်းလေးပေါ့ ။ ဟဲ ဟဲ ။
        ပညာရှင် အချင်းချင်း ဟာကိုး ။

        • ကထူးဆန်း

          August 29, 2012 at 6:09 pm

          စိတ်မဆိုးပါဘူး ခင်ဗျ ။ ဒါကြောင့်မို့လို့လဲ ကျွန်တော် Master (Captain) လို့ ရေးခဲ့တာပါ ။
          ဒါက အမှန်ဘဲလေ။

  • ပန်းစံပါယ်

    August 29, 2012 at 12:22 pm

    ဟုတ်ကဲ့ပါ ကိုရင်စည်သူ..ကိုရင်စည်သူပြောမှပဲ တမျိုးထပ်ပြီး အားတက်လာပြီး ဘယ်လိုဆက်လုပ်ရမလဲဆိုတာ စဉ်းစားမိလာပါတယ်။ ကျေးဇူးပါနော်။

    အားလုံး ကျန်းမာ ချမ်းသာကြပါစေ..

    xxxxx

    ကိုကထူးဆန်း ပြောတာလည်း မှန်ပါတယ် “တစ်ချိန် သဘောင်္များ မလိုက်ခဲ့ မလိုက်ချင်တော့ဘူးဆိုရင် အင်ဂျင်နီယာက ကုန်းပေါ်မှာ အလုပ်လွယ်သွားပြန်ရော ။” ဆိုတော့ကာ Deck Officer ပိုင်းက သင်္ဘောမလိုက်တော့ဘူးဆိုရင်တော့ အင်ဂျင်နီယာတွေလို ဒီပညာနဲ့ဒီဘွဲ့နဲ့ ကုန်းပေါ်မှာလုပ်စရာမရှိဘူးပေါ့။ ဒါလည်း ထည့်သွင်းစဉ်းစားစရာအချက်တစ်ချက်ပါပဲ။

    အားလုံး ကျန်းမာ ချမ်းသာကြပါစေ..

  • Foreign Resident

    August 29, 2012 at 12:40 pm

    ” အဲဒီသိန်း ၄ဝ တန်သင်တန်းတက်တာနဲ့ အောင်တာသေချာလား ”

    Written တောင် မသေချာပါဘူး ။
    ဒါပေမယ့် တကယ် ခိုင်မာတဲ့ အခြေခံကောင်း ရသွားမှာ သေချာပါတယ် ။

    အဲဒီ သိန်း ၄ဝ ထဲမှာ ၊
    ARPA, BTM, ECDIS, PSC & RB, MFA, AFF, SSO
    သင်တန်းကြေး နဲ ့ certificates Fee တွေ ပါပြီးသား ၊
    သင်တန်းကလည်း ဆယ်လ အပြည့်ကို ၊
    တကယ့် Certified Captain တွေက သင်ရတယ် ၊
    အဲလို ဆိုတော့ ၊ သင်တန်းကြေး သိန်း ၄ဝ က မများပါဘူး ။

    IMT က Refresher Course တက်တဲ့သူတွေလည်း ၊
    ကျူရှင် ထပ်တက်ရတယ် ၊
    Certificate သင်တန်းတွေကို တစ်ခုစီ လိုက်တက်ရလို့ ၊
    ငွေတွေ အချိန်တွေ ထပ်ကုန်တယ် ၊
    နောက်ဆုံးမှာ သိန်း ၄ဝ လောက်ပဲ ပြန်ကျတာပဲ ။

    ဒါကြောင့် ၊ အဘ ကတော့ သိန်း ၄ဝ တန်းကိုတက်ဖို့ အားပေးပါတယ် ။
    ( သိန်း ၄ဝ တန်းကိုတက်ဖို့ အားပေးပါတယ် )

    သိန်း ၄ဝ ကို မတတ်နိုင်သေးရင်လည်း ၊
    သင်္ဘော နောက်တစ်ခေါက် ထပ်လိုက်ပြီး ရှာပေါ့ကွယ် ။

    ဈေးကွက်စီးပွားရေးလေ ၊ ငွေ မတတ်နိုင်ရင် မဝယ်ရုံ ရှိမပေါ့ ။
    ဒီ service လိုချင်ရင် ဒီ ပိုက်ဆံ ရအောင်စုရမှာပေါ့လေ ။
    သဗ္ဗေ သတ္တာ ၊ ကမ္မသကာ ဘဲ ။

  • ပန်းစံပါယ်

    August 29, 2012 at 1:15 pm

    ဟုတ်ကဲ့ပါ အဘဖော…အဘဖောရဲ့အကြံပြုချက်တွေက ပြည့်စုံနေပြီး သမီးအနေနဲ့လည်း အလွန်ဝမ်းသာ အားရ ကျေနပ်မိပါတယ်။
    Written လို့ အဘဖောပြောလိုက်မှ နောက်တစ်ခုကို သတိရသွားတယ် အဘဖောရေ..(ဟီးဟီး..ဒီကောင်မလေး မေးခွန်းတွေများလိုက်တာလို့တော့ မထင်လိုက်ပါနဲ့အဘဖောရေ။ ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို အချိန်မလွန်ခင် သိသင့်သိထိုက်တာလေးတွေ သိထားသင့်တယ်ထင်လို့ပါ။) တစ်ချို့ပြောသံတွေကြားရတယ် Written အောင်ပြီ Oral မအောင်သေးလို့ သင်္ဘောမတက်ရသေးဘူးဆိုပြီးတော့။ သမီးသိချင်တာကတော့ Written အောင်ပြီး Oral အောင်ဖို့အတွက်ရော ဘာတွေဘယ်လို လိုအပ်သလဲဆိုတာလေး ပြောပြပါဦး အဘဖော။

    • Foreign Resident

      August 29, 2012 at 4:17 pm

      သမီးရယ် သမီး ကိုယ်တိုင်များ ၊
      2nd Mate ( OOW ) ဝင်ဖြေ ပြီး သင်္ဘောလိုက်တော့ မလို့လားကွယ် ။

      2nd Mate ( OOW ) စာမေးပွဲက ၃ ပိုင်း ရှိတယ် ။
      Written, Oral & Signal ပါ ။
      ၃ ပိုင်းစလုံး အောင်မှ 2nd Mate အောင်တယ်ခေါ်တယ် ။

      Oral အတွက်ကလည်း သူဟာနှင့်သူ သင့်ရာ ကျူရှင်တွေ ရှိပါတယ် ။
      လက်ရှိတော့ ကိုရွှေစိုး နှင့် ကိုမင်းမင်းထွန်း တို့ ကျူရှင်တွေ နံမည်ကြီးတာပဲ ။
      ဘယ်သူ့တက်ပါလို့တော့ အဘ မပြောဘူး ။
      နှစ်ယောက်စလုံးက အဘ နှင့် အရမ်းခင်နေလို့ ။

      • ပန်းစံပါယ်

        August 29, 2012 at 4:37 pm

        ဟုတ်တယ်အဘဖောရေ ဖြစ်နိုင်ရင် ကိုယ်စားဝင်ပြီးဖြေပစ်လိုက်ချင်ပါတယ်။ အခုလိုအသေးစိတ် စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။ အဘဖောကို လေးလည်းလေးစားပါတယ်။

        အဘဖောနှင့်မိသားစု အားလုံး ကျန်းမာခြင်း ချမ်းသာခြင်းသုခအပေါင်းနဲ့ ပြည့်စုံပါစေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်ရှင်။

      • Foreign Resident

        August 29, 2012 at 5:00 pm

        ” ဖြစ်နိုင်ရင် ကိုယ်စားဝင်ပြီးဖြေပစ်လိုက်ချင်ပါတယ် ”

        ဟဲ ဟဲ ။ အဘ အသိတစ်ယောက် စာမေးပွဲဖြေတော့ ၊
        သူ့မိန်းမ ဆရာဝန်မလေးက ကူကျက်ပေးတယ်ပေါ့ ။
        နောက်ဆုံး အဲဒီ ဆရာဝန်မလေးက အဘတို့ Marine စာတွေကို ၊
        သူ့ ယောက်ကျားထက်တောင် ပိုတတ်သွားသေး ။

        • ပန်းစံပါယ်

          August 30, 2012 at 12:59 pm

          သမီးကတော့ အဲဒီလိုမဟုတ်ရပါဘူးအစ်ဘဖောရယ်…အစ်မကြီးအမိအရာဆိုတဲ့ တာဝန်တွေအောက် လျှောက်လဲချက်မရလောက်အောင်.. ဘောင်ခတ်ခံထားရပါတယ်အဘဖောရေ..မိမိကိုယ်မိမိပြန်ပြီးဘောင်ခတ်ခံထားရတာပါ။

  • TNA

    August 29, 2012 at 2:36 pm

    ရေကြောင်းကိုရွေးမယ်ဆိုရင်တော့အကောင်းဆုံးက ရေကြောင်းနဲ့ပါတ်သက်ပြီး ဒီကျောင်းနဲ့ပါတ်သက် လို့ သေသေချာချာရှင်းပြနိုင်တဲ့သူကိုရှာမေးတာအကောင်းဆုံးပါ။ သိချင်တာလဲမျက် နှာချင်းဆိုင်တထိုင် ထဲမေးလို့ရတာပေါ့။ ကလေးကိုလဲ ရှင်းပြတဲ့သူကသိချင်တာချက်ချင်းမေးလို့ရတာမို့ ကလေးသဘောထား သိရင် ရေကြောင်းတက်သင့်လား အင်ဂျင်နီယာလိုင်း ( YIT )ယူသင့်လား ဆိုတာတခါတည်းကွဲပြား သွားမှာ ပါ။ ဆေးကျောင်းကတော့ ဒီနှစ်ကစလို့အဆင့်မြှင့်မယ်ပြောလို့ဝါသနာပါ မယ်ဆို ရင်တော့ သူဘွဲ့ရတဲ့ အချိန်မှာ သူ့ပညာဟာတန်ဖိုးရှိနေမှာပါ။ ဒါကြောင့်သေချာတာကတော့ ရေကြောင်းတက်က သိုလ်ကျောင်း နဲ့ပါတ်သက်တဲ့သူကိုအသေးစိတ်ဒါရိုက်မေးတာအကောင်းဆုံးပါ။ ကြားမိသလောက် ကတော့ သိန်း ၄ဝ ကတော့အာမခံပါတယ်။ အောင်ဖို့ကို။ ရေကြောင်းတက်ကသိုလ်ကတော့ အောင်ပြီးရင် ၁ to ၂ဝ လောက် ဝင် မှအလုပ်စိတ်ချရပါမယ်။ မဟုတ်ရင်တော့ အပြင်မှာလိုင်းရှာရပါမယ်။ ရေကြောင်း တက်ကသိုလ်ဆင်းမို့ ရိုးရိုးထက်စာရင်နဲနဲတော့အခွင့်ပိုရှိနိုင်ပါတယ်။ ဒါပေမဲ့ပေးရတာကတော့ တန်း တူပါပဲ။ ဘယ်တက်ကသိုလ် ပဲ တက်တက်ကျောင်းတွင်းပြသနာကတော့အနဲနဲ့အများရှိနိုင်တာမို့ ကိုယ်နဲ့ အဆင်ပြေမပြေ ဝါသနာပါမပါဆိုတာပဲဆုံးဖြတ်ပါ။ ရေကြောင်းကတော့ ပိုက်ဆံရသလောက် စွန့်လွှတ်ရ တာတွေများတာမို့ တကယ်ဝါသနာပါမှ လုပ်သင့်ပါတယ်။ တကယ်ဝါသနာပါတယ်ဆိုရင်တော့ စိတ်ဝင် စားစရာအလုပ်ပါ။ သေချာရှင်းပြနိုင်မဲ့သူကို သေချာဆွေးနွေးစေချင်ပါတယ်။ ဆုံးဖြတ်ချက်မှားသွားရင် တသက်စာဖြစ်သွားနိုင်တာမို့ သေချာမေးပါ။ များများမေးပါ။ အကြားနဲ့မဆုံးဖြတ်စေချင်ပါဘူး။

    • TNA

      August 29, 2012 at 3:15 pm

      စာမေးပွဲမအောင်ဘူးဆိုတာကလဲ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ တချို့လဲတခါတည်းနဲ့အောင် ပါတယ်။ တချို့လဲ ၃ ခါ ၄ ခါဖြေရပါတယ်။ မတူပါဘူး။ ဒါကိုကြောက်ရုံနဲ့ သင်္ဘောသားမလုပ် ဘူးဆိုတာမဖြစ်သင့်ပါဘူး။ သင်္ဘောသားလုပ်မလုပ်ဟာ စာမေးပွဲတွေ မအောင်နိုင်လို့ဆိုတာနဲ့ မပါတ်သက်သင့်ပါဘူး။ ဝါသနာပါမပါ တကယ်လုပ်ချင်စိတ်ရှိမရှိနဲ့ပဲဆုံးဖြတ်သင့်ပါတယ်။ သင်္ဘောသားလုပ်လဲ နောင်စာမေးပွဲတွေဖြေရမှာဖြစ်သလို ဆရာဝန်လုပ်လဲဖြေရမှာပဲ။ အဲတော့ စာမေးပွဲဆိုတာ ဆုံးဖြတ်ချက်မှာသက်ရောက်မှု့မရှိစေချင်ပါဘူး။

    • Foreign Resident

      August 29, 2012 at 4:31 pm

      ” ကြားမိသလောက် ကတော့ သိန်း ၄ဝ ကတော့ အာမခံပါတယ်။ အောင်ဖို့ကို ”

      အရမ်းတော့ မလုပ်လိုက်ပါနှင့်ကွယ် ။
      အခုလေးတင်ပဲ Face Book က Marine Group တွေမှာ ၊
      အဲဒီကိစ္စ ပွစိပွစိ ဖြစ်နေလို့ ၊
      ကျောင်းဖွင့်တဲ့ ဆရာ့ ဆရာကြီးတွေပါ ၊
      ကိုယ်တိုင် ဝင်ရှင်းပြနေရတယ် ။
      သာသာ လုပ်ပါဗျာ ။

      • TNA

        August 29, 2012 at 6:28 pm

        အဲဒါကတော့အဘရေ စပြီးလက်ခံတုန်းကပြောတာကြားမိတာကိုပြောတာပါ။ အခုကတော့ ဘာတွေ ဖြစ်နေလဲတော့မသိတော့ဘူး။ အဘကပိုနီးစပ်မှာပေါ့။ ဒါပေမဲ့အခုကတော့အဲလို သင်တန်းတွေ နောက်ထပ်ကျောင်းတွေထပ်ချပေးတယ်ကြားတယ်။ အဲဒါဆိုရင်တော့ အတိုင်းအတာတခုထိမျှော်လင့်လို့ရတာပေါ့အဘရယ်။ အရင်လို စာမေးပွဲဘယ်တော့လဲ ဘုရားသခင်မှသိလိမ့်မယ်ဆိုတာထက်တော့ ပိုသာမယ်ထင်ပါတယ်။ ဟုတ်ဘူးလားအဘ။

      • Foreign Resident

        August 30, 2012 at 2:43 am

        ” စာမေးပွဲဘယ်တော့လဲ ဘုရားသခင်မှသိလိမ့်မယ် ”

        DMA, IMT, MMU အားလုံးမှာ
        အလုပ်လုပ်မယ့် ၊ စာသင်မယ့် ၊
        Certified Captain တွေ မရှိတော့ပါဘူး ။
        အလုပ် နှင့် လူ နှင့် လုံးဝ မမျှတော့ပါဘူး ။

        အဘ သိသလောက်
        IMT တကျောင်းလုံးမှာမှ ၊
        စာသင်မယ့် Capt တစ်ယောက် ။
        MMU တကျောင်းလုံးမှာမှ ၊
        စာသင်မယ့် Capt တစ်ယောက် ။
        အဲလောက်ပဲ ကျန်ပါတော့ပါတယ် ။

        သိန်း ၄ဝ ကျောင်းမှာတော့ ၊
        စာသင်မယ့် Capt ၁၅ ယောက် ရှိပါတယ် ။
        အစိုးရ Public Sector က မနိုင်တော့တဲ့ အပိုင်းမှာ ၊
        ပုဂ္ဂလိက Private Sector က ဝင်ကူလာရပါပြီ ။
        ကောင်းပါတယ် ။

        ရှေ့လျှောက် IMT ( MMMC ) အပါအဝင် ၊
        ရှိရှိသမျှ သင်တန်းကျောင်း အားလုံးကို ၊
        သိန်း ၄ဝ ကျောင်း ဖြစ်သွားအောင် ၊
        Plan ဆွဲနေပါတယ် ။
        ( ကိုရင်စည်သူလည်း လုံလောက်အောင်သာ
        ပိုက်ဆံစုလာခဲ့ပါ )

        နို့မို့ရင် လက်ရှိ IMT ( MMMC ) လို ၊
        ကောလိပ် တစ်ကျောင်းလုံးမှာမှ စာသင်မယ့် ၊
        Certified Captain တစ်ယောက်ထဲရှိရင် ၊
        IMO က White List အတွက် Audit မှာ ၊
        လက်ခံနိုင်မှာ မဟုတ်ပါဘူး ။

        စာသင်တဲ့ ဆရာတွေရဲ့ ဝင်ငွေကို ၊
        တစ်လ ၂၀၀ဝ အထက်ဖြစ်အောင် လုပ်ပေးမှာပါ ။
        နို့မို့ရင်လည်း ဘယ် Capt မှ လာသင်မပေးပါဘူး ။

        • ကိုရင်စည်သူ

          August 30, 2012 at 11:21 am

          Foreign Resident says: DMA, IMT, MMU အားလုံးမှာ
          အလုပ်လုပ်မယ့် ၊ စာသင်မယ့် ၊
          Certified Captain တွေ မရှိတော့ပါဘူး ။
          အလုပ် နှင့် လူ နှင့် လုံးဝ မမျှတော့ပါဘူး ။
          အဲ့ဒီအချက်တော့ အဘဖောပြောတာ လုံးဝလက်ခံပါတယ်..
          IMT မှာ Tanker သင်တန်းထပ်တက်တော့ သင်မယ့် Captain တွေမရှိလို့
          SB marine က သင်္ဘောပြန်ဆင်းလာတာ မကြာသေးတဲ့ ဆရာတွေကို
          volunteer အကူအညီတောင်းပြီး ပြန်သင်ခိုင်းရပါတယ်..။ သူတို့ကလည်း
          အသက်ငယ်ပြီး အဘဖောလို ရုပ်ချောသဘောကောင်းကြီးတွေပါ။ 🙂 🙂
          အသက်ကြီးသွားတဲ့ Captain များကလည်း သင်္ဘောပြန်မတက်ချင်ကြတော့ပါဘူး
          ဆရာပြန်လုပ်ရင်လည်း လစာမကောင်းတော့ ပြန်တက်သွားကြတာပါ။
          သူတို့တွေသာ အရာရှိ်လောင်းတွေကို စာသင်ပေးရင် အင်မတန် သင်္ဘောသားတွေ
          အတွက် အကျိုးများပါလိမ့်မယ်….
          ” ကြားမိသလောက် ကတော့ သိန်း ၄ဝ ကတော့ အာမခံပါတယ်။ အောင်ဖို့ကို ”
          အဘရေ… သိန်း ၄ဝ အတန်းကြီးက ဖြေရင်အောင်တယ်.. အောင်တယ်.. အော်ဂျက်ဖြစ်နေရင်
          တားတားပြန်လာရင် ဈေးတက်သွားမှ… ဘေးထွက်သွားမှ..
          အမေ့အိမ်ပေါင်ပြီး သင်တန်းတက်နေရဦးမယ်.. 😕 😕

  • ပန်းစံပါယ်

    August 29, 2012 at 3:07 pm

    မှန်ပါတယ်ရှင် TNA (အမျိုးသားလား အမျိုးသမီးလား မသိလို့ ရှေ့က ဦး / ဒေါ်မထည့်တာကို နားလည်ပေးမယ်ထင်ပါတယ်) ပြောသလို ဆုံးဖြတ်ချက်မှားသွားရင် တသက်စာဖြစ်သွားနိုင်တာမို့ သေချာစုံစမ်းမေးမြန်းရခြင်းပါ။ အခုလိုအကြံပြုဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

    ကျောင်းနဲ့ပတ်သက်တဲ့အပိုင်းကိုတော့ ရှင်းပါတယ်ရှင်။ ကျောင်းမှာ သူသတ်မှတ်ထားတဲ့ အချိန် သင်ရိုးအတိုင်း တက်ရုံပါပဲ။ ကျောင်းပြီးရင် သက်ဆိုင်ရာဘွဲ့ BE, Bsc(Hons) ရမှာအသေအချာပါပဲ။ စဉ်းစားစရာဖြစ်နေတာက တစ်ခြားကျောင်းတွေလို ကျောင်းပြီးရုံနဲ့မပြီးပဲ ကျောင်းပြီးတဲ့နောက်ပိုင်းမှာ အထက်ကဆွေးနွေးချက်တွေလို ဒွိဟဖြစ်စရာ စဉ်းစားစရာကိစ္စလေးတွေကြောင့်ပါ။ ဒါက ကျောင်းနဲ့ဆိုင်တာလား အပြင်နဲ့ဆိုင်တာလားဆိုတာ မပြောတတ်ပေမယ့် လောလောဆယ်မှာတော့ ကျောင်းနဲ့မပတ်သက်ပဲ ကျောင်းအပြင်ပိုင်း သင်္ဘောသားလောကနဲ့ပတ်သက်တာဖြစ်လို့ ကိုယ်တွေ့ အတွေ့အကြုံတွေရှိကြတဲ့သူတွေ များတဲ့ မန္တလေးဂေဇက်မှာ အကြံဉာဏ်တောင်းရခြင်းဖြစ်ပါတယ်ရှင်။

    • TNA

      August 29, 2012 at 3:17 pm

      ဒါကြောင့်ကျောင်းတွင်းရောကျောင်းပြင်ပါအကြံပေးနိုင်တဲ့သူမျိုးကိုတိုက်ရိုက်မေးစေချင်ပါတယ်။ လိုအပ်ရင်ကူညီနိုင်ပါတယ်။

  • ပန်းစံပါယ်

    August 29, 2012 at 3:25 pm

    ဟုတ်ကဲ့ အခုလိုကြိုဆိုတာ ဝမ်းသာပါတယ်ရှင် ကျေးဇူးလည်းတင်ပါတယ်။ ကာယကံရှင်တွေကို ပြောပြပြီး သူတို့ဆန္ဒရှိရင် ဆက်သွယ်လိုက်ပါမယ်ရှင်။

    • Foreign Resident

      August 29, 2012 at 4:26 pm

      ” TNA says: လိုအပ်ရင်ကူညီနိုင်ပါတယ် ”

      သမီး ပန်းစံပါယ် ရေ ။
      TNA ကို သေချာမေးပါလေ ။
      သူက အဘထက် Senior ကျပါတယ် ။ အဲဒါဆို သဘောပေါက်တော့ ။
      လက်ရှိလည်း မြန်မာပြည် Marine Field မှာ ထဲထဲဝင်ဝင် လုပ်နေတာပါ ။
      သတင်း အမှန်တွေနှင့် ပိုနီးစပ်ပါတယ် ။
      အဘက အဝေးက ( ဩဇီ က ) လှမ်းပြောနေတာဆိုတော့ ၊
      နောက်ဆုံး သတင်းတွေနှင့် Update မဖြစ်ပါလှဘူး ။

  • uncle gyi

    August 29, 2012 at 11:01 pm

    ဘာပြောပြောအဘဖောပြောလို့သင်္ဘောသားအကြောင်းတော်သိပါပြီ
    နောက်ဆုံးကောက်ချက်ချလိုက်ရင်
    မစပယ်မေးတဲ့မေးခွန်း
    အရရေကြောင်ကသူကလေးနဲ့အတော်ဝေးနေပါပြီ
    အခြားသင့်တော်ရာလိုင်းတခုသာရွေးဖို့အကြံပြုပါတယ်ကွယ်

  • pazflor

    August 30, 2012 at 2:35 am

    အမရေ ကျောင်းကို တိုက်ရိုက်သွားပြီး မေးကြည့်ပါလားခင်ဗျာ….ကျောင်းက မော်ကွန်းထိန်းတွေသဘောကောင်းပါတယ်…:P

    လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိကတော့ 3rd yr လောက်ရောက်ရင် အပြင်company တွေကလာပြီး scholarship ပေးတယ်ဆိုပြီး roll နည်းနည်းကောင်းတဲ့ ကျောင်းသားတွေကို စာချုပ်လာချုပ်ပါတယ်။ ပြဿနာတွေလည်း တက်ခဲ့တာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ကျောင်းက စီစဉ်ပေးတဲ့ company တွေနဲ့ တက်ပြီး အရာရှိတွေဘာတွေလည်းဖြစ်ကုန်ကြပါပြီ။ ကိုယ်ဘက်က သဘောင်္တက်ဖို့ ပေးစရာမလိုခဲ့ပါဘူး။ ရာထူးတိုးစာမေးပွဲကတော့ ကိုယ်ပိုက်ဆံနဲ့ကိုယ်ပေါ့ခင်ဗျာ။ သူငယ်ချင်းတွေထဲမှာ မရှိကြသူတွေလည်း အများကြီးပါ။ ဒီလိုဘဲ အများစုကတော့ ဖြစ်သွားကြပါတယ်။ မကောင်းတာတော့ bond ထိုးရပါတယ်။ sea time 5နှစ် လိုက်ပေးဖို့ သတ်မှတ်တာများပါတယ်။ တချို့ company ကျတော့ အလျှော်အစားများပါတယ်။

    အခုနောက်ပိုင်းတော့ သေချာမသိတော့ဘူး။ သူငယ်ချင်းတွေအပြောအရ company အချို့ကလည်း ခေါ်ထာားတာတွေများတော့ နောက်ပိုင်း ရာထူးအငယ်တွေမှာ သဘောင်္ပြန်တက်ဖို့ကို အလှည်ကျ စောင့်ရတာကြာလာပါတယ်။

    နောက် education clearance ကျပ်လိုက်တယ်လည်းကြားပါတယ်။ ကျောင်းက စပ်ပေးတဲ့ company နဲ့ မလိုက်ရင် ၆ သိန်းလျှော်ရမယ်ဘာညာဖြစ်လာပါတယ်။ သေချာအောင် ကျောင်းများစုံစမ်းကြည့်စေချင်ပါတယ်။

    • Foreign Resident

      August 30, 2012 at 2:51 am

      ကြားမိသလောက်ကတော့ ၊
      Multi Gate Company နှင့် ၊
      သိန်းတစ်ရာ Bond ထိုးတဲ့ ကိစ္စပါ ။
      ကောင်းတာ ရှိသလို ၊
      ဆိုးတာလည်း ရှိပေမပေါ့ ။

      အစတည်းတ scholarship ၊
      ပညာသင် ထောက်ပံ့ကြေး မယူခဲ့ရင် ၊
      အဲဒီကိစ္စက ဘာပြဿနာမှ မရှိပါဘူး ။

      • ပန်းစံပါယ်

        August 30, 2012 at 11:57 am

        ဟုတ်ကဲ့ပါ အဘဖော နဲ့ ကိုpazflora ရေ..ကျွန်မရဲ့ဆွေးမျိုးထဲမှာလည်း company ကရွေးချယ်ခံရတဲ့ တစ်ယောက်ရှိပါတယ်။ သူတို့တုန်းက 4th Yr မတိုင်ခင် 3rd Yr မှာကတည်းက company တွေကလျှောက်လွှာတင်ဖို့ခေါ်ပါတယ်။ ပြီးရင် အင်တာဗျူးဖြေပြီး ရွေးချယ်ပါတယ်။ (အဲဒီနှစ်ကကျောင်းသားတွေထဲမှာ ကျန်နေခဲ့တာဆိုလို့ ဆယ်ဂဏာန်းတောင်မရှိဘူးထင်ပါတယ်။) သူတို့တုန်းက 4rd Yr ပြီးလို့ 5th Yr မှာရွေးချယ်တဲ့လိုင်းမှာ သင်္ဘောတက်ရတာပါ။ သင်္ဘောတက်နေစဉ်အတွင်း အဆင်ပြေကြတဲ့သူတွေရှိလို့ တစ်နှစ်ပြည့်သည်အထိနေပြီးမှပြန်လာကြတဲ့သူတွေရှိသလို အဆင်မပြေလို့ပြန်လာကြရတဲ့သူတွေရှိတယ်လို့လဲကြားတယ်။ အဲဒီမှာ အလျော်အစားတွေရှိတယ်လို့ပြောပါတယ်။ ပညာသင်ထောက်ပံ့ကြေးအနေနဲ့ ကျောင်းတက်နေစဉ်အတွင်း တစ်ချို့လည်း ဒေါ်လာ ၄၀ဝ လောက်ရကြတယ် တစ်ချို့လည်း ဒေါ်လာ ၂၀ဝ လောက်ပဲရကြတဲ့သူတွေလည်း ရှိကြပါတယ်။ အဲဒါထက်မပိုပါဘူး။ 5th Yr မှာမိမိကိုရွေးချယ်ထားတဲ့လိုင်းမှာ သင်္ဘောတစ်နှစ်တက်ဖို့အတွက်စောင့်ရတာ တစ်ချို့ဆိုရင် မိမိနဲ့လိုင်းမတူတဲ့ နောက်နှစ်ကလူက အရင်တက်သွားပြီး အရင်စာမေးပွဲဖြေ၊ အောင်ပြီးအရာရှိနဲ့ပြန်တက်သွားကြတာတွေလည်းရှိပါတယ်။ (အဲဒီတစ်နှစ်တက်ဖို့အတွက် လိုင်းကြေးတော့မပေးရပါဘူး) စာမေးပွဲဖြေတဲ့ကုန်ကျစရိတ်ကို ပညာသင်စရိတ်ထောက်ပံ့ကြေးအနေနဲ့ တစ်ချို့လိုင်းတွေက ဒေါ်လာ ၅၀ဝ လောက်ပြန်ပေးတယ်ကြားပေမယ့် တစ်ချို့လိုင်းတွေမှာရွေးချယ်ခံရတဲ့သူတွေအတွက် ရတယ်လို့ပြောသံတော့ မကြားမိပါဘူး။ စာမေးပွဲအောင်လို့ အရာရှိအဆင့်နဲ့တက်တဲ့အချိန်ကစပြီး ၅နှစ်လိုက်ပေးရမယ်ဆိုတဲ့ Bond ရှိတယ်လို့တော့ ပြောပါတယ်။ အဘဖောပြောတဲ့ သိန်း ၁၀ဝ Bond ထိုးတဲ့ကိစ္စတော့ မသိပါဘူး။ တစ်ချို့လည်း ကျောင်းပြီးတာကြာပြီ သင်္ဘောတစ်နှစ်တက်ပြီးလို့လည်း ပြန်လာပြီ စာမေးပွဲကို ၃ခါလောက်ဖြေတာ Writtenတောင်မအောင်နိုင်လို့ စိတ်ပျက်ပြီး ပြန်တက်သွားတဲ့သူလည်းရှိသလို Written အောင်ပြီး Oral မအောင်သေးလို့စောင့်ဖြေနေတဲ့သူတွေလည်းရှိတယ်။ မိဘတွေကတော့ အော်လှပြီပေါ့။ ကျောင်းပြီးသွားတာတောင် သူ့လုပ်စာစားရဖို့နေနေသာသာ အခုထိအိမ်ကပေးနေရတုန်းဆိုတော့ အချိန်ကြာတာနဲ့အမျှ အိတ်ထဲကနေလုံးပါးပါးနေတော့လေ။ တစ်ချို့ နယ်ကနေလာနေကြတဲ့သူတွေဆိုရင် ပေးရတဲ့ငွေတွေ မနည်းမနောဆိုတော့ မဟုတ်တာတွေလုပ်နေတယ်ထင်ပြီး ငွေမပို့ပဲ ဖြတ်တောက်ထားတဲ့အထိဖြစ်တယ်လို့ကြားပါတယ်။

        နောက်ဆုံး အနှစ်ချုပ်လိုက်ရင်တော့ နည်းပညာတက္ကသိုလ်ကပိုပြီး အခွင့်အလမ်းများမယ်ထင်ပါတယ်။ သူက သင်္ဘောတက်ချင်လည်း ဖြစ်တယ်၊ နိုင်ငံခြားသွားလည်း ဖြစ်တယ်၊ ပြည်တွင်းမှာဆိုလည်း ဖြစ်တယ်၊ အစိုးရဝန်ထမ်းဆိုလည်း ဖြစ်တယ်။ နောက်ထပ်စာမေးပွဲ ဖြေသည်ဖြစ်စေ မဖြေသည်ဖြစ်စေ ဂုဏ်သိက္ခာရှိတဲ့ နေရာတစ်နေရာ အဆင့်တစ်ခုကတော့ ရှိပြီးသားလို့ထင်ပါတယ်။ အရင်က တိုက်ရိုက် BE ဘွဲ့ရတဲ့ နည်းပညာတက္ကသိုလ်မရှိတော့ အဲဒီအချိန်က တိုက်ရိုက် BE ဘွဲ့လည်းရ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း အထိုက်အလျောက်ဆင်ပြေတဲ့တက္ကလိုလ်ဆိုလို့ ဒါပဲရှိတာဆိုတော့ ဒါကိုပဲ အများက ရွေးချယ်ကြတာကိုး။ မနှစ်ကအထိ ရေကြောင်းကိုနောက်ဆုံးဝင်သွားတဲ့ ယောက်ျားလေးရဲ့အမှတ်က ဆေးကိုနောက်ဆုံးဝင်တဲ့ယောက်ျားလေးရဲ့အမှတ်ထက် အများကြီး ပိုများနေခဲ့တယ်လို့လည်း ကြားပါတယ်။ အခု ဒီနှစ်ကစပြီး အခွင့်အလမ်းပိုများတဲ့ BE ဘွဲ့တိုက်ရိုက်ရတဲ့ နည်းပညာတက္ကသိုလ်ရှိလာပြီးဆိုတော့ အဲဒီဘက်ကို ပိုနှစ်သက်ရွေးချယ်ကြမယ်ထင်ပါတယ်။ ရေကြောင်းကလည်း လူလျှော့ခေါ်တယ်ဆိုတော့။

        ဒီလောက်ဆိုရင် ဒီနှစ်တက္ကသိုလ်ဝင်ခွင့်လျှောက်ကြမယ့် ကာယကံရှင်ကျောင်းသားတွေ မိဘတွေအတွက် လုံလောက်တဲ့အချက်အလက်တွေ ဖြစ်မယ်ထင်ပါတယ်။
        ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြတဲ့ ဦးဦး ဒေါ်ဒေါ် အစ်ကို အစ်မ မောင်လေး ညီမလေးများအားလုံး ကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ အားလုံး ချမ်းသာခြင်းသုခအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်။

  • ကြောင်ကြီး

    August 30, 2012 at 9:20 am

    ကချင်ဖက်မှာ ကေအိုင်အေနဲ့တိုက်ဖို့ တပ်တွေချဲ့နေတယ်တဲ့၊ ဝနဲ့လည်း တိုက်ချင်တိုက်ရမှာ…အဲဒါ စစ်တပ်ထဲဝင်ဖို့ရော စိတ်မဝင်စားဘူးလား..။ သဘောင်္ကပ္ပတိန်ဆိုတာ ရေထဲမှာသာ ဘုရင်၊ ကုန်းပေါ်လည်းရောက်ရော တိုင်းသူပြည်သား ကျေးတော်ကျွန်တော်မျိုး ဖြစ်သွားတယ်၊ စစ်သားဆိုတာက လက်ထဲဗျောက်ရှိနေသ၍ ရေရေ ကုန်းကုန်း ဘုရင်ပဲ…။

  • ဦး ကျောက်ခဲ

    August 30, 2012 at 11:30 am

    အင်း အဘဖောတို့၊ ကိုထူးဆန်းတို့ ပြောမှဘဲ ဆုံးသွားတဲ့ ကျွန်တော့် ဖခင်ကြီးကိုလွမ်းမိတယ်။ သူ့ခမျာ 3E နဲ့ PIL မှာ တသက်လုံးလုပ်သွားတာ၊ တော်တော် ပင်ပမ်းမှာ။ သူက ကျွန်တော့်ကို သင်္ဘောသား မဖြစ်စေချင်ခဲ့ဘူး၊ လူ့အခွင့်အရေး ဆုံးရှုံးသတဲ့…..

  • Mobile

    December 16, 2012 at 4:05 pm

    Comment လေးတွေကို အားပေးသွားပါကြောင်း မှတ်သားသင့်သည်များကို
    ကူယူထားလိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးး

Leave a Reply