ပြီးပြီးပျောက်ပျောက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ပေါ့။

ခင္ခAugust 28, 20121min34815

ပြီးပြီးပျောက်ပျောက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ပေါ့။

တနင်္ဂနွေရုံးပိတ်လို့ နေ့လည်နေ့ခင်းအပျင်းပြေ ရန်ကုန်ရဲ့ Shopping Centre တစ်ခုကိုရောက်ပြီး ဟိုငေးဒီငေး သွားလုပ်ရင်း ကျွန်တော်ရောက်တဲ့ ရှော့ပင်းစင်တာမှာ ပြုလုပ်နေတဲ့ ပိုမိုးရှင်းစတိတ်စင်နားရောက် သွားတာနဲ့ ရပ်ကြည့်နေ လိုက်တယ်လေ။

ကျွန်တော်ရပ်ကြည့်နေလို့ မကြာခင်မှာဘဲ Dancer အဖွဲ့ဖျော်ဖြေမှု့ပြီးလို့ ပဟေဠိ အစီအစဉ်လေးတစ်ခု စတင်ပါရောဗျာ။

ပထမဆုံး announcer တစ်ဦးတက်လာပါတယ်။ ပြီးတော့သူက အခုလိုကျင်းပမယ့် အစီစဉ်လေးကို ပြောပါတယ်။“ အခုကျင်းပပြုလုပ်မှာကတော့ ခေတ်နဲ့လျှော်ညီသော အဖြေလေးတွေကို အဖြေညှို့ဖို့ပဟေဠိအစီစဉ်လေးဖြစ်ပါတယ်၊ အဲဒီပဟေဠိအစီအစဉ်လေးကို ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတဲ့အထဲက ဒီအစီအစဉ်ကို ပံပိုးကူညီတဲ့အဖွဲ့မှ တာဝန်ရှိသူတွေက မဲနှိုက်ရွေးချယ်ထားတဲ့ (၇)ဦးကနေပြီးတော့ ပြိုင်ပွဲဝင် ဖြေဆိုကြရမှာပါ။ ဒါကြောင့်ရွေးချယ်ထားတဲ့ (၇)ဦးကို ဖိတ်ခေါ်ပေးပါ့မယ် စင်ပေါ်မှာနေရာယူပေးကြပါခင်ဗျာ။

ပြိုင်ပွဲဝင်အမှတ်စဉ် ( ၁ ) – ကိုကျော်ဗိုလ်အေး

ပြိုင်ပွဲဝင်အမှတ်စဉ် ( ၂ ) – ကိုညွှန့်ဝင်းမောင်

ပြိုင်ပွဲဝင်အမှတ်စဉ် ( ၃ ) – ကိုချမ်းသာဦး

ပြိုင်ပွဲဝင်အမှတ်စဉ် ( ၄ ) – ကိုအံကျော်ထွန်း

ပြိုင်ပွဲဝင်အမှတ်စဉ် ( ၅ ) – မအိနီတာ

ပြိုင်ပွဲဝင်အမှတ်စဉ် ( ၆ ) – ကိုအောင်ဖြိုးလေး

ပြိုပ်ပွဲဝင်အမှတ်စဉ် ( ရ ) – မဖြူဖြူသက်ချို

ခုနအမည်ခေါ်ခံရတဲ့ ( ရ ) ဦး စင်ပေါ်တစ်ဦးချင်းစီတက်လာ၍ မိမိအမည်ဘယ်သူဆိုတာကို မိတ်ဆက်ပေး ပြောပြီး သတ်မှတ်ထားတဲ့ နေရာအသီးသီးမှာ နေရာယူထိုင်လိုက်ကြပါတယ်။ အားလုံးနေရာယူပြီး တဲ့နောက်

ကြေငြာသူ – အခုပဟေဠိ ဖြေဆို ပြိုင်ပွဲဝင်မယ့်သူတွေကို ပြိုင်ပွဲစည်းကမ်းလေး ရှင်းပြပေးပါ့မယ်။

–       ကျွန်တော်က မေးခွန်းတစ်ခုကို ဖတ်ပြပါမယ်၊ အဲဒီအမေးနဲ့ ကိုက်ညီနိုင်ပြီး လက်ရှိအပြင် မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့လည်း သက်ဆိုင်တဲ့ အဖြေကိုဖြေပေးရမှာဖြစ်ပါတယ်။

–       အဲလို မေးခွန်းဖတ်ပြီးတဲ့ အခါအဖြေကို  ဖြေဆိုလိုသူက ညာဘက်လက်မြောက်ထောင်ရပါ့မယ်။ ဦးဆုံးလက်ထောင်တဲ့သူက ထပြီးအဖြေကို ဖြေဆိုရပါ့မယ်၊ ဖြေဆိုချိန် ၁ မိနစ်ပေးပါတယ်။

–       အကယ်၍ အဖြေမမှန်ခဲ့ရင် ပြိုင်ပွဲဝင်နောက်တစ်ယောက်က ထပ်ပြီးဖြေဆိုဖို့ လက်မြောက်ထောင် ရပါ့မယ်။

–       အဖြေမှန်ပြီးသား ပြိုင်ပွဲဝင်အမှတ်စဉ်က နောက်တစ်ကြိမ်ဦးဆုံးမှာထပ်ဖြေခွင့်မရှိပါဘူး၊ ဦးဆုံး ဖြေဆိုသူ အဖြေမမှန်မှသာ နောက်တစ်ယောက်ထပ်ဖြေဆိုခွင့်တွင် ယှဉ်ပြိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

–        မေးခွန်းစုစုပေါင်း ( ရ ) ခု မေးမှာဖြစ်ပြီး အများဆုံးဖြေနိုင်သူ ( ၁ )ဦးကို ဆုရသူအဖြစ်ရွေးချယ်၍ ဆုပေးမှာပါ၊ ကျန်ဖြေဆိုသူများကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။

အခုပြိုင်ပွဲစည်းကမ်းလေးကို ပြိုင်ပွဲဝင်ယှဉ်ပြိုင်သူများရှင်းပါလားခင်ဗျား။

ယှဉ်ပြိုင်သူအားလုံး – ရှင်းပါတယ်။

ကြေငြာသူ – ဒါဆိုယှဉ်ပြိုင်မှု့ပြိုင်ပွဲလေးစလိုက်ကြရအောင်။

( လက်ခုပ်သံများ xxxxxxxxxxxx )

ကြေငြာသူ – နံပါတ် ၁ မေးခွန်ကို မေးပါ့မယ်၊ သေချာနားထောင်ပေးပါ။ “မြန်ချင်တော့လည်းဘုရားတလို့၊ နှေးချင်တော့လည်း တရေးဝလို့´´ နဲ့ကိုက်ညီတဲ့အဖြေက ဘာပါလဲ။

( ပြိုင်ပွဲဝင် အမှတ် ၅ မှလက်ထောင်လာသည်။)

ကြေငြာသူ – အမှတ်စဉ် ၅ အဖြေကဘာပါလဲ။

အမှတ်စဉ် ၅ – “ရန်ကုန်က ဘတ်စ်ကားပါ။´´

ကြေငြာသူ – အဖြေက ရန်ကုန်က ဘတ်စ်ကာဆိုရင် မှန်ပါတယ်။

( လက်ခုပ်သံများ XXXXXXXXXXXXX )

ကြေငြာသူ – နောက် နံပါတ် ၂ မေးခွန်းကို မေးပါ့မယ်၊“အသံလေးချိုသာပျူဌာစွာ သေချာပြောပေမယ့်၊ သူ့အသံနဲ့ ပြောနေတဲ့စကားကို နားမထောင်ချင်ကြတာဘာပါလဲ´´ နဲ့ ကိုက်ညီတဲ့အဖြေကို ဖြေပေးပါ။

( ပြိုင်ပွဲဝင် အမှတ် ၄ မှလက်ထောင်လာသည်)

ကြေငြာသူ – အမှတ်စဉ် ၄ အဖြေကို ဖြေပေးပါ။

အမှတ်စဉ် ၄ -“ဥဩဌက်အသံပါ´´

ကြေငြာသူ – အဖြေက ဥဩဌက် အသံဆို မှားပါတယ်၊ အဖြေဖြေဆိုရာမှ လက်ရှိအပြင်မှာဖြစ်နေတဲ့ အခြေအနေနဲ့ သက်ဆိုင်တဲ့ အဖြေမျိုးဖြစ်ရမှာဖြစ်ပါတယ်။

( ပြိုင်ပွဲဝင် အမှတ် ၂ မှလက်ထောင်လာသည် )

ကြေငြာသူ – အမှတ်စဉ် ၂ အဖြေကို ဖြေပေးပါ။

အမှတ်စဉ် ၂ – “လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်´´

ကြေငြာသူ – အဖြေက လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါ သဖြင့် ခေါ်ဆို၍မရနိုင်ပါရှင် ဆိုရင်မှန်ပါတယ်၊ ဖုန်းခေါ်ဆိုတဲ့သူ အားလုံးနီးပါး ထိုအသံကြားရင် စကားဆုံး အောင်တောင်သေချာမနားထောင်ဘဲ ပိတ်ပြီး၊ နောက်တစ်ချိန်ခေါ်လိုတဲ့ဖုန်းကို ပြန်ခေါ်ကြတာများပါတယ်။

( လက်ခုပ်သံ xxxxxxxxxx )

ကြေငြာသူ – နောက် နံပါတ် ၃ မေးခွန်းကို မေးပါ့မယ်၊ “လုပ်ငန်းရှင်တစ်ယောက်က သူထံကိုရောက်လာတဲ့ စာတစ်စောင်စာအိတ်လေးကို ကိုင်ပြီး၊ ဒီစာကိုဖွင့်လို့ မဖတ်တော့ဘူး၊ ဒီစာကိုဖွင့်လို့ မဖတ်ချင်တော့ဘူး လို့ ဆိုလိုက်ပါတယ်၊ ဘာစာများဖြစ်ပါသလဲ။´´ နဲ့ ကိုက်ညီတဲ့ အဖြေကို ဖြေပေးပါ။

( ပြိုင်ပွဲဝင် အမှတ် ၁ မှလက်ထောင်လာသည် )

ကြေငြာသူ – အမှတ်စဉ် ၁ အဖြေကိုဖြေပေးပါ။

အမှတ်စဉ် ၁ – “အခွန်ဆောင်ရန်အတွက် အခွန်ရုံးကနိုးဆော်စာပါ´´

ကြေငြာသူ – အဖြေက အခွန်ဆောင်ရန်အတွက် အခွန်ရုံးကနိုးဆော်စာပါ ဆိုရင် မှန်ပါတယ်။

( လက်ခုပ်သံ xxxxxxxxx )

ကြေငြာသူ – နောက် နံပါတ်လေး ၄ မေးခွန်းကို မေးပါ့မယ်။ “အခုကာလမှာ ရေစီးတစ်ခါ၊ ရေသာတလှည့်လို့ ပြောလို့ရတဲ့မြို့ကြီး (၂)မြို့ရဲ့ အမည်ကို´´ ဖြေပေးပါ။

( ပြိုင်ပွဲဝင် အမှတ် ၄ မှလက်ထောင်လာသည် )

ကြေငြာသူ – အမှတ်စဉ် ၄ အဖြေကိုဖြေပေးပါ။

အမှတ်စဉ် ၄ – “ ရန်ကုန်မြို့၊ ပြီးတော့´´ ( စဉ်းစားနေပုံ )——-။

ကြေငြာသူ – ညီလေးဖြေဆိုချိန် ပြည့်သွားပါပြီ၊ ဖြေဆိုမည့်နောက်တစ်ယောက် ဖိတ်ခေါ်ပါတယ်။

( ပြိုင်ပွဲဝင် အမှတ်စဉ် ရ မှလက်ထောင်လာသည် )

ကြေငြာသူ – အမှတ်စဉ် ရ အဖြေကို ဖြေပေးပါ။

အမှတ်စဉ် ၇ – “ရန်ကုန်မြို့ နှင့် လားရှိုးမြို့ ဖြစ်ပါတယ်´´

ကြေငြာသူ – အဖြေက ရန်ကုန်မြို့ နှင့် လားရှိုးမြို့ ဆိုရင်မှန်ပါတယ်။

( လက်ခုပ်သံ xxxxxxxxx )

ကြေငြာသူ – နောက် နံပါတ် ၅ မေးခွန်းမေးပါ့မယ်၊ “အရင်တုံးက ဆိုရိုးစကားရှိပါတယ် အသက်လေးရယ် ရှည်စေလို ( ကွက်လပ်——–)နဲ့ ၊ အခု ပြင်ပဆေးရုံတွေမှာ ဆေးသွားကုရင် အသက်လေးရယ် ရှင်စေလို  (ကွက်လပ်——) အဓိကဘာလိုပါတယ်တဲ့၊ ´´ အဲဒီကွက်လပ်လေးရဲ့အဖြေ ကိုဖြေပေးပါ။

( ပြိုင်ပွဲဝင် အမှတ်စဉ် ၃ မှလက်ထောင်လာသည် )

ကြေငြာသူ – အမှတ်စဉ် ၃ အဖြေကို ဖြေပေးပါ။

အမှတ်စဉ် ၃ – “ အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို  ပါ။´´

ကြေငြာသူ – နောက်ကွက်လပ်တစ်ခုရဲ့ အဖြေကျန်ပါသေးတယ်။ ပြင်ပဆေးရုံတွေမှာ ဆေးသွားကုရင် အသက်လေးရယ် ရှင်စေလို  (ကွက်လပ်——) ရဲ့အဖြေပါ။

အမှတ်စဉ် ၃ – ( စဉ်းစားနေ—-)

ကြေငြာသူ – ညီလေးဖြေဆိုချိန် ပြည့်သွားပါပြီ၊ ဖြေဆိုမည့်နောက်တစ်ယောက် ဖိတ်ခေါ်ပါတယ်။

( ပြိုင်ပွဲဝင် အမှတ်စဉ် ၆ မှလက်ထောင်လာသည် )

ကြေငြာသူ – အမှတ်စဉ် ၆ အဖြေကို ဖြေပေးပါ။

အမှတ်စဉ် ၆ – “ အသက်ကလေးရယ်ရှည်စေလို မန်တောင်းရိပ်ခို နဲ့ အသက်ကလေးရယ် ရှင်စေလို ငွေကြေးအမှန်လို ပါ´´။

ကြေငြာသူ – အသက်ကလေးရယ်ရှည်စေလို မန်တောင်းရိပ်ခို နဲ့ အသက်ကလေးရယ် ရှင်စေလို ငွေကြေးအမှန်လို ဆိုရင် မှန်ပါတယ်။

( လက်ခုပ်သံ xxxxxxxxxxx )

ကြေငြာသူ – နံပါတ် ၆ မေးခွန်းကတော့ “ ခဏနေ ပေါ်လာလိုက်၊ ခဏနေ ပျောက်သွားလိုက်၊ ပြီးတော့ ခဏနေ ပြန်ပေါ်လာလိုက်နဲ့ အဲလိုဝင်လိုက်ထွက်လိုက် ဖြစ်နေတာ ဘာများပါလဲ´´။

( အမှတ်စဉ် ၃ မှလက်ထောင်လာပါတယ် )

ကြေငြာသူ – အမှတ်စဉ် ၃ မှအဖြေကို ဖြေပေးပါ။

အမှတ်စဉ် ၃ – “မြေကြွက်ပါ´´

ကြေငြာသူ – အမှတ်စဉ် ၃ ဖြေတဲ့ မြေကြွက်ဆို မှားပါတယ်။ လက်ရှိပြင်ပမှာ ဖြစ်ပေါ်နေတဲ့ ပေါ်ပျူလာဖြစ်နေတဲ့ အရာကိုဖြေရမှာပါ။

( အမှတ်စဉ် ၅ မှလက်ထောင်လာပါတယ် )

ကြေငြာသူ – အမှတ်စဉ် ၅ မှအဖြေကို ဖြေပေးပါ။

အမှတ်စဉ် ၅ – “ မြန်မာပြည်ရဲ့ အင်တာနက်ကွန်နက်ရှင်ပါ´´

ကြေငြာသူ – မြန်မာပြည်ရဲ့ အင်တာနက်ကွန်နက်ရှင် ဆိုမှန်ပါတယ်။

( လက်ခုပ်သံ xxxxxxxxxxxxxxxxxxxxx )

ကြေငြာသူ – အခုနောက်ဆုံး နံပါတ် ရ မေးခွန်းကို မေးမှာပါ၊ ဦးဆုံးဖြေခွင့်ရှိသူက အမှတ်စဉ် ၃ နဲ့ အမှတ်စဉ် ၄ ပါ။ အရင်ဆုံးလက်ထောင်သူ ဖြေခွင့်ရမှာပါ။ မေးခွန်းကတော့–

ဆွမ်းအုတ်နီနီ အမေရွက်လို့၊

မနက်ဖြန်မနက် ကျောင်းသွားမယ်။

မောင်လည်းလိုက်မယ် ချန်မထားနဲ့၊

အမေသွားတော့ ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့၊

ဘုန်းကြီးအော့လို့ ရိုက်လိမ်မယ်။

မောင်မဆော့ပေါင် စိတ်ပုတီးနဲ့၊

ဘုန်းတော်ကြီးလို နေပါ့မယ်။

လိုက်ကွယ် လိုက်မယ်။

ဆိုတဲ့ကဗျာသံစဉ်နဲ့ အခုဖေ့ဘုတ်တွေမှာရောက်နေတဲ့ ခေတ်သစ်ကဗျာကို ရွတ်ဆိုပေးရမှာ ဖြစ်ပါတယ်။

( အတန်ငယ် ငြိမ်နေကြတယ်၊ ကြည့်နေတဲ့ ပရိတ်သတ်တွေလည်း စိတ်ဝင်တစား ဘယ်သူလက်ထောင်မလဲ မျှော်လင့်နေပုံဘဲ ကျွန်တော်ကအစပေါ့ )

ကြေငြာသူ – အမေးကဗျာလေးကို နောက်တစ်ခေါက် ထပ်ရွတ်ပြမယ်နော် –

ဆွမ်းအုတ်နီနီ အမေရွက်လို့၊

မနက်ဖြန်မနက် ကျောင်းသွားမယ်။

မောင်လည်းလိုက်မယ် ချန်မထားနဲ့၊

အမေသွားတော့ ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့၊

ဘုန်းကြီးအော့လို့ ရိုက်လိမ်မယ်။

မောင်မဆော့ပေါင် စိတ်ပုတီးနဲ့၊

ဘုန်းတော်ကြီးလို နေပါ့မယ်။

လိုက်ကွယ် လိုက်မယ်။

( အဲဒီအချိန်မှာ အမှတ်စဉ် ၄ မှလက်ထောင်လာပါတယ် )

ကြေငြာသူ – အဖြေဖြစ်တဲ့ ခေတ်သစ်ကဗျာလေးကို အမှတ်စဉ် ၄ ဖြေပေးပါ။

အမှတ်စဉ် ၄ – အားလုံးဘဲ မင်္ဂလာပါဗျာ ခေတ်သစ်ကဗျာလေးကတော့-

ကျောင်းကတိုင်စာ အမေကိုင်လို့၊

တင်ပါးစုတ်အောင် ရိုက်နှက်တယ်။

အဖေလဲသမတယ် မှတ်ပလားတဲ့၊

နှစ်ယောက်ဗျင်းတော့ နားကားတယ်။

ဂိမ်းဆိုင်တွေမှာ တစ်နေကုန်ဆော့တော့၊

ဆရာမအော်လို့ နာရင်းရိုက်တယ်။

မောင်မဆော့ပေါင် ဖေ့ဘုတ်လေးနဲ့၊

အွန်လိုင်းတက်ပြီး စော်ကြောင်မယ်။

ဖွန်မယ် ဖွန်မယ်။

ပါခင်ဗျား။

( လက်ခုပ်သံ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx )

ကြေငြာသူ – အမှတ်စဉ် ၄ ဖြေဆိုသွားတဲ့ ကဗျာဆိုမှန်ပါတယ်။

( လက်ခုပ်သံ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx )

ကြေငြာသူ – အခုမေးခွန် ( ရ )ခုလုံးမေးပြီးတဲ့အခါ အမှတ်စဉ် ၅ က အဖြေမှန်(၂)ခုဖြစ်တဲ့အတွက် ဒီကနေ့ ယှဉ်ပြိုင်တဲ့ အဖြေညှို့ဖို့ ပဟေဠိ အစီအစဉ်မှာ ဆုရသွားတဲ့ အမှတ်စဉ် ၅ ဖြစ်တဲ့ မအိနီတာ အရှေ့ကိုကြွပြီး ဆုလက်ခံပေးပါ။ အဖြေညှို့ဖို့ ပဟေဠိအစီအစဉ်ဆုချီးမြင့်ပေးရန်နှင့် လက်ဆောင်ပေးရန် ဒီအစီအစဉ်ကို ပံပိုးကူညီပေးသော ဗရုတ်ဗယက် ကသုတ်ကယက်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးအားဖိတ်ခေါ်အပ်ပါတယ်။

( လက်ခုပ်သံ xxxxxxxxxxxxxxxxxxxxx )

ကျွန်တော်လည်း အခြားဆိုင်ခန်းတွေဖက်လှည့်ကြည့်လိုက်အုံးမယ်လို့ စိတ်ကူးပြီး စတိတ်စင်နားက ထွက်ခဲ့ ပါတော့တယ်ဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

15 comments

  • မောင်ပေ

    August 28, 2012 at 2:16 pm

    တော်တော့် တော်တော် ကို လေ့လာမှုအားကောင်းမှ ဖြေနိုင်မယ့် ပြိုင်ပွဲတွေပါကလား

  • kotun winlatt

    August 28, 2012 at 2:19 pm

    ဟမ်….မြို့မှာ…ဂယ်ပဲ အဲ့၈လိုတွေဖြစ်နေပီလားးးး
    တောမှာတော့ အဲ့ဂလောက် ဖြစ်သေးးးဘူးးနော်…
    ဟီဟိ….။

  • ကို ခင်ခ

    August 28, 2012 at 2:43 pm

    ပထမဆုံး လက်ခုပ်တီး ကွန့်မန်ပေးသူ အတိသဉ္ဖာ နာဂရချစ်သူ ရေ ကျေးဇူးနော်။
    ဖတ်ရှု့ကွန့်မန်ပေးခဲ့တဲ့ ကိုပေ နဲ့ kotun winlatt ကိုလည်း ကျေးဇူးပါ။

  • နေဠု ဝင်း

    August 28, 2012 at 3:13 pm

    ဒီပြိုင်ပွဲမျိုးရှိနိုင်ဘူး

  • အမှတ်စဉ် ၆ – “ အသက်ကလေးရယ်ရှည်စေလို မန်တောင်းရိပ်ခို နဲ့ အသက်ကလေးရယ် ရှင်စေလို ငွေကြေးအမှန်လို ပါ´´။

    ကြေငြာသူ – အသက်ကလေးရယ်ရှည်စေလို မန်တောင်းရိပ်ခို နဲ့ အသက်ကလေးရယ် ရှင်စေလို ငွေကြေးအမှန်လို ဆိုရင် မှန်ပါတယ်။

    ( လက်ခုပ်သံ xxxxxxxxxxx )

  • Hnin Hnin

    August 29, 2012 at 1:39 am

    မေးခွန်းတွေ ဖြေကြည့်တယ်။ အကုန်မှန်။ နံပါတ်၆ပဲမှား။ ချက်ချင်းစဉ်းစားလို့မရ။ မေးခွန်းကို ‘ဘဲဥ’ လို့ဖြေ
    လိုက်တာ…း)..။ whistle လေး တစ်ချက်၊နှစ်ချက် မှုတ်၊ အရိပ်ထွက်ပြလိုက်၊ ခဏနေ သူ့အိမ်ထဲပြန်ဝင် အရိပ်ခိုလိုက်နဲ့ဆိုပြီး။ ကိုခင်ခ လုပ်တဲ့ပြိုင်ပွဲကို အားပေးသွားပါတယ်။

  • P chogyi

    August 29, 2012 at 9:50 am

    မေးခွန်းအမှတ်(၂)ကို ဒီလိုဖြေချင်ပါတယ်။
    “အသံလေးချိုသာပျူဌာစွာ သေချာပြောပေမယ့်၊ သူ့အသံနဲ့ ပြောနေတဲ့စကားကို နားမထောင်ချင်ကြတာဘာပါလဲ´´
    အထူးကုဆေးခန်းက ကုသစရိတ်ဘောက်ချာစာရင်းပါ။

    • Mobile

      December 16, 2012 at 4:16 pm

      ွမေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို လေ့လာမှတ်သားသွားပါကြောင်း
      အင်မတန်မှ ဗဟုသုတရစေတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးးးးးးးးးး

  • ကို ခင်ခ

    August 29, 2012 at 9:59 am

    နေဠု ဝင်း ရေ အပြင်မှာရှိ၊ မရှိ မသိပါ။ Creative Writing လို့ညွန်ခဲ့ပြီးသားပါဗျာ။ သရော်စာအနေနဲ့ ဇာတ်လမ်းဆင်ရေးထားတာပါ။ ပြီးတော့ ပိုစ့်ခေါင်းစဉ်ကိုလည်း အပျော်သက်သက် ဖတ်ပြီးပြီးရော ဖြစ်စေတဲ့ သဘောနဲ့ “ပြီးပြီးပျောက်ပျောက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ပေါ့´´ လို့သုံးထားခဲ့တာပါ။ ဖတ်ပေးပြီး ကွန့်ပေးခဲ့အတွက်ကျေးဇူးနော်။
    ဒုတိယအကြိမ်ပြန်လာမန့်တဲ့ နာဂရချစ်သူ နဲ့ အားပေးသွားတဲ့ နှင်းနှင်းကိုလည်း ဝမ်းမြောက်စွာ ကျေးဇူးကမ္ဘာပါဗျာ။
    ကျေးဇူးတွေလိမ့်တင်နေတာဘဲလို့တော့မပြောနဲ့နော် မိုးတွေသဲသဲမဲမဲရွာနေတဲ့အချိန်မှာ ထီးမပါခဲ့လို့ မိုးခိုစရာလည်းမရှိတဲ့ လမ်းပေါ်မှာလမ်းလျှောက်နေသူအတွက် ဆောင်းသွားဖို့ ထီးလေးတစ်ချောင်းပေးခဲ့ရင် အဲဒီသူကိုကျေးဇူးတင်မိမှာဘဲလေ ဆိုတဲ့အဖြစ်လေးနဲ့ နှိုင်းကြည့်လိုက်ပေါ့နော်။

  • မွန်မွန်

    August 29, 2012 at 10:16 am

    လေးလေး..မိုက်လှချည်လားဗျ… 🙂
    ၄ ခုလောက်ပဲ ဖြေနိုင်တယ်။ ကျန်တာက သိသလို မသိသလိုပေါ့။

    စကားမစပ်..စာလုံးပေါင်းအမှန်က “ပဟေဠိ” နော်… 🙂

  • ကို ခင်ခ

    August 29, 2012 at 11:49 am

    စာလုံးပေါင်းအမှန် ပြောပေးတဲ့ မမွန်မွန်ရေ တကယ့်ကိုကျေးဇူးပါ။
    ကိုပေါက် “မပြောလည်းဘဲ သိနေတယ်ဆိုတာ´´ ငယ်ငယ်တုံးက ရုပ်ရှင်ကားအမည်ပါ။

  • Ma Ei

    August 29, 2012 at 2:19 pm

    လက်ရှိပြင်ပမှာ ပေါ်ပျူလာဖြစ်နေတဲ့
    မေးခွန်းနဲ့အဖြေ…
    ….မှန်ပါတယ်…
    ….မှန်ပါတယ်…
    ( လက်ခုပ်သံများ XXXXXXXXXXXXX )
    ထပ်ဆင့် လက်ခုပ်ဩဘာပေးလိုက်ပါတယ်…
    ( လက်ခုပ်သံများ XXXXXXXXXXXXX )

Leave a Reply