ပုတီးကို ဘာသာရေး လူမှုရေး နှစ်ထေ အသုံးပြုခဲ့ကြလေသည်။ ရှေးခေတ်ပီရူးနှင့် တရုတ်နိုင်ငံများတွင် ချည်ကြိုးနှင့် အထုံးပုတီးပြုလုပ်၍ မှတ်တမ်းမှတ်ရာသဘော အသုံးပြုတတ်ကြလေသည်။ တဖန် ဗြဟ္မဏ-ဟိန္ဓူ၊ ဇိန၊ ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဓဘာသာဝင်များသည် အာရုံ၌ စွဲမြဲတည်တံ့စေရန်၊ စိတ်နှိပ်ကွပ် ဆုံးမရန်၊ သတိတရား ချွတ်ယွင်းမှု ကင်းစေရန် (သစ်စေ့၊ ၀ါး၊ ကျောက်၊ ဖန် စသည်) ပုတီးကို စိပ်ကြ အသုံးပြုတတ်ကြလေသည်။

စိတ်ကို စောင့်ရှောက်စေခြင်းငှာ စိပ်ပုတီး စတင်အသုံးပြုသူများသည် အာရိယန်လူမျိုး ဗြဟ္မဏ-ဟိန္ဓူဘာသာဝင်များ ဖြစ်ဟန်တူလေသည်။ သူတို့သည် ကိုးကွယ်ရာ နတ် ဗြဟ္မာတို့၏ဂုဏ်ကို ရွတ်ဖတ်သဒ္ဓါပွားကာ ပုတီးစိပ်ကြလေသည်။ ထို့ကြောင့် သင်္သကရိုက်ဘာသာဖြင့် ပုတီးကို ဇပမာလာ(ရွတ်ဆိုခြင်း၊ ပန်းကုံး)ဟူ၍ လည်းကောင်း၊ သမဏိ(သတိ၊ ပုတီး)ဟူ၍လည်းကောင်း ခေါ်တွင်သည်။

ဗြဟ္မဏ-ဟိန္ဓူ၊များအထဲမှ ဗိဿနိုး ဂိုဏ်းဝင်များသည်လည်း ၁၀၈လုံးရှိသော ပုတီးကို သုံးလေ့ရှိသည်ဟု ဆိုကြလေသည်။ ရှေးကာလက ဂါထာမန္တန်များကို ၇အုပ်ကစ၍ ၁၀၀၀အထိ ရေတွက်လေ့ရှိရာ ၁၀၈အုပ် စုပ်ခြင်းစိပ်ခြင်းသာလျှင် များစွာအသုံးရှိကြောင်း၊ ပဓာနကျကြောင်းလည်း ဆိုကြလေသည်။ တစ်ဖန် ၆နှစ်၊ ၇နှစ်သား ကလေးသူငယ်များကို ဗိဿနိုးဂိုဏ်းသို့ သွတ်သွင်းသည့် အစီအရင်တွင် ဆရာဂုရုလုပ်သူက ထိုကလေးများ၏လည်ပင်းနားကပ်ကာ လှည့်ပတ်ကာ ပုတီးကို ပြသရိုးရှိလေသည်။ ဇာတ်ကြီးသော ဗြဟ္မဏ-ဟိန္ဓူများမှာမူ ပုတီးကိုင်သောလက်ကို လူသူမမြင်အောင် (ဂေါမုခ) အိတ်ထဲထည့်၍ ပုတီးစိပ်တတ်ကြလေသည်။

ပုတီးကို အဆောင်သဘောမျိုးလည်း သုံးတတ်ကြသေးသည်။ သုံးပုံမှာ သားယောက်ျားအလိုရှိသူ များသည် ဆိုင်ရာမန္တန်စုပ်၍ ပုတီးတစ်မျိုးကို စိပ်တတ်ကြလေသည်။

ဗုဒ္ဓဘာသာဝင်များအတွက် ဆိုရသော်ကား စွယ်စုံကျော်ထင်ကျမ်း ပုဒ်ရေ ၅၂၀တွင်-

–          သုံးလူများထိပ်၊ ငါးမာရ်နှိပ်၊ စိတ်ရန်ပုတီး ရှိလိမ့်နည်း-

ဟူသော ကျည်းကန်ရှင်ကြီး၏အမေးကို ကျီးသဲလေးထပ် ဆရာတော်က ပုတီးရှိကြောင်း ကျမ်းဂန်၌ မတွေ့ဖူးချေ။

အကယ်၍ ပုတီးဆောင်တော်မူသည်ဖြစ်အံ့၊ ထိုပုတီးကို မည်သည့်ဒါယကာလှူသည်၊ မည်သို့ သုံးဆောင်တော်မူသည်၊ မည်မျှလောက် အကျိုးရှိသည်၊ မည်သည့်ရဟန်း အမွေခံရသည်ဟု ကျမ်းဂန် လာရာ၏။

ယင်းသို့ မလာသောကြောင့် ဘုရားမှာ ပုတီးမရှိဟူ၍ သိသင့်သည် ဟု အဖြေပေးခဲ့လေသည်။ ဤတွင် ဗုဒ္ဓသာသနာ၌ ကမ္မဋ္ဌာန်းဘာဝနာကို နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အောက်မေ့ဆင်ခြင် စီးဖြန်းရေတွက်ခြင်းအမှု ရှိလေသည်။ သတင်းသည်များသည်လည်း စိတ်ကို စောင့်ရှောက်စေခြင်းအကျိုးငှာ ပုတီးကို အကူအညီအထောက်အပံ့သဘောဖြင့် တစ်စတစ်စ အသုံးပြုလာကြလေသည်။

ထိုအခါ ဘုရားဂုဏ် ၉ပါး၊ တရားဂုဏ် ၆ပါး၊ သံဃာ့ဂုဏ် ၉ပါး ရည်၍ ၂၄လုံး၊ ဒွတ္တိံသကာယကိုရည်၍ ၃၂လုံး၊ ကမ္မဋ္ဌာန်းကို ရည်၍ အလုံး ၄၀စသည်ဖြင့် အလုံးအမျိုးမျိုးထား၍ သုံးတတ်ကြလေသည်။ ရံဖန်ရံခါ ၁၀၈လုံးထား၍လည်း သုံးတတ်ကြလေသည်။ ၁၀၈လုံးသုံးပုံနှင့်စပ်၍ နည်းအမျိုးမျိုးဖြင့် ရေတွက်ပြတတ်ကြ လေသည်။ ပြပုံမှာ-

ဘုရားဂုဏ် ၄၈၊ တရားဂုဏ် ၄၈၊ သံဃဂုဏ် ၂၂ ပေါင်း ၁၀၈ဟူသော ရတနာသုံးပါးဂုဏ် အကြောင်းပြု၍ သော်လည်းကောင်း

သိဒ္ဓတ္ထမင်းသား ဖွားခါစတွင် ဗြဟ္မဏပုဏ္ဏား ၁၀၈ဦးအား နန်တော်ခေါ်၍ လက္ခဏာဖတ်စေခြင်းကို အကြောင်းပြု၍ သော်လည်းကောင်း၊ တိဗက်ပိဋကတ်တော် ကန်ဂျူတွင် ၁၀၈ထုပ်ရှိသည်ကို အကြောင်းပြု၍ သော်လည်းကောင်း၊ မြန်မာ-ယိုးဒယားရှိ ဘုရားခြေတော်ရာတွင် စက်လက္ခဏာ ၁၀၈ကွက်ရှိသည်ကို အကြောင်းပြု၍ သော်လည်းကောင်း၊ သတ္တဗီသနက္ခပတ် ၁၀၈ န၀င်းကို အကြောင်းပြု၍သော်လည်းကောင်း ၁၀၈လုံး ထားလေသည်ဟူ၏။     ။

 

စာကိုး

၁။ ပုဂံဝန်ထောက် ဦးတင်။ “စိပ်ပုတီး အတ္ထုပ္ပတ္တိ” မဟာဒဂုန် မဂ္ဂဇင်း၊ အမှတ် ၁၀၈(ဧပြီ ၁၉၆၃) စာ ၃၆၅-၃၇၃

၂။ စွယ်စုံကျော်ထင်ကျမ်း။ မန္တလေး၊ ပိဋကတ်တော် ပြန့်ပွားရေး ဌာန၊ ပထမတွဲ။

၃။ “Rosaries”, Encyclopedia of Religion & Ethic; ed. By James Hastings. Vol. 10 (1930) pp. 847-853.

၎။ M. Monier-Williams, A Sanskirt-English Dictionary. Enlarged by e. Leumann & C. Cappeller. Oxford Clarendon Press 1951.

About ဥာဏ် မျိုးဆက်

ဥာဏ် မျိုးဆက် has written 6 post in this Website..

   Send article as PDF