နုံနဲ့သောစိတ်

cobraJuly 8, 20101min721

နုံနဲ့သောစိတ်

လူတို့၏ ကြီးပွားချမ်းသာရေးနှင့် ပက်သက်၍ အဆွေခင်ပွန်းကောင်းရှိခြင်းသည်လည်း လိုအပ်သောအချက်တစ်ချက်ဖြစ်သည်။ တိရိစာ္ဆန်များသည်ပင်လျှင် အပေါင်းအသင်းအစုဝေးဖြင့်နေတတ်ပေရာ လူတို့တွင်ကား ပြောဖွယ်ရာမရှိပေ။ ထို့ကြောင့်လူအများနှင့် ခင်မင်ရင်းနှီးရန်လိုအပ်လှပေသည်။ အဆွေခင်ပွန်းကောင်းသည် လိုအပ်သောအကူအညီအမျိုးမျိုးကိုပေးနိုင်သည်။ မိတ်ဆွေအများဆုံးရှိသူသည် အအောင်မြင်ဆုံး အထူးချွန်ဆုံး သူတစ်ယောက်ဖြစ်နိုင်ပေသည်။ ကုန်သည်ဖြစ်စေ အစိုးရဝန်ထမ်းဖြစ်စေ ဈေးရောင်းဈေးဝယ်ဖြစ်စေ နိုင်ငံရေးသမားအဖြစ်ဖြင့် မဲရအောင်ဟောပြောရာတွင်ဖြစ်စေ ကျောင်းဆရာအဖြစ်ဖြင့် စာသင်ရာတွင်ဖြစ်စေ မိန်းကလေးတစ်ယောက်ကို ပိုးပန်းရာတွင်ဖြစ်စေ အသင်၏အောင်မြင်မှုသည် အသင်၏မိတ်ဖွဲ့နိုင်သောအရည်အချင်းပေါ်တွင် တည်ရှိလေသည်။

မိတ်ဖွဲ့ရာတွင် ကောင်းစွာအောင်မြင်လိုလျှင် အသင်သည်လူတို့၏ သဘောကိုကောင်းစွာနားလည်ရပေမည်။ ကိုယ့်ကိုယ်ကိုအရင်နားလည်အောင်ကြိုးစားကာ အခြားသူများကိုလည်းနားလည်ထားရပေမည်။ မိတ်ဆွေနည်းပါးခြင်း၏ အရေးကြီးသောအချက်တစ်ချက်မှာ စိတ်ဓာတ်နုံနဲခြင်းပင်ဖြစ်သည်။

အသင်သည် မိတ်ဆွေတစ်ယောက်နှင့်အိမ်တစ်အိမ်သို့အလည်သွားရာ အိမ်ရှင်သည်အသင့်မိတ်ဆွေအား လှပသောလက်ဆောင်ပစ္စည်းတစ်ခုလက်ဆောင်ပေးလိုက်၏။ သင့်ကိုကား ယခင်ကမသိကျွမ်းသဖြင့် မပေးချေ။ ထိုအခါ သင့်စိတ်ထဲတွင်သဘောမကျခြင်း စိတ်ထွက်ယောင်ယောင် စိတ်ပျက်ယောင်ယောင် ဖြစ်လာခဲ့လျှင် အသင့်တွင် နုံနဲသောစိတ် သဘောထားသေးသောစိတ် ညံ့ဖျင်းသောစိတ် ရှိနေသေးကြောင်းထင်ရှားသည်။ ကလေးနှစ်ယောက် ကစားနေရာတွင် သင်သည်ကလေးတစ်ယောက်ကိုသာ မုန့်ပေးရာ အခြားကလေးမှာ အသင့်အပေါ်တွင် မုချစိတ်ကောက်ပေလိမ့်မည်။ အသင်ခိုင်းစေရာကိုလုပ်တော့မည် မဟုတ်ချေ။ သို့ဖြစ်၍ သင်ကိုယ်တိုင် လက်ဆောင်မရသဖြင့် စိတ်ကောက်သလိုဖြစ်လာလျှင် မုန့်မရသောကလေးစိတ်နှင့်မခြားပေ။ သင့်တွင်နုံနဲ့သောစိတ်ရှိနေခြင်းကို ပြလေသည်။

လူတို့၏သဘောသည် မိမိတို့အလိုရှိသည့်အတိုင်းမရလျှင်၊ ထင်တိုင်းမပေါက်လျှင် စိတ်ကောက်တတ်၏။ စောင်းချိတ်တတ်၏။ မကျေမနပ်ဖြစ်တတ်၏။ သုန်သုန်မှုန်မှုန် ထုံထုံထိုင်းထိုင်း ရှိနေတတ်၏။ တလွဲတချော် တွေးတတ်၏။ ထင်ရာကိုပြောတတ်၏။ ပြုလုပ်တတ်၏။ ဤသည်တို့ကား မိတ်ကောင်းဆွေကောင်းရခြင်းကို တားဆီးနေသော ခလုတ်ကံသင်းများဖြစ်တတ်လေသည်။

သင်သည် ထိုခလုတ်ကံသင်းများကို သတိတရားဖြင့် ပြေပြစ်အောင်ညှိ၍ပေးနို်င်က မကျေမနပ်ဖွယ်ရာသော အရာများသည် တဖြည်းဖြည်းပျောက်ကွယ်သွား၍ မြင့်သောအရံအတားများသည် နိမ့်၍သွားပြီးနောက် သေးငယ်သောအတားအဆီးများ လုံးဝပျောက်ကွယ်သွားလိမ့်မည်။ ထိုအခါ ဤကမာ္ဘပေါ်တွင် အသင်တွေ့သမျှအကြောင်းတို့သည် မကျေနပ်ဖွယ်ရာမဟုတ် ဝမ်းနည်းဖွယ်မဟုတ်ဘဲ မည်သည့်ကိစ္စတွင်မဆို အဆင်ပြေ၍သွားလိမ့်မည်။

ထို့ကြောင့် မိတ်ဆွေခင်ပွန်းကောင်း ပေါများလိုလျှင် နုံနဲ့သောစိတ်ကို ဖျောက်ဖျက်သင့်ပေသည်။
ထိုမှသာ မိတ်ဆွေကောင်းများ အဆွေခင်ပွန်းကောင်းများပေါများလာပြီးလျှင် လောကကြီးသည် ပျော်စရာလောကြီးဖြစ်ကြောင်း သင်သိလာပေလိမ့်မည်။
ထို့ကြောင့် သင့်မှာနုံနဲ့သောစိတ်ရှိက သတိထား၍ဖျောက်ဖျက်ကြပါလေ။

(ဆရာကြီးဒဂုံရွှေမျှားရေးသားသော လူတစ်လုံးသူတစ်လုံး စာအုပ်ထဲမှပြန်လည်ဖော်ပြသည်။)

One comment

  • etone

    July 9, 2010 at 1:53 am

    မှတ်သားလောက်ပါတယ် ။ လူတစ်ယောက်မှာစိတ်ဓါတ်ကအရေးအကြီးဆုံးပါပဲ

Leave a Reply