(၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာမြှင့်တင်ကြပါစို့

cobraJuly 8, 20101min572

(၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာမြှင့်တင်ကြပါစို့

ရဲဘော်ဖိုးသံချောင်း / ဝ၆ ဇူလိုင် ၂၀၁၀

(၇) ရက် ဇူလိုင် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ (၄၈) နှစ်ရှိသွားပါပြီ။ ဒါပေမယ့် ဒီအရေးတော်ပုံကြီးဟာ ဒီနေ့အခါအထိ မပြီးဆုံးသေးဘူးဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါကို ကျောင်းသားတွေနဲ့ ပြည်သူလူထုတွေရဲ့ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ယူမြဲမှတ်ယူထားကြသလို (၇) ရက် ဇူလိုင်မှာ ကျောင်းသားတွေကို သတ်ခဲ့တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ အာဏာအမွေခံ လက်ရှိမျိုးဆက်ဖြစ်တဲ့ နအဖစစ်အုပ်စုလည်း ဒီအချက်ကို အမြဲသတိရှိကြပါတယ်။ ဒါကြောင့် နအဖစစ်အုပ်စုဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက ကျောင်းသားတွေအပေါ် စစ်ကြေညာထားတာကို ဆက်လက်ထိန်းသိမ်းပြီး ဒီနေ့အထိ ဆက်လက် အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

လွန်ခဲ့တဲ့ လူ့မျိုးဆက် နှစ်ဆက်၊ သုံးဆက်တုန်းက အဖြစ်အပျက်ဆိုတော့ အခုအသက်ရှင်နေကြသူတွေထဲမှာ ဒီအရေးတော်ပုံကြီးကို သိမီသူတွေဟာ နည်းသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီအရေးတော်ပုံကြီးရဲ့အနှစ်သာရအချုပ်ကို ပြန်ဖော်ထုတ်ဖို့ လိုနေပါတယ်။ ဒါ့အပြင် ဒီအရေးတော်ပုံကြီးရဲ့အနှစ်သာရ၊ စိတ်ဓာတ်နဲ့ စွန့်လွှတ်ကြိ်ုးပမ်းမှုတွေကို နောင်မျိုးဆက် တခုပြီးတခု လက်ဆင့်ကမ်းသွားဖို့ လိုပါတယ်။

(၇) ရက် ဇူလိုင် အရေးတော်ပုံဖြစ်ပေါ်ရတဲ့ လတ်တလောအကြောင်းရင်းဟာ မတရားပြီး အဓိပ္ပာယ်မရှိတဲ့ အဆောင် စည်းကမ်းတွေကြောင့်လို့ ဆိုရမှာပါ။ ဗိုလ်နေဝင်းတို့ဟာ တနိုင်ငံလုံးကို ထောင်လိုအုပ်ချုပ်ဖို့အတွက် တက္ကသိုလ် ကျောင်းဆောင်တွေမှာ စပြီးအကောင်အထည်ဖော်၊ သွေးတိုးစမ်းတာဖြစ်ပါတယ်။ ကျောင်းသားတွေဘက်က ကြည့်ရင် တော့လည်း စစ်အာဏာရှင်တွေရဲ့ဒီခြေလှမ်းကို အလျှော့ပေးလိုက်ရင် နောင်မှာဆက်တိုက် နင်းဝင်လာလိမ့်မယ်ဆိုတာ သေချာနေတဲ့အတွက် အလျှော့မပေးပဲ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေအပြင် ဒါရဲ့ နောက်ခံ၊ ပိုအရေးကြီးတဲ့ စေ့ဆော်မှုအကြောင်းရင်းတရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ စစ်တပ်က အာဏာသိမ်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အဲဒီတုန်းက ပထစအစိုးရဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး ဖွဲ့စည်းထားတဲ့အစိုးရ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံရေးခေါင်းဆောင်များစွာကို ထောင်ထဲထည့်၊ (၁၇) နှစ်အရွယ် ကျောင်းသားလေး စဝ်မီမီသိုက်ကို သေနတ်နဲ့ပစ်သတ် စတဲ့ကိစ္စတွေလည်း ရှိနေပါတယ်။ တဖက်မှာကျတော့ တော်လှန်ရေးကောင်စီက အာဏာသိမ်း လိုက်တယ်ဆိုတာနဲ့ အချို့သော နာမည်ကြီး နိုင်ငံရေးသမားတွေဟာ အာဏာသိမ်းစစ်အုပ်စုကို ပုံပျက်ပန်းပျက် ထောက်ခံနေတာတွေကို နာကြည်းစရာ ဒေါသဖြစ်စရာကောင်းလောက်အောင် တွေ့မြင်နေရပါတယ်။

ဒီအချိန်မှာ ဥပဒေတွင်း ကျန်ရစ်တဲ့ ပါတီအဖွဲ့အစည်းတွေဟာလည်း မလှုပ်မရှားနို်င်တော့ဘူးလို့ ဆိုနိုင်မလောက် ဖြစ်သွားပါတယ်။ ဒါကြောင့် မြေပေါ်မှာ အတိုက်အခံရယ်လို့ ပြောနိုင်တာဟာ ကျောင်းသားတွေပဲ ကျန်တော့သလို ထီးထီးကြီးဖြစ်နေပါတယ်။ ဒါပေမယ့် သမဂ္ဂဟာ အဲဒီလို ထီးထီးကြီးဖြစ်နေလို့ နောက်တွန့်မသွားပါဘူး။ နောက်တွန့်လို့မဖြစ် ဘူးဆိုတာ သမဂ္ဂခေါင်းဆောင်တွေ သိကြပါတယ်။

ကျောင်းသားတွေဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်ခဲ့ပါတယ်။ အသက်တွေပေးပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ ဒီ (၇) ရက် ဇူလိုင် အရေးတော်ပုံဟာ တကယ်ကျတော့ ဗိုလ်နေဝင်းတို့ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းဖော်ထုတ်ပြသတဲ့ တိုက်ပွဲဆိုတာကို ကျောင်းသားတွေ၊ ပြည်သူတွေနဲ့ အာဏာပိုင်တွေ အားလုံးက သိနေကြပါတယ်။ ဒါကြောင့်လည်း ဗိုလ်နေဝင်းတို့ဟာ ရက်ရက်စက်စက်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကိုယ်သူတို့ အတိတ်နဲ့ သေခန်းပြတ်ကြောင်း၊ ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲ အစဉ်အလာကို လုံးဝတန်ဖိုးမထားကြောင်း ဖော်ပြတဲ့အနေနဲ့ သမိုင်းဝင် သမဂ္ဂအဆောက်အဦကြီးကို မိုင်းဗုံးနဲ့ဖြိုခွဲပစ်ခဲ့ပါတယ်။ ဒါတွေဟာ သူတို့ကိုဆန့်ကျင်ရင် ကျူပင်ခုတ်-ကျူငုတ်မကျန် သုတ်သင်ပစ်မယ်လို့ ခြိမ်းခြောက် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ (၇) ရက် ဇူလိုင်ဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ဘီလူးစည်းနဲ့လူ့စည်းခွဲတဲ့ ရေဝေတောင်တန်းတခုလို ဖြစ်သွား ပါတော့တယ်။ အဲဒီအချိန်ကစလို့ ဗမာပြည်မှာ စစ်အုပ်စုထိပ်သီးတွေနဲ့ သူတို့ကို ခယနေတဲ့ အလိုတော်ရိတွေက တဖက်၊ စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရတို့ကို ဆန့်ကျင်တိုက်ဖျက်လိုသူတွေက တဖက်ရယ်လို့ ဘက်နှစ်ဖက်ကွဲပြားသွား လိုက်တာဟာ ဒီနေ့အထိပဲလို့ ဆိုနိုင်ပါတယ်။ အဲဒီအခါတုန်းကရော အခုအခါမှာရော နိုင်ငံရေးလုပ်သူတွေကို (၇) ရက်ဇူလိုင် အရေးအခင်းအပေါ် ဘယ်လိုသဘောထားသလဲဆိုတဲ့ စံနဲ့တိုင်းတာရင် အနည်းနဲ့အများ အဖြေမှန်ထွက်လာတတ်ပါတယ်။

(၇) ရက် ဇူလိုင် အရေးတော်ပုံက ပြသလိုက်တဲ့ အရေးကြီးတဲ့အချက်တချက်က ကျောင်းသားတွေအပါအဝင် ဗမာပြည် ပြည်သူလူထုဟာ ဆိုရှယ်လစ်မျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို နည်းနည်းမှမျက်စိမလည်ဘဲ စစ်အာဏာရှင်လို့ပဲ ကြည့်မြင်တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ မမေ့သင့်တာက ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲရဲ့ အဆက်ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ အာဏာသိမ်းတော့ ဗိုလ်နေဝင်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီး တို့ဟာ အဲဒီတုန်းက အာဏာရလူတန်းစားရဲ့ ပျော့ညံ့မှု၊ တွန်းလှန်နိုင်အားမရှိမှုတို့ကို နားလည်သဘောပေါက်သွားတဲ့အပြင် အာဏာသိမ်းရတာလည်း ဘယ်လောက်လွယ်တယ်ဆိုတာတွေ သိလိုက်ပါတယ်။ ဒါကြောင့်မို့ ၁၉၆၂ ခုနှစ် မတ်လ မတိုင်မီကတည်းက တင်ကြိုပြင်ဆင်ပြီး အာဏာသိမ်းခဲ့ကြတာ ဖြစ်တယ်ဆိုတာဟာ အခုတော့ ရှင်းသွားပါပြီ။ (လျှပ်တပြက်နဲ့ ဦးချစ်လှိုင်-ခ-ကိုကိုမောင်တို့ အင်တာဗျူးမှာ စစ်အုပ်စုဟာ အစောကြီးကတည်းက မဆလ သဘောတရားကိုပါ ပြင်ဆင်နေ ခဲ့ကြောင်းပါရှိပါတယ်။) ဒီတော့ ပထမတချီ အာဏာသိမ်းတုန်းကတော့ ဦးနုက အာဏာထိုးအပ်လို့ သိမ်းခဲ့ရတယ်လို့ အကြောင်းပြနိုင်ခဲ့ပေမယ့် ဒုတိယအကြိမ်မှာ ရေရှည်အာဏာကို အုပ်စီးထားဖို့ ကြံစည်ဖြစ်လေတော့ သူတို့ဟာ ရေရှည်သုံးနိုင်မယ့် မျက်နှာဖုံးတခုကို ရှာရပါတယ်။ ဒီလိုနဲ့ မဆလရောကျော်ဝါဒဆိုတာကြီး ပေါ်လာတာပါပဲ။ အညံ့ခံ အလျှော့ပေးဖို့ အကြောင်းပြစရာရှာနေတဲ့ လူတွေကတော့ ဒါကြီးကို လက်ညှိုးထိုးပြပြီး မဆလစစ်အာဏာရှင်တွေရဲ့ ထီးရိပ်ကိုခို်ခဲ့ကြတာကို မှတ်မိကြပါလိမ့်မယ်။

အခုလည်း နအဖစစ်အုပ်စုဟာ ဒီမိုကရေစီဆိုတဲ့ မျက်နှာဖုံးကို တပ်ဆင်လာပြန်ပါပြီ။ အလားတူပဲ အဲဒီစည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကို လက်ညှိုးထိုးပြပြီး နအဖထီးရိပ်ကိုခိုဖို့ လုံးပန်းတဲ့လူတွေ အမြောက်အမြားကို တွေ့နေကြရပါတယ်။ ဒါတွေကိုဖွင့်ချဖို့၊ ဆန့်ကျင်တိုက်ခိုက်ဖို့ (၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာတွေ လွှင့်ထူထားဖို့ လိုနေတာပါပဲ။ ရှစ်လေးလုံး ကာလတုန်းကလိုပဲ ခွပ်ဒေါင်းအလံဟာ ဒီနေ့ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံမှာလဲ ပျံဝဲနေစေရမှာဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီမိုကရေစီသယ်ဆောင်လာမယ့် ရွေးကောက်ပွဲမှာ (၇) ရက် ဇူလိုင်တုန်းက ကျောင်းသားများကိုင်စွဲခဲ့တဲ့ ခွပ်ဒေါင်းအလံကို ရွေးကောက်ပွဲမှာ ကိုယ်မဲရဖို့အတွက် အသုံးချချင်သူမျိုးတွေ ပေါ်ထွက်လာတာဟာ ရီစရာလည်းကောင်း၊ အော့နှလုံးနာစရာလည်းကောင်းလှပါတယ်။ တဘက်က ပြန်ကြည့်ရင်တော့လည်း ဒီလူတွေဟာ ခွပ်ဒေါင်းရဲ့ အခန်းကဏ္ဍကိုတော့ မငြင်းနိုင်ပါကလားလို့ အောက်မေ့ရပါတယ်။ တကယ်လို့သာ သူတို့ကို ဒါလောက်တောင် ခွပ်ဒေါင်းအလံကို ကိုင်စွဲချင်လှတာ (၇) ရက် ဇူလိုင်လူသတ်ပွဲနဲ့ ပတ်သက်လို့ တရားမှန်ပေါ်ပေါက်ရေးနဲ့ သမဂ္ဂအဆောက် အဦကြီး ပြန်ဆောက်ပေးဖို့အတွက် နအဖအစိုးရဆီ တောင်းဆိုပေးပါလို့ ပြောလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ခွပ်ဒေါင်းအလံကိုကိုင်စွဲချင်ရင် (၇) ရက်ဇူလိုင်ကိစ္စကို ပြောပါ။ သမဂ္ဂအဆောက်အဦ ပြန်တည်ဆောက်ရေးကို ပြောပါ။ သေသွားသူတွေအပေါ် သစ္စာရှိပါ။ ရှင်နေသူတွေအပေါ် တာဝန်ယူပါ။

http://www.khitpyaing.org/

2 comments

  • ghost

    July 8, 2010 at 5:55 pm

    ခွပ်ဒေါင်း အလံ က ကျောင်းသားတွေဘဲဆိုင်တယ် ဒါသမဂ္ဂအလံ ခွေးမသားတွေ အတွက်ခုတုံးမဟုတ်ဘူး ထမင်းဝအောင် စားထား ခွေးမသားတွေ

  • SoeLin

    July 21, 2010 at 2:58 am

    ဘာတဲ့ (၈၈)မျိုးဆက်ကျောင်းသားဆိုလား အမည်ခံထားတဲ့ ခွေးတွေ …
    ဟိုက အရိုးလေးနည်းနည်းချကျွေးထားတာကို ဟုတ်လှပြီထင်နေတယ်…
    ခွပ်ဒေါင်းအလံကို ကိုယ်ကျိုးအတွက်အသုံးချချင်တဲ့ကောင်တွေ … အသက်ပေးသွားတဲ့ နောင်တော်တွေရဲ့ ကျေးဇူးကိုမှမထောက် . ..
    ထမင်းတစ်နပ်ဝဖို့ ကိုယ့်အမေကိုယ်ပြန် ( ) လုပ်ခို်င်းမဲ့ကောင်တွေ . . .
    မင်းတို့အလှည့်ရောက်လာအုံးမှာပါ …

Leave a Reply