အသက်လုပွဲ

မခင်ချိုမျက်လုံးများကို…. အားယူကာဖွင့်ကြည့်မိသည်။ လှုပ်ရှားလို့မရအောင်ပင် မခင်ချိုတစ်ကိုယ်လုံး အားအင်များချည့်နဲ့နေလေသည်။ မခင်ချိုနားထဲတွင်… မီးရထားသံကြီးတစ်ခု လွှမ်းမိုးနေ၍ မခင်ချိုအသက်လုပြီး ပြေးနေရ၏။ မခင်ချိုအိပ်နေသော အခန်းဝတွင် လူတစ်ယောက်သည် မခင်ချိုအား သွေးစွန်းပေနေသော ခေါင်းအုံး တစ်လုံးအား လာရောက်ကမ်းပေးနေလေသည်။ မခင်ချို ထိုလူပေးသောခေါင်းအုံးအား မယူဘဲ အော်ဟစ်ကာနေလေ တော့သည်…။ အရာရာသည်အမှောင်အတိဖုံးလွှမ်း၍ မခင်ချိုလွင့်မျောချင်ရာ လွင့်မျောနေမိတော့သည်။

***                        ***                        ***                        ***

လူနာကုတင်နံဘေးတွင် အိပ်ငိုက်နေရင်းနှင့်ပင် မသီတာသူကအဒေါ်ဖြစ်သူအား ကြည့်ရင်းပင် တရားရမိသည်။ “ပညာရှိ သတိဖြစ်ခဲ” ဆိုသလိုပင်… အရာရာတွင် ကိန်းကြီးခန်းကြီးနိုင်လှသောအဒေါ်… ကျန်းမာရေးကိုအလွန်ဂရုစိုက် သောအဒေါ်… အသန့်အပြန့်သဲသဲလှုပ်တတ်သော အဒေါ်…. အရာရာကိုငွေကြေးနှင့် တိုင်းတာတတ်သောအဒေါ်…..မခင်ချို၏ အဖြစ်အပျက်စတင်ရာကာလသည်……။

လွန်ခဲ့သော(၃)လခန့်……

ခွဲစိတ်မှုခံယူတော့မည်

“ဆေးစစ်ချက်အဖြေအရတော့…မခင်ချိုရဲ့ သည်းခြေမှာကျောက်တည်နေတာပါ….”

မခင်ချိုနှင့် ခင်ပွန်းဖြစ်သူကိုမြင့်စိန်တို့နှစ်ဦး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၏။ မခင်ချိုဝမ်းဗိုက်သည် အောင့်အောင့်နေသဖြင့် အထူးကုဆေးရုံကြီးတစ်ခုတွင် ဆေးစစ်ရာမှထွက်လာသောအဖြေမှာ မျှော်လင့်ထားသလို မဟုတ်ပေ။ စီးပွားရေးပြေလည်သလိုပင် အရာရာကို ကြီးကြီးကျယ်ကျယ်တွေးတတ်သော မခင်ချိုအဖို့… သည်းခြေမှ ကျောက်ကို ထုတ်ပစ်ရန်အတွက် အထူးကုဆေးခန်းကြီးတွင် သီးသန့်တစ်ခန်းယူကာ ခွဲစိတ်မှုခံယူရန် မခင်ချိုဆုံးဖြတ် လိုက်တော့သည်။

ခွဲစိတ်ခန်းဝင်ပြီ

မခင်ချို၏ဆွေမျိုးများ မခင်ချို၏သီးသန့်ခန်းထဲတွင် စည်ကားလျှက်ရှိ၏။ မခင်ချိုအားခွဲစိတ်သည့်အခန်းအဝတွင် ခင်ပွန်းဖြစ်သူကိုမြင့်စိန်မှာ စိတ်ပူပန်စွာစောင့်စားလျှက်ရှိသည်။ (၃)နာရီအကြာဝန်ကျင်းတွင် ခွဲစိတ်ခန်းအတွင်းမှ ခွဲစိတ် ဆရာဝန်မှာ ပြုံးရွှင်စွာထွက်လာလေသည်။ ဆရာဝန်သည် သူ၏လက်ထဲမှ အရာတစ်ခုကို ကိုမြင့်စိန်အား ပြသလိုက်၏။

“ဒါ….ဖြတ်ထုတ်လိုက်ရတဲ့ သည်းခြေနဲ့ အထဲကကျောက်တွေလေ…”

ဆရာဝန်ပြသည်ကို ကိုမြင့်စိန်သေသေချာချာကြည့်လိုက်မှ ဖန်ဂေါ်လီအသေးသာသာ ကျောက်လေးသုံးလုံးနှင့် သည်းခြေတစ်စုံဖြစ်သည်။ အခြေအနေကောင်းသည်ဆိုသော်လည်း ခွဲစိတ်ခန်းထဲမှ ထွက်မလာသေးသော ဇနီးဖြစ်သူ အား ကိုမြင့်စိန် စိတ်ပူပန်လျှက်ရှိသည်။ မိနစ်(၃၀)သာသာ အကြာတွင် ခွဲစိတ်ခန်းမှ တွန်းလှည်းထွက်လာသည်ကို ကိုမြင့်စိန်မြင်မှ စိတ်အေးရတော့သည်..။

ဆေးခန်းမှဆင်းပြီ

မခင်ချိုဆေးခန်းမှ ဆင်းလာပြီ…။ ဆွေမျိုးအားလုံး ဝမ်းသာကြသည်….သတင်းလာမေးသူမေး ခွဲစိတ်ခန်းအတွေ့ အကြုံစပ်စုသူက စပ်စုနှင့် မခင်ချိုအိမ်တွင် လူစည်ကားလျှက်ရှိ၏။ ဆိုးရွားသော ကံကြမ္မာသည် တမြေ့မြေ့လောင်ကျွမ်း သော ကောက်ရိုးမီးလိုပင် မခင်ချိုခွဲစိတ်ပြီး ဆေးခန်းမှဆင်း၍ တစ်ပတ်ကျော်ကျော်အကြာတွင် မခင်ချိုခွဲဝမ်းဗိုက်သည် ဆီးမသွား ၊ ဝမ်းမသွားဘဲ တဖြည်းဖြည်း ဖောင်းကာလာလေသည်။ တစ်ပတ်ကျော်ကျော်ကြာ၍ နှစ်ပတ်သို့ပင်ရောက်ခဲ့ ပြီ….အခြေအနေမှာ ပို၍ပင်ဆိုး၍လာလေ၏။

ဆေးခန်းသို့နောက်တစ်ခေါက်

မခင်ချိုဝမ်းဗိုက်ကြီး ဖောင်းကာပူပူလာ၍ ယခင်ဆေးခန်းသို့ တစ်ခေါက်ထပ်မံ၍ သွားရောက်သောအခါ…. ယခင်ဆေးခန်းမှ ခွဲစိတ်မှုတာဝန်ယူသော ဆရာဝန်သည်…. မခင်ချိုအား…. သူတာဝန်ယူသည့် နောက်ဆေးခန်းတစ်ခု ထံသို့… လွှဲလိုက်လေသည်။ နောက်ဆေးခန်းတစ်ခုတွင် မခင်ချိုမှာ တစ်ပတ်သာကြာသွား၏ သောက်ဆေး၊ ထိုးဆေး များကြောင့် မခင်ချို ဆီးသာသွားသည်..ဝမ်းမသွားပေ။ မခင်ချိုဝမ်းဗိုက်ပူလာသည်ကို ကြည့်၍ မခင်ချိုဖြစ်စဉ်အား… ထိုဆရာဝန်မှ အသည်းဟုသတ်မှတ်လေသည်။ တစ်ရက်ထပ်တစ်ရက် ဖောင်းကာပူလာသော ဝမ်းဗိုက်အား… ပိန်သွား အောင် ပထမဆုံးပြုလုပ်ရမည့်အချက်မှာ….မခင်ချိုဝမ်းဗိုက်အားအပေါက်ဖောက်၍ အရည်များပိုက်ဖြင့် ထုတ်ရတော သည်။ ပထမဆုံး မခင်ချိုဝမ်းဗိုက်မှ ထွက်လာသောအရည်များမှာ ပုလင်းဖြင့်သုံးပုလင်းခန့် ထွက်လေသည်။

ဆေးရုံကြီးသို့ ရောက်ခဲ့ပြီ
အရည်များပိုက်ဖြင့်ထုတ်လိုက်သောကြောင့် ဝမ်းဗိုက်သည် ပိန်သွားသောလည်း တစ်ပတ်ကျော်ကျော်တွင် ပြန်လည်ဖောင်းလာပြန်လေသည်။ မခင်ချိုအားတာဝန်ယူထားသောဆရာဝန်သည် မခင်ချိုအားနေ့စဉ်ပုံမှန်သာ လာကြည့်ကာ အကျိုးအကြောင်းအား မည်သို့မှ ပြောပြမသွားချေ။ ဒုတိယမြောက်ဆေးခန်းသို့ ရောက်သည်မှာ သုံးပတ်မြောက်သာသာကြာလာသောအခါ ယခင်က စိုပြေဝဖြိုးသောခန္ဓာကိုယ်သည် တဖြည်းဖြည်းပိန်ချုံးရျ်လာလေ သည်။ မကောင်းသောကံကြမ္မာများတွင် ကံကောင်းခြင်းအလင်းတန်းတစ်စုံတစ်ရာသည် တစ်ခါတစ်ရံတွင် ကြားညှပ်၍ ဝင်ရောက်လာတတ်ကြသည်။

“အန်တီတို့ကို တစ်ခုပြောပြချင်တာ… အန်တီတို့ ဆေးရုံကြီးကိုသွားသင့်ပြီ… ဒီမှာဒီလိုပဲဆက်သွားနေရလိမ့်မယ်.. ကျွန်တော်ပြောတာ နားထောင်ပါခင်ဗျာ…”

မခင်ချို၏ ညီမအငယ်ဆုံး၏နားသို့ ထိုဆေးခန်းမှ ဆရာဝန်လေးသတိပေးစကား ဝင်ရောက်လာချိန်တွင်… ထိုဆေးခန်းမှဆင်း၍ ဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် ပြင်ဆင်ကြတော့သည်။

ဘာရောဂါဖြစ်တာလဲ?

မခင်ချိုတာဝန်ယူထားသောဆရာဝန်သည် ဝမ်းဗိုက်ဖောင်းပူနေသော မခင်ချိုအား အသည်းနှင့်ပတ်သက်သည် ဟု မှတ်ချက်ပေးခဲ့၍ ဆေးရုံကြီးအသည်းဌာနသို့ မခင်ချိုရောက်ရှိခဲ့၏။ ဆေးရုံကြီး၏ အသည်းဌာမှ အသည်းအထူးကု ဆရာဝန်ကြီးကိုယ်တိုင် မခင်ချိုအား မြင်သောအခါ.. “သူ….ဖြစ်နေတဲ့အရာက အသည်းကြောင့်မဟုတ်ဘူး” ဟု တစ်ထစ်ချပြောဆိုလေသည်။ ထို့ကြောင့် မခင်ချိုအား အထွေအထွေရောဂါအဆောင်သို့ ရောက်ရှိခဲ့ပြန်သည်။ ထိုသို့ဖြင့် ဆေးရုံကြီးတွင် မခင်ချိုရောက်ရှိသည်မှာ (၄)ရက်မြောက်ပင် ရောက်ရှိခဲ့ပြီ။

ရောဂါရှာဖွေမှုစတင်ပြီ

ဆေးရုံကြီးသို့ရောက်ရှိသည့် လေးရက်မြောက်တွင် မခင်ချိုခံစားနေရသော ရောဂါအား ရှာဖွေမှုစတင်တော့ သည်။ မခင်ချိုဝမ်းဗိုက်ထဲမှာ ရေများအားဖောက်မထုတ်ချေ။ လူနာအားနည်းသွားမည်ဆိုးသောကြောင့်ဖြစ်၏။ ဆေးရုံကြီးသို့ရောက်ရှိပြီး လေးရက်မြောက်နေ့မှစ၍ မခင်ချိုအား ဓာတ်မှန်စရိုက်လေသည်။ ရောဂါရှာဖွေရာတွင် ကိရိယာတစ်ခုခုနှင့်ရှာဖွေမည်ဆိုပါက ရက်အနည်းငယ်စောင့်ဆိုင်းရ၏။ မခင်ချို၏ ဓာတ်မှန်ရလာဒ်တွင် ရောဂါမယ်မယ်ရရ ရှာမတွေ့ချေ။

ပုန်းနေတာလား….? ပျောက်နေတာလား…?

မခင်ချိုဆေးရုံကြီးသို့ရောက်ရှိသည်မှာ (၃)ပတ်နီးနီးပင်ပြည့်လုပြီ။ ထိုရက်တောအတွင်းတွင် မခင်ချိုအား ဓာတ်မှန်(X-ray) ၊ အယ်လ်ထရာဆောင်း (Ultra Sound) ၊ မှန်ပြောင်းဖြင့်ကြည့်ခြင်း ၊ CT-Scan (စီတီစကန်) ….. ရောဂါရှာဖွေသောစက်အမျိုးမျိုးစုံလင်ခဲ့သည်။ မခင်ချို၏ရောဂါအခြေအနေအား တစ်စုံတစ်ရာမတွေ့ရချေ…..။ ထိုအချိန် မခင်ချိုအား… ကြည့်ရှုပေးသော ဆရာဝန်ကြီးမှ စကားတစ်ခွန်းပြောလာ၏။

“ကိုမြင့်စိန်..နောက်ဆုံးအဆင့် ရောဂါရှာဖွေဖို့ တစ်ခုပဲ ကျန်တော့တယ်ဗျာ… မခင်ချိုခံစားနေတဲ့ ရောဂါအရင်းအမြစ်က ပုန်းနေတာလားမသိပါဘူးဗျာ…”

ကာလရှည်လာတဲ့ အရင်းအမြစ်ပြဿနာ

ပထမဆေးခန်းတွင်ခွဲစိတ်မှုပြုလုပ်ပြီး.. စုစုပေါင်းအချိန်(၃)ပတ်ကျော်၊ ဒုတိယမြောက်ဆေးခန်းတွင် (၄)ပတ်နီးပါးနှင့် ဆေးရုံကြီးသို့အရောက် မခင်ချိုခံစားနေရသော ရောဂါအရင်းအမြစ်ရှာဖွေနေသော ရက်များတွင် ကြာချိန် (၄)ပတ်နီးပါး စုစုပေါင်း (၃)လနီးပါးကြာလာသောအခါ….. မစားမသောက်နိုင်သောဒဏ် ၊ ဆေးထိုးဆေး သောက်သောဒဏ်များနှင့် ကုတင်ပေါ်တွင် ရက်ပေါင်းကြာရှည်စွာနေလာရသော…. မခင်ချို၏ ခန္ဓာကိုယ်အောက်ပိုင်း တစ်ပိုင်းလုံး ချည့်နဲ့သွားသည့်အပြင်……ကုတင်ပေါ်တွင်နေပါများလာသော ဒဏ်များကြောင့် တင်ပါးတစ်ခြမ်းမှာ အပူလောင်ကာ မည်း၍ အရေပြားများ ကျွမ်းလုလုဖြစ်နေလေသည်။

နောက်ဆုံးစစ်ဆေးမှု စတင်ပြီ

မခင်ချိုဆေးရုံကြီးသို့ ရောက်ရှိချိန်(၃)ပတ်အကျော်တွင် နောက်ဆုံးစစ်ဆေးမှု တစ်ခုအား စတင်တော့သည်။ ဆရာဝန်များ ပြောပြချက်အရ “ဆေးဓာတ်မှန်” ရိုက်ခြင်ပင်ဖြစ်သည်။ “ဆေးဓာတ်မှန်” ဆိုသည်မှာ လူနာအား ဆေးအဖြူ ရည်များ တိုက်ကျွေးလိုက်ပြီး…. ထိုဆေးအဖြူအရည်များစီးဆင်းရာ အူလမ်းကြောင်းများသို့ မြင်ရအောင် “ဆေးဓာတ်မှန်” ရိုက်ခြင်းပင်ဖြစ်၏။

ပြဿနာကိုတွေ့ပြီ

နောက်ဆုံးအဆင့် ညွှန်ကြားချက်အရ “ဆေးဓာတ်မှန်” ရိုက်ပြီးသောအခါ.. မခင်ချိုခင်ပွန်းဖြစ်သူ ကိုမြင့်စိန်နှင့် အတူပင် မခင်ချိုဆွေမျိုးများ…၊ မိတ်ဆွေများ စောင့်ဆိုင်းနေရလောက်အောင်ပင် မခင်ချိုအဖြစ်အပျက်သည် စိတ်ဝင်စားစရာကောင်းလှ၏။ အားလုံး၏စိတ်ထဲတွင်လည်း “ရောဂါမတွေ့ပါစေနဲ့” ဟု ပြောရမည့်အစား “ရောဂါတွေ့ပါစေ”ဟုသာ ဆုတောင်းနေပုံမှာ အကြောင်းမသိသူဆိုလျှင် အံ့ဩစရာပင်။ ရှင်းရှင်းလေးနှင့် ရှုပ်နေသော လောကကြီးတွင် မခင်ချို၏ ရောဂါပြဿနာသည်လည်း ရှင်းရှင်းလေးနှင့် ရှုပ်နေခဲ့ခြင်းဖြစ်သည်။ မခင်ချိုအား တိုက်ကျွေး လိုက်သော ဆေးအဖြူရည်များသည် အူလမ်းကြောင်းများအနှံ့ စီးဆင်းသွားပြီး ရောဂါအရင်းအမြစ်သည် မခင်ချို ဖြတ်ထုတ်ခဲ့သော သည်းခြေအစို့မှ ပြန်ချုပ်ရာတွင် မလုံခဲ့၍ ထိုမှတဆင့်အရည်များကျကာ…. မခင်ချိုဝမ်းဗိုက်ပူလာ ခြင်းဖြစ်သည်။

ဒွန်တွဲနေသော…အကောင်းနှင့်အဆိုး

ပြန်လည်အစားထိုး၍မရသော အရာများတွင် အချိန်သည် လွန်စွာအရေးကြီးသည်မှာ မခင်ချိုအဖြစ်အပျက်သည် သက်သေပြလျှက်ရှိသည်။ သည်းခြေဖြတ်လိုက်၍ ယိုနေသောအပေါက်အား ဒုတိယအကြိမ်ပြန်လည်ခွဲစိတ်ဖို့လိုလာ၏။ သို့ပေမယ့် ကြားကာလများတွင် ကုန်ခဲ့သောနေ့ရက်များကြောင့် မခင်ချိုသည် ခွဲစိတ်ခန်းမဝင်နိုင်အောင်ပင် အားအင် ချည့်နဲ့၍ ပိန်ချုံးကာ နေလေသည်။ စည်းစိမ်ပြုတ်သွားပါစေ…. သူ့ဇနီးအသက်သာလိုချင်သည်ဟုပြောသော ကိုမြင့်စိန် စိတ်ဓာတ်ကိုလည်း ချီးကျူးထောပနာပြုကြသည်။

ဒုတိယအကြိမ်ခွဲစိတ်ခန်းအဝင်

မခင်ချို၏ အရိုးပေါ်အရေတင် ပုံသဏ္ဍာန်အားကြည့်၍ ခွဲစိတ်ခန်းဝင်နိုင်ရန် ဆေးရုံကြီးရှိ ဆရာဝန်များ ကြိုးစား ရတော့သည်။ မခင်ချိုအား….. ခွဲစိတ်ရန်အတွက်ရက်သတ်မှတ်ပြီးလျှင်… မခွဲစိတ်မီကာလအတွင်းတွင် အားရှိအောင် ပြုလုပ်စေသည်။ ခွဲစိတ်ရက်ရောက်သောအခါ လိုအပ်သော သွေးသွင်း၍ ခွဲစိတ်ခန်းအတွင်းသို့ဝင်ရောက်တော့မည် ဖြစ်သည်။

ခွဲစိတ်ခန်းမှ အထွက် ၊ IC (အထူးကြပ်မတ်ကုသဆောင်) အဝင်

မခင်ချိုခွဲစိတ်ခန်းသို့ နံနက်(၀၈းဝ၀)နာရီတွင် ခွဲစိတ်ခံရန်ဝင်ရောက်ရသည်။ မခင်ချို၏ ခင်ပွန်း ၊ သားသမီးနှင့် ဆွေမျိုးများမှာ ခွဲစိတ်ခန်းအပြင်မှ စိုးရိမ်တကြီးစောင့်မျှော်နေကြသည်။ နံနက်(၀၈းဝ၀)နာရီမှစ၍ နေ့လည် (၀၃းဝ၀)နာရီပင် ရောက်လာခဲ့ပြီ…..။ ခွဲစိတ်ခန်းတံခါးပွင့်လာသည်နှင့်အတူ…..အားလုံးဆရာဝန်ကြီးထံသို့ ပြေးလွှာ၍ မေးကြသည်။

“အထဲမှာ ရေတွေစိမ်ထားသလို အားလုံးကွ ပွပြီးနူးနေတာပေါ့ဗျာ ယိုနေတဲ့နေရာကို အသေအချာချုပ်ပြီး အားလုံးကို သေသေချာချာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်.. ဒါပေမယ့် ရက်တွေလည်းကြာ၊ လူနာမှာလည်အားမရှိ ၊ ကိုယ်ထဲမှာ ပြည့်နေတဲ့အရည်တွေက တဖြည်းဖြည်းများလာတော့ နှလုံးထိရောက်လာပြီး နှလုံးကိုပါ ထိသွားတယ်…. အခြေအနေကိုတော့ စောင့်ကြည့်ရမှာပေါ့…”

ခွဲစိတ်ခန်းထဲမှ ထွက်လာပြီးနောက် မခင်ချိုသည် ယခင်အခန်းအဟောင်းမှ အထူးကြပ်မတ်ကုသဆောင် ဟူသော အခန်းသို့ပြောင်းရွှေ့ရသည်။ ဆေးရုံကြီးမှ အထူးကြပ်မတ်ကုသဆောင်ဆိုသည်မှာ အရေးပေါ် အလွန်အရေး ကြီးသော လူနာများအား ကုသရာနေရာဖြစ်သည်…။ (၂၄)နာရီပတ်လုံး (Nurse)များရှိ၍ ထိုလူနာအား နှလုံးခုန်တိုင်းပြစက် ၊ အောက်ဆီဂျင်ပေးစက်တို့ဖြင့် အပြည့်အစုံထားပေးရသည်။

တစ်ဆစ်ချိုးဘဝ အလှည့်အပြောင်း

မှန်းဆ၍မရသော ကံကြမ္မာသည် ရှေ့သို့မမြင်ရသောမြူနှင်းမှုန်များကြားတွင် လမ်းလျှောက်နေရသလိုပင်… ရှေ့တွင်ဘာတွေ့ရမလဲဆိုတာကို ထိပ်တိုက်ရင်ဆိုင်ရသောအချိန်မှသာ သိရသော ဆန်းကြယ်သောကံကြမ္မာလိုပင်.. မခင်ချိုအဖြစ်အပျက်သည်လည်း…. အထက်တန်းဆေးခန်းတွင်ကုသရာမှ ဘဝတစ်ဆစ်ချိုးဆိုသလိုပင် …… မခင်ချို၏ အနေအထားမှာ တမဟုတ်ချင်း ပြောင်းလဲသွား၏။

***                        ***                        ***                        ***

အဒေါ်ဖြစ်သူအားကြည့်ရင်းပင် မသီတာ သံဝေဂရမိသည်။ ချို့တဲ့သောမသီတာတို့မိသားစုအပေါ် ခွဲခြားဆက် ဆံသောအဒေါ်အား တစ်ခါတစ်ရံစိတ်နာမိသော်လည်း….ယခုဖြစ်ပျက်နေသော အခြေအနေကိုတွေ့မြင်ရသည့်အခါ မသီတာ ဘုရားတရားကိုသာ ပိုမိုအားထားတော့သည်။

“မသီတာ… လိုက်ကာလေး ဖွင့်ထားပါနော် မသီတာအိပ်ငိုက်သွားရင် တစ်ခုခုဆို ကျွန်မတို့လှမ်းကြည့်လို့ရတာပေါ့”

အထူးကြပ်မတ်ကုသဆောင် အခန်းများမှာ အခန်းကြီးထဲတွင် သံတိုင်များဖြင့်လိုက်ကာများသာ ခြားနားထားခြင်းဖြစ်သည်။ မသီတာညတိုင်းလူနာစောင့်နေသည်ကိုသိသော (Nurse)များမှာ မသီတာအိပ်ငိုက် သွားလျှင်ကြည့်ရှု၍ရအောင် ပြောလေသည်။ ည(၀၉းဝ၀)နာရီထိုးပြီ…. ပိုက်ဖြင့်ဓာတ်ဆားရည်သွင်းရတော့မည်.. မသီတာစားပွဲဘက်သို့လှည့်၍ ဓာတ်ဆားလှည့်အဖျော်….

“တီ….တီ..တီ..တီ.တီးးးးးးးးးးးးးးးးးးးးးးး”
ကြားလိုက်ရသောအသံကြောင့် မသီတာနှင့် သူမအဒေါ်အားကြည့်လိုက်မိ၏။ မခင်ချို၏လက်များသည် ကောက်ကွေးကာတက်လာပြီ နှလုံးခုန်စက်၏ဖန်သားပြင်ပေါ်တွင်ပြသော နှလုံးခုန်နှုန်းမှာ (၀)သုညဖြစ်သွားလေသည်။ အံ့ဩတုန်လှုပ်ခြင်းနှင့်အတူ အပြင်မှ (Nurse)မလေးများ ပြေးလွှားသံကို မသီတာကြားလိုက်ရသည်။ (Nurse)မလေးမှား နှလုံးနှိုးစက်အား တွန်းလာပြီး မခင်ချိုရင်ဘတ်နှစ်ခုကို ရှော့ရိုက်လေသည်။ တစ်ခါ…နှစ်ခါ…သုံးခါ

“တီ…တီ…တီ….တီ……တီ”

နှလုံးခုန်ရပ်သွားရာမှ ပြန်လည်ခုန်၍လာလေသည်။ မသီတာထိုမှသာ အသက်ရှူဖို့သတိရတော့သည်။ ဆရာဝန်ကြီးသည် မခင်ချိုအားလာရောက်ကြည့်၍ မခင်ချိုနံဘေးတွင် နှလုံးခုန်စက်အား ထားထားရန် ပြောသွားလေ သည်။ ည(၁၂း၃၀)….. မျက်လုံးများမှေးစင်းနေသော်လည်း စိတ်ရဲ့နှိုးဆော်မှုကြောင့် မသီတာအိပ်မပျော်ချေ။ ထိုအချိန်တွင်….

“တီ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊”

ပထမအကြိမ်အတိုင်းပင် မခင်ချိုလက်များကွေးကော်၍ နှလုံးခုန်ရပ်သွားပြန်၏။ ရှော့ထပ်မံရိုက်ရပြန်သည်…. ထိုညမှာပင် နှလုံးခုန်နှုန်းရပ်သွားလိုက်…..ရှော့ထပ်ရိုက်လိုက်နှင့် (၄)ကြိမ်မြောက်ပင်ရှိပြီ။

“ဆွေမျိုး ၊ သားသမီးများကို လူစုံအောင်ခေါ်ထားလိုက်ပါ…လူနာက စိတ်မချရတော့ဘူး…”

ဆရာဝန်ကြီးပြောလိုက်သောစကားတစ်ခွန်းကြောင့် မသီတာရင်ထဲဆို့နင့်နင့်ဖြစ်သွားရသည်။ ဒီအဆင့်ထိ အားတင်းလာခဲ့ပြီးမှ……… မခင်ချိုဘဝအဆုံးသတ်တော့မည်လား….။ နှလုံးခုန်ရပ်တိုင်း ရှော့ရိုက်ထားရသောကြောင့် မခင်ချိုရင်ဘတ်တွင် အညိုအမည်းများ စွဲလျှက်ရှိသည်။ နှလုံးခုန်ရပ်တိုင်း ကွေးကောက်သွားသောလက်များမှာ အကြောဆွဲသကဲ့သို့ဖြစ်လျှက်ရှိသည်။

***                        ***                        ***              ***

ဆန်းကြယ်လွန်းလှသော ကံကြမ္မာသည် …. မယုံနိုင်လွန်းလောက်အောင်ကို အကွေ့အဝိုက်များလှသည်။ မခင်ချိုမျက်နှာတွင် တပ်ဆင်ထားသော အောက်ဆီဂျင်မျက်နှာဖုံးအားချွတ်ကာ လည်ပင်းအားအပေါက်ဖောက်ရျ် ထိုအပေါက်မှတဆင့် နှလုံးဆီသို့ စတီးပိုက်ထည့်ကာ အသက်ရှူစေသည်။ ထိုနေ့မှစ၍ မခင်ချို၏ နှလုံးခုန်နှုန်းသည် ပုံမှန်ဖြစ်ခဲ့သည်……။

“လျှောက်ထား…လျှောက်ထား…လျှောက်…..တိုးတက်လာပြီ အစ်မ….”

ညီမဖြစ်သူစကားကြောင့် မခင်ချိုးမျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ လေးလနီးပါး လမ်းလျှောက်ခဲ့သော အချိန်များကြောင့် မခင်ချို၏အောက်ပိုင်းတစ်ပိုင်းလုံး ချည့်သွားခဲ့ရသည်။ မခင်ချိုလမ်းပြန်လျှောက်နိုင်ရန်အတွက် ပြန်လည်လေ့ကျင့်နေရ၏။ မခင်ချိုတွေ့ခဲ့ရသည့် အသက်လုပွဲတွင် မခင်ချို၏ပတ်ဝန်းကျင်ရှိလူအားလုံးအား…. သံဝေဂရစေသည် ၊ ဂရုဏာသက်စေသည် ၊ ဒေါသထွက်စေသည်။

ယခုအချိန်ထိ မခင်ချိုနှင့်ကိုမြင့်စိန်တို့ ဇနီးမောင်နှံ သားသမီးနှစ်ယောက်နှင့် နေထိုင်ဆဲဖြစ်သည်။ “အသက်လုပွဲ” တစ်ပွဲတွင် ပေးဆပ်လိုက်ရသောအရာများမှာ များပြားသောလည်း မခင်ချိုဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဟုသာ………….အမြဲတမ်းပြောလျှက်ရှိသည်။ မခင်ချိုသည် ယနေ့အထိသူ့အဖြစ်အပျက်အား ခင်မင်သူများအားပြောပြဆဲဖြစ်သည်……။  ရောဂါတစ်ခုခုဖြစ်သူအား မခင်ချိုတွေ့လျှင်ပြောနေကျ စကားတစ်ခွန်း မခင်ချို၏ နှုတ်ဖျားကိုရောက်ရှိခဲ့သည်….။ သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသော အသက်လုပွဲတွင် ရရှိခဲ့ စကားတစ်ခွန်းလည်းဖြစ်သည်။ ထိုစကားတစ်ခွန်းမှာ……..

“အခြေအနေမကောင်းရင် ဆေးရုံကြီးသွားနော်……..” ဟူ၍ပင်ဖြစ်၏။

***********************************************

မှတ်ချက်။     ။ဤပို့စ်နှင့်ပတ်သက်၍ မည်သူမည်ဝါကိုမှ ထိခိုက်လိုခြင်းမရည်ရွယ်ပါ။

အောင်မိုးသူ

14 comments

  • YE YINT HLAING

    August 29, 2012 at 3:19 pm

    ဖတ်ရင်း စိတ်ဝင်စားလာပါတယ် ။ ဖတ်ရှု အားပေး သွားပါတယ် ။

  • Khaing Khaing

    August 29, 2012 at 3:38 pm

    ကောင်းလိုက်တဲ့ ပို့စ်လေးပါလားနော် ……. တကယ့်ကို တရားရစရာ ဆင်ခြင်စရာပါ ….. လူနာတွေအတွက် ဆေးရုံကြီးတို့ ကလေးဆေးရုံတို့ ဗဟိုအမျိုးသမီးဆေးရုံတွေဟာ ဝန်ဆောင်မှုနှောင့်နှေးပေမယ့် …. တကယ်ကိုကောင်းတဲ့ နေရာတွေပါ ….

    • MaMa

      December 15, 2012 at 10:24 am

      ထောက်ခံပါတယ် ခိုင်ခိုင်ရေ။
      အိမ်က အမတွေ ယောင်းမတွေ ကလေးမွေးတာ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာပဲ မွေးကြတယ်။
      ငွေကုန်တာ မကုန်တာထက် တကယ်အရေးအကြောင်းဖြစ်လာမှ ဆေးရုံပြောင်းရင် ကြားထဲမှာ ကြာတဲ့အချိန်က လူနာအတွက် အများကြီး ထိခိုက်သွားနိုင်တယ်ဆိုတဲ့ အမဆရာဝန်ရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့်။

  • Hnin Hnin

    August 29, 2012 at 3:43 pm

    ဖတ်ရင်း ဇာတ်ရှိန်မြင့်တက်လာတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ရွာထဲက စာရေးကောင်းသူ
    တစ်ယောက်ပါပဲ။

  • Wow

    August 29, 2012 at 3:45 pm

    အသက်နဲ့ရင်းပြီးရခဲ့တဲ့ အတွေ့အကြုံကို မှတ်သားသွားပါတယ်…

  • ဦးဦးပါလေရာ

    August 29, 2012 at 4:15 pm

    ပုဂ္ဂလိကဆေးရုံတွေ အခုနောက်ပိုင်း လက်လွတ်စပယ်လုပ်လာတာတွေ တွေ့ရတယ်။
    တာဝန်ယူရမှာကြောက်ပြီး သင့်လျှော်တဲ့ကုသမှု့ အချိန်မီမပေးပဲ ဆရာဝန်ကြီးတွေကိုပဲ စောင့်တာလဲ တွေ့ရတယ်။
    ကျုပ်တော့ မကျန်းမမာဖြစ်ရမှာကို တော်တော်ကြောက်နေပြီ..။

  • nozomi

    August 29, 2012 at 4:19 pm

    လွန်ခဲ့တဲ့ ၈ နှစ်လောက်က အဖြစ်အပျက်လေး တစ်ခု
    ဇနီးမောင်နှံ နှစ်ယောက် သားသမီး မရှိဘူး
    သားအိမ်ခြစ်ဘို့ လိုတယ်ဆိုလို့ အပြင်က ဆေးကုခန်း တစ်ခုမှာ အော်ပရေးရှင်းလုပ်တယ်
    အဲဒီကစပြီး ကိုးမား ဖြစ်သွားတာ ဒီနေ့အထိ
    ရှင် ရက်နဲ့ သေသွားရပြီ
    ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိရင်တော့ ……..

  • ပန်းစံပါယ်

    August 29, 2012 at 4:24 pm

    ဒီဇာတ်လမ်းလေးဖတ်မိတော့ ကျွန်မမောင်လေးတစ်ယောက်နေမကောင်းဖြစ်တုန်းကအကြောင်းလေး ကို သွားပြီးသတိရလိုက်မိတယ်။ သူကတော့ အဲဒီလောက်အခြေအနေမဆိုးပါဘူး။ တစ်ဖြည်းဖြည်းပိန်နေလို့ သိပ်နေမကောင်းဖြစ်တာနဲ့တပြိုင်နက် အပြင်ဆေးခန်းကြီးတစ်ခုမှာ သွားပြတယ်။ စမ်းသပ်မှုတွေလုပ်တယ် သလိပ်တွေစစ် ဓာတ်မှန်တွေရိုက် သွေးတွေစစ်နဲ့ တစ်ခုပြီးတစ်ခုလုပ်ပါတယ်။ ဒါပေမယ့် ငှက်ဖျားလိုလို ဝမ်းကိုက်တာလိုလို ဝမ်းကိုက်ပိုးပဲအသည်းရောက်သလိုလို အသည်းအားနည်းလိုလို အဆုတ်လိုလို နဲ့ ဘာဖြစ်တာလဲ ဘာရောဂါလဲဆိုတာ သေချာမပြောနိုင်ပါဘူး။ သူတို့ပေးတဲ့ဆေးတွေစား သူတို့လုပ်ခိုင်းတာလုပ်ပေါ့။ လူကတော့ စားစား သွားသွားပဲ အဖျားကလည်း မပြတ်ဘူး နည်းနည်းလေးအဖျားရှိတယ်ပေါ့။ တဖြည်းဖြည်း လူပိန်လာတာပဲရှိတယ် တစ်ခြားဘာမှ ထူးခြားမှုမရှိပါဘူး။ ဒါနဲ့ အစိုးရဆေးရုံတစ်ခုကိုသွားတက်တော့လည်း အဲဒီလိုပဲ အစကနေ အကုန်ပြန်စစ်ခိုင်းတယ်။ သူတို့စစ်ခိုင်းတာကအကြောင်းမဟုတ် လူက တအားပိန်ပြီး အရိုးပေါ်အရေတင်ပဲကျန်တော့တယ် အားနည်းနေတော့ သွေးဖောက်ဖို့သိပ်အဆင်မပြေချင်ဘူးလေ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ ခိုင်းတာလုပ်ရတာပေါ့။ အဲဒီမှာလည်း ရောဂါမပေါ်ပါဘူး။ ကြာလာတော့ နည်းနည်းတော့ သက်သာလာတယ်ပါတယ်။ ဆေးရုံကသာဆင်းလာရတယ် ဘာဖြစ်တာမှန်းမသိ။ မိဘတွေလည်း တော်တော်လေးစိတ်ညစ်ပြီး ဟိုလိုလား ဒီလိုလားဆိုပြီး တစ်ခါမှ မထင်ဘူးမတွေးဘူး လက်မခံတဲ့အယူအဆတွေအထိပါ အဲဒီလိုများ ဟုတ်နေလေလားဆိုတဲ့အတွေးဝင်တဲ့အထိပါပဲ။ နောက်တော့ ဝန်ထမ်းမွမ်းမံသင်တန်းတက်တော့မှ နေမကောင်းလို့ အဲဒီကဆေးရုံးသွားပြမှပဲ ရောဂါကိုအတိအကျသိရတယ်။ ချက်ချင်းထိရောက်တဲ့ကုသမှုလုပ်ပေးတော့ ကောင်းလည်းကောင်းသွားတယ်ပေါ့။ ဆိုလိုချင်တာက အစိုးရဆေးရုံချင်းတူတာတောင်မှ မတူဘူးဆိုတာပါ။

    • aung moethu

      August 29, 2012 at 5:25 pm

      စာလေးတွေဖတ်တာ ကျေးဇူးပါ နောက်လည်း ဆက်အားပေးပါဦးဗျ

  • ရဲစည်

    August 30, 2012 at 1:31 am

    “အခြေအနေမကောင်းရင် ဆေးရုံကြီးသွားနော်……..”

    မခင်ချို နည်းတူ ကျနော်လည်း ထောက်ခံပါကြောင်း
    အဲ …. ဒါပေမဲ့
    ………………
    ကံတရားနဲ့ လူ့သက်တမ်းတော့ မပါ 🙁

  • chityimhtoo

    August 30, 2012 at 9:37 am

    အင်းဗျ ၊ ကျွန်တော်တို့တွေဘဝမှာစားဝတ်နေရေးလောက်ဘဲ အာရုံထားနေကျရတာ။တစ်ခါတစ်လေ စီးပွား
    ရေးအဆင်မပြေလို့ ငြီးညူမိရင်ကိုယ့်ကို ကိုယ်ရှက်မိပါတယ်။လောကမှာလူတစ်ယောက်အသက်ရှင်နေထိုင်
    နိုင်ဘို့ထက်ဘယ်အရာမှအရေးမကြီးပါဘူး။

  • မောင်ပေ

    August 30, 2012 at 12:24 pm

    ရောဂါ ဝေဒနာ
    ဖြစ်ခဲ့ရင်ကွာ
    မခင်ချို ရဲ ့စေတနာ
    ဆေးရုံကြီးကို ဂိုးပါကွာ

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 12:04 am

    ဖတ်ရှုအားပေးသွားကြောင်းပါခင်ဗျာ

  • MaMa

    December 15, 2012 at 10:16 am

    ကျန်းမာရေးအတွက် ဗဟုသုတ ပေးချင်တာကို ရသအရေးအသားလေး စွက်လိုက်တော့ စွယ်စုံကောင်း ပိုစ့်လေး ဖြစ်သွားတယ်။
    အမှန်ဆိုရင် ပုဂ္ဂလိက ဆေးခန်းကြီးတွေထက် ဆေးရုံတွေမှာ ပညာရှင်တွေ ပိုပြည့်စုံပါတယ်။
    တကယ့်တကယ် အရေးကြီးလာပြီဆိုရင် ဆေးရုံကြီးကိုပဲ ပြေးကြရတာပါ။
    ဆေးရုံတွေကို ပြည်သူ့ဆေးရုံဆိုတဲ့ နာမည်နဲ့အညီ နည်းနည်းလေး ပြုပြင်ပြောင်းလဲလိုက်မယ် ဆိုရင်……….. :eee:

Leave a Reply