ရိုမာန်တစ်(ROMANTIC)

naywoon niAugust 29, 20121min1418

(၁)
ဟော့ဒိ ကမ္ဘာလောကကို ဖန်တီးသူဟာ
အဘယ်ဘုရားသခင်မှမဟုတ်
ငါသာလျှင်ဖြစ်တော့သကိုးးးးး………။
အဲဒိလိုကြွေးကျော်ရင်း
စာရေးစားပွဲပေါ်က ရေးလက်စဝတ္ထု
ဆက်ပြီး နှိပ်စက်ကလူ ပြုလိုက်ဦးမယ်…..။
အောင်မာ…..အောင်မာ…..
ကျွန်ုပ်ရဲ့ ဇာတ်လိုက်မ
သူ့သနားလို့ တိုက်ပေါ်တင်ထားတာများ
ကော်ဖီနဲ့ ဟမ်ဘာဂါ မစားချင်ဘူးဆိုပဲ…..။
မရဘူးကောင်မ
တစ်ခြားသူဌေးတွေဘာစားစား
နင်ကတော့ ငါကျွေးတာပဲစားရမယ်…။
ငါစားဖူးတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ငါက….
ဒီလို ကော်ဖီနဲ့ ဟမ်ဘာဂါစားတယ်လို့ရေးလိုက်ရင်
နင်စားကို စားရမယ်…။
ဒါငါ့ဇာတ်လမ်း
နင်ကဇာတ်ရုပ် …. ငါထားသလိုနေ….။
ဟဲ့…..။
ဟို အကြော်သည်မသား…..
မင်းက ဘယ်လောက်ပဲ ဆင်းရဲတယ်ပြောပြော
ဆယ်တန်းအောင်ကိုအောင်ရမယ်….။
တက္ကသိုလ်လည်း တက်ကိုတက်ရမယ်…။
ဒါမှ………
မင်းသားနဲ့ မင်းသမီး ဇာတ်လမ်း
ငါဆက်ရေးလို့ ရတော့မပေါ့……….။
ဟုတ်လား?
ကဲ…. ခင်ဗျားတို့ အနေနဲ့ကော……
ဘယ်လိုဇာတ်လမ်းမျိုးဖတ်ချင်သလဲ….
မင်းသားမင်းသမီး ပေါင်းစေ့ချင်တာလား
ကွဲပြီးလွမ်းကျန်ရစ်စေရမလား
ကြိုက်တာပြောလိုက်
ကျုပ်ဖန်တီးပြမယ်….။
လွမ်းဆွေးခန်းမှာ မျက်ရည်တောက်တောက်မကျရင်
ကျုပ်ကိုကြိုက်သလိုပြော……။
ဇာတ်သိမ်းခန်းမှာ ရယ်ချင်သေးလား…..? ရတယ်…။
ဟိုသီချင်းထဲကလိုပေါ့…..။
ဇာတ်သိမ်းရင်ကွဲမလား ဇာတ်သိမ်းရင်ပေါင်းမလား
မင်းသမီးနဲ့များကွဲဦးမှာလား
အလှည့်ကျနွဲ့လို့ မရဘူးကွာ……….။
(၂)
ဒါရိုက်တာအတွေး
ဟာကွာ…. ဝတ္ထုရေးတဲ့သူတွေ
ဇာတ်နာအောင်တစ်မင်ခွဲထား
ငါလက်ထဲရောက်
ဇာတ်ညွှန်းဆရာအားကိုးနဲ့
ငါရအောင်ပြန်ပေါင်းခိုင်းမယ်….။
ကဲ……ဇာတ်ညွှန်းဆရာ….
ခင်ဗျားလက်စွမ်းပြလိုက်စမ်းပါဦး…။
ပရိဿတ်က လွမ်းခန်းဆိုမကြိုက်
မင်းသားကလည်း လွမ်းခန်းမရိုက်တာကြာဆိုတော့
ဘယ်နဲ့ဗျာ……
အတည်ပေါက် သည်လာပြီးမှ
ဇာတ်သိမ်းမှာ တစ်ယောက်သေပေးရဦးမတဲ့….
မင်းသမီးကလည်း သေတဲ့ဇာတ်
လာမစပ်နဲ့တဲ့….။
ဇာတ်သိမ်းလေးလှအောင်
ဝတ္ထုတစ်ဝက်လောက်ကစပြင်….
ခင်ဗျားအိုင်ဒီယာနဲ့ပေါင်း

အဲ…… ဟာသလေးလည်း ထည့်ပေးဦး
အကြောင်းမသိရင် ဇာတ်လမ်းအသစ်ထင်ချင်ထင်ပလေစေ
ကဲ……..ရိုက်မယ်
ဝမ်း….တူး….သရီး…… အက်ရှင်……
ဟောဒီ ကမ္ဘာလောကကြီးကို
သာယာအောင် ဖန်းတီးနေသူက
ငါသာလျှင်ဖြစ်တော့ သကိုးးးးးးးးး……..။

နေဝန်းနီ

8 comments

  • pooch

    August 29, 2012 at 9:48 pm

    ဘယ်လိုဇာတ်တွေကိုပဲ ရေးရေးပါ အဘနီရေ ကိုယ်ရေးတဲ့ဇာတ်ကိုယ်နိုင်အောင်သာ ကဖို့ လိုတယ် ထင်ပါတယ်။ ဘယ်သူမပြု မိမိအမှု မဟုတ်လား။

    • နေဝန်းနီ

      August 31, 2012 at 7:17 pm

      ဟုတ်တာပေါ့ မပုရှ့်ရေ….။ နှုတ်ခမ်းမွှေး မရိတ်ပဲ ပဲကြီးဟင်းသောက်တဲ့သူတွေကအများသား …။ နျုတ်ခမ်းမွှေး ပဲဟင်းတွေပေနေပြီလို့ သွားပြောရင်လည်းမကြိုက်ကြပြန်ဘူး…။

  • မောင်ပေ

    August 29, 2012 at 10:05 pm

    ရိုမန်းတစ်
    အပျိုလှမ်းစစ်
    အိုအရမ်းချစ်
    လိုရမ်းပစ်
    ဆိုမန်းသစ်

  • မွန်မွန်

    August 30, 2012 at 10:09 am

    ကိုယ့်ဇာတ်လမ်းမှာတော့ ကိုယ်က မင်းသမီးပဲ..ကျန်တာအကုန် ဇာတ်ပို့….ဒါဗြဲ…

  • maung khinmin

    August 30, 2012 at 10:27 am

    ဇာတ်လမ်းဇာတ်ကွက်
    မင်နဲ ့စွက်
    ဇာတ်လိုက် ဘယ်သူ
    ကိုယ့်ပေါ်မူ ….

  • Khaing Khaing

    August 30, 2012 at 1:02 pm

    ဖြစ်ချင်တာကမင်းသမီး ဖြစ်နေတာက အဆိုတော် ….. ဘဝဆိုတာဒီလိုပါပဲ ………

  • si tone

    August 31, 2012 at 5:55 pm

    Si Tone က ဒါရိုက်တာ……..ဖြစ်ချင်တယ်…..

    • နေဝန်းနီ

      September 1, 2012 at 9:27 pm

      Si Tone က ဒါရိုက်တာ……..ဖြစ်ချင်တယ်….. ဆိုရင် ပရိုဂျူဆာက ရွာထဲက ကျောက်သူဌေး အူးပေရှိတယ်…။ သူနဲ့ဆက်သွယ်လိုက်..။ ဒါပေမဲ့သူ့ကို မင်းသားတင်ရိုက်မှ လုပ်မှာ………. 😛

Leave a Reply