(ဆရာ ပါရဂူ ရေးသားသော ရေစီးကြောင်း စာအုပ်မှ) နိဂြောဓသာမဏေ နှင့် ရှင်အရဟံ-စာမျက်နှာ-၁၃၉

သီရိဓမ္မာသောကမင်းကြီးသည် ခမည်းတော်မင်းကြီးလက်ထက်ကအတိုင်း တိတ္ထိတို့အား ကျွေးမြဲသောဝတ်ကို မချွတ်စေဘဲ အိမ်တော်၌ အမြဲလုပ်ကျွေး၏။ တစ်နေ့သ၌ ခြင်္သေ့ခံသော လေသာ နန်းတံခါးကို လှပ်၍ ကြည့်တော်မူသော် လျှပ်ပေါ်သော ဣန္ဒြေဖြင့် နေထိုင်စားသောက်ကြသော တိတ္ထိပုရိပိုဇ်တို့ကို မြင်၍ “ဤသူတို့၌ မြတ်သောတရားသည် မရှိရာ၊ သွားလာနေထိုင်ခြင်း ကိစ္စတို့၌ ငြိမ်သက်သိမ်မွေ့ခြင်းမရှိ၊ ပကတိသော လူတို့ကဲ့သို့ပင်တကား၊ မြတ်လှသော အလှူခံတို့ကို ရှာကြံရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိရာသည်တကား”ဟု ကြံမိလေ၏။

ထို့သို့ကြံပြီးသော် အမတ်တို့ကို ခေါ်၍ “အမောင်တို့သည် သူတော်ကောင်းဟု သမုတ်အပ်သော အလှူခံမြတ်တို့ကို ရှာ၍ ပင့်ခဲ့ကုန်၊ ငါအလှူပေးလိုသည်”ဟု ဆိုလေ၏။ အမတ်တို့လည်း တိတ္ထိပုဂ္ဂိုလ်တို့ကို ပင့်ဆောင်၍ “အရှင်မင်းကြီး ဤပုဂ္ဂိုလ်တို့ကား အကျွန်ုပ်တို့၏ ဆရာ ရဟန္တာပါတည်း လျှောက်ကုန်၏။ မင်းကြီးလည်း သူမြတ်မဟုတ်မှန်း သိ၍ ထိုတက္ကတွန်းတို့နှင့် သင့်လျှော်သော ပူဇော်သက္ကရကိုသာပြု၍ သွားစေ၏။

ဤသို့ အလှူခံမြတ်ကို ရှာဖွေနေစဉ် တစ်နေ့သ၌ နိဂြောဓသာမဏေသည် နံနက်အခါ ဆရာတို့၌ ပြုထိုက်သော ဝတ်ကို ပြုခဲပြီး၍ သပိတ်သင်္ကန်းပြင်လျက် မယ်တော့အိမ်သို့ ဆွမ်းခံအံ့သောငှာ မြို့၏တောင်မျက်နှာမှဝင်လာ၍ အရှေ့မျက်နှာသို့ ရှေးရှုသွားသည်။ မယ်တော်၏ အိမ်ကား မြို့အရှေ့၌ ရှိသည်။

ထိုအခါ သီရိဓမ္မသောကမင်းသည် လေသာနန်းတံခါးဝ၌ ရပ်လျက် အရှေအရပ်သို့ မျှော်စဉ် မင်းရင်ပြင်သို့ ဖြတ်သန်း လာသော နိဂြောဓသာမဏေကို မြင်လျှင် ဤသို့ဆင်ခြင်သည်။ “မြင်မြင်သမျှသော လူအပေါင်းကား မတည်ကြည်သောနှလုံး ရှိ၏။ တုန်လှုပ်လျှပ်ပေါ်သော ဣန္ဒြေရှိ၏။ ကျော့ကွင်း၌မိသော သမင်ကဲ့သို့လည်းကောင်း၊ ကျီး၏ မျက်နှာကဲ့သို့ လည်းကောင်း ရှိ၏။ ဤနန်းတော်ရင်ပြင်တွင် ဖြတ်သွားသောသူငယ်မူကား အလွန်တည်ကြည်သော ဣန္ဒြေရှိ၏။ ဤသူငယ်၏ ကိုယ်တွင်း၌ မြတ်သောတရားသည် ရှိပေရာ၏” ယင်းသို့ဆင်ခြင်ပြီးလျှင် သာမဏေအား အလွန်ချစ်ခင် ကြည်ညိုသော စိတ်သည် ဖြစ်၏။ ထို့ကြောင့် သာမဏေကို မြန်စွာလိုက်၍ ပင့်ချေဟု အမတ်တို့ကို စေလိုက်၏။ အမတ်တို့လိုက်၍ ပင့်စဉ် မင်းကြီးလည်း ကြာသည်ဟူ၍ တစ်ဖန်ထပ်၍ အမတ်တို့ကို စေပြန်၏။ ထိုသို့ အကြိမ်ကြိမ်အထပ်ထပ် အမတ်တို့ကို ပင်စေသော်လည်း သာမဏေသည် လျင်မြန်စွာမကြွဘဲ ပုံမှန်လာခြင်းမျိုးဖြင့်သာလာ၍ မင်းအိမ်သို့ တက်မိသော် မင်းကြီးက သင်နှင့် သင့်လျော်သော နေရာ၌ နေလော့ဟု မိန့်တော်မူ၏။

သာမဏေသည် ထိုမှဤမှ ကြည့်ရှုသော် ယခုအခါ ငါ့ထက်သိက္ခာဝါကြီးသောရဟန်း ဤမင်းအိမ်၌ မရှိပြီဟု ကြံပြီးလျှင် ထီးဖြူအုပ်သော ရာဇပလ္လင်ထက်သို့ တက်အံ့သော အခြင်းအရာကိုပြုလျှက် မင်းကြီးလက်သို့ သပိတ်ကို ကမ်း၏။ မင်းကြီးလည်း ထိုအခြင်းအရာကို မြင်လျှင် ဤရှင်သာမဏေသည် ယနေ့ငါ၏ အိမ်တော်အလုံး၌ အရှင်ဖြစ်လတ္တံဟု ကြံ၍ သပိတ်တော်ကို လှမ်း၏။ သာမဏေလည်း ရာဇပလ္လင်ထက်သို့တက်၍ ထိုင်လေလျှင် မင်းကြီးသည် အထူးထူးသော ခဲဖွယ် ဘောဇဉ်တို့ကို သပိတ်၌လောင်း၍ ကပ်၏။ သာမဏေလည်း ဘုန်းပေးသုံးဆောင်၏။ ပြီးစီးသောအခါ မင်းကြီးက သာမဏေအား “သာမဏေ၊ သင်၏ အမျိုးအနွယ်ကား အဘယ်သူ၏အမျီုးအနွယ်နည်း၊ သင်ဘယ်သူ၏ အဆုံးအမကို ခံသနည်း၊ သင်၏ အယူကား အဘယ်သို့နည်း”ဟု မေးလေ၏။ သာမဏေကလည်း ငါ၏အမျိုးအနွယ်ကား သဗ္ဗညုတဘုရား၏  အနွယ်တည်း၊ ထိုဘုရားရှင်၏ အဆုံးအမ၌သာ ငါတည်သတည်း၊ ငါ၏ အယူလည်း အဆူဆူသော ဘုရားရှင်မြတ်တို့ ရောက်ဝင်ပျော်စံ ရာဖြစ်သော နိဗ္ဗာန်ကိုသာ အာရုံပြုသတည်း”ဟု မိန့်တော်မူ၏။ မင်းကြီးက  “သင်တို့ဆရာ မြတ်စွာဘုရား၏ အဆုံးအမကို သိလျှင် ငါ့အား ဟောကြားပါ”ဟု ဆို၏ သာမဏေက မင်းကြီးအား ဓမ္မပဒ၌ လာသော “အပ္ပမာဒေါ အမတံပဒံ ပမာဒေါ မစ္စုနော ပဒံ”အစရှိသည့် အပ္ပမာဒ တရားကို ဟောကြား၏။

သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓသာမဏေအား ပုထုဇဉ်တို့၏ ကြည်ညိုခြင်းထက် လွန်စွာ သဒ္ဓါကြည်ညို တော်မူ၏။ သာမဏေလည်း ပရိသတ်နှင့်တကွာ မင်းကြီးအား သုံးပါးသော သရဏဂုံ၌လည်းကောင်း၊ ငါးပါးသော သီလ၊ ရှစ်ပါးသော သိလတို့၌လည်းကောင်း တည်စေ၏။ မင်းကြီးလည်း သံဃာတို့ နေစိမ့်သောငှာ အသောကရာမကျောင်းကို ဆောက်စေ၍ ခြောက်သောင်းသော ရဟန်းမြတ်တို့အား ဆွမ်းဝတ်နှင့်တကွာ လှူတော်မူ၏။

အထက်ပါတို့ကားမဟာဝင်၊ ဇိနတ္ထပကာသနီ စသည်တို့၌လာသော သီရိဓမ္မာသောကမင်းကြီးနှင့် နိဂြောဓသာမဏေ တို့ တွေ့ဆုံပုံအကြောင်းအရာများ ဖြစ်လေသည်။

ရှင်အရဟံသည် ပုဂံပြည် အနော်ရထာမင်းစောလက်ထက် သထုံပြည်မှ ပုဂံပြည်သို့ ကြွတော်မူလာ၍ ပြည်နှင့် မနီးမဝေးသော တော်အုပ်တစ်ခု၌ နေတော်မူ၏။ သိကြားမင်းသည် မုဆိုးတစ်ယောက်ကို လှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် နှစ်သက်ကြည်ညိုဖွယ်သော ဣန္ဒြေရှိသည်ဖြစ်၍ ဤလူကားလူထူး လူမြတ်ဖြစ်ရာသည်။ ပြည်သို့ဆောင်၍ မင်းအား ဆက်မည်ဟု ဆောင်လေ၏။ ရှင်အရဟံလည်း ပရိက္ခရာရှစ်ပါးကို ယူလျက် လိုက်တော်မူ၏။ မုဆိုးလည်း တောအုပ် တစ်ခု၌ ဤသူကို တွေ့၍ ဆောင်ခဲ့သည်ဟု လျှောက်လျှင် မြတ်သောဣန္ဒြေနှင့် ပြည့်စုံသော အဖြစ်ကို အနော်ရထာမင်းစော မြင်၍ ဤသူကား သူယုတ်မဟုတ် မြတ်သောသူတည်း။ ဤသူ့ကိုယ်တွင်း၌ မြတ်သော တရားရှိသည်ဖြစ်ရာ၏ဟု ကြံစည် ဆင်ခြင်တော်မူ၏။ သဘောကို စုံစမ်းလိုသဖြင့် လျောက်ပတ်သော နေရာတွင် နေတော်မူဟု ဆိုသော် ရှင်အရဟံသည် ရာဇပလ္လင်သို့တက်၍ နေတော်မူ၏။ မင်းကြီးလည်း ဤသူကား နေရာကြီးကျယ်လှသည်။ မြတ်သောသူမှန်ပြီဟု ဆင်ခြင်စဉ်းစား ပြီးလျှင် ဤသို့ မေးတော်မူ၏။

“ငါ့ရှင်ကား အဘယ်သး၏။ အမျိုးအနွယ် ဖြစ်တော်မူသနည်း၊ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ၏ အဆုံးအမကို ခံတော်မူသနည်း”ဟု မေးတော်မူသော် ရှင်အရဟံလည်း “ငါ၏ အမျိုးအနွယ်သည်ကား သမ္မာသဗ္ဗုဒ္ဓ ဘုရားအမျိုးအနွယ်တည်း၊ သမ္မာသဗ္ဗုဒ္ဓအမည်ရှိသော ဘုရားသခင် ဟောကြားတော်မူအပ်သော အဆုံးအမကို ခံသည်။ ငါ၏ဆရာ ဥပဇ္ဈယ် အပေါင်းအဖော် သံဃာရှိသော နေရာအရပ်မှလာခဲ့သည်”ဟူ၍ မိန့်တော်မူ၏။

မင်းကြီးလည်း အားရနှစ်သက် ဝမ်းမြောက်ဝမ်းသာ ရှိ၍ သင်၏ဆရာ ဘုရားသခင် ဟောကြားတော်မူအပ်သော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောကြားတော်မူပါဟု တောင်းပန်လေလျှင် ရှင်အရဟံသည် အနော်ရထာ မင်းကြီးအား “အပ္ပမာဒ”တရားကို ဟောကြားတော်မူသည်။ တရားဟောတော်မူသော အဆုံး၌ မင်းကြီးသည် ဤသို့ လျှောက်ပြန်၏။

“သမ္မာသဗ္ဗုဒ္ဓဘုရားကား ယခု အတီအရပ်မှာ ရှိတော်မူသနည်း၊ ဘုရားသခင် ဟောတော်မူအပ်သော တရားတော်ကား အတီမျှ အရေအတွက် ရှိပါသနည်း။ ဘုရားသခင် တပည့်သားကား အသင်မှတစ်ပါး အခြားရှိသေးသလော” ဟု လျှောက်သော် သမ္မာသဗ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်း ကိုလည်းကောင်း၊ တရားတော် ဓမ္မက္ခန္ဓာရှစ်သောင်း လေးထောင် အရေအတွက် ရှိကြောင်းကိုလည်းကောင်း၊ သထုံပြည်ဝယ် ပိဋကတ်သုံးပုံ အစုံသုံးဆယ် ရှိကြောင်းကို လည်းကောင်း၊ မိမိမှ တစ်ပါး ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကြောင်းကို လည်းကောင်း မိန့်တော်မူ၏။

ထိုစကားကို အနော်ရထာမင်းစော ကြားတော်မူသော် အတိုင်းထက်အလွန် သဒ္ဓါခြင်း ပြင်းစွာဖြစ်၍ ဤသို့ လျှောက်ပြန်၏။

ကျွန်ုပ်အား ယခုမျက်မှောက်၌ အရှင်မှတစ်ပါး အခြားကိုးကွယ်မရှိ၊ ယနေ့မှစ၍ ကျွန်ုပ်၏ အသက်ကို အရှင်အား ဆောင်နှင်းတော့သည်။ အရှင်၏ အဆုံးအမကိုလည်း ကျွန်ုပ်ခံတော့သည်”ဟူ၍ လျှောက်ပြီးလျှင် အရည်းကင်းသောအရပ်၌ သာယာလှစွာသော ကျောင်းဆောက်လုပ်လှူဒါန်း၏။ အရည်းတို့အယူကိုလည်း ပယ်တော်မူ၏။

ရှင်အရဟံ၏ မိန့်တော်မူချက်အရ သထုံ၌ ပိဋကတ်သုံးပုံရှိသည်ဟု သိရသည်ဖြစ်၍ အနော်ရထာမင်းစောသည် သထုံမှ ပိဋကတ်တော်ယူဆောင်ပြီးလျှင် သာသနာပြုတော်မူသည်။ ထိုအချိန်မှစ၍ ပုဂံပြည်၏ ဗုဒ္ဓသာသနာတော်သည် အလွန်ထွန်းလင်းတောက်ပလာလေသည်။ ရှင်အရဟံသည် သက်တော် ၈၁နှစ်အထိ အနော်ရထာ၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း မင်းသုံးဆက်အထိ သာသနာပြုတော်မူခဲ့လေသည်။

ဤကား သာသနာဝင် ရာဇဝင်တို့၌လာသော ပုဂံပြည် အနော်ရထာမင်းကြီးနှင့် ရှင်အရဟံတို့ တွေ့ဆုံပုံအကြောင်း အရာဖြစ်သည်။

သီရိဓမ္မာသောက မင်းကြီးနှင့် နိဂြောဓသာမဏေတို့ ခေတ်နှင့် အနော်ရထာမင်းကြီးနှင့် ရှင်အရဟံတို့၏ ခေတ်သည် တစ်ခေတ်နှင့်တစ်ခေတ် နှစ်ပေါင်းထောင့်သုံးလေးရာလောက် ကွာခြားသည်။ သို့ရာတွင် ဘုရင်နှင့် သာသနာ့ဝန်ထမ်း တွေ့ဆုံပုံသည် ထူးထူးခြားခြား တစ်ခုနှင့်တစ်ခု အတော်များများတူညီနေသည်ကို တွေ့ရသည်။

နိဂြောဓသာမဏေကို စတွေ့စဉ်က သီရိဓမ္မာသောကမင်းကြီး၏ ခံစားမှုနှင့် ရှင်အရဟံကို စတွေ့စဉ်က အနော်ရထာမင်းကြီး၏ ခံစားမူသည် အတူတူပင်ဖြစ်သည်။ နိဂြောဓသာမဏေ နန်းတော်ကြွလာသောအခါ သီရိဓမ္မာသောက မင်းကြီးက သင့်လျော်ရာ၌ နေလော့ဟု ဆိုသည်။ ရှင်အရဟံ ကြွလာသောအခါ အနော်ရထာမင်းကြီးကလည်း လျောက်ပတ်သော နေရာ၌ နေတော်မူဟု ဆိုသည်။ နိဂြောဓသာမဏေနှင့် ရှင်အရဟံတို့ ရာဇပလ္လင်ပေါ်၌ တက်ထိုင်တော် မူပုံများကလည်း အတူတူပင်ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီးနှင့် နိဂြောဓသာမဏေတို့၏ အမေးအဖြေစကားများနှင့် အနော်ရထာမင်းကြီးနှင့် ရှင်အရဟံတို့၏ အမေးအဖြေစကားများလည်း သဘောအတူတူပင်ဖြစ်ကြသည်။ နိဂြောဓသာမဏေက သီရိဓမ္မာသောကမင်းကြီးအား အပ္ပမာဒတရားဟောကြားသည်။ ရှင်အရဟံလည်း အနော်ရထာ မင်းကြီးအား ယင်းတရားကိုပင် ဟောကြားတော်မူသည်။ သီရိဓမ္မာသောကမင်းကြီးတွင်လည်း နဂိုက ကိုးကွယ်ဆည်းကပ်သော တိတ္ထိတက္ကတွန်းများ ရှိသည်။ ယင်းတိတ္ထိတက္ကတွန်းတို့သည် နိဂြောဓသာမဏေနှင့် နှိုင်းယှဉ်စရာ ဖြစ်လာသည်။ အနော်ရထာမင်းကြီးတွင်လည်း နဂိုက ဆည်းကပ်သော အရည်းကြီးများရှိသည်။ ယင်းအရည်ကြီးတို့သည် ရှင်အရဟံနှင့် နှိုင်းယှဉ်စရာများဖြစ်လာကြသည်။                                                                                                                         (အတွေးအမြင်စာစဉ်-၁၇)

13 comments

  • kai

    August 30, 2012 at 3:29 am

    ဆိုတော့…

    သာသနာဖျက် မိစ္ဆာဒိဌိများ

    ဦးအေးမောင်(စာပေဗိမာန်) ဦးဆောင်ခဲ့သည့် အဓမ္မဝါဒ

    ဦးအေးမောင်၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ်နောက်ပိုင်းတစ်လျှောက်လုံးအပိတ်ခံထားရပါသည်။
    သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ
    ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆၀၀ဝ ဖြင့် ဈေးကွက်ဝင်လာပါသည်။
    ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။
    ..
    ဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒ

    စာရေးဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကားအထင်အရှားပင် ဆက်တိုက်ကြီးထွားလာကြောင်း တွေ့ရပါသည်။

    ယင်းတို့နှင့် စပ်လျဉ်း၍ ထေရဝါဒဗုဒ္ဓဘာသာဝင်များ သတိထားနိုင်စိမ့်သောငှာ

    ဆောင်းပါးရှင်ပညာဏကာရီနှင့်

    သောတောဒကတို့က ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင် သိဒ္ဓတ္ထဝတ္ထု(ဆောင်းပါးတစ်ပုဒ်)၊

    စိတြလေခါ (ဆောင်းပါးတစ်ပုဒ်)၊

    ဗုဒ္ဓဒိုင်ယာရီ (ဆောင်းပါးလေးပုဒ်)၊

    နိဗ္ဗာန်ဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊

    ကံဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊

    ဒိဗျာဝတ္ထု(ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။

    ဆရာပါရဂူ၏ ဝတ္ထုကြီးများတွင် ရုပ်ဝါဒလည်း လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။
    http://myanmargazette.net/46380/uncategorized-other/copypaste

    က “မိုးပြာ”ခေါင်းစဉ်အောက်က.. ဆူးမမ ကူးတင်ပေးထားတဲ့စာအရ..
    ဆရာကြီးပါရဂူခမြာလည်း.. ရှေးစွန်းစွဲထေရဝါဒသမားတွေရဲ့.. သာသနာဖျက် မိစ္ဆာဒိဌိများအဖြစ်စွတ်စွဲခံရသူတဦးဖြစ်နေပါတယ်..။
    မြန်မာပြည်မယ်… ရှေးစွန်းစွဲတွေ အားကောင်းလွန်းနေတယ်..မြင်ကြောင်း… 😕
    =
    ပုဂံရာဇဝင်ပြောရင် တုတ်ထမ်းပြောရမယ်(ရန်ဖြစ်ကြရမယ်) ဆိုကြပေမယ့်.. ဒီလိုအင်တာနက်ခေတ်ရောက်တော့.. ပွင့်လင်းမြင်သာ(အနည်းငယ်)ရတာမို့.. ပုဂံရာဇဝင်ရဲ့.. တချို့အချက်အလက်..သမိုင်းတွေ.. ပွင့်ထွက်လာတယ်.. မြင်မိပါတယ်..

    ကျုပ်အနေနဲ့ကတော့.. ပုဂံရဲ့အဓိကဇတ်ဆောင်.. အရည်းကြီးတွေအကြောင်းမှာ.. လိမ်လည်မှုတွေ..စွတ်စွဲမှုတွေပြည့်နေတယ်လို့.. အင်မတန်(အင်မတန်) သံသယရှိပါတယ်..
    သမိုင်းပညာရှင်တယောက်ယောက် ထုတ်ဖေါ်ရေးတာ.. လိုချင်လှမိပါကြောင်း..

  • ဉာဏ် မျိုးဆက်

    August 30, 2012 at 7:45 am

    ဦးခိုင်ပြောသလိုပါပဲ။ အရည်းတွေအကြောင်းမှာ ယုတ်ညံ့တာတွေပဲ သမိုင်းမှာပေါ်လွင်နေပါတယ်။ အရည်းတွေရဲ့ ကောင်းချက်လေးတွေ တစ်ချက်မှ မရှိတော့ဘူးလားလို့ အောက်မေ့မိတယ်။ ရှင်အရဟံ မရောက်ခင်ကာလ။ အနော်ရထာမင်းကြီးမတိုင်မီ အရင်မင်းအဆက်ဆက်တို့သည်လည်း အရည်းတို့ကို ဆည်းကပ်ခဲ့ကြလိမ့်မယ်လို့ မြင်မိပါတယ်။ သမိုင်းအရပြောတာပါ။ တကယ်ဆိုရင် အရည်းတွေမှာ နှလုံးရည်စွမ်းရည် မကောင်းဘူးလို့ ပြောနိုင်ပေမယ့်။ လက်ရုံးရည် အတတ်ပညာမှာတော့ ပုဂံခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ သူရဲကောင်းတွေကိုကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။

  • San Hla Gyi

    August 30, 2012 at 6:15 pm

    အင်း ခင်ဗျားတို့ ၂ ယောက်ပဲ ပြောကြပါဗျာ။

  • kai

    August 31, 2012 at 12:10 am

    အင်း..
    အနည်းဆုံးတော့.. ၃ယောက်ဖြစ်သွားပြီ.. 🙂

  • ဦးဦးပါလေရာ

    August 31, 2012 at 12:30 am

    အရည်းကြီး က စပြောမယ်…
    အရည်း သို့မဟုတ် ပုဂံခေတ်က ရသေ့တွေဟာ ဘာမှန်း ဘယ်လိုလူတွေမှန်း ဘာအကျင့်ရှိမှန်း ဘာဝါဒရှိမှန်းလဲ လုံးဝနီးပါးမသိရပဲနဲ့ တော့ –
    ပြောရင်းပြောရင် သမိုင်းအချက်အလက်နဲ့တော့ ပြောလို့မရဘူး
    ကိုယ်ထင်တာ စွတ်ကြိတ်ပြီးတော့ပဲ ပြောရမှာပဲ…

    ကျုပ်အထင်တော့
    အဲ့ အရည်း ဆိုတဲ့ ရသေ့တွေဟာ
    ဟိန္ဒူ အနွယ်ဝင် တွေဖြစ်မယ်ထင်တယ်
    ဂါထာ မန္တရားတွေ လေ့လာလိုက်စားသလို သမထအကျင့်တွေလဲ ကျင့်ပုံရတယ်။
    အရင်မျိုးဆက် အရည်းတွေက အရင်ဘုရင်တွေနဲ့ တည့်ပုံရတယ်။
    နောက်ပိုင်းမျိုးဆက် မော်ဒန်အရည်းတွေကတော့
    အနော်ရထာနဲ့တည့်အောင်နေပုံမရဘူး…။

    • kai

      August 31, 2012 at 2:48 am

      ကျုပ်လေ့လာပြီး.. နားလည်သလောက်.. အရည်းတွေဟာ.. ရှောင်လင်ဘုန်းကြီးလို.. မဟာယာနဗုဒ္ဓဘာသာ .. ရဟန်းတွေလို့ ထင်တယ်..
      အရည်းကြီးတွေကို.. အနော်ရထာက.. သူ့စစ်တပ်မှာ.. ကောင်းကောင်းအသုံးချခဲ့ပုံရပါတယ်..။
      ပထမမြန်မာ့အင်ပါယာဟာ.. အရည်းကြီးလူဝတ်လဲတွေရဲ့.. စစ်တပ်နဲ့ထောင်ခဲ့တာလို့တောင်.. ယူဆမိပါတယ်..။

      မြန်မာ့ယဉ်ကျေးမှုထဲ.. ဟိန္ဒူနတ်တွေ.. အမည်ပြောင်းပြီး.. အယူတိမ်း နတ်စိမ်းဖြစ်အောင်လုပ်… သွပ်သွင်းခဲ့သူဟာ.. အနော်ရထာအဓိကဖြစ်တယ်လို့.. စာတအုပ်မှာဖတ်ဖူးတယ်..
      အဲဒီစာရေးသူကတော့. အနော်ရထာက.. နိုင်ငံရေးကစားခဲ့တာလို့.. ရေးတယ်..။
      သူ့ကိုပုန်ကန်မဲ့သူတွေသတ်ပြီး.. ခေါင်းဆောင်အသတ်ခံရလို့.. အုံကြွမဲ့လူထုကို ဖြေသိမ့်လိုက်တဲ့နည်းတဲ့..

      • Foreign Resident

        August 31, 2012 at 5:15 am

        ဦးဦးပါလေရာ says:
        အဲ့ အရည်း ဆိုတဲ့ ရသေ့တွေဟာ
        ဟိန္ဒူ အနွယ်ဝင် တွေဖြစ်မယ်ထင်တယ်

        kai says:
        ကျုပ်လေ့လာပြီး.. နားလည်သလောက်.. အရည်းတွေဟာ..
        ရှောင်လင်ဘုန်းကြီးလို.. မဟာယာနဗုဒ္ဓဘာသာ .. ရဟန်းတွေလို့ ထင်တယ်..

        အဲ့ဒါလေးတော့ ကွဲအောင် သိချင်သားဗျ ။
        အရည်းကြီး ဆိုတဲ့ ရသေ့တွေဟာ ၊
        ဟိန္ဒူ ဖြစ်မလား မဟာယာနဗုဒ္ဓဘာသာ လား ။
        ဆက် ဆွေးနွေးကြပါဗျ ။

        ကျနော်တော့ ဟိန္ဒူ ထင်တာပဲဗျ ။
        ထေရဝါဒ နှင့် မဟာယာန ဗုဒ္ဓဘာသာ အချင်းချင်းဖြစ်ရင်တော့ ၊
        အနော်ရထာလည်း ဒီလို အပြတ် မရှင်းလောက်ဘူး ထင်တယ် ။
        သမိုင်းမှာလည်း မှတ်တမ်းဆိုးကြီး အနေနှင့် ချန်ခဲ့မယ် မထင်ဘူး ။

  • ဦးဦးပါလေရာ

    August 31, 2012 at 12:38 am

    ဆရာကြီးပါရဂူက ထေရဝါဒဗုဒ္ဓဘာသာအယူကို ရေးတာမှမဟုတ်တာ
    သူ့စာတွေက ဟိန္ဒူဘာသာက ဗုဒ္ဓဘာသာကို လှမ်းမြင်တဲ့အမြင်မျိုးကဲနေတာပါ..။
    သူအင်မတန်လေးစားတဲ့ စာရေးဆရာ (ရာဟုလာသံကိစ္စည်း ဆိုလား) ကိုက ထေရဝါဒဗုဒ္ဓဘာသာအယူအတိုင်း ယူတဲ့ ရဟန်းမဟုတ်ပါဘူး။
    အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးချေမှုန်းခံရပြီးနောက် ကပ်သပ်ကျန်နေခဲ့တဲ့ ဗုဒ္ဓဘာသာဆိုတာ အယူအမျိုးမျိုး ကျမ်းအမျိုးမျိုးရောယှက်နေတာပါ။
    ဒီတော့ ပြောချင်တာက ဆရာပါရဂူက ထေရဝါဒဗုဒ္ဓဘာသာကို ဖျက်ဆီးတယ်လို့ မဟုတ်ပါဘူး..။
    မတူတာပါ။ သူ့အယူ သူ့အမြင်အတိုင်း သူရေးတာပါ။

  • ဉာဏ် မျိုးဆက်

    August 31, 2012 at 9:41 am

    ဆက်လက်ဆွေးနွေးပေးကြပါရန် တောင်းဆိုပါတယ်။ ကျနော်အနေနဲ့တော့ ပုဂံကိုကြွလာတာ ရှင်အရဟံတစ်ပါးတည်းတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ အရည်းတွေ ဩဇာအရှိန်လျှော့နေတဲ့အချိန် ဖြစ်ပေမယ့် တစ်ပါးတည်း အခုလိုကြွလာတာမျိုးကတော့ အလွန်စွန့်စားခန်း တစ်ရပ်ပါ။ ပြီးတော့ မုဆီုးကနေ ခေါ်သွားတဲ့ တစ်ခါမှ မမြင်ဘူးတဲ့ ရဟန်းတစ်ပါး(သူစိမ်း) တစ်ဦးကို ဘုရင်က လွယ်လွယ်ကူကူ လက်ခံလိုက်တာကလဲ သိပ်သဘာဝမကျလှပါဘူး။ ဘုရင်ကိုသတ်နိုင်က ဘုရင်ဖြစ်တဲ့အချိန်ကာလမှာ တစ်ဘက်က မလုပ်တဲ့သူဖြစ်ပေမယ့် လက်ခံသူက လက်ရှိဘုရင်ဖြစ်နေသည့်အတွက် ကာဗာယူမှာဖြစ်ပါတယ်။ ရှင်အရဟံသည် သထုံမှ ဘာကြောင့် ထွက်လာရသနည်း။ မေးခွန်းပေါင်း များစွာ ဖြစ်နေပါတယ်။ သာသနာပြုတာလား၊ တစ်စင်ထောင်ချင်တာလား၊ ဆိုတာပေါ့။ ရှင်အရဟံ၏ အပြောကြောင့် သထုံမှာ ပိဋကတ်သုံးစုံ အစုံများစွာရှိကြောင်း အနော်ရထာသိပြီး သွားရောက် စစ်ပွဲပြု တောင်းဆိုခြင်း ဖြစ်ပါတယ်။ ဒီလို တစ်ဘက်နိုင်ငံ(မြို့ပြ) ပိုင်ဆိုင်တာကို မတရားတောင်းဆိုခြင်းမျိုးဖြစ်ရခြင်း အကြောင်းကို ကြည့်ခြင်းအားဖြင့် ရှင်အရဟံသည် သထုံဘုရင် ကိုးကွယ်ခံရဟန်းတစ်ပါး မဟုတ်သည့်အတွက်လည်း ဖြစ်နိုင်ပါတယ်။
    ရှင်အရဟံ ဆိုသည်မှာလည်း ဘွဲ့အမည်မဟုတ်ဟု သိရပါတယ်။ အရဟံဆိုသည်မှာ ရဟန်းဖြစ်ပါတယ်။ ရှင်အရဟံ၏ ဘွဲ့အမည်မှာ ရှင်အနောမဒတ်သီဟု မှတ်သားဘူးပါတယ်။

  • ရွှေ ကြည်

    August 31, 2012 at 10:33 am

    ပြောချင်တာလေးဝင်ပြောဦးမယ် 😀
    ရွှေကြည်လည်း အရည်းတွေကို ဟိန္ဒူလို့ပဲထင်တယ်ဗျ။
    ရွှေကြည်တို့ရပ်ကွက်မှာ မီးနင်းပွဲတွေလုပ်ရင် အရည်းတွေလဲအဲလိုပဲနေမှာလို့အမြဲတွေးဖြစ်တယ်။
    မှန်ကန်တဲ့ကိုးကွယ်ရာမရှိသေးချိန်မှာ ဒီအကျင့်သာလျှင်မြတ်သောအကျင့် လူအများမလုပ်နိုင်တာကို
    လုပ်နိုင်အောင်ကျင့်တာဟာမြတ်သောအကျင့်လို့ အယူအဆပဲရှိချိန်မှာ အရည်းသာသနာထဲမှာ
    ကောင်းတဲ့သူတွေလည်းရှိနေနိုင်ပါတယ်။ အရည်းတွေအာဏာကြီးမားချိန်ဆိုတော့ အာဏာမှာယစ်မူး
    ပြီးစိတ်ဓါတ်မကောင်းသူတွေ အရည်းခေါင်းဆောင်ဖြစ်ကုန်တော့ ရှုပ်ကုန်တာနေမှာ။ 😀
    ထင်မြင်မိတာလေးပါ။
    ကျန်တာကတော့ဆွေးနွေးတာလေးတွေစောင့်ဖတ်ဗဟုသုတယူပါဦးမည်လို့။
    ဆရာချစ်ဦးညိုကိုတော့သွားမေးချင်သား..။ သူရေးတာတွေကဖတ်လို့တော့အရမ်းကောင်းတယ် သမိုင်းအမှန်ဟုတ်မဟုတ်တော့မသိ။ သူလည်းအတော်တော့လေ့လာထားမှာပဲ။

  • မောင်ဘလိူင်

    August 31, 2012 at 5:35 pm

    ဒေါက်တာ သန်းထွန်းကတော့ အရည်းကြီးတွေက
    ပုဂံခေတ်နှောင်းပိုင်းကျမှ ပေါ်လာတယ်လို့ ခန့်
    မှန်းထားတာပဲ ခင်ဗျ… (အသစ်မြင် မြန်မာသမိုင်း)

  • Mobile

    December 16, 2012 at 1:35 pm

    ကျနော်ခန့်မှန်းပေးရမယ်ဆိုရင်တော့ အရီးကြီးတွေက သူတို့ပေါ်ချင်တဲ့အချိန်မှာ ပေါ်လာမယ်လို့
    မြင်မိတယ်ဗျာ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    ဝင်ရောက် အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply