မြန်မာစာပေ ရေစီးကြောင်းကား အားကောင်းမောင်းသန်စွာ စီးဆင်းလျက်ရှိပေသည်။ ခေတ်
တစ်ခေတ်နှင့် တစ်ခေတ် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် မြန်မာကဗျာ အရေးအဖွဲ့ပုံစံဖြစ်၏။
ရှေးယခင့်ယခင် ဂန္တဝင်ပုံစံမှ သွေဖီကာ ကာရန်မဲ့ကဗျာတွေ ရေးလာကြသည်။ ရေးသူကလည်း ရေး၍
အယ်ဒီတာတွေကလည်း ထည့်ပေးနေကြသည်။ ဤတွင် ကာရန်မဲ့ကဗျာ အရေးအသားနှင့် ပတ်သက်၍
စာရေးဆရာကြီးများ၏ ရှုမြင်ပုံကို ကောက်နုတ်တင်ပြလိုပါသည်။
စာရေးဆရာကြီး ဦးရန်အောင်ဆိုလျှင် ကာရန်မဲ့ကဗျာများနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ရှိပုံ
ရသည်။ သည့်အတွက် အောက်ပါအတိုင်း တုံ့ပြန်ရေးသားခဲ့ပါသည်။
“‘ကဗျာ
မခက်ပါဘူး
စာကြောင်းလေးတွေကို
လေးငါးခြောက်ကြောင်းလောက်
အထက်အောင် စီရေးရင်
ကဗျာဖြစ်တယ်
အဲဒါ ကဗျာလို့ ခေါ်တယ်”

ဟူသတည်း။ ထိုနည်းတူ စာရေးဆရာကြီး ဦးသိန်းဖေမြင့်ကလည်း…
“ကျွန်တော် ကာရန်မဲ့ကဗျာကို အားမပေးဘူး။ မထောက်ခံဘူး။ မကြိုက်ဘူးလို့ပဲ ပြောပါတယ်။ ကျွန်တော်
စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ကာရန်မဲ့ချင်ကြတာလဲ။ ထူးချင်ဆန်းချင်လို့ပဲ။ ဒီ့ပြင် ဘာမှမရှိဘူးလို့ အဖြေ
ထွက်တယ်”
ဟူ၍ ပြောခဲ့ပါသည်။ ဆရာဇဝနဆိုလျှင်
“ကာရန်မဲ့ကဗျာကတော့ ဥရောပ အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ခေတ်စားနေတာ အတော်ကြာပါပြီ။
ဒီအယူအဆ၊ ဒါမှမဟုတ် ဒီရောဂါဟာ မြန်မာစာပေနယ်ထဲ ကူးလာတာ မကြာသေးပါဘူး။ ကျွန်တော်တို့ ကတော့
ရှေးကျတယ်ပြောပြော၊ ခေတ်နောက်ကျတယ်ပဲဆိုဆို သမားရိုးကျ ရေးပုံရေးနည်းပဲ ကြိုက်တယ်”
ဟူ၍ ပွင့်လင်းစွာ
ဆိုခဲ့ပါသည်။ ဆရာကြီး မင်းသုဝဏ်ကမူ…
“ကာရန်မဲ့ဆိုတာ ကဗျာမှာ မရှိဘူး။ ကာရန်လွတ်လပ်တာပဲရှိတယ်။ အသံပါတယ်။ ရစ်သမ်ပါတယ်။ ကာရန်နဲ့
ရစ်သမ်တစ်ခုခုမပါရင် ကဗျာမဟုတ်ဘူး။ ဖရီးဗာ့ (Free Verse)ကို ကာရန်မဲ့လို့ တလွဲဘာသာပြန်နေကြတယ်။
အမှန်က ကာရန်မဲ့တာမဟုတ်ဘူး။ ကာရန်ကို လွတ်လွတ်လပ်လပ် ယူနိုင်တာပဲ။ ဖရီး (Free)ကို “မဲ့” နဲ့ “လွတ်လပ်”
အဓိပ္ပာယ်မှားပြီး ဒီမှာ ယူဆနေကြတာ။ ပြီးတော့ ကဗျာလိုင်စင်-ပွတ်တစ်ပ်လိုင်စင်ဆိုတာလည်း ရှိတာပါပဲဗျာ”
ဟူ၍
ကောက်ချက်ပြုသွားခဲ့ပါသည်။

မနောကတော့ ကဗျာရယ် ဘာရယ်မဟုတ်၊ စိတ်ကူးတည့်ရာ ရေးချတတ်လေ့ရှိပါသည်။ ခုတစ်လောတော့ ကဗျာဘက်ကို သိပ်မရောက်ဖြစ်ဘူးဆိုရမှာပေါ့။ ရှင်းရှင်းပြောရင် ဦးနှောက်က ထုတ်လို့ကိုမရဖူးဖြစ်နေတယ်ရှင်။
အဓိက ကဗျာအမျိုးအစား ၂ မျိုးပဲရှိတယ်လို့ သိရှိထားပါတယ်။ ကဗျာရေးသာ ရေးတာ ကဗျာအကြောင်း ဂဃနဏ သိတာမဟုတ်လေတော့ ဖတ်ချင်မိတဲ့စာအုပ်လေးတွေလည်း ရှာတော့ ရှာနေပါတယ်။ မတွေ့သေးလို့ ဘယ်သူတွေဆီမှာများရှိနေမလဲ ငှားဖတ်လို့ရရင် ငှားစေချင်ပါတယ်။ ကဗျာအကြောင်း အသေးစိတ်လေးတွေလည်း လေ့လာချင်လို့ပါ။

ကဗျာ ၂ မျိုးပဲရှိတယ်လို့ လေ့လာမိပါတယ်။


(၁) ခေတ်ပေါ်ကဗျာ (ပင်မရေစီး) Main Stream ဟာ ခံစားမှုကို အားပြုတဲ့ကဗျာဖြစ်ပြီး အနုပညာဆိုတာ ခံစားမှုကို ဖော်ထုတ်ပြတဲ့အရာလို့ ခံယူတယ်။ (Art is expression)

(၂) ခေတ်ပြိုင်ကဗျာ (ရေစီးသစ်) New Stream ကတော့ စိတ်ကူးထည်နဲ့ ဥာဏ်အသိကို အခြေခံပြီး၊ အနုပညာ ဆိုတာ ခံစားမှုကိုဖော်ပြတဲ့အရာဖြစ်တယ်ဆိုတာကို လက်မခံဘူး။ (Art is Idea) ခေတ်ပေါ်ကဗျာ က ဖန်တီးမှုလို့ သုံးပေမယ့်၊ ခေတ်ပြိုင်ကဗျာကတော့ ပြုလုပ်ခြင်း၊ တီထွင်ခြင်းလို့ သုံးတယ်။ (Uncreation is new creation)

Non-expression လို့ဆိုနိုင်တဲ့ ခေတ်ပြိုင်ကဗျာ အမျိုးအစားထဲမှာ Cyber-poetry, Language poetry, Conceptual poetry, Anti-poetry, Flarf poetry, Visual poetry စသည်ဖြင့် ပါပါတယ်။

ဖတ်ချင်တဲ့စာအုပ်လေးတွေကတော့

တက္ကသိုလ်စန်းရဲ့ ကဗျာဖွဲ့နည်းစာအုပ်လည်း ဖတ်ချင်ပါတယ်။

နောက်ပြီးတော့

ဆရာမင်းသုဝဏ်ဆွေးနွေးထားတဲ့ ကဗျာ့ပရိယာယ်စာအုပ်လေးလည်း လေ့လာချင်တယ်။

ဂါထာခြောက်ဆယ်ပျို့လိုမျိုးလည်း ဖတ်ချင်တယ်။

ဦးကြင်ဥအရေးအသားတွေကို စာဖတ်ရလို့လားမသိဘူး အတော်သဘောကျတယ်။ ခုလိုမျိုး ပဒေသာသီချင်းများ စာအုပ်လေးလည်း ဖတ်ချင်မိတယ်။

လက်ဝဲသုန္ဒရရဲ့ ရတုအကြောင်းအရာလေးတွေလည်း စုံလင်အောင် သိချင်နေမိတယ်။

ဟိုနေ့ကတော့တစ်ရေးနိုးလို့ ထတော့ ဘာရယ်မဟုတ် စပ်လိုက်မိတဲ့စာကြောင်းလေးလည်း ပြောပြရဦးမယ်သိလား။
တစ်ရေးနိုးတော့ အကြံပေါ်
ပေါ်တက်အကြံ အိမ်သာတက်ရန်
တက်ပြန်သော်လည်း
အိမ်သာ ရေမရှိ။ ။

သိချင်တာတွေ များနေတဲ့ မနောအတွက် စာအုပ်ကောင်းလေးတွေရှိရင် ငှားရမ်းပေးဖတ်ကြပါလို့ပြောပါစေ။
ကဲ ဒီတော့ ရွာထဲမှ ဆရာ့ဆရာကြီးတွေရဲ့အမြင်တွေကိုလည်း ဗဟုသုတလေးတွေ မျှဝေပေးပါဦးလို့ ပြောချင်ပါတယ်။

manawphyulay

About manawphyulay

manawphyu lay has written 943 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။

   Send article as PDF