ယနေ့သည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် လတစ်လ၏ (၄) ရက်မြောက်နေ့ဖြစ်သည်။ ဘာမှပိုထူးခြားလာခြင်းမရှိပေ။

ကောင်းကင်ကြီးများ ပိုမိုလှပလာလေသလား? ကျွန်တော်မော့ကြည့်လိုက်ပါ၏။ မထူးခြားပါ။ ကန္တာရ၏ နွေနေ့တစ်နေ့သာဖြစ်၏။

လူတွေများ အောင်ပွဲခံကြလေသလား? ကျွန်တော်ဝေ့၀ဲကြည့်လိုက်ပါ၏။ သွားမြဲလာမြဲ၊ နဂိုအတိုင်းပင်။

ဖွဘွတ်ပေါ်တွင် အထိမ်းအမှတ် စာပေများ ဖွဲ့နွဲ့ကြလေသလား? ကျွန်တော်ကွန်ပျူတာ ဖွင့်ကြည့်လိုက်၏။ မြင်နေကျသတင်းများပင် တက်လာပါ၏။ ပြောင်စပ်စပ်ပုံများ၊ ရည်းစားမွှန်နေသူများ၊ မုတ်ဆိတ်များ မျိုးဆက်ပြန့်ပွားခြင်းကို ကာကွယ်နေသူများ၊ လွှတ်တော်အတွင်း ခုံတစ်နေရာစာမြဲရန် စုပေါင်းရန်စောင်ကြသူများ၊ တစ်လုံးတည်းသော ဘောလုံးကို လုကန်ရင်း ဟိုဘက်ဒီဘက် အပြန်အလှန်သွင်းနေကြသူများ၊ Post အမျိုးမျိုးပေးပြီး ပုံအမျိုးမျိုး အရိုက်ခံနေသူများ၊ တစ်နေကုန်လုပ်နေသမျှ မနားတမ်း အသိပေးနေသူများသာ မြင်နေရလေ၏။ ထူးပြီးဆန်းမလာပါ။

**********************************************************************************

ကျွန်တော့်အတွက်မူကား….

သူမသည် တစ်ချိန်က ” မောင် ” ဟု မြတ်မြတ်နိုးနိုး ခေါ်ခဲ့ဖူးပါ၏။ ယခုလိုနေ့မျိုးတိုင်းလဲ သူများတွေေ-ာင်ညင်ကပ်အောင် အပြန်အလှန် ချစ်ခွန်းတွေဖွဲ့ခဲ့ဖူးပါ၏။ တစ်နေကုန် စိတ်မကောက်ကြစတမ်း အတတ်နိုင်ဆုံး သာသာယာယာဖြတ်သန်းခဲ့ဖူးပါ၏။

ယခုတွင်မူကား..

ကျွန်တော်သည် မွေးဖွားခဲ့စဉ်က တစ်ယောက်တည်းဖြစ်ပါ၏။ အတော်လေးလဲ လျှာဗြဲ အာဗြဲဖြင့် အငိုသန်ဖူးသည်ဟု မိဘများက ဆိုကြပြန်ပါသေးသည်။ ထို့ကြောင့်ပင်လေလားမသိ… ယနေ့ (၄)ရက်နေ့၏ နံနက်ခင်းအစတွင် ပါးပြင်ထက် ယောကျာ်းကြီးတန်မဲ့ မျက်ရည်တစ်စက် လိမ့်ဆင်းရင်း စတင်လိုက်ရပေသည်။ သူမ… အမှတ်တရ ရှိနေခဲ့ဖူးသည့် နေ့လေးတစ်နေ့ စတင်ရလေပြီဟု စိတ်တွင်တွေးမိသည့်တစ်ခဏ နှလုံးအိမ်တွင် ၀င်ဆောင့်တိုက်လိုက်မိသော ခံစားချက်တစ်ခုကြောင့်ပေလားမသိ၊ မျက်ဝန်းမှ မျက်ရည်တစ်ပေါက်သည် ရုတ်ချည်းလိမ့်ကျလာလေသည်။ နှုတ်ခမ်းဖျားအရောက်တွင်မတော့ ပြုံးနေသည့်နှုတ်ခမ်းကြောင့်ပေလားမသိ၊ ကုန်ဆုံးသွားမည်ကို နှမျောလေသည့်အလား ရင်ဘတ်အတွင်းသို့ လိမ့်ဆင်းသွားတော့သည်။

ယခုအချိန်တွင်ကား သူမသည် ငြိမ်သက်စွာဖြင့် နှစ်ချိုက်စွာ အိပ်မောကျနေပေတော့မည်။ သူမ၏ အိမ်မက်များသည်ကား ကျွန်တော်တစ်ယောက် မပါဝင်ခဲ့လျင် ကောင်းမွန်စွာဖြင့် လှပနေပေတော့မည်။ သူမ၏ တစ်နေ့တာကား ကျွန်တော်မရှိခြင်းဖြင့် ပြီးပြည့်စုံစွာ နိုးထနိုင်ပေလိမ့်မည်။

ကျွန်တော့်အတွက်မူကား… သူမမရှိတော့သော နေ့တစ်နေ့တာကို တစ်ကိုယ်တည်း ဖြတ်သန်းရတော့မည်ကို စိုးကြောက်လေသည့်အလား.. စိုနေသောမျက်ဝန်းတစ်စုံမှ ခြောက်သွေ့သွားစေရန်အလို့ငှာ စောင့်ဆိုင်းနေသည့်အလား မျက်ဝန်းတစ်စုံကို ပိတ်မရပဲ မမြင်နိုင်သည့်သူမအား တစ်ချိန်က Record ယူထားမိသမျှအား ပြန်ပြောင်းငေးမောကြည့်နေရင်း..

လွမ်း

နင့်

ကျေ

ကွဲ……. လျက်နှင့်ပင်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..