” တောက်…ဒီမီးပွိုင့်ကလဲ ဘာကြောင်နေလဲ မသိဘူး ”
ခပ်ပြင်းပြင်း တောက်ခေါက်သံတစ်ချက်က ညဉ့်ယံကို ဖောက်ထွင်းပြီးပေါ်လာခဲ့တယ်။… နေရာက လှည်းတန်းမီးပွိုင့်…။ တောက် ခေါက်လိုက်သူက ကင်းတဲမှာ တာဝန်ကျတဲ့ ယာဉ်ထိန်းရဲ တစ်ဦးရဲ့ အသံ…။ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ စက္ကန့် ၃၀ လောက်ကမှ မီးစိမ်းသွားတဲ့ တက္ကသိုလ်ရိပ်သာလမ်း လမ်းကြောက ချက်ချင်း ၀ါ သွားပြီးမကြာခင် အင်းစိန် လမ်းယာဉ်ကြော မီးစိမ်းသွားလို့ပါပဲ ။ ဒီလိုအဖြစ်မျိုးကြုံရတာ ပထမဆုံးအကြိမ် မဟုတ်တော့။အရင်လကပဲ မီးပွိုင့် ချို့ယွင်းနေလားဆိုပြီး ပြုပြင်သူတွေ လာလုပ်ပေးထားတာ။ အခုထပ်ပြီး မီးပွိုင့်က ကြောင်တောင်တောင်ဖြစ်တယ်ဆိုတော့.?
သူ့အတွေးမဆုံးလိုက်ပါ ..။ အင်းစိန်လမ်းကြောမှ မီးသတ်ယာဉ်တွေနဲ့ လူနာတင်ကား တစ်စီး အပြင်းဖြတ်သန်း မောင်းနှင်သွာပါတော့တယ်…..
———————————–
ကျနော်….။ အိပ်ပျော်နေတဲ့ ယာဉ်ထိန်းရဲကို စိုက်ကြည့်နေရင်း မီးစိမ်းပြောင်းသွားတာဟာ မီးပွိုင့်ချို့ယွင်းလို့မဟုတ်၊ ကျနော်လုပ်လိုက်တယ်ဆိုရယ်၊ ဘာကြောင့်လဲဆိုတာရယ်၊ ကျနော်ခံစားရတဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို နောက်လူ…နောက်လူ တွေအတွက် သူ့ကို သေချာပြောပြ သတိပေးချင်ပေမယ့် အသံကထွက်မလာခဲ့ဖူးလေ…။ ဒါနဲ့ ထုံးစံအတိုင်း ဘ၀ကိုစိတ်ပျက်စွာနဲ့ နီ၊စိမ်း၊ပြာ အရောင်၃ရောင် တပ်ဆင်ထားတဲ့ မီးပွိုင့်ပေါ်တည့်တည့်မှာပဲ စောင့်စောင့်ထိုင်ရင်း ကျနော့်ဘ၀ရဲ့ အပြောင်းအလဲ တစ်ဆစ်ချိုး နောက်ဆုံးဖြစ်ရပ်တွေကို ရုပ်၇ှင်အနှေးပြကွက်တွေလို ပြန်မြင်ယောင် လာမိတယ်။
——————————————————————————————————–
“တွီးတော်..တွီးတော်…တွီးတော်…”
အက်ဆီးဒင့် တစ်ခုကြောင့် ဒါဏ်ရာတွေနဲ့ ကျနော်ကို တင်ဆောင်လာတဲ့ အရေးပေါ်လူနာတင်ယာဉ်ရဲ့ ဥသြသံက နားထဲမှာဆူညံနေသလို .. လည်ချောင်းထဲမှာလဲ ခြောက်သွေ့အက်ကွဲနေပြီး ကြိုးစားပြီးရှူနေတာတောင် အသက်ကို တစ်ဝက်ပဲ ကျနော်ရှူလို့ရတယ်။ လောကကြီးမှာ ဒီလောက်တောင်ပေါတဲ့ အောက်ဆီဂျင်တွေ ကျနော်အတွက်မှ ဘာကြောင့်ရှားပါးနေတာလဲ..။ ဝေဒါနာ ဖိစီးလွန်းလို့ထင်ပါရဲ့..။ ၀င်သက်ထွက်သက် သိပ်ခက်ခဲလွန်းနေတော့ ရင်အစုံက ဖားဖိုတစ်ခုလို နိမ့်ချည်၊မြင့်ချည်..။ ဘေးနားက မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးသံတွေ..။ ကျနော့်မျက်လုံးတွေ ပြာဝေနေပေမယ့် သူ့တို့အသံတွေကို ကောင်းကောင်းကြားရတဲ့အထိတော့ ကျနော်ကိုယ်မှာခွန်အားတွေကျန်နေသေးတာ ကျနော်သိတယ်။
“ဟာ….ဒီမီးပွိုင့်ကလဲ တမှောင့်..။ မိပြန်ပြီ ”
ဘေးနားက သူငယ်ချင်း ကိုနောင်ရဲ့ စိတ်မ၇ှည်သံနဲ့ အတူ ကားလေးကလဲ တုံ့ခနဲရပ်သွားပါရော..။ နားထဲမှာ ဥသြသံ၊ ကားဟွန်းသံ၊ စကားသံတွေ ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေပြီ။ ကြိုးစားပြီး၇ှူနေရတဲ့ အသက်က ခပ်ငွေ့ငွေ့ရယ်။ ကျနော် ဆေးရုံကို မြန်မြန်ရောက်ချင်တယ်ဗျာ…။ ကျနော်သေလို့မဖြစ်သေးဘူး..။ ကျနော်လုပ်ချင်တာတွေအများကြီး… ဒီကမ္ဘာပေါ်မှာ လုပ်ခွင့်ရချင်သေးတယ်..။ ဒါကြောင့် ကုသမှုတစ်ခုခု ကျနော် အရေးပေါ်လိုအပ်နေတဲ့ အချိန်ကျမှ မီးပွိုင့်ကလဲ အကြောင်းအမျိုးမျိုးနဲ့ ပိတ်မိနေသေးတယ်။ ကံမကောင်းပါဘူးဆိုတဲ့ ဘ၀မှာ ထပ်ပြီးကံဆိုးတာလားဆို မပြောတတ်တော့ပါဘူးဗျာ…။

“ခဏလေး… ကျနော် တာဝန်ကျယာဉ်ထိန်းရဲကို အရေးပေါ်လူနာတစ်ယောက်ပါလာလို့ လမ်းကြောတစ်ချက်လောက်ဖွင့်ပေးဖို့
အကူအညီ သွားတောင်းကြည့်လိုက်ဦးမယ်။ ..”

စိတ်မြန်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောပြောဆိုဆိုဆင်းသွားလိုက်သလိုပဲ… ကျနော့် နားတွေအူ နေပြီဗျာ…။လူနာတင်ယာဉ်ရဲ့ အရေးပေါ်အချက်ပေးသံကြောင့် ကျနော်တို့ကားရှေ့မှာ ပိတ်နေတဲ့ ကားတစ်ချို့က လမ်းကြောင်းတွေ တဖြည်းဖြည်းရှင်းပေနေကြတယ်။ ဒါဆို ဟိုယာဉ်ထိန်းအရာရှိကရော ဒီဥသြသံကို မကြားဘူးလားမသိ။ မီးသတ်ကားတွေ၊ ရဲကားတွေ၊ လူနာတင်ယာဉ်တွေ နဲ့ VIP လူကြီးတွေသွားတဲ့ယာဉ်တွေက အရေးပေါ်အချက်ပေးသံကြားရင်ေ၇ှ့မှာရှိတဲ့ယာဉ်တွေက ဘေးကိုကပ်ပြီးလမ်းရှင်းပေး၊ မီးပွိုင့်တွေက အတတ်နိုင်ဆုံး မြန်မြန်လမ်းကြောင်းဖွင့်ပေးနိုင်ဖို့အတွက် အချက်ပေးဖို့ ဒီလို ပုံမှန်အသံထက်ထူးခြားတဲ့ ၊ ပိုအသံကျယ်တဲ့ အရေးပေါ်အချက်ပေးကိရိယာတွေကို တပ်ဆင်ပေးထားကြတာလို့ပဲ ထင်မိတယ်။ ဒါဆို ကျနော်ကို သယ်ဆောင်လာတဲ့ ယာဉ်မှာပါတဲ့ အချက်ပေးကိရိယာက အသံတိုးနေလို့လား။ မီးပွိုင့်နဲ့ ကျနော်တို့ကားလဲ အဝေးကြီးမဟုတ်တော့ ဒိအသံကို တာဝန်ကျ ယာဉ်ထိန်းအရာရှီကြားနိုင်လောက်မယ်လို့ ကျနော်ထင်တယ်..။

“မီးပွိုင့် စိမ်းပြီ..၊ စိမ်းပြီ..။ ဦလေးရေ မြန်မြန်လေးသာမောင်းဗျာ ”
ယာဉ်ထိန်းရဲဆီ မရောက်မှီ မီးစိမ်းလို့ လှည့်ပြန်လာတဲ့ သူငယ်ချင်းအသံနဲ့အတူ.. ကားလေးက ” ဂျိန်း..ကနဲ “…ကတ္တရာလမ်း ချိုင့်ထဲကားဘီးဆောင့်ကျသွားတော့ ကျနော့် ခန္ဓာကိုယ်ထဲက ကလီစာတွေကလဲ နင့် ကနဲ..။ ကားကို ဂီယာချိန်း၊ အင်ဂျင်ကိုစွမ်းအားတင်ပြီး မြန်ဆန်တဲ့အရှိန်နဲ့ သွားနိုင်သလို ကျနော့် ခန္ဓာကိုယ်ကိုလဲ ဂီယာချိန်း၊ ရှီသမျှစွမ်းအားတွေတင်ပြီး အသက်၀၀ ရှူချင်လိုက်ဗျာ။
မျက်လုံးတွေ ပြာဝေနေသလို စကားသံတွေကိုလဲ ကြားတစ်ချက် မကြားတစ်ချက်။
“ဦးလေး မြန်မြန်မောင်းပါ..ဒီမှာလူနာက နှလုံးခုန်နှုံးကျနေပြီ ”
ကျနော်ကို အောက်ဆီဂျင်ပေးပြီး အရေးပေါ်ကုသပေးနေတဲ့ သူနာပြုဆရာမလေးရဲ့ စကားသံအဆုံး လူနာတင်ယာဉ်ရဲ့ မှန်ပြတင်းခပ်ဟဟလေးကြားကနေ
ဒီကားပေါ်ရောက်ကတည်းက ပြာဝေပြီး ဘာကိုမှကွဲပြားစွာမမြင်နိုင်တဲ့ ကျနော်မျက်လုံး သူငယ်အိမ်ထဲကို နီ၊စိမ်း၊၀ါ ရောင်စုံတစ်ခုက “ထင်း…ကနဲ…..
ပြီးတော့ ကျနော့် ခန္ဓာကိုယ်လဲ “လွင့်..ကနဲ..လွင့်..ကနဲ” ….ငှက်မွေးလေးတစ်ခုလို လွင့်မျောသွားပါတော့တယ်။ ဘာဖြစ်မှန်းကို မသိလိုက်တဲ့ အခိုက်အတန့်လေးပါပဲ…..။

ကျနော်သတိထားမိတဲ့ အချိန်မှာတော့ ကျနော့်ကိုယ် ကျနော် ပြန်မြင်နေရပြီိလေ..။ မိသားစု၊ သူငယ်ချင်းတွေရဲ့ ငိုကြွေးသံတွေနဲ့အတူ ဆရာဝန်ကြီး
တစ်ယောက်ရဲ့ မှတ်ချက်ချ ပြောဆိုသံကိုလဲ ကြားနေရပါတယ်..။
“လူနာက ၁၅ မိနစ်၊ မိနစ်၂၀ လောက်သာ ကျနော်တို့ဆီကို စောပြီးရောက်ခဲ့မယ်ဆိုရင် သူ့အသက်ကို ကယ်တင်နိုင်ဖို့ ၇၀% အခွင့်အရေးရှိပါတယ်
အခုက သွေးထွက်လွန်သွားတာရယ် ၊အချိန် နောက်ကျတာရယ်ကြောင့်…. ကျနော်တို့လဲ စိတ်မကောင်းပါဘူးဗျာ….”

” တောက် !..အဲဒီမီးပွိုင့်ကြောင့်ပေါ့ ဆရာရယ်။ ကျနော်သူငယ်ချင်း သေရတာ ”

အချစ်ဆုံး သူငယ်ချင်းကိုနောင်…စိတ်မြန် လက်မြန် ကိုနောင်..သူ ပေါက်ကွဲနေတဲ့ စကားသံ..သူတို့တွေ ပြောတာတွေက ကျနော် သေသွားပြီပေါ့။ လူ့လောကကြီးမှာ ကျနော်ရှင်သန်နေတဲ့ လူမဟုတ်တော့…ပြိးတော့ ဘာတဲ့ … မီးပွိုင့်ကြောင့် ကျနော်သေခဲ့ ရတာတဲ့..။ ကျနော်ကတော့ ဒီလိုမထင်ဘူး ကျနော် မတော်တဆမှုတစ်ခုကြောင့် ဒီဘ၀ရောက်ခဲ့တာလို့ပဲ မြင်မိတယ်။ ဒါပေမယ့် ထပ်ခါထပ်ခါ ပေါက်ကွဲပြောဆိုနေတဲ့ ကိုနောင့် စကားသံတွေကြောင့် ကျနော် နောက်ဆုံးမြင်မိတဲ့ နီ၊စိမ်း၊၀ါ..တစ်ခုဆီ ကျနော်အပြေးလှမ်းထွက်ခဲ့မိပါတော့တယ်..။
———————————————————————————————————
ဒီအဖြေကို ကျနော်သိချင်လာတယ်။ သူ့ကြောင့် ငါဘာဖြစ်လို့ သေခဲ့၇လဲဆိုတာကို သိချင်စိတ်ပြင်းပြစွာနဲ့ ဒီမီးပွိုင့်ပေါ်မှာပဲ တစ်နေ့တစ်နေ့ ငုတ်တုတ်ထိုင်ပြီး
အဖြေကို၇ှာဖွေနေခဲ့မိတယ်။ စကားပြောဖော်မရှိ၊ ကားသံတွေဆူဆူညံညံနဲ့ပဲ နေစဉ်နဲ့အမျှ..ကြာတော့မုန်းလာမိတယ်။ ဒါပေမယ့် ကြာလာတော့
ဒါက ကျနော်ဘုံဗိမ္ပာန် တစ်ခုလိုဖြစ်နေပါပြီ။
တစ်နေ့တော့ ထုံးစံအတိုင်း မီးပွိုင့်ပေါ်မှာထိုင်နေရင်း…ကျနော်ကိုယ်တိုင် နောက်ဆုံးကြားခဲ့ဖူးတဲ့ အသံ..ဟုတ်တယ်… ဒါ..ဒါ လူနာတင်ယာဉ်တစ်စီး
ရဲ့ အရေးပေါ်အချက်ပေးသံ ဆိုတာ ကျနော်သေချာသိလိုက်တယ်..။ မီးပွိုင့်မိနေပြီး ၁၀ မိနစ်လောက် ဆူညံစွာကြားနေရတော့ နားတွေတောင် အူလာတယ်။
ဘာတွေများဖြစ်တာပါလိမ့်ဆိုတဲ့ အတွေးနဲ့ ငေး… နေတုန်း……………

“ဟိတ်..ကောင်လေး..။ မင်းဒီမှာဘာလုပ်နေတာလဲ ကွ..”

အသံနဲ့ အတူ ပုခုန်းကို အပုတ်ခံလိုက်ရတော့ အံသြစွာနဲ့ အသံရှင်ကို လှည့်ကြည့်လိုက်တော့… အသက် ၅၀ ကျော် ဦးလေးကြီးတစ်ယောက်..။
ကျနော်လို ၀ိဥာဉ် တစ်ကောင်ပါပဲ။ ၆ လလောက် စကားပြောဖော်မရှိ တစ်ယောက်တည်းနေလာခဲ့၇တော့ ဘယ်သူပဲဖြစ်ဖြစ် စကားတွေဖောင်ဖွဲ့အောင်ပြောရင်း
နောက်ဆုံး ကျနော်လိုချင်တဲ့ အဖြေကိုပါ မေးမိလိုက်ပါတယ်။ မီးပွိုင့်တွေက လူသတ်တတ်လား လို့ပေါ့။

” ကောင်လေး..မင်းတယ်ညံ့သကိုးကွ..။ ဟောဟိုမှာ မီးပွိုင့်မိပြီး နားညီလောက်အောင် အရေးပေါ်အချက်ပေးသံ ပေးနေတဲ့ လူနာတင်
ကားကိုကြည့်..။ အေး..သိပ်မကြာခင် သူငယ်ချင်းအသစ်တစ်ယောက်တော့ မင်းထပ်ရတော့မယ်ကွ..အဟေး..ဟေး….။
သူလဲ ဆေးရုံတောင် ရောက်မယ်မထင်ဘူး. ။ ဒါအဖြေပဲ ကောင်လေး..။ ”
——————————————————————————————————–

အဲဒီနေ့ကစလို့ မီးသတ်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေ အရေးပေါ်အချက်ပေးသံတွေနဲ့ လာတိုင်း အချိန်နှောင့်နှေး ကြန့်ကြာမှုမရှိစေပဲ လိုရာခရီးရောက်ဖို့
သူတို့လာတဲ့ လမ်းကြောင်းကို ကျနော်မီးပွိုင့်ပေါ်မှာ ထိုင်ပြီး ပွိုင့်ကို မီးအမြဲ စိမ်း ပေးနေမိပါတော့တယ်။

+++ကျနော့်တာဝန်ကတော့ ဂုံးကျော်တံတားကြီးပြီးသွားတဲ့ အထိ၊ ယာဉ်ကြောတွေ ဒီထက်ပို၇ှင်းလင်းတဲ့အထိ၊ အရေးပေါ်အချက်ပေးသံနဲ့လာတဲ့ ယာဉ်မှန်သမျှ အချိန်မှီလို၇ာခ၇ီးကို လမ်းကြောင်း၇ှင်း၇ှင်း အမြန်ဆုံး သွားနိုင်တဲ့ နေ့အထိပါပဲ+++

+++ရာဇ၀င်လူဆိုး+++

About ရာဇ၀င်လူဆိုး

yar za win lu soe has written 16 post in this Website..

ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အသဲနုတယ်၊ လက်သီးပြင်းတယ်၊ အပျင်းပြေ လူသတ်တယ်….