ပါတီရန်ပုံငွေ ဈေးထဲကောက် စည်ပင်က တရားစွဲရန်ပြင်

True FaithJuly 9, 20101min804

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း မြောက်ဥက္ကလာ ရတနာသိင်္ဂီဈေးအတွင်း ယခုလ ၁ ရက်နေ့တွင် ပါတီရံပုံငွေ ကောက်ခံခဲ့သဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် ပါတီ ၂ ခုမှ ဗဟိုကော်မတီဝင် ၁ဝ ဦးကို အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီက တရားစွဲဆိုရန် ပြင်ဆင်နေသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဗဟိုဦးစီးအဖွဲ့ဝင် ဦးခင်မောင်ဝင်း အပါအဝင် ၅ ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFMP ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မင်းသူ အပါအဝင် ၅ ဦးကို တရားစွဲဆိုမည်ဟုဆိုကာ ခရိုင်စည်ပင်ရုံးသို့ ယခုလ ၉ ရက်နေ့တွင် လာတွေ့ရန် ခရိုင်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် ယမန်နေ့က စာပို့ကာ ခေါ်ယူခြင်း ဖြစ်သည်။

“စည်ပင်သာယာ ဥပဒေအရ တရားစွဲဆိုမယ့်အကြောင်း အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရဲ့ လက်မှတ်နဲ့ ဒီလ ၉ ရက်နေ့ မနက် ၁ဝ နာရီမှာ လာဖို့ အကြောင်းကြားပါတယ်။ သူတို့ ပြောချင်ရာပြောဖို့ ပထမဆုံးအကြိမ် ခေါ်တွေ့တဲ့ သဘောပါပဲ။ အရှေ့ပိုင်းခရိုင် (တောင်ဥက္ကလာမြို့နယ်ရှိ) စည်ပင်ရုံးကို သွားရမှာပါ” ဟု UMFMP ပါတီ ဗဟိုဦးစီအဖွဲ့ဝင် ဦးအောင်မင်းသူက မဇ္ဈိမကို ပြောသည်။

စည်ပင်အုပ်ချုပ်ရေးမှူး၏ စာထဲတွင် “မြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက်နေ ဦးအောင်မင်းသူသည် မြောက်ဥက္ကလာ ရတနာသိင်္ဂီဈေးအတွင်း၌ ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အလှူငွေကောက်ခံခဲ့ကြောင်း တွေ့ရှိရပါသဖြင့် စည်ပင်သာယာရေး ဥပဒေအရ တရားစွဲဆိုမည်ဖြစ်၍ ၎င်းတို့အနေဖြင့် အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးသို့ ၉ ရက် ရ လ ၂ဝ၁ဝ နံနက် ၁ဝ နာရီတွင် လာရောက်ပါရန် အကြောင်းကြားအပ်ပါသည်” ဟု ရေးသားထားသည်။

UMFMP ဥက္ကဋ္ဌ ဦးအေးလွင်ကလည်း ၎င်းတို့ ပါတီ ၂ ခုမှ ဗဟိုဦးစီအဖွဲ့ဝင် ၁ဝ ဦးကို ပြီးခဲ့သည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စည်ပင်သာယာ အက်ဥပဒေ ၃၃/ဝ၉ အရ တာမွေမြို့နယ် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားဆွဲဆိုရန် ခရိုင်စည်ပင်က စီစဉ်နေသည်ဟု ပြောသည်။

ဈေးအတွင်း အလှူခံသည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ သိရှိနိုင်ရန်အတွက် မဇ္ဈိမက အရှေ့ပိုင်းခရိုင် စည်ပင်ရုံသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ရှိသူများက ဖြေကြားခြင်း မရှိကြပါ။
ယင်း ပါတီ ၂ ရပ် ရံပုံငွေ အလှူခံဆိုင်ရာ တာဝန်ခံ ဦးအောင်ဇော်ဦးက ကောက်ခံမည့် နေရာနှင့် အလှူခံရာတွင် ပါဝင်မည့်သူ စာရင်းများကို သက်ဆိုင်ရာ နယ်မြေခံ ရဲအထူးသတင်းတပ်ဖွဲ့ထံ တင်ပြပြီးမှ ကောက်ခံကြောင်းနှင့် ပါတီအလှူငွေ ဖြတ်ပိုင်းများကို အလှူရှင်များကို ပေးလေ့ရှိကြောင်း ပြောသည်။

ဈေးတွင် အလှူခံသည့် ယခုလ ၁ ရက်နေ့တွင် ပါတီခေါင်းဆောင် ၁ဝ ဦးကို ရတနာသိင်္ဂီဈေး တာဝန်ခံရုံး ဝန်ထမ်းများက ဈေးအတွင်း အလှူခံခွင့် မရှိကြောင်းနှင့် အလှူခံပါက စည်ပင်ဥပဒေ ၂ဝဝ၉ အရ အရေးယူခံရနိုင်ကြောင်း ကြိုတင်တားမြစ်ခဲ့သည်။

သို့သော် ပါတီဝင်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေကို အကောင်အထည် ဖော်နေသဖြင့် ယင်းဥပဒေထက် စည်ပင်ဥပဒေက ပိုကြီးသလားဟု မေးမြန်းခဲ့ပြီးနောက် ဆက်လက်ကောက်ခံခဲ့သည်။ အလှူခံနေစဉ် စည်ပင်နှင့် ရပ်ကွက်အာဏာပိုင်များက အမည်နှင့် နေရပ်လိပ်စာများ တောင်းယူကာ လှုပ်ရှားမှုများကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းယူခဲ့ကြသေးသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၄ ပုဒ်မ ၁၅ (က) ပါတီပိုင် ရန်ပုံငွေကို အောက်ပါအတိုင်း ကောက်ခံစုစည်း၍ စာရင်းပြုစုထားရမည်ဟု ဆိုထားသည်။

ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ ကောက်ခံရရှိထားသော ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး၊ ပုဒ်မခွဲငယ် (၂) တွင် ပြည်တွင်းရှိ နိုင်ငံသားတဦးချင်းကဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့ကဖြစ်စေ ၎င်းတို့ တရားဝင် ရရှိထားသော ငွေကြေးပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်းထည့်ဝင်သည့် ငွေကြေး သို့မဟုတ် ပစ္စည်းဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မခွဲငယ် (၃) တွင်မူ ပါတီပိုင် စီးပွားရေး လုပ်ငန်းများမှ တရားဝင် ရရှိသော ငွေနှင့် အမြတ်အစွန်း၊ ပုဒ်မခွဲ (ခ) တွင် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) (၂) တို့အရ ရရှိသော ငွေကြေး၊ ပစ္စည်းများပေါ်တွင် ထမ်းဆောင်ရမည့် အခွန်အခများကို ကင်းလွတ်ခွင့် ပြုသည်ဟု ပြဋ္ဌာန်းထားသည်။

’’ဈေးမှာ အလှူငွေ ကောက်ခံတယ်ဆိုပေမယ့်၊ နိုင်ငံရေးပါတီက ခွင့်ပြုထားတယ်ဆိုပေမယ့် စည်ပင်သာယာ ဥပဒေဆိုတာ ရှိတယ်။ မြန်မာပြည်မှာ တခါတလေကျတော့ ဥပဒေတခုထဲ ကြည့်လို့မရဘူး။ ဥပဒေတိုင်းမှာ ပြဿနာတွေ ရှိတယ်။ စည်ပင်နဲ့ပတ်သက်ရင် စည်ပင်ဥပဒေမှာ ပါတဲ့အတိုင်း စည်ပင်ကို လျှောက်ရတာတွေ ရှိတယ်။ စည်ပင်ဥပဒေကလည်း နိုင်ငံရေးပါတီ ဥပဒေလိုပဲ ဥပဒေတရပ် ဖြစ်တယ်။ ဒါတွေက ဘာဖြစ်လဲဆိုရင် ဥပဒေချင်း ပဋိပက္ခ ဖြစ်နေတာပေါ့’’ ဟု ရန်ကုန်ရှိ ရှေ့နေ ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

(ပြည်သူများ သိသင့်သည်ထင်၍ မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

4 comments

  • etone

    July 9, 2010 at 6:50 am

    သူတို့ဘာသာသူတို့အားအားယားယား ပါတီတွေထောင်ဘာလုပ်ညာလုပ်လုပ်နေပြီးတော့ အလကားသက်သက်ရန်ပုံငွေကိုဈေးထဲလိုက်ကောက်တယ် ။ လူတွေမှာ လုံးပါးပါးလာရတဲ့အထဲ ။

  • teekaunglay

    July 9, 2010 at 8:22 am

    “ပါတီဝင်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေကို အကောင်အထည် ဖော်နေသဖြင့် ယင်းဥပဒေထက် စည်ပင်ဥပဒေက ပိုကြီးသလားဟု မေးမြန်းခဲ့ပြီးနောက် ဆက်လက်ကောက်ခံခဲ့သည်။ အလှူခံနေစဉ် စည်ပင်နှင့် ရပ်ကွက်အာဏာပိုင်များက အမည်နှင့် နေရပ်လိပ်စာများ တောင်းယူကာ လှုပ်ရှားမှုများကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းယူခဲ့ကြသေးသည်။”

    ဒုက္ခပါပဲ… အခုလက်ရှိအခြေအနေတောင်မှ ဒီလောက် ရောင့်တက်နေရင် အာဏာရရင် ပိုဆိုးမယ်။ ဒီထက် လူကြီးလူကောင်းဆန်စွာ ဖြေရှင်းသင့်ပါသည်။

  • ghost

    July 9, 2010 at 9:16 am

    အဲဒါ …. သူတောင်းစားတွေ..ခွက်လုတာ စပြီ..

  • azure

    July 10, 2010 at 4:03 am

    အော် သူတို့က သူတောင်းစားကြီးတွေကို လက်စသတ်တော့ ဟီး

Leave a Reply