လမ်းဆုံ – ခင်မမမျိုး

kaiSeptember 6, 20124min19611

လမ်းဆုံ

လူတယောက်ရဲ့ ဘဝခရီးလမ်းမှာ လမ်းဆုံတွေ အများအပြားကို ကြုံတွေ့ဖြတ်သန်းရလေ့ ရှိပါတယ်။ တချို့လူတွေအတွက် ဘဝခရီးဆိုတာ အဝေးပြေးလမ်းမကြီးလိုပဲ ဖြောင့်ဖြူးချောမွေ့ နေတတ်ပေမယ့် တချို့လူတွေအတွက် ကျတော့လဲ ဘဝခရီးဆိုတာ အကွေ့အကောက်တွေ၊ အတားအဆီးတွေ ပြည့်နှက်နေတဲ့ ဆူးကြမ်းလမ်းကြီး ဖြစ်နေတတ်ပါတယ်။ ဘယ်လိုလမ်းပဲဖြစ်ဖြစ် သေချာတာကတော့ တနေ့နေ့မှာ ဘဝအတွက် ရွေးချယ်မှုတွေ ပြုလုပ်ရတဲ့ လမ်းဆုံတွေကို ကြုံတွေ့ရလေ့ ရှိတယ်ဆိုတာပါပဲ။

ဒီလိုလမ်းဆုံတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရွေးချယ်မှုတွေ ပြုလုပ်ရလေ့ရှိပါတယ်။ ဒီရွေးချယ်မှုမှာကလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရတာ၊ မိဘဆွေမျိုးတွေက ရွေးချယ်ပေးတာတွေ ရှိပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါမှာ ပထမဦးဆုံးအနေနဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားကြရပါတယ်။ အခြေအနေဆိုတာမှာကလဲ ကိုယ်က ထိန်းချုပ်လို့ ရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေဖြစ်နိုင်သလို၊ ကိုယ်က ထိန်းချုပ်လို့ မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေလဲ ဖြစ်နိုင်ပါတယ်။ ကိုယ်က ထိန်းချုပ်လို့ မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေမှာ ရွေးချယ်မှု လုပ်လို့မရတော့ပဲ အခြေအနေက တွန်းပို့ပေးလိုက်တဲ့လမ်းကို လျှောက်ရတာတွေလဲ ရှိတတ်ပါတယ်။

ဥပမာအားဖြင့် ကျွန်မဆိုရင် ငယ်စဉ်ကတည်းက အထက်တန်းပညာ ဝိဇ္ဇာဘာသာရပ်တွေဖြစ်တဲ့ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ စတာတွေကို စိတ်ဝင်စားပါတယ်။ ရှစ်တန်းအောင်ပြီးတဲ့အခါ ကိုးတန်းရောက်ရင် ဝိဇ္ဇာလိုင်းကို ရွေးချယ်ဖို့ ခြောက်တန်းကတည်းက စဉ်းစားထားခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်ကလဲ ဒါကို ရိပ်မိပါတယ်။ ကျွန်မစာအုပ်သွားငှားနေကျ စာအုပ်ဆိုင်တွေက နိုင်ငံရေး၊ သမိုင်းစတာတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဘီစီစီအိုင် အရှုပ်တော်ပုံလို စာအုပ်တွေကိုတောင် ထွက်ထွက်ချင်း ကျွန်မ ဦးဦးဖျားဖျား ဖတ်ရအောင်ဆိုပြီး ဘေးဖယ် သိမ်းထားပေးတဲ့ အထိပါ။ ကျွန်မ လျှောက်မယ့် ပညာရေးခရီးလမ်းဟာ ဖြောင့်ဖြူးနေသယောင် ထင်ရပါတယ်။ ဒါပေမယ့် ကျွန်မ ရှစ်တန်းရောက်တဲ့အချိန်မှာပဲ အထက်တန်း သင်ရိုးညွှန်းတန်းက ပြောင်းသွားပါတယ်။ ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ် တွေကို ပေါင်းပြီး သင်လိုက်ရပါတယ်။ ဒါဟာ ကိုယ်က ထိန်းချုပ်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခြေအနေက တွန်းပို့သွားတဲ့ ဝိဇ္ဇာလိုလို၊ သိပ္ပံလိုလို လမ်းပေါ်ကို ရောက်သွားရပါတယ်။

တခါ ဆယ်တန်းအောင်ပြီးတော့ ကျောင်းတွေက သုံးနှစ်လောက် ပိတ်သွားပြန်ပါတယ်။ ဒါကလဲ ကိုယ်က ထိန်းချုပ်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ လမ်းဆုံတခု ထပ်ရောက်သွား ပြန်ပါတယ်။ အဝေးသင်တက်မလား၊ နိုင်ငံခြားထွက်မလား၊ ကျောင်းဖွင့်တာ စောင့်မလား ဆိုတဲ့ ရွေးချယ်မှုကို ပြုလုပ်ရတော့မယ့် အခြေအနေ ရောက်သွားပါတယ်။ ဒါကတော့ ကိုယ်က ထိန်းချုပ်လို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မက မိဘအုပ်ထိန်းမှုအောက်မှာပဲ ရှိနေပြီး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရသေးတဲ့ အချိန်အခါ ဖြစ်တဲ့အတွက် မိဘရဲ့ ရွေးချယ်ပေးမှုကိုပဲ လိုက်နာရပြန်ပါတယ်။ ဒီလိုနဲ့ မိဘရွေးချယ်ပေးလိုက်တဲ့ လမ်းကြောင်းကို လျှောက်နေစဉ်မှာပဲ အခြေအနေတခုက ကျွန်မကို လမ်းဆုံတခုရောက်အောင် တွန်းပို့လိုက်ပြန်ပါတယ်။ ဒီအချိန်မှာတော့ ကျွန်မဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရနေပြီ ဖြစ်တဲ့အတွက် ကျွန်မကိုယ်တိုင် ကိုယ်လျှောက်မယ့် ပညာရေးခရီးလမ်းအတွက် ရွေးချယ်မှု တခုကို ပြုလုပ်လိုက်ရပါတယ်။

ဒါကြောင့် ဘဝလမ်းခရီးတခုကို လျှောက်လှမ်းရင်း လမ်းဆုံတခုကို ရောက်သွားတဲ့အခါ ထိန်းချုပ်လို့မရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေမှာ အခြေအနေက တွန်းပို့လိုက်တဲ့ လမ်းကို လျှောက်လိုက်ရတာတွေလဲ ရှိတတ်ပြီး၊ ထိန်းချုပ်လို့ရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေ ရှိနေရင်တော့ မိဘဆွေမျိုးကဖြစ်စေ၊ ကိုယ်တိုင်ကဖြစ်စေ ရွေးချယ်မှုတွေပြုလုပ်ရလေ့ ရှိပါတယ်။ ကိုယ်တိုင် ရွေးချယ်မှုတွေ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်တယ်ဆိုရင်တော့ မိမိကိုယ်ကို ပြဌာန်းချက်ကို ထပ်ပြီး စဉ်းစားဖို့လိုအပ်လာပါတယ်။ ဥပမာအမ်ဘီဘီအက်စ်ဘွဲ့ရပြီးသူ တယောက်ဟာ မိမိဘဝပြဌာန်းချက်ကို ဆေးပညာနဲ့ အသက်မွေးတဲ့ ဆရာဝန် တယောက်အဖြစ် ပြဌာန်းမှာလား၊ အသက်မွေးဝမ်းကျောင်း မပြုပဲ ဆေးပညာဘွဲ့ရရုံ ဘွဲ့ယူထားတဲ့ ဆရာဝန် တယောက်အဖြစ် ပြဌာန်းမှာလား ဆိုတာကို ကနဦး စဉ်းစားဖို့ လိုပါတယ်။ ဆေးပညာနဲ့ အသက်မွေးမယ်လို့ စဉ်းစားပြီးတဲ့အခါမှာလဲ သားဖွားမီးယပ်ဆရာဝန်၊ ခွဲစိတ်ဆရာဝန် စသဖြင့် စဉ်းစားပြီး၊ ဆက်လျှောက်မယ့်လမ်းကို ရွေးချယ်ရပါတယ်။

အလားတူပါပဲ။ နိုင်ငံရေးဘွဲ့နဲ့ ကျောင်းပြီးသွားသူ တယောက်ဟာလဲ နိုင်ငံရေးပါတီကို ဝင်ပြီး၊ politician အဖြစ် မိမိဘဝကို ပြဌာန်းမှာလား၊ Political activist အဖြစ် လွှတ်တော်ပြင်ပ နိုင်ငံရေးလောကကို ဝင်မှာလား၊ Political Researcherအဖြစ် နိုင်ငံရေးသုတေသန လုပ်မှာလား၊ ဘွဲ့နဲ့ မသက်ဆိုင်တဲ့ အခြားအလုပ်တွေကို လုပ်မှာလားဆိုတဲ့ မိမိကိုယ်ကိုပြဌာန်းချက်နဲ့ ပတ်သက်ပြီး စဉ်းစားရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ စီးပွားရေးဘွဲ့ ရပြီးသွားသူ တယောက်ဟာလဲ အခြေအနေပေးမှုအပေါ်မှာ မူတည်ပြီး မိမိဘဝပြဌာန်းချက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အခြား နယ်ပယ်တွေမှာလဲ အလားတူ မိမိဘဝပြဌာန်းချက်ကို စဉ်းစားပြီး ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။

အခြေအနေနဲ့ ပြဌာန်းချက်ကို စဉ်းစားပြီးတဲ့အခါမှာတော့ အချိန်အခါကို ထပ်ပြီး စဉ်းစားဖို့ လိုအပ်ပါသေးတယ်။ အချိန်အခါက ရွေးချယ်မှုတခုခုကို ချက်ချင်းမဖြစ်မနေ လုပ်ဖို့ လိုအပ်နေသလား၊ လမ်းဆုံမှာပဲ ခေတ္တ ရပ်နေလို့ ရသေးသလား ဆိုတာပါပဲ။ အချို့ လမ်းဆုံတွေမှာက ရပ်ဆိုင်းပြီး time buying လုပ်လို့ရပါတယ်။ အချို့လမ်းဆုံတွေကျတော့လဲ လမ်းတခုခုကိုတော့ ချက်ချင်းလက်ငင်း မဖြစ်မနေ ရွေးမှ ရပါတယ်။ ဒီလို အခြေအနေ၊ ပြဌာန်းချက်နဲ့ အချိန်အခါတွေဟာ လူတယောက်ရဲ့ ဘဝခရီးလမ်းဆုံတွေမှာတင် အရေးကြီးတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကနေ နောက်ဆုံးနိုင်ငံတနိုင်ငံရဲ့ ဖြတ်သန်းမှု ခရီးလမ်းတွေ အတွက်ပါ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။

အခုဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ သမိုင်းဖြတ်သန်းမှု လမ်းဆုံတခုကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်၊ အတိုက်အခံ၊ ပြည်သူလူထု အားလုံးတို့ရဲ့ ရှေ့ဆက်တိုးကြမယ့် ခြေလှမ်းတိုင်းဟာ တိုင်းပြည်တခုရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးလာတော့မှာ ဖြစ်ပါတယ်။ ထိန်းချုပ်လို့ မရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေ ပေါ်ထွက်လာသလို၊ ထိန်းချုပ်လို့ရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေလဲ ပေါ်ပေါက်လာပါတယ်။ ဒီလို အခြေအနေပေးမှုတွေအပေါ်မှာ တဦးချင်းအနေနဲ့ရော၊ သက်ဆိုင်ရာ အစုအဖွဲ့များ အနေနဲ့ပါ လမ်းဆုံမှာ ရွေးချယ်မှုတွေ မမှားကြဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာမှာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါတယ်။ အင်အားကြီးနိုင်ငံကြီးတွေရဲ့ ပါဝါဂိမ်းကစားပွဲထဲမှာ အရုပ်တရုပ်ဖြစ်နေတဲ့ နိုင်ငံတခု ဖြစ်တယ်။ ကိုလိုနီစနစ်နဲ့ အုပ်ချုပ်ထားခြင်းခံခဲ့ရဖူးတဲ့အတွက် ကိုလိုနီစနစ်ဆိုးရဲ့ အမွေဆိုးတွေ ကျန်ရစ်နေခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ပြည်တွင်းစစ်ရဲ့ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်၊ အတွေးအခေါ် ပဋိပက္ခတွေရဲ့ဒဏ်၊ လူမျိုးရေး ပဏ္ဍိပက္ခတွေရဲ့ ဒဏ်၊ ဘာသာရေးပဋိပက္ခတွေရဲ့ဒဏ်၊ အိမ်ကြက်ချင်း အိုးမဲသုပ်ခွပ်ခိုင်းတာကို အဟုတ်မှတ်ပြီး ခွပ်နေကြတဲ့ ဒဏ် အားလုံးကို ဆယ်စုနှစ်ပေါင်းများစွာ ခံထားခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတွေရော၊ ထိန်းချုပ်လို့ ရနိုင်တဲ့ အရာတွေ ပါဝင်နေတဲ့ ရောပြွန်းရှုပ်ထွေးသော အခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။

ဒီအခြေအနေတွေအတွင်းမှာ ထိန်းချုပ်လို့ရတဲ့ အရာတွေနဲ့ ထိန်းချုပ်လို့ မရတဲ့ အရာတွေကို ဘယ်လိုခွဲထုတ်ပြီး၊ အတည်ငြိမ်ဆုံးဖြစ်အောင် လုပ်ဆောင်မလဲ။ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို ဘယ်လိုဖြစ်စေလိုသလဲ။ ရှိပြီးသား ပြဌာန်းချက်ကို လက်ခံနိုင်မလား။ လက်မခံနိုင်ရင် ပြုပြင်မလား၊ ဆန့်ကျင်မလား။ ကိုယ်လိုလားတဲ့ ပြဌာန်းချက်ရဲ့ တောင်းဆိုမှုတွေက ဘာတွေလဲ။ ဒီတောင်းဆိုမှုတွေထဲက ဘယ်လို အရာကို ကိုယ်က ဖြည့်ဆည်းပေးနိုင်သလဲ။ မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ ဒီအရာတွေကို ဖြည့်ဆည်း ပေးမလဲ။ မိမိရဲ့ ပြဌာန်းချက်၊ မိမိအစုအဖွဲ့ရဲ့ ပြဌာန်းချက်၊ မိမိပါတီရဲ့ ပြဌာန်းချက်ဟာ ပြည်သူအများလက်ခံတဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်နဲ့ မသွေဖည် သွားအောင် ဘယ်လို လုပ်ဆောင်မလဲ။ လမ်းဆုံမှာ ရှိသင့်တဲ့ အချိန်အခါ တခုကို ဘယ်လောက် အချိန်သတ်မှတ်ထားမလဲ။ ချက်ချင်းလုပ်ဆောင်ကြမလား၊ စောင့်ဆိုင်းကြမလား။

သေချာတာတခုကတော့ လမ်းဆုံမှာ ရွေးချယ်မှု တခုခုကို အနှေးနဲ့ အမြန် ကျွန်မတို့တွေ လုပ်ကြရတော့မယ် ဆိုတာပါပဲ။ ဒီလို ရွေးချယ်တဲ့အခါမှာ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်း၊ ကိုယ်နဲ့ ရင်းနှီးသူ၊ ကိုယ်ကလေးစားသူ၊ ကိုယ်နဲ့ အလုပ်အတူတွဲလုပ်ဖူးသူ၊ ကိုယ်ပါဝင်ထားတဲ့ အဖွဲ့အစည်း စတာတွေက ရွေးချယ်လို့ လိုက်လံ ရွေးချယ်ရတာ မဟုတ်ပဲ၊ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

ရွေးချယ်ပြီးတဲ့အခါမှာ ကိုယ်ရွေးချယ်တဲ့ လမ်းမှာ ရည်ရွယ်ချက်တူသူတွေနဲ့ လက်တွဲဖို့ လိုပါတယ်။ အဲဒီအခါမှာ လက်တွဲရတဲ့ လက်တွေဟာ လမ်းဆုံကို မရောက်ခင်က တွဲခဲ့တဲ့ လက်တွေလဲ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါတွေကလဲ တွေ့ဆုံကြုံခွဲ၊ လောကဓမ္မတာ လို့ပဲ ဆိုရမယ် ထင်ပါတယ်။ ကျွန်မ ကျောင်းသားဘဝမှာတုန်းက သိပ်ချစ်ရတဲ့ သူငယ်ချင်း တချို့ ရှိခဲ့ပါတယ်။ အတူစား၊ အတူသွားရင်း ကျောင်းသားဘဝကို အတူဖြတ်သန်းခဲ့ကြဖူးပါတယ်။ အလုပ်ခွင်ထဲ ရောက်တော့လဲ ဒီလိုပါပဲ။ သိပ်ခင်ရတဲ့ မိတ်ဆွေတချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လဲ ဘဝခရီးလမ်းက လမ်းဆုံတွေမှာ အခြေအနေအရ ပြဌာန်းချက်တွေ မတူတော့တဲ့အခါ လမ်းခွဲခဲ့ရတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို မတူညီမှုတွေမှာ လမ်းခွဲရပေမယ့် ဘယ်အချိန်ပြန်တွေ့တွေ့ ခင်မင်ရင်းနှီးစွဲ ရှိသူတွေနဲ့ကတော့ အမြဲ ရင်းနှီးနေတာပဲ ဖြစ်ပါတယ်။ လမ်းဆုံဆိုတာ ဒီလို ပေါင်းစည်းခြင်းနဲ့ လမ်းခွဲခြင်းတို့ရဲ့ သင်္ကေတလို့ သတ်မှတ်လို့ရပါတယ်။

သို့ပေမယ့် လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတခု မဖြစ်သွားအောင်တော့ ခံစားချက်ကို ဉာဏ်ပညာ၊ အသိတရားတွေနဲ့ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ အချို့လူတွေမှာ ထူးဆန်းတဲ့ အတ္တလေးတွေ ရှိတတ်ပါတယ်။ ငါနဲ့ မတူ၊ ငါ့ရန်သူလို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ လျှောက်တဲ့ လမ်း မတူရုံနဲ့ တဘက်နဲ့ တဘက် တိုက်ခိုက်ကြ၊ သွားပုပ်လေလွင့် ပြောကြ၊ စွပ်စွဲကြ လုပ်နေကြတာက လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတအဖြစ် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ အတူတကွ လက်တွဲပါမယ်လို့ ကတိပေးထားကြတဲ့ အိမ်ထောင်ဘက် တွေတောင် မိမိကိုယ်ကို ပြဌာန်းချက်တွေ မတူညီတဲ့အခါ၊ ညှိနှိုင်းလို့လဲ မရတဲ့အခါ လမ်းခွဲရတာပဲ ဖြစ်ပါတယ်။ ဘယ်သူကမှ ဘယ်သူနဲ့ တသက်လုံး လက်တွဲသွားပါမယ်လို့ ကတိသစ္စာ ပြုလို့ မရပါ။ ကိုယ်မွေးသွားတဲ့ သားသမီးတွေတောင် အချိန်တန်ရင် သူ့လမ်းသူလျှောက်ကြတာပါ။ ကိုယ်နဲ့ တသက်လုံးနေမယ်လို့ ဘယ်သူ့ကိုမှ မျှော်လင့်ချက်ထားလို့ မရပါ။ လမ်းဆုံတခု ရောက်ချိန်မှာ လမ်းခွဲကြရစမြဲပါပဲ။

ဒီလို လောကဓမ္မတွေကို မဆင်ခြင်ပဲ ကိုယ်နဲ့ လမ်းခွဲသွားရင် သစ္စာဖောက်၊ အတူ တွဲမလုပ်တော့ရင် ငါ့မိတ်ဆွေ စာရင်းထဲက ဖြုတ်၊ ငါနဲ့ မတည့်သူနဲ့ သူတွဲရင် ငါ့ရန်သူ ဆိုပြီးသာ လုပ်နေကြမယ်ဆိုရင် လမ်းဆုံတွေကနေ ဘယ်လမ်းကိုမှ ဆက်မလျှောက်ဖြစ်ကြတော့ပဲ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေနဲ့ ရန်ဖြစ်ရင်းသာ အချိန်ကုန်နေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သက်ဆိုင်သူတွေသာမက အခြားလူတွေအတွက်ပါ ကြားရ၊ နားဝ မချမ်းသာ ဖြစ်တတ်ပါတယ်။ မိမိရဲ့ လမ်းခရီးကို အနှောင့်အယှက် ဖြစ်စေရုံသာမက အခြားသူတွေကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အချိန်ကုန်၊ လူပမ်းပြီး ဘယ်သူ့ အတွက်မှ အကျိုး မရှိတဲ့ အလုပ်တွေပါပဲ။ ပထမ လမ်းဆုံတခုမှာ လမ်းခွဲပြီး လျှောက်ကြပေမယ့် အဲဒီလမ်းနှစ်ခုက တနေရာမှာ ပြန်ဆုံနေတာ မဖြစ်နိုင်ဘူးလို့လဲ ဘယ်သူမှ သေချာတပ်အပ် မသိနိုင်ပါဘူး။ ဒီလို ပြန်ဆုံချိန်မှာ လမ်းတခုတည်းကိုပဲ အတူဆက်လျှောက်ဖို့ ပေါင်းစည်းခြင်း အနေနဲ့ ဆုံတာ ဖြစ်နိုင်သလို၊ ခေတ္တခဏ ကြုံကြိုက်တာလဲ ဖြစ်နိုင်ပါတယ်။

နိဂုံးချုပ်ဆိုရရင် လမ်းဆုံဆိုတာ လူ့ဘဝမှာ မလွဲမသွေ ကြုံရမယ့် အရာတခု ဖြစ်ပြီး၊ ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။ ဒီလို ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ အခြေအနေ၊ ပြဌာန်းချက်နဲ့ အချိန်အခါတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါတယ်။ တိုင်းပြည်အရေးဆောင်ရွက်ဖို့ စိတ်အားထက်သန်တယ် ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်ပြီးရင်လဲ လမ်းကြောင်းတူသူတွေနဲ့ လက်တွဲရ ပါတယ်။ ဒီလို လက်တွဲတဲ့အခါမှာ လမ်းဆုံမရောက်ခင်က လက်တွဲခဲ့သူတွေနဲ့လဲ လက်တွဲဖြုတ်ပြီး လမ်းခွဲခဲ့ရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လမ်းဆုံဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်သလို၊ လမ်းခွဲခြင်းရဲ့ သင်္ကေတတခုလဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သို့ပေမယ့် လမ်းဆုံကို ရန်ပြုခြင်းရဲ့ သင်္ကေတတခု မဖြစ်အောင်တော့ ဆင်ခြင်တုံတရား၊ အသိဉာဏ်တွေနဲ့ ထိန်းသိမ်းဖို့ လိုအပ်လှပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၊ ၉၊ ၂၀၁၂)

11 comments

  • etone

    September 6, 2012 at 1:28 pm

    ကျွန်မလို ငထုံငထိုင်းတောင် နားလည်အောင် ၊ ဘဝပေးအတွေ ့ကြုံနဲ့ နိုင်ငံရေး သဘောသဘာဝအမြင်လေး နှိုင်းယှဉ်ပြသွားတာ အရမ်းသဘောကျမိပါတယ် ။ စာရေးသူရဲ့ အရည်ချင်းကိုလည်း လေးစားမိပါတယ် ။

    လမ်းဆုံကိုရောက်လို့ ရွေးချယ်မှု ဆုံးဖြတ်ချက် တစုံတရာလုပ်ရတော့မယ်ဆိုလျှင် ၊ ဘေးလူ/ပတ်ဝန်းကျင် တွန်းအားမပါပဲ မိမိကိုယ်ပိုင်အတွေးနဲ့ မိသားစု အမြင်တွေကို ညှိနှိုင်းပြီးမှ ရွေးချယ်သင့်တယ်လို့ ထင်ပါတယ် ။ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က ဆိုးကျိုး ၊ ကောင်းကျိုးတွေ တိုက်ရိုက်ခံစားရမှာ ရွေးချယ်သူ ကိုယ်တိုင်မို့ပါပဲ ။ ရွေးချယ်ခွင့်လုပ်ခွင့်ရှိပါလျှက် ဟိုလူ့မျက်နှာကြည့် ၊ ဒီလူ ့မျက်နှာကြည့်လုပ်ရင်း ယောင်ဝါးဝါး ဖြစ်နေရတဲ့ ကဏ္ဍတွေ ၊ ဌာနတွေ ကျွန်မတို့ နိုင်ငံထဲ အများကြီးပဲ ။ ယောင်ဝါးတဲ့ အချိန်ကြာလေ ဆုံးရှုံးမှုများလေပါ ။ 🙄

  • P chogyi

    September 6, 2012 at 1:35 pm

    အကြံကောင်းပေးတဲ့ ပို့စ်တစ်ခုပါ။
    ဒါပေမဲ့ လမ်းဆုံမှာ ရပ်ပြီးစဉ်းစားနေတာက
    ဘယ်ဘက်ကသာမလဲ သာတဲ့ဘက်ကူးဖို့ ကြံနေတာ။
    ဒါမှလည်းကိုယ့်အတွက်အဆင်ပြေမှာလေ။

  • ရဲစည်

    September 6, 2012 at 1:36 pm

    အလွန်ကောင်းပါတယ်…
    အတုံးလိုက် အတစ်လိုက် ပညာရပ်ဆိုင်ရာ စကားလုံးတွေ ညှပ်သုံးပီး ရေးတာမျိုး မဟုတ်ဘဲ..
    ပြေပြေရှင်းရှင်းလေး ဆွဲခေါ်ပေးသွားတဲ့ စာလေးမို့ ကော်ပီကူးပီး သိမ်းထားလိုက်ပါကြောင်း..။
    အထက်ပါ အကြောင်းအရာနှင့် ပတ်သတ်လို့ မိမိကိုယ်တိုင် မေး၊ဖြေ လုပ်မှာမို့
    ပြန်လှန် မဆွေးနွေးနိူင်တာကို ခွင့်လွှတ်ပါ ….

    ခရစ်ဒစ်တူ သဂျီး
    ခရစ်ဒစ်တူ ဒေါ်ခင်မမမျိုး

  • ကိုခင်ခ

    September 6, 2012 at 2:55 pm

    ( ဒါကြောင့် လမ်းဆုံဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်သလို၊ လမ်းခွဲခြင်းရဲ့ သင်္ကေတတခုလဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သို့ပေမယ့် လမ်းဆုံကို ရန်ပြုခြင်းရဲ့ သင်္ကေတတခု မဖြစ်အောင်တော့ ဆင်ခြင်တုံတရား၊ အသိဉာဏ်တွေနဲ့ ထိန်းသိမ်းဖို့ လိုအပ်လှပါကြောင်း—-။ )

    အတော်ကောင်းတဲ့စာသားအဖြစ် အထပ်ထပ်ဖတ်ပြီး မှတ်ထားလိုက်ပြီ စာရေးသူရေ။

  • pooch

    September 6, 2012 at 3:59 pm

    ခု နောက်ပိုင်း ပညာရေးကတော့ external factor တွေကြောင့် လမ်းဆုံရောက်ခဲ့တာ ခဏခဏပါပဲ ။ ခွဲလိုက်တွဲလိုက် ပြောင်းလိုက်ပြင်လိုက်နဲ့ ။
    တကယ့်တကယ်ကတော့ လမ်းမှန်တဲ့ ပညာရေးစနစ်ကောင်းတခုပေါ်အောင် မဆွဲနိုင်သေးတာပါ။
    တဖြည်းဖြည်းနဲ့ external factor တွေကြောင့် internal factor တွေကို ကန့်သတ်လိုက်သလို ဖြစ်ပြီး တတိုင်းပြည်လုံးရဲ့ စီးပွားရေး လူမှုရေး ပညာရေး အားလုံး လမ်းပျောက်သလို ဖြစ်လာကြတာပါ။

    ခုလို လမ်းဆုံအခါမှာ ပိုလိုတောင်သတိကြီးကြီးထားဖို့ လိုပါတယ်။

  • Wow

    September 6, 2012 at 4:16 pm

    ဆုံးဖြတ်ချက်ချမထားနှင့် ဟိုလိုလိုဒီလိုလိုမြောလွင့်ခွင့် ပျောက်ဆုံးသွားလိမ့်မည်.. (သစ်ရွက်လေးလိုပဲ ငှဲ..ငှဲ..ငှဲ)
    ဘယ်ဘက်သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက်မျိုးစုံသို့ သွားနိုင်သည် … (အရှေ့ကိုလျောက်ပါလို့ အနောက်ကိုတဲ့ သွားလိုက်ရင်..)
    ဆုံးဖြတ်ချက်မရှိသောကြောင့် ဟိုဘက်သို့လဲ ယိမ်းနိုင်သည်.. သည်ဘက်သို့လဲပါနိုင်သည် (မင်းအခြေအနေကောင်းလား ငါလာမယ်နော်..)
    ဆုံးဖြတ်ချက်သည် သေချာစေ၏.. မရေရာမှုကို မသေချာမှုဖြင့်ထိမ်းထားပါ…
    ဆုံးဖြတ်ချက် ချမိသလိုဖြစ်သွားက မစိုးရိမ်ပါနှင့်.. ရှေ့ဆုံးဖြတ်ချက်ကို နောက်ဆုံးဖြတ်ချက်ဖြင့် အကြိမ်ကြိမ် စိတ်ကြိုက်ပြင်နိုင်သည်… (လုပ်မည်.. လုပ်ရန်အချိန်လိုသည်.. အလျှင်စလိုမလုပ်သင့်… စောင့်လက်စနှင့်စောင့်ပါ.. မစောင့်နိုင်လျှင် မလုပ်တော့…)

    ဆရာအော်ပီကျယ်ရဲ့ “ကျကျမ်း” ပါ… ဟီး… 😛 😀

  • kyeemite

    September 7, 2012 at 3:43 pm

    လမ်းဆုံတွေမှာ မိမိဆန္ဒ အတိုင်းမဟုတ်ပဲ
    လက်ရှိမိသားစု အခြေအနေအရ လုပ်သင့်တာကိုသာရွေးချယ်ခဲ့ရပါတယ်..
    အဲလိုလူမျိုးဟာ တဖက်ကမ်းခပ်မထူးချွန်တော့ပါဘူး
    သူလိုငါလိုသာမန်ဘဝတွေပဲ ရခဲ့ပါတယ်…
    ဒီအခြေအနေကို ထိန်းချုပ်လို့မရတဲ့ အခြေအနေလို့ပြောရမယ်ထင်ပါရဲ့…

  • တကယ့်မှတ်သားစရာစာတွေပါပဲ..ကျွန်မတို့လည်း လမ်းဆုံတွေမှာ ဘယ်လိုရွေးချယ်ခဲ့ကြပါလိမ့်…

    “အခြေအနေနဲ့ ပြဌာန်းချက်ကို စဉ်းစားပြီးတဲ့အခါမှာတော့ အချိန်အခါကို ထပ်ပြီး စဉ်းစားဖို့ လိုအပ်ပါသေးတယ်။ အချိန်အခါက ရွေးချယ်မှုတခုခုကို ချက်ချင်းမဖြစ်မနေ လုပ်ဖို့ လိုအပ်နေသလား၊ လမ်းဆုံမှာပဲ ခေတ္တ ရပ်နေလို့ ရသေးသလား ဆိုတာပါပဲ။”

  • မောင်ပေ

    September 7, 2012 at 9:41 pm

    ခေါက်ရိုးကျိုးနေတဲ့ အခြေခံလူတန်းစား ပြည်သူလူထုအနေနဲ ့ကတော့ သဘက်ခါ ဆိုတာထက် ၊ မနက်ဖန်မှာ လက်ရှိကြုံတွေ ့နေရတဲ့ အခက်အခဲတွေကို အမြန်ဆုံးအဆင်ပြေဖို ့မျှော်လင့်နေကြမယ်ထင်ပါတယ် ။
    ဦးသိန်းစိန် ၊ အမေစု နဲ ့ခေါင်းဆောင်ပိုင်းများ လမ်းဆုံကနေ အကောင်းဆုံးတွေ ဆုံးဖြတ်ရွေးခြယ်ပြီး သာယာလှပတဲ့အနာဂတ်ကို အကောင်အထည်ဖော်ကြမှာကို စောင့်မျှော်လျှက်

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 7, 2012 at 10:04 pm

    ဆရာမလည်း သိပြီးဖြစ်မှာပါခင်ဗျ
    ကျနော်တို့ဟာ မတူသောအတွေးတွေနဲ့ တွေးကြရဘာဒယ်ခင်ဗျ :mrgreen:
    ( ကျွန်မဆိုရင် ငယ်စဉ်ကတည်းက အထက်တန်းပညာ ဝိဇ္ဇာဘာသာရပ်တွေဖြစ်တဲ့ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ စတာတွေကို စိတ်ဝင်စားပါတယ်။ ရှစ်တန်းအောင်ပြီးတဲ့အခါ ကိုးတန်းရောက်ရင် ဝိဇ္ဇာလိုင်းကို ရွေးချယ်ဖို့ ခြောက်တန်းကတည်းက စဉ်းစားထားခဲ့ပါတယ်။ )
    ကျနော် သိသလောက်ပြောရမယ်ဆိုရင်တော့ အမှတ်တွေ ရာထူးတွေကို ဘေးဖယ်ပြီး
    ဝိဇ္ဇာလိုင်းကို ကြံကြံဖန် စိတ်ဝင်စားသူ ဆရာမကို လေးစားမိဘာဒယ်ခင်ဗျ
    ( မြန်မာနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာမှာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါတယ်။ အင်အားကြီးနိုင်ငံကြီးတွေရဲ့ ပါဝါဂိမ်းကစားပွဲထဲမှာ အရုပ်တရုပ်ဖြစ်နေတဲ့ နိုင်ငံတခု ဖြစ်တယ်။ )
    ဒါကတော့ ကျနော်များတို့ ရွာသဂျီး ဦးခိုင် ပြောနေကြ စကားတစ်ခုဖြစ်နေပါပြီး
    ပညာရှိတို့၏ သဘောအမြင်များသည် ထပ်တူရှိသည်ဟု ခံစားရပါသည်ခင်ဗျ
    ကြုံကြိုက်၍ ပြောရသောဝ် ဆရာမသည် အင်းဂလိပ်နိုင်ငံတွင် ဘာဆိုလား ဖြစ်သည်ဟု ကြားဘူးနားဝ
    ရှိသည့်အတွက် အလွန်အထင်ကြီးမိပါသည်ခင်ဗျ
    ( ဒီလို ပညာရှင်တစ်ယောက် ဘာ့ကြောင့် အင်းဂလိပ်နိုင်ငံရောက်သွားပါလိမ့် )

  • အရီးခင်လတ်

    October 9, 2012 at 7:22 pm

    “ဖတ်ရွေး အဖွဲ့ ကိုယ်စား”

    လူ့ဘဝ လူ့လောကမှာ ကြုံရမယ့် လမ်းဆုံတွေကို တစ်ဦးချင်းအရေးကစလို့ နိုင်ငံချင်းအရေးတွေအထိ သုံးသပ်ပြသွားတာလေးကို နှစ်သက်မိရပါတယ်။ (ဒါကြောင့် လမ်းဆုံဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်သလို၊ လမ်းခွဲခြင်းရဲ့ သင်္ကေတတခုလဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သို့ပေမယ့် လမ်းဆုံကို ရန်ပြုခြင်းရဲ့ သင်္ကေတတခု မဖြစ်အောင်တော့ ဆင်ခြင်တုံတရား၊ အသိဉာဏ်တွေနဲ့ ထိန်းသိမ်းဖို့ လိုအပ်လှပါကြောင်း) ဆိုတဲ့ နိဂုံးမှတ်ချက်လေးကလဲ မှတ်သားဖွယ်ကောင်းလှပါတယ်။

Leave a Reply