မောင်ဝါဝါ လက်ဖက်ရည်ဆိုင်ထိုင်မိခြင်းအကြောင်း

သူရႆဝါSeptember 6, 20121min1237

မောင်ဝါဝါ လက်ဖက်ရည်ဆိုင်ထိုင်မိခြင်းအကြောင်း
– သူရဿဝါ –

အိမ်မှာ ခပ်ပျင်းပျင်း ရှိတာနဲ့ မောင်ဝါဝါ မြို့ထဲ ထွက်ခဲ့သည်။ သူငယ်ချင်း ကဗျာဆရာ နည်းပညာ သမား ကြည်သာမောင် ဆီကို သွားမည်။ အခုတလော မောင်ဝါဝါ အလုပ်တွေ ရှုပ်နေတော့ စာရေးဖို့ တွေးဖို့ အချိန်က မလောက် မငှ။ ဖုန်းအကြောင်း ဖြစ်ဖြစ်၊ ဂိမ်းတစ်ခုခု အကြောင်း ဖြစ်ဖြစ်၊ ကြည်သာမောင်နှင့် စကားပြောလျှင် ရေးစရာ တစ်ခုခု ရတတ်တာ များသည်။ သူနှင့် လက်ဖက်ရည်ဆိုင် ထိုင်ပြီး အေးအေး ဆေးဆေး စကား ပြောမည်။

ကြည်သာမောင် အလုပ် လုပ်ရာ နေရာသို့ ရောက်တော့ ကြည်သာမောင်ကို “လက်ဖက်ရည်ဆိုင် သွားရ အောင်ဗျာ” ဟု ခေါ်မိသည်။ ခါတိုင်း ပြုံးရွှင်ပြီး လိုက်လာသော ကြည်သာမောင် ယနေ့တော့ “အင်း ..အဲ” နှင့် စိတ်မပါ လက်မပါ ပုံစံဖြင့် ဆင်းလာသည်။ သူ့လက်ထဲ မှာလည်း ဖုန်းနှင့် အိုင်ပက်ကို ကိုင်လို့။

“ဟေ့လူ .. ကျွန်တော့် စာရေးဖို့ ကုန်ကြမ်းလေး ဘာလေး ပေးစမ်းပါ ဦးဗျ”

မောင်ဝါဝါ ဘေးချင်းယှဉ် လျှောက်လျက်က ပြောလိုက်တော့ လှည့်ကြည့်သည်။ ပြီးတော့ မောင်ဝါဝါ့ကို ဇဝေဇဝါ နှင့် ကြည့်ပြီး စကားတစ်ခွန်းကို မသဲမကွဲ ပြန်ပြောသည်။

“ကျွန်တော့်မှာ ဝက်ဝံတစ်ရုပ် လိုနေတယ်ဗျ ..” ဆိုလား။ မောင်ဝါဝါ နည်းနည်း စဉ်းစား သွားသည်။ မေးတာနှင့် ဖြေတာလည်း တခြားစီ။ ပုံစံ ကြည့်ရတာလည်း စိတ်နှင့် လူနှင့် ကပ်ပုံမရ။ ဒီလူ .. အပများ မှီနေသလား။ လက်ဖက်ရည် ဆိုင်ကို ရောက်တော့ စားပွဲဝိုင်း လွတ်မှာ ဝင်ထိုင်ပြီး ကော်ဖီ တစ်ခွက်ဆီ မှာကြသည်။ ထိုင်ပြီး သည်နှင့် ကြည်သာမောင် တစ်ယောက် သူ့ဖုန်းကို ဖွင့်၍ ကြည့်နေ တော့သည်။ ဖုန်းများ ဝင်လာ လို့လား၊ မက်ဆေ့ချ်များ ဖတ်သလား ဆိုပြီး မောင်ဝါဝါလည်း စောင့်နေ လိုက်သည်။ ခဏနေတော့ မောင်ဝါဝါ သူ့ကို သတိ မထားဘဲ စကား ပြောမိ၏။

“ကိုကြည်သာမောင် … လုပ်ပါဦးဗျ .. ဖုန်းအကြောင်း၊ ဂိမ်းအကြောင်း ကုန်ကြမ်းလေး ရလိုရငြား …”

“အင်း ….. ဒါက ဒီလို .. ရှိတယ်ဗျ”

အင်း .. ဟု သံရှည် ဆွဲကာ ပြောတော့ မောင်ဝါဝါ ငြိမ်၍ နားထောင် နေလိုက်သည်။ တစ်ခုခု ပြောဖို့ စဉ်းစား နေသလား မသိ။ အတော်ကြာ သည်အထိ သူ့ဆီက ဘာသံမှ ထွက်မလာ။ ငါးမိနစ်လောက် နေသည် အထိ ဘာသံမှ ထွက်မလာသော ကြည်သာမောင်ကို မောင်ဝါဝါ လှမ်း၍ ကြည့်လိုက်သည်။ အလို … ကြည်သာမောင် တစ်ယောက် မျက်လုံးကြီးပြူး၊ အံကြီး ကြိတ်၊ မျက်နှာကြီး မည်းကာ သူ့ဖုန်းကို လက်ဖြင့် ဖိ၍ ဖိ၍ ပွတ်နေ သည်ကို အံ့ဩဖွယ်ရာ တွေ့ လိုက်ရ လေသည်။ မောင်ဝါဝါလည်း စိတ်မဝင်စားဘဲ မနေနိုင်။ ကြည်သာမောင်ကို မေးရ လေတော့သည်။

“ဟေ့လူ .. ခင်ဗျား အဲဒါ ဘာလုပ်နေတာလဲ”

“ဒီအကောင်တွေ များလာပြီဗျ … မနိုင်တော့ဘူး .. ပါဝါ များများသုံးမှ ဖြစ်မယ်”

သွားရှာပြီ ထင်သည်။ မအိပ် မနေ စာတွေ တစ်ချိန်လုံး ဖတ်နေ ရေးနေ ၍များ ကြည်သာမောင် ဂေါက်သွား ပြီလား။ မေးတာ တခြား၊ ဖြေတာ တခြား။ မောင်ဝါဝါ စိတ်လေ သွား၏။

“ဟေ့လူ .. ဘာတွေ ပြောနေတာလဲ .. ဒုက္ခပါပဲ … စကားလေး ဘာလေး ပြောရအောင် ဆိုနေ …”

ပြောလိုက်မှ ပို၍ပင် ဆိုးတော့သည်။ စကားပြန် မရသည့် အပြင် မောင်ဝါဝါကို မျက်လုံးလေး ဖြင့်ပင် ပြန်၍ လှန် မကြည့်တော့။ ဖုန်းကို ပွတ်နေသော လက်တစ်ချောင်းကို ဖုန်းမှ မခွာချင် ခွာချင်ဖြင့် ခွာ၍ မောင်ဝါဝါအား လက်ကာ ပြပြီး ခုနက အတိုင်း မဲ့ကာ ရွဲ့ကာ မည်းကာ ပြူးကာနှင့် ဆက်၍ ပွတ်နေ လေတော့သည်။ မောင်ဝါဝါလည်း မနေနိုင် .. သူ့အနား ကပ်၍ ကြည့်တော့မှ သင်းက ဂိမ်းကစား နေခြင်း ဖြစ်လေသည်။ သွားပြီ .. စကားပြောဖော် ရမလားလို့ ခေါ်လာ ပါတယ် .. ကိုယ့်ကို စကား မပြောသည့် အပြင် သူချွေးသံ တလုံးလုံးနှင့် ဂိမ်းကစား နေသည်ကိုပင် အအိုက်ပြေအောင် ယပ်ခပ် ပေးရမည့်ပုံ ပေါက်နေသည်။

အဲဒီ အချိန်မှာပဲ ကြည်သာမောင် ခေါင်းကို ယမ်းကာ သူ့ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။ မောင်ဝါဝါ ဝမ်းသာ သွား၏။ ဂိမ်းဆော့လို့ ပြီးသွားပြီ ထင်သည်။ စကားလေး ဘာလေး ပြောမှ ..။

“အဟဲ .. ခင်ဗျား ဘယ်လိုဖြစ်လို့ အလုပ်တွေ ဒီနေ့မှ ဒီလောက် …”

မောင်ဝါဝါ စကား မဆုံးလိုက်။ ဖုန်းကို ချလိုက်သော လက်သည် ဖုန်းဘေးတွင် ချထားသော အိုင်ပက်ဆီ ရောက်သွားကာ လှမ်းယူလိုက် ပြန်သည်။ ပြီးတော့မှ သူ့ဟာသူ တစ်ယောက်တည်း ပြောသလိုလို မောင်ဝါဝါ့ကို ပြောသလိုလိုနှင့် မျက်လုံးက အိုင်ပက်မှ မခွာဘဲ စကားတစ်ခွန်း ပြောသည်။

“ဒီကောင်လေးက သရီးဂျီလေ .. နယူး အိုင်ပက် .. ဖုန်းလည်း ပြောလို့ရတယ် .. ဝိုင်ဖိုင်လည်း သုံးလို့ရတယ် .. ဂိမ်းဆော့လို့လည်း သိပ်ကောင်း .. ဒါလေးရှိတာ .. ည ည အိပ်တောင် မအိပ်ဖြစ်ဘူး”

သူ ပြောချင်ရာ ပြောပြီးနောက် ခုနက အတိုင်းပဲ တစ်ချက်မှ မပြောင်းလဲသော မျက်နှာပေးဖြင့် ဆက်၍ နောက်ထပ် ဂိမ်းတစ်ခု ဆော့၍ နေပြန် တော့သည်။ မောင်ဝါဝါ သဘောပေါက် သွားလေပြီ။ ဒီနေ့ ကြည်သာမောင် ဆီက ဘာမှ မေး၍ ရမှာ မဟုတ်တော့။ သူ့ကိုလည်း ဘာမှ ပြော၍ ရမှာ မဟုတ်တော့။ သူကတော့ သူ့အာရုံနှင့်သူ ပွစိ ပွစိ လုပ်၍ နေလေသည်။ မောင်ဝါဝါ စိတ်ထဲမှ နေ၍ ကြည်သာမောင်ကို ကျိန်ဆဲ နေလိုက်သည်။

“ရှောက်ကောင်ကြီး … ခင်ဗျား မင်္ဂလာဆောင်တဲ့ နေ့ကျမှ အိုင်ပက်ကြီး တစ်လုံး လက်ဖွဲ့ပြီး ထည့်ပေး လိုက်ဦးမယ် .. ဒါမှ တစ်ညလုံး အဲဒါကြီးပဲ ပွတ်နေ တယ်ဆိုပြီး မင်္ဂလာဦး ညတင် မိန်းမနဲ့ ကွဲအောင် …”

စကား ပြောဖော်လည်း မရှိသော မောင်ဝါဝါမှာ ဆိုင်ထဲ ဟိုဟိုဒီဒီ ဝေ့၍ ကြည့်နေ မိသည်။ နေ့လည် နေ့ခင်း ဆိုေတော့ ဆိုင်ထဲမှာလည်း သုံးလေး ဝိုင်းသာ ရှိသည်။ ဝိုင်းတိုင်း လိုလို မှာလည်း တစ်ဝိုင်းကို အနည်းဆုံ တစ်ယောက် နှစ်ယောက် လောက်တော့ ဖုန်းတွေ၊ ကျောက်သင်ပုန်းတွေ ကိုင်ကာ ပွတ်၍ ဆော့၍သာ နေကြသည်ကို တွေ့ရ ပြန်သည်။ ဆိုင်မှ ငွေရှင်း ကောင်တာကို လှမ်းကြည့် မိတော့လည်း ကောင်တာ ထိုင်သည့် ဆိုင်ပိုင်ရှင် ဦးလေးကြီးမှာ လက်ထဲ ဖုန်း တစ်လုံးနှင့် တွီတွီ တွမ်တွမ် အသံပေါင်းစုံ ထွက်၍ ကြည်သာမောင် ကဲ့သို့ မျက်နှာမျိုး နှင့်ပင် ဆော့၍ နေပြန် လေသည်။ အော် .. လက်စ သတ်တော့ တစ်ဆိုင် လုံးမှာ လက်အား ခြေအား ဖြစ်နေတာ ဆိုလို့ မောင်ဝါဝါနှင့် စားပွဲထိုး လေးတွေသာ ရှိပါလား။ တွေးရင်း မောင်ဝါဝါတို့ ရှေ့က ဝိုင်းကို ကြည့်မိသည်။

သမီးရည်းစား ဖြစ်ပုံ ရသော ကောင်လေးနှင့် ကောင်မလေးတို့ ပူးကပ်၍ ထိုင်နေ ကြလေသည်။ သူတို့ကို ကြည့်ရတာ တခြား အတွဲတွေလို တွတ်တီး တွတ်တာ မရှိ .. တစ်ယောက်ကို ဖုန်းတစ်လုံး စီနှင့် ကိုယ့်ဖုန်းကိုယ်သာ သဲသဲ မဲမဲ ပွတ်၍ နေကြ၏။ ခဏနေတော့ ကောင်မလေးက ကောင်လေးကို တံတောင်နှင့် တွတ်ကာ … “နင် ငါ့ကို ဂရုမစိုက် ဘူးလား” ဟု လှမ်း၍ မေးလေသည်။ ကောင်လေး ကလည်း အားကျ မခံ …။

“နင်ရော ငါ့ကို အဖက်လုပ် လို့လား … နင်လည်း ဂိမ်းဆော့ နေတာပဲ”

“ဟဲ့ .. ငါက နင်များ ခေါ်မလားလို့ နားစွင့်ရင်း ဆော့နေတာဟဲ့ ..”

“ငါလည်း အတူတူပဲ … ခေါ်ချင်ရင် နင်စ ခေါ်ပါလား”

သို့သော် .. သူတို့ နှစ်ယောက်လည်း ကြာကြာ ရန်မဖြစ်နိုင်။ “အား … ဇွန်ဘီတွေ လာနေပြီ” ဟုဆိုကာ ဆော့လက်စ ကိုယ့်ဂိမ်းကိုယ် ပြန်၍ ဆော့နေကြ ပြန်လေသည်။ မောင်ဝါဝါ သံဝေဂ ရလေပြီ။ အားလပ်ချိန် ကလေးမှာ ပွတ်စရာ ရှိတာကို ပွတ်မနေဘဲ အလိုက်မသိ စကားတွေပြော၊ စပ်စု ချင်နေတာ ကိုက ငါ့အမှား။ နောင်တလေး အချိန် မနှောင်းခင် ကိုယ်လည်း ကိုယ့်ဖုန်းထဲ မရှိ ရှိတာ ရှာဆော့ ဦးမှ။ မောင်ဝါဝါ အကြံထုတ်၍ မဆုံးခင် မှာပင် …

“ဟူး … ဒီလယ်ဗယ် ကနေကို မတက်နိုင်ဘူး .. စိတ်ပျက်သွားပြီ .. လာဗျာ .. ပြန်ကြရအောင် .. အိမ်ရောက်မှ ပြန်ဆော့ တော့မယ်”

“ဟမ် …”

မောင်ဝါဝါ ဘာမှကို ပြောမနေတော့ .. ပိုက်ဆံလေး ရှင်း၍ ဆိုင်မှ ထလာ ခဲ့လိုက် တော့သည်။ ရေးစရာ ချွတ်စရာ ကုန်ကြမ်းလေး ဘာလေး ရမလားလို့ သူ့ဆီ လာမိသည်။ ကိုယ့်ကိုလည်း ဟုတ်တိ ပတ်တိ စကား တစ်ခွန်းမှ ပြောမသွား။ တစ်ချိန်လုံး ရှေ့တည့်တည့်တွင် ထိုင်ကာ မျက်ပြူး အံကြိတ် မျက်နှာကြီး မည်းကာ ဟိုပွတ် ဒီပွတ် လုပ်၍ တစ်ယောက် တည်း ပွစိ ပွစိတွေ ရေရွတ်ကာ ကြည်သာမောင် ပြန်လေပြီ။ သူ့ဆီက စကား တစ်ခွန်းမှ မရလိုက် သော်လည်း သူ့ကို ကြည့်၍ မောင်ဝါဝါ ရေးစရာတော့ ရလိုက်လေသည်။ အော် .. ဒါလည်း ရေးဖို့ အကြောင်းအရာ တစ်ခု ပေးသွားတာပဲ ဟူ၍ ကြံဖန် ကျေးဇူး တင်ရသေး တော့သည်။

နည်းပညာ ခေတ်၏ သားကောင်များ ဖြစ်ကြသော မောင်ဝါဝါတို့ ထံတွင် တပ်စခွင်ခေါ် ပွတ်ချင်တိုင်း ပွတ်၍ ရသည့် ဖုန်းတစ်လုံး အိုင်ပက် တစ်ခု တက်ဘလက် တစ်မျိုး ရှိသည် ဆိုလျှင် ဂိမ်း တစ်ခုခုကို အစဉ်အမြဲ အာရုံစိုက် ဆော့၍ နေမှသာ လူရာဝင် ခေတ်မီမည် ဖြစ်ပြီး စကားနည်း ရန်စဲ သူများ တကာနှင့် စကားမပြော ရန်မဖြစ်ဘဲ ကိုယ့်ဖုန်းနှင့် ကိုယ်သာ ပွတ်၍ ဆော့၍ ဂိမ်းနှင့်သာ ရန်ဖြစ် သင့်ကြ သည်မှာ ယခု နောက်ဆုံးပေါ် ခေတ်၏ ဘဝနေနည်း အမှန်အကန် ဖြစ်ပါကြောင်း သတင်းကောင်းကို သွန်းလောင်း လိုက်ရ ပါပေတော့သည် ချစ်ပရိတ်သတ်များ ..။

၂၂ – ဩဂတ်စ် – ၂၀၁၂

7 comments

  • ကိုခင်ခ

    September 6, 2012 at 3:11 pm

    ခင်ခတို့ စာရေးခါစက ၄ရ ပုဒ်ပြည့်အောင်အမြန်ရေးချင်တော့ မောင်ဝါဝါလို လဘက်ရည်ဆိုင်မှာ စကားပြောဖော်တော့မရှာဖြစ်ဘူး၊ လဘက်ရည်လေးတစ်ခွက်နဲ့ စီးကရက်လေးတစ်လိပ်မှာပြီး သောက်ရင်းနဲ့ ဟိုကြည့်ဒီကြည့် လုပ်လိုက်တယ် နားလေးစွင့်ထားလိုက်တယ် ပြီးတော့ဆိုင်ကပြန်တဲ့အခါ မြင်ခဲ့ကြားခဲ့ တာကို ပိုစ့်လုပ်ရေးခဲ့ဖူးတယ်ဗျာ။

  • အော်..ကိုဝါဝါရယ်… မွန်မွန်တို့ဆို ပွတ်ချင်လို့တောင် မပွတ်ရတဲ့ဘွပါ..အိုင်ပတ်မပြောနဲ့ တပ်စခွင်ဟန်းဆက်တောင် မကိုင်နိုင်ပါဘူး… :mrgreen:

    ပိုက်ဆံများရှိလို့ကတော့လေ အိုင်ပတ်တွေ၊ ကျောက်သင်ပုန်းတွေအများကြီးဝယ်ပြီး တစ်နေကုန်ကို ပွတ်ပစ်လိုက်ဦးမှာ… (ဂိမ်းဆော့တာကို ပြောပါတယ်) 🙂 🙂

    ကောင်းထှာပေါ့..စကားတွေအများကြီးပြောစရာမလိုဘူး…ကိုယ်လည်း လေကုန်သက်သာတယ်…သူများလည်း နားအေးတယ်…ကောင်းပါ့… 😛

  • Shwe Ei

    September 6, 2012 at 4:32 pm

    ပွတ်မိရင် ရပ်မရတော့ဝူးလေ ကိုဝါဝါရဲ့။ အင်တာနက်သုံးရ ဂိမ်းဆော့ရ
    ၂မျိုးထဲနဲ့တင် မအားတော့ဝူးကိုဗျ။

  • ဦးဦးပါလေရာ

    September 6, 2012 at 5:15 pm

    လူကြီးတွေ ပွတ်တာကတော့ ဟုတ်ပါဘီ..
    ကိုယ့်အချိန်ကိုယ်ဖြုန်းတာ လွတ်လပ်စွာပွတ်ခွင့်ရှိပါတယ်…
    ဒါပေသိ…
    ကလေးတွေလဲ တချိန်လုံးပွတ်နေတာတွေ့ရဖန်များတော့
    ကျုပ်စဉ်းစားမိတာက
    ကျုပ်တို့နိုင်ငံမှာ နောင်နှစ်နဲနဲကြာရင် အသိဉာဏ်ရင့်ကျက်သူတွေ ကျန်မှကျန်ပါဦးမလား…။

  • ကထူးဆန်း

    September 7, 2012 at 6:43 am

    စာရွက်လေးတွေ ဂဏန်းတွေထက် စာရင်တော့ တော်ဦးမလားလို့ ..

  • kotun winlatt

    September 7, 2012 at 12:28 pm

    အယ်…ဆြာပေ…
    ဘာတွေ ပွတ်ပွတ်…ဘေဘီရ သတုန်းးးဗျ…

Leave a Reply