စစ်တွေကျောင်းသားများ ကားခပြဿနာ ဝန်ကြီး ဖြေရှင်း

True FaithJuly 9, 20101min859

ရေးသူ – ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် နည်းပညာတက္ကသိုလ် ကြိုပို့ကားခ ၂ ဆ မြင့်တက်သဖြင့် ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှုကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း ယမန်နေ့က လာရောက် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

ကြိုပို့ကားခဈေးနှုန်းမှာ ယခင်က ၁၅ဝ ကျပ် ဖြစ်သော်လည်း ယခုလ ၅ ရက်နေ့တွင် ၃ဝဝ ကျပ်သို့ ၂ ဆ တိုးမြင့်ခဲ့သဖြင့် ကျောင်းသား ၃ဝဝ ကျော်က လမ်းလျှောက်ဆန္ဒပြကြရာ ဝန်ကြီးက ၂ဝဝ ကျပ်နှုန်းဖြင့် ပြန်လည်သတ်မှတ်ပေးခဲ့သည်။

“သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းကိုယ်တိုင် စစ်တွေကို လာပြီးတော့ အာဏာပိုင်တွေ၊ ဒကစမှူး၊ တိုင်းမှူး၊ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေကို လာတွေ့ပြီးတော့ ကားခကိစ္စကို ညှိပေးသွားတယ်” ဟု စစ်တွေမြို့ လမ်းမတော်ရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ဝန်ကြီးက ပြောသေးတယ်။ မင်းတို့ မီးရထားနဲ့ သွားခိုင်းပါလားဆိုတော့ ဆရာ၊ ဆရာမတွေက ကလေးတွေအတွက် မီးရထားနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ မြန်မြန်လည်း မောင်းလို့မရဘူး၊ နှေးတယ်၊ အချိန်မမှန်ဘူးလို့ တင်ပြတော့မှ ကားခကို ၂ဝဝ နဲ့ ဆွဲပေးဖို့ မှာသွားတာ” ဟု သူက ဆက်ပြောသည်။

စစ်အစိုးရအဖွဲ့အတွင်း တင်းမာသော သဘောထားရှိသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရုံးတဦးလည်း ဖြစ်သည်။

စစ်တွေ နည်းပညာတက္ကသိုလ်သည် မြို့အနောက်မြောက်ဘက် ၁၂ မိုင်အကွာ ရေချမ်းပြင် ကျေးရွာအနီး တည်ရှိကာ ကားလမ်း၊ ရထားလမ်းတို့ဖြင့် သွားလာနိုင်သည်။

ကားတစီးကို တိုးဝှေ့လိုက်ပါရင်း ကျောင်းတက်နေရသော ကျောင်းသားများ

ယခုလ ၅ ရက်နေ့က ကားခဈေးနှုန်း ၂ ဆမြင့်တက်သွားခဲ့သဖြင့် ကျောင်းသား ၃ဝဝ ကျော်သည် ၁၂ မိုင် ဝေးသော မြို့ပြင်ရှိ ကျောင်းမှ မြို့တွင်းသို့ ခြေလျင်လျှောက်ခဲ့ပြီး မေယုလမ်းရှိ ပြည်နယ်ကောင်စီ ပယက ရုံးရှေ့၌ ကားခမြင့်တက်မှု ဖြေရှင်းပေးရန် အော်ဟစ်တောင်းဆို ဆန္ဒပြခဲ့ကြသည်။

“အဲဒီနေ့က ကျောင်းသားတွေရော၊ မိဘတချို့ရောပေါ့။ ပယက ရုံးရှေ့မှာ ဆန္ဒပြနေကြတာ။ ကျောင်းအုပ်ကြီး ရောက်လာပြီး ကျောင်းသားတွေ ဖြစ်ချင်တာကို အဆင်ပြေအောင် လုပ်ပေးပါ့မယ်လို့ ပြောတော့မှ ည ၁ဝ နာရီခွဲလောက်မှာ လူစုခွဲသွားကြတယ်” ဟု လမ်းမတော်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

နည်းပညာ တက္ကသိုလ်သို့ ကားလမ်းအပြင် စစ်တွေ-ရေချမ်းပြင် ရထားလမ်းဖြင့် သွားလာနိုင်သော်လည်း ရထားခရီးစဉ်မှာ အချိန်မမှန်ခြင်း၊ ရထားလမ်းပိုင်း ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပေါ်ခြင်းကြောင့် ကျောင်းသားများ ကျောင်းတက်ရန် ကြိုပို့ဖယ်ရီကားများကိုသာ အဓိက အားကိုးနေရသည်။

ယင်းရထားလမ်းပိုင်းသည် ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖောက်လုပ်သော ရထားလမ်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် မေလ ၁၉ ရက်နေ့က စတင်ပြေးဆွဲခဲ့ရာ စစ်တွေမှ ရေချမ်းပြင်ရွာအထိ ရထားခ ၁ဝဝ ကျပ် ဖြစ်သည်။

“ကလေးတွေက ဖယ်ရီကားတွေကိုပဲ အဓိက အားကိုးနေရတာ။ တချို့ဆို ကားဂိတ်ကို ရောက်အောင် ဆိုက်ကားစီး သွားရတယ်။ အဲဒီမှာ ၁ဝဝ၊ ၂ဝဝ လောက် ကုန်ကြတယ်။ ကားခက ၂ ဆ ဈေးတက်လိုက်တော့ သူတို့အတွက်က ပိုခက်ခဲသွားတာပေါ့။ ငွေက မိဘဆီက လာတာလေ။ မိဘတွေကလည်း အဆင်ပြေကြတာမှ မဟုတ်တာ” ဟု ကျောင်းတက်လမ်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ယခုအခါ ဒေသအာဏာပိုင်များက ဆန္ဒပြပွဲကို ဦးဆောင်သူ ကျောင်းသားခေါင်းဆောင်ကို စုံစမ်းနေသည့် သတင်းများ စစ်တွေတွင် ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့တွင် စစ်တွေ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာ တက္ကသိုလ် ဟူ၍ တက္ကသိုလ်ကျောင်း ၃ ကျောင်း ရှိပြီး စစ်တွေတက္ကသိုလ်သည် မြို့အနောက်ဘက် ၄ မိုင် အကွာတွင် တည်ရှိကာ ကွန်ပြူတာ တက္ကသိုလ်သည် မြို့အနောက်တောင်ဘက် အကျဉ်းထောင်အနီးတွင် တည်ရှိသည်။

အလားတူ ဆန္ဒပြမှုမျိုး ၂ဝဝ၆၊ ၂ဝဝ၈ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ဖြစ်ပွားခဲ့ဖူးပြီး စစ်တွေတက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

9 comments

  • etone

    July 9, 2010 at 6:43 am

    ဒါပဲလေ ခေါင်းဆောင်ကိုရှာမယ်သတိပေးမယ် ဘာညာပေါ့ ။
    သူတို့လုပ်တာကဖြင့်အချိုးမှမပြေပဲ ။ ကိုယ့်ထမင်းကိုယ်စားပြီးပင်ပင်ပန်းပန်းကျောင်းတတ်ရသေးတယ် တတ်လာတော့ပညာရေးမဟုတ်ဘူး …။ xxx

  • char too lan

    July 9, 2010 at 7:08 am

    အဲဒီကားခတွေ အခြေခံကုန်ဈေးနှုန်းတွေကလဲ တချိန်လုံးတက်ဖို့ချောင်းနေတာပဲ တကယ်ပဲအားအားယားယား ဒါပဲစီမံနေကြတာလား

  • sususan

    July 9, 2010 at 8:25 am

    ဘန်ကောက်ခဏရောက်နေတုန်းဒါလေးသိလိုက်ရတာ
    ကျေးဇူးပါ..အဲ့လိုတွေဖြစ်နေကြလား…အော်ဖြစ်ရလေ
    ကျောင်းသားတွေသနားပါတယ်..ကျောင်းတက်တော့လည်း
    ကုန်ရ..ကျောင်းပြီးတော့လည်း..အလုပ်ကိုင်အခွင့်အလမ်းက
    နည်း..ဘွဲ့ရပြီးငုတ်တုတ်ထိုင်နေတာတွေ..တပုံကြီး…

  • လင်းဝေကျော်

    July 9, 2010 at 9:11 am

    အလကားနေရင်းဘာကိစ္စ ဈေးနှုန်းတွေက တက်နေရတာတုန်း။
    ဒီဇယ်ဈေးတက်လို့ ပြောဦးမယ်။
    ရထားလမ်းလေး ၁ဝမိုင်ကျော်တောင် ဖြောင့်အောင်မဖေါက်နိုင် မပြေးနိုင်ပဲ
    ဘာမှ ပြောမနေနဲ့တော့…………။ ခိုးတာတွေက လွန်လွန်းတယ်။
    လမ်းက ဖေါက်ပြီး တီဗွီထဲပါပြီးသွားရင် ပျက်သွားပြီ။

  • cobra

    July 9, 2010 at 11:20 am

    မှန်လိုက်တာကိုလင်းဝေကျော်ရယ်….။အကုန်လုံးပြောတာတွေမှန်လွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး။

  • tweety

    July 9, 2010 at 12:04 pm

    sususan ပြောတာကိုထောက်ခံတယ်

  • azure

    July 10, 2010 at 3:40 am

    ကျောင်းသူ ကျောင်းသားတွေရေ ကိုယ့်ထမင်းကိုယ်စားပြီးကျောင်းတက်ကြပါကွယ် ဘာမှလျှောက်မလုပ်ကြပါနဲ့ တော်ကြာ ကျောင်းတွေပိတ်လိုက်ရမှဖြင့် မတွေးဝံ့စရာကြီးနော် ကားခ 150 ကျပ်ကနေ 300 ကျပ်ဖြစ်တာများ ဘာမှအထူးအဆန်းမှမဟုတ်တာ အရင်ကလည်း ဒီအတိုင်းဖြစ်နေကြပဲဟာကို

  • zamte

    July 10, 2010 at 6:21 am

    ကျောင်းသူကျောင်းသားတွေက ကိုယ့်ထမင်း ကိုယ်စားပြီး ကျောင်းတက်နေရတာပါကွယ်။ ဘယ်သူမှ လာမကျွေးပါဘူး။ ကျောင်းကို မြို့ထဲမှာ ဖွင့်လို့ရရဲ့သားနဲ့ ၁၂ မိုင် ဝေးတဲ့နေရာပို့ထား၊ လွယ်တာကို ခက်အောင်လုပ်ထားလို့ ခုလိုတွေ ဖြစ်နေရတာပါ သူငယ်ချင်း azure ရေ။ ဒါလည်း မင်းသိလောက်ပြီး ဖြစ်မှာပါ။ ကားခက ၁၅ဝ ကျပ် ဈေးတက်တာက မပြောပလောက်ဘူးလို့ ထင်ရပေမယ့် ကားခတင် အသွားအပြန် ၃၀၀၊ တခြား ဘာကြေး ညာကြေးနဲ့ မုန့်ပဲသရေစာ ထည့်တွက်ရင် တနေ့ ၅၀ဝ တော့ အနည်းဆုံးပါ။ ဒီငွေက နေ့တိုင်းကုန်ကျနေတော့ ဆင်းရဲတဲ့ ကျောင်းသားတွေ ဘယ်လိုလုပ် ကျောင်းတက်နိုင်ပါတော့မလဲ။ အုပ်ချုပ်သူ အစိုးရဆိုတာ ပြည်သူတွေရဲ့ အခွန် အခ ယူသလို ပြည်သူတွေ အဆင်ပြေေအောင် ဆောင်ရွက်ပေးရမှာ သူတို့တာဝန်ပါ။ ဒါကို မျက်ကွယ်ပြုြ့ပီး တခုခုဆို ဖမ်းမယ်။ ဆီးမယ်။ ကျောင်းပိတ်ပြစ်မယ် စသဖြင့် ရပ်ကွက်ထဲက လူမိုက်ပုံစံလုပ်နေတော့ ဘယ်လိုလုပ်မလဲ သူငယ်ချင်းရဲ့။ ကျနော်ပြောတာ သဘာဝမကျရင် ငြင်းချက် ထုတ်နိုင်ပါတယ်။

  • winne

    July 12, 2010 at 9:50 am

    ဟုတ်တယ် ဆင်းရဲတဲ့ သူတွေများ တနေ့ ၅၀ဝ ဆိုတာ တကယ်ကို ရှာရခက်တာ မလွယ်ကြဘူး

Leave a Reply