မောင်တစ်ထမ်း မယ်တစ်ရွက်မှသည် ရှေ့သိုချီ…..အပိုင်း(၁)

“တော့ ကိုဖိုးအေး…ထတော့လေရှင်…တော်ကလဲ အအိပ်ကြီးပါ့။ ကျုပ်မှာဖြင့် ရွာဦးကျောင်းက မနက် တုုံးမောင်း မခေါက်ခင်ကတည်းကထပြီး
နွားစာကျွေး၊ ထမင်းဟင်းချက်ပြုတ်နေရတာ..။ စာရင်းငှားတွေတောင် ယာထဲသွားနေကြပြီ..။ ကဲ..ထတော့ မျက်နှာမြန်မြန်သစ်ပြီး ယာထဲကို
ယာထဲကိုလိုက်သွား…။ ကျူပ်ထမင်းကြမ်း လာပို့ပေးမယ်။ ”
မလှပုံ၏ မရပ်မနားစကားသံကြောင့် အိပ်ယာထက်မှာ အသာကွေးနေသည့် ကိုဖိုးအေး တစ်ယောက် ဆတ်ကနဲခေါင်းထောင်ထသွားပါတော့၏။

“ဪ..အေးအေး..။ လှပုံရယ် ဖြည်းဖြည်းနိုးပါဟ..။ ဒီနေ့ယာထဲမှာ မြေပဲကြဲမယ့်ရက်ဆိုတာ ငါသိပါတယ်။ ညက နွားစာတွေပြီးအောင် စဉ်းနေရလို့
အိပ်တာနောက်ကျသွားပြီး မနိုးတာပါဟ။ ဒါဆို မျက်နှာသစ်ပြီး ငါယာထဲလိုက်သွားတော့မယ်..။ ကလေးတွေကို ရွာဦးကျောင်းမှာ စာသင်ဖို့သေချာ
သေချာလုပ်ပေးပြီးသွားရင် အဆာခံစာ စားဖို့ လာပို့လှည့် လှပုံ..။ ကဲ ငါသွားပြီ..။”

“ဟုတ်ကဲ့ပါ..ကိုဖိုးအေးရယ်..။ ကျုပ်သိပါတယ်..။ ဟိုဖက်ရွာက အရီးစိန်တို့က သူတို့စိုက်ဖို့ မျိုးမြေပဲ ဝယ်ချင်လို့မှာထားတယ်..။ အဲဒါ ရှင့်တူ
သာအေးကို လှည်းနဲ့သွားပို့ခိုင်းရဦးမယ်။ ကဲ..ကဲ ကျမလဲ ထမင်းအိုး နောက်တစ်လုံး ထမင်းရည်ငဲ့ရဦးမယ်..။ဟော ပြောရင်းဆိုရင်း ထမင်းအိုး
တောင်ဝေနေပြီတော့…။”

ဒီလိုနဲ့ လင်ရယ်၊ မယားရယ် မိုးလင်းမိုးချုပ် အလုပ်နဲ့လက်နဲ့မပျက်၊ ဒိုးတူဘောင်ဘက် စီပွားရှာ။ သားသမီးတွေကိုထိန်းကျောင်ရင်း တက်ညီလက်ညီ ဘဝကို
ရုန်းကန်ဖြတ်သန်းကြတော့ ….”မောင်တစ်ထမ်း၊ မယ်တစ်ရွက် ” …ဘက်ညီလှသဗျာ….။
ဒီလိုနဲ့ ခေတ်က………………???
——————————————————————————————————–

” ဟဲ့..မိုးမိုး..နင်ကဘယ်တုန်း။ ဒီမနက်စာ ငါကဘာနဲ့စားရမှာလဲ…။ကလေးတွေလဲ ကျောင်းသွားကြို ရဦးမယ်။ ညနေ ငါမအားဘူးနော်..။
ပွဲတွေ စောစောရှိတယ်…။ ”

” အို…ရှင်ကလဲ လမ်းထိပ်ဆိုင်က ဟင်းတစ်ပွဲလောက် ဝယ်စားလိုက်တော့ရှင်။ ကလေးတွေ ကျောင်းကနေ လူကြုံနဲ့ လိုက်လာဖို့မှာထားတယ်။
ကျမ ဒေါ်အေးသန်းတိုနဲ့ ဘိုးတော်ပေါက်ဆီ သွားဖို့ချိန်းထားတယ်။
ဒိနေ့ သူ့မွေးနေ့မလို့ တစ်ကွက်တည်း ဘိုးတော်က အပိုင်ပေးမှာတဲ့..။ ရှင်နဲ့စကားပြေနေတာနဲ့ နောက်တောင်ကျနေပြီ။ ကျမတို့က အချိန်နဲ့
အလုပ်လုပ်နေရတာရှင့်..။ တစ်ခါတစ်လေ ကိုယ့်မိန်းမ အလုပ်ကို နားလည်ပေးစမ်းပါ..။ ကျမက အပျှော်လုပ်နေတာမဟုတ်ဘူူး တော်ရေ..။
စီးပွားရေးလုပ်နေတာရှင့်..စီးပွားရေး…။

“တောက်!..ဒီမိန်းမနဲ့တော့ကွာ……”

ပြောပြေး ပြေးသွားတဲ့ မိန်းမဖြစ်သူ မိုးမိုး ကိုမကျေမချမ်းရေရွတ်လိုက်ရင်း ရဲနိုင် တစ်ယောက် ဆေးပေါ့လိပ်အတိုကိုဖွာကာ ဘောလုံးဂျာနယ် တစ်စောင်ကို
ကောက်ကိုင်ဖတ်နေတော့သည်။

သိပ်မကြာလိုက်…. “ဟေ့ကောင်ရဲနိုင် ဒီညဘာပွဲတွေ ကောင်းလဲကွ ”
အသံနှင့်အတူဝင်လာတာက ဘောလုံးလောင်းဖော်လောင်းဖက် ရဲနိုင်ရဲ့ သူငယ်ချင်းဖြစ်သူ ချိုကြီး….။

“အေး..ဒီညတော့ ခရိုအေးရှားနဲ့ အပျိုလေးများ ပွဲ ရှိတယ်ကွ…။ ကြေးကတော့ ၁လုံးအရှု့းံ၊ ၂လုံးသွင်းမှ နိုင်မှာဆိုတော့ကာ..ငါကတော့
အပျိုလေးများဘက်က အောက်ကြေးထိုင်တာ သေချာမယ်ထင်တယ်။ ဒါနဲ့ မင်းရော ဘာကြိုက်လဲ ချိုကြီး”

“ဒီည ငါကတော့ ဂျူဗင်တပ်နဲ့ မအူပင်ကလပ် ပွဲမှာ ဂျူဗင်တပ်ကိုကြိုက်တယ်။ လီဗာပူးနဲ့ ဘီယာဗူး ပွဲကိုတော့ ဘီယာဗူး ဘက်ကပဲချမယ်ကွာ.
ကြေးတွေကလဲ တန်တယ် ရဲနိုင်ရ..။ ”

” အိုကေ ချိုကြီး..။ စောစောလာမယ့် ပွဲတွေဆိုတော့ ..ညနေကျရင် သံလုံးအရက်ဆိုင်က ငါ့ကိုစောင့်နေကွာ..။”
———————???
ထမင်းမေ့၊ ဟင်းမေ့ ၂ လုံးထီနောက်လိုက်နေတဲ့ မိုးမိုးတစ်ယောက် အိမ်အပြန်လမ်းကတော့…………
“ဒေါ်အေးသန်းရေ.. ဒီနေ့လဲ ဘိုးတော်ပြောတဲ့ ၆ပါတ် လိုက်တာ ကွဲပါလေရောရှင်။ ကျမနားမှာလဲ နားကပ်တောင်မရှိတော့ဘူး..။ အိမ်က
တစ်ယောက်နဲ့တော့ ပြသာနာတက်ရ ဦင်္းမယ်ထင်တယ်..။ စိတ်ညစ်လိုက်တာ..။”\

“ဒီင်္နေ့မှ မှားတာပါ ကောင်မရယ်..။ မနေ့က တစ်ကွက်တည်းပေးတာ ငါတို့ဘာသာ မအာ လိုက်မိလို့ မပေါက်တာ ။(အာ ဆိုသည်မှာ…
အပြန်အလှန်ကိုဆိုလိုသည်..။)…ဟဲ့..ဟဲ့..မိုးမိုး ဟိုမှာ ညည်းလင် ရဲနိုင်။ ငါသွားပြီနော်..မနက်ကျရင် စောစောလာဦး ..။”

အရက်ဆိုင်မှာ အရက်သောက်ရင်း ဘောလုံးပွဲရှုံးနေတဲ့ ရဲနိုင်တစ်ယောက် မိန်းမဖြစ်သူ မိုးမိုးကို မြင်လိုက်တော့ ကဗျာကယာထရင်း မျက်နှာချိုသွေးကာ..
“မိန်းမ..အေ့..။မိန်းမ ဒီနေ့ ဘိုးတော်ပြောတဲ့ အပိုင်တစ်ကွက် ပေါက်ရဲ့လား..နောက်ပွဲတစ်ပွဲလောက် ကိုယ် ဆက်လောင်းချင်လို့..အဟဲ..”

“၆ပါတ် လိုက်မိလို့ကွဲရတဲ့ကြားထဲ ရှင်ကတစ်မျိုး..။ ရှင်ဘောပွဲနိုင်ရင် မနက်ဖြန် ပိုက်ဆံနည်းနည်းလောက်ပေးစမ်းပါဦးရှင်..။မနက်ဖြန် ..
တစ်ကွက်ဆိုမှ တစ်ကွက်ထဲ အပိုင်ပေးမှာတဲ့..။”

“ဟ..ငါတောင် ဘောလုံးပွဲရှုံးနေ ပါတယ်ဆိုမှ..။ ဒါနဲ့ မင်းတစ်ကွက် တစ်ကွက် အပိုင်ဆိုတာကြီးကလဲ အကြိမ်ပေါင်းမနဲတော့ဘူးနော်“

“ရှင့်ဘောလုံးကရော..အပိုင် အပိုင် ဆိုတာနဲ့ ကုန်ပေါင်းမနည်းတော့ဘူး။ ကျမ တစ်ကွက် လောက်သာရလိုက်ရင် ရှင့်ထက်သာတယ်။”

“ဟာကွာ..ဒီမိန်းမတော့ ဘယ်သူ့အားကိုနဲ့ ငါ့ကို လာပြောနေလဲ..။ မင်းကွာ….ငါကွာ..”

“ဘာ..ရှင်ကများ ကျမကို လက်ရွယ် ခြေရွယ်နဲ့…လာခဲ့စမ်း ကိုရဲနိုင်…”

“………….! @ # % $ & * @ $ % $ ! @ &p;…………. ”

တက်ညီလက်ညီနဲ့ကို… “မောင်တစ်လုံး၊ မယ်တစ်ကွက် ” …ပါပဲဗျာ..။
—————————————————————————————————–

3 comments

  • အရီးခင်လတ်

    September 14, 2012 at 4:08 am

    အားရပါးရ အားပေးရင်း ဖတ်သွားပါတယ် ရာဇဝင်လူဆိုး ရေ။ 🙂

    ဘာလုပ်လုပ် တက်ညီလက်ညီနဲ့ကို ဦးတည်ရာ တူနေရင် ရန်သာဖြစ်ရင်ဖြစ်မယ်၊ တစ်ယောက်နဲ့တစ်ယောက် ဆဲဆိုပြီးသာ နေရင်နေမယ်။
    လင်မယား ကွဲစရာမရှိ။

    ဦးတည်ရာ မတူတော့ရင်သာ ပါးစပ်ပိတ် စစ်အေးတိုက်ပွဲ တွေ အပြီး ရုံးတော်မှာ ဒုတိယအကြိမ် နှစ်ဦးသဘောတူ လက်မှတ်ထိုး ကြသူတွေ မနည်း။

  • ကြောင်ဝတုတ်

    September 14, 2012 at 4:52 pm

    ကျွန်တော်တို့ နိုင်ငံမှာ နေစဉ်စီးပွားရေးက ချူချာလေတော့ ကံကိုယုံပြီး ဂဠုန်ဆားချက်ရင်း ဆူးပုံနင်းမိကြတာတွေ မနည်းပါဘူး…
    နောက်ပိုင်းမှာ ဝမ်းရေးကနေ… လွမ်းရေးဖြစ်လာလောက်အောင် လောင်းကစားစွဲတာမျိုးကိုတော့ သဘောမကျပါဘူး…
    အတတ်နိုင်ဆုံး လောင်းကစားမလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်…. ဟိုလူကြီးကြားလား…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ရာဇဝင်လူဆိုး

    September 14, 2012 at 5:38 pm

    အရင်ခေတ်ကတော့ လုပ်စရာအလုပ်ဆိုလို့ လယ်မြေကိုင်းကျွန်းကိုပဲ အဓိက လုပ်စရာရှိခဲ့တာပေါ့။ ဒီဘက်ခေတ်ရောက်တော့ ခေတ်အတွေး ခေတ်အမြင်လေးနဲ့ အလုပ်တစ်ခုခုကို တက်ညီလက်ညီ လုပ်နေရမယ့်အစား လောင်းကစားကို လင်ရော မယားပါ ဘက်ညီနေတော့ စီးပွားရေးက နှဲသမားပါးစပ်လို ပိန်လိုက်ဖောင်းလိုက်။ အိမ်ထောင်တာဝန်နဲ့ သားသမီးအရေးတွေပါ လစ်ဟင်း၊ အိမ်ထောင်ရေအဆင်မပြေဖြစ်ပြီး ကွဲကြကွာကြဆိုရင် ကလေးတွရဲ့ အနာဂါတ်ပါ ထိုခိုက်လာနိုင်ပါတယ်။ တစ်ယောက်ယောက်က အလွန်အကျွံလုပ်နေရင် ကျန်တစ်ယောက်က ဝင်ထိန်းပေးသင့်တယ်။ ခုလို “ မောင်တစ်လုံး၊ မယ်တစ်ကွက်” ဘက်ညီနေရင်တော့ဖြင့်…:P
    လောင်းကစားဆိုတာ ရှုုံ့းရင် ရှုံးမဲ မဲ တတ်လို၊ နိုင်ရင်လဲ လောဘကထပ်တက် လာတတ်တော့ စိတ်ကို ထိန်းချုပ်ပြီး လုပ်မယ်ဆိုရင်ဖြင့် ဘာမှမသေချာပေမယ့် အရမ်းမဆိုးဝါး သွားနိုင်ဘူး မြင်မိပါကြောင်း..။
    အရီးနဲ့ ကိုဝတုတ်ရေ ကိုယ်ပိုင်အမြင်လေးတွေနဲ့ ဆွေးနွေးသွားလို့ ကျေးဇူးပါ။

Leave a Reply