ရယ်ကာ မောကာ အွန်လိုင်းကမ္ဘာ

သူရႆဝါSeptember 7, 20121min1529

ရယ်ကာ မောကာ အွန်လိုင်းကမ္ဘာ
– သူရဿဝါ –

တစ်နေ့တွင် အင်တာနက်ဆိုင် ဖွင့်ထားသည့် သူငယ်ချင်း တစ်ဦးက မောင်ဝါဝါ အား သူ့ အင်တာနက် ဆိုင်တွင် အခြေခံ အင်တာနက် အသုံးပြုနည်း သင်တန်း ဖွင့်၍ သင်ကြား ပေးရန် အကူအညီ တောင်းခံ လာသည်။ သူ့ သနားစရာ အပြောမှာ ယခု အချိန်မှာ အင်တာနက် ဆိုင်များတွင် Pfingo တို့၊ Skype တို့ကဲ့သော VOIP ဖုန်းခေါ်ဆိုမှု များကို ပိတ်ပင် ထားသဖြင့် အဓိက ဝင်ငွေ လျော့နည်း သွားကြောင်း၊ အင်တာနက် ကော်နက်ရှင် ဆိုသည်ကလည်း ဓါတ်လှေကားလို အချိန်ပြည့် အပေါ် တက်လိုက် အောက် ဆင်းလိုက် ဖြစ်နေ သဖြင့် သုံးစွဲသူများ တစ်နေ့တခြား နည်းနည်း လာကာ ဆိုင်ကို လူအဝင် နည်းသဖြင့် ပိုက်ဆံ မရကြောင်း၊ ဒီအတိုင်းသာ ဆက်သွားလျှင် ဒေဝါလီ ခံရမည့် ကိန်းသို့ ဆိုက်ရောက်ကာ အကျီ င်္ ပုဆိုး မကျန် ပေါင်နှံ၍ အရှက်ပြေ ဝင်ပုန်း နေစရာ ဖျာလိပ်ပင် အိမ်တွင် ကျန်မည် မဟုတ်ကြောင်း ဖြစ်၏။

ဒီတော့ သူ စဉ်းစား မိတာက ယခုအခါ အင်တာနက် သုံးသူတွေ အရမ်း များလာသဖြင့် သူ့ဆိုင်တွင် အခြေခံ အင်တာနက် အသုံးပြုနည်း သင်တန်းကို တစ်ဦးလျှင် ခုနစ်ထောင် ရှစ်ထောင်နှုန်း ခန့်ဖြင့် ဖွင့်လှစ်မည် ဆိုလျှင် အနည်းငယ် အဆင်ပြေ လာနိုင်ကြောင်း ပြောဒ။ ထို သင်တန်းကို မောင်ဝါဝါက သင်ကြား ပေးဖို့ အကူအညီ တောင်းခြင်း ဖြစ်သည်။ မောင်ဝါဝါလည်း ကိုယ်တိုင်က အားအား ယားယား ဖြစ်နေ သည်က တစ်ကြောင်း၊ ထိုသို့ သင်ကြားရေး အလုပ်ကို ဝါသနာ ပါသည်က တစ်ကြောင်း ကြောင့် သူ့အဆိုကို လက်ခံ လိုက်သည်။ ဒီတော့ ၎င်းက တစ်ဆင့် တက်၍ ပြောပြန်သည်။

အခုနောက်ပိုင်း ဖွင့်ကြသော အခြေခံ အင်တာနက် သုံးနည်း သင်တန်း များတွင် ဂျီမေးလ် ဂျီတော့ အသုံးပြုနည်း၊ ဂူဂယ်လ် ဆာ့ချ် အင်ဂျင်တွင် မွှေနှောက် ရှာဖွေနည်း၊ ဖေ့စ်ဘုတ် သုံးနည်း၊ ချက်တင် ထိုင်နည်း၊ ဘလော့ဂ် ရေးနည်း စသဖြင့် အစုံစုံ အဖုံဖုံ သင်ကြား ပေးကြ သဖြင့် သူ၏ သင်တန်းတွင် အခြား နေရာများနှင့် မတူ တမူထူးသော နည်းလမ်း တစ်ခုကို သင်ရိုး ညွှန်းတမ်းတွင် ထည့်ပြီး သင်ကြား ပေးလျှင် သင်တန်း တက်ချင်သူ ပိုများ လာနိုင် သည်ဟု ဆို၏။ အော် .. သူ့ဆန် စာ၍ ရဲရတော့မည်၊ မောင်ဝါဝါ စဉ်းစား ရလေပြီ။ သူများတွေ မသင်တဲ့ ဘယ်လို ဟာကို အထူး အဆန်းလုပ် ထည့်၍ သင်ရမလဲ။ နောက်ဆုံး ကြံရာ မရသည်နှင့် ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော် မယ်ဟု အားတင်း လိုက်သည်။ အွန်လိုင်း ပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွား လေ့လာပြီး လူအများစု ပြုလုပ် အသုံးချလေ့ ရှိသည့် ကိစ္စရပ် အချို့ကို ထည့်ပြီး ပြန်လည် သင်ကြား နိုင်ရင် ကောင်းမှာပဲဟု တွေးမိ၏။ အဲဒီကျမှ အရင်က မောင်ဝါဝါ အသေအချာ သတိ မထား မိခဲ့သော အရာတွေကို ဘွားခနဲ တွေ့ရ တော့သည်။

အွန်လိုင်း ပေါ်တွင် တစ်ဦးနှင့် တစ်ဦး ချက်တင် လုပ်ကြသည့် အခါဖြစ်ဖြစ်၊ လူမှု ကွန်ယက် ဟူသော ဆိုက်များ တွင် ကော်မန့် ပေးကြသည် ဖြစ်ဖြစ် သဘောကျ အူမြူး ကြသည့် အခါတွင် ဖြစ်ဖြစ်၊ အများဆုံး ပြုလုပ်လေ့ ရှိသည့် အလုပ်မှာ ရယ်ခြင်းပင်။ အပြင်မှာ ရယ်တာ မဟုတ်ဘဲ အွန်လိုင်းမှာ စာသားတွေ၊ သင်္ကေတ တွေနဲ့ ရယ်ရတာ ဆိုတော့ ပိုပြီး ပညာသား ပါသည်။ တစ်ဦးနှင့် တစ်ဦး ရယ်ပုံ ခြင်းလည်း မတူကြ။ သင်္ကေတ တွေနှင့် သူလို ကိုယ်လို ရယ်ကြ တာက 🙂 တဲ့၊ 😀 တဲ့၊ 😛 တဲ့။ 🙂 မှာ ပြုံးရုံ ပြုံးခြင်း ဖြစ်သည်ဟု မောင်ဝါဝါ ခံစားရသည်။ အဲ .. 😀 ကျတော့ သဘောတကျ နှစ်နှစ် ခြိုက်ခြိုက် ရယ်တာ။ 😛 ကျတော့ တစ်ဦးဦးကို စနောက် ပြီးလျှင် လျှာထုတ်၍ ပြောင်ပြသည့် သဘော။ အင်္ဂလိပ် စာလုံး လေးတွေ သုံးပြီး ရယ်တာကို မောင်ဝါဝါက အဲ့သလို တစ်မျိုးစီ အဓိပ္ပါယ် ဖွင့်ထားသည်။

တချို့ကျတော့ အဲဒီလို သင်္ကေတ လေးတွေနှင့် ရယ်ရတာကို အားမရ။ မြန်မာလို စကားလုံး အလုံးလိုက် ရေးကာ ရယ်ကြ ပြန်သည်။ တစ်ခုခုကို အားရ ပါးရ သဘောတကျ ရယ်ချင်လျှင် “ဟားဟား” တို့ “ဟီးဟီး” တို့၊ ကိုယ့် အားနည်းချက် တစ်ခုကို သိသွားသော သူငယ်ချင်း တစ်ယောက်က အဲဒါကို ဖော်ကောင် လုပ်လျှင် မချိ သွားဖြဲ လေးနှင့် “အဟီး” ပေါ့။ ကိုယ်က သူများကို နိုင်ကွက် တစ်ခု ရှိပြီ ဆိုလျှင်တော့ အမြင်ကပ် စရာပင် ကောင်းလောက်အောင် “ဟဲဟဲ” ဟု အပေါ်စီး လေသံနှင့် ရယ်ကြသည်။ တချို့ ကောင်မလေး တွေကတော့ အပြင်မှာ လိုပဲ ပဲကလေးနှင့် .. “ခိခိ” တို့၊ “ခစ်ခစ်” တို့ ဆိုပြီး မထိခလုတ် အသည်းယား အောင် ရယ်တတ် ကြသေးသည်။

တချို့ ကျတော့ သူများနှင့် မတူ။ အသစ် အဆန်းတွေ ထွင်ကာ ရယ်ကြသည်။ “ငိငိ” တဲ့၊ “ကွိကွိ” တဲ့၊ “ငွိငွိ” တဲ့။ ဘယ်လို ကြီးမှန်းလည်း မသိ။ တချို့ကျတော့ ရယ်တာတောင် ဆရာကြီး လေသံနဲ့ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ ရယ်ကြသည်။ “ဟဟ” တဲ့၊ “အဟစ်” တဲ့၊ “အဟက်” တဲ့၊ “ဟတ်ဟတ်” တဲ့။ အဲဒါမျိုးတွေ တွေ့လျှင် မောင်ဝါဝါ ရယ်ချင် စိတ်ကို ထိန်းမရ။ အော် .. ရယ်တာတောင် ဆရာကြီး ရယ်နည်းနှင့် သာမာန် ရယ်နည်း ဟူ၍ ကွဲသေးသည် ဟူ၍ ကြံကြံဖန်ဖန် တွေးမိသည်။ အဲဒီ အချိန်မှာ ပြန်ပြီး ခေတ်စား လာသည့် ရယ်နည်း တမျိုးက ကာတွန်း ရုပ်ပြ တွေထဲမှ ရယ်ပုံတွေ ဖြစ်၏။ အချို့က သမိန် ပေါသွပ် ကာတွန်း ထဲမှ ပုံစံဖြင့် “ဘူးထွားဟားဟား” တို့ ဘာတို့ လုပ်ကြသည်။ ကောင်မလေး အချို့ ကျတော့ ရှင်ဂွမ်းဂွိ ပုံစံပေါ့။ “ရယ်ရတယ်တော့ .. ဗြဲ” တဲ့။

အခုတော့ မောင်ဝါဝါ သဘောပေါက် သွားလေပြီ။ အခြား သင်တန်း တွေနှင့် မတူသည့် အွန်လိုင်းမှ ရယ်နည်း ပေါင်းစုံကို ထည့်သွင်း သင်ကြားရန် ဆုံးဖြတ် လိုက်သည်။ ထိုသို့ဖြင့် လူမှု ဆက်ဆံရေး ကွန်ယက် ဝက်ဘ်ဆိုက်များ၊ ချက်တင် လုပ်ခြင်းများ အတွက် အထူး အထောက် အကူ ပြုမည့် ချက်ပ်တာ အဖြစ် ခေါင်းစဉ် တပ်၍ အွန်လိုင်းမှ ခေတ်ပေါ် အထူး အထွေ အဆန်း အပြား ရယ်နည်း များကို မောင်ဝါဝါ အခြေခံ အင်တာနက် အသုံးပြုနည်း သင်တန်းတွင် ထည့်သွင်း သင်ကြား လိုက်ရာ မောင်ဝါဝါ၏ သင်တန်း မှာလည်း နေ့ချင်း ညချင်း နာမည်ကြီးကာ နိုင်ငံခြား ဘာသာ များသို့ပင် ဘာသာ ပြန်ဆို၍ ၎င်းတို့ နိုင်ငံများရှိ အင်တာနက် အသုံးပြုနည်း အခြေခံ သင်တန်း စာအုပ်များ တွင်ပင် “မြန်မာ့ အင်တာနက် ရယ်နည်းများ” ဟူ၍ ထည့်သွင်း သင်ကြား ရသည် အထိ ကမ္ဘာကျော် သွားလေ တော့သည်။

၃ဝ – ဩဂတ်စ် – ၂၀၁၂

9 comments

  • Moe Z

    September 7, 2012 at 3:25 pm

    🙄
    🙂
    😀
    😛
    :mrgreen:
    😆
    👿

  • မောင်ပေ

    September 7, 2012 at 3:31 pm

    အများနဲ့မတူ အပနားနဲ့ကြူတဲ့ မြန်မာအင်တာနက် ဘူကြဲနည်းများ . မြန်မာအင်တာနက် ဆူကြော်နည်းများကိုလဲ ဆက်ပြီးပြုစုပေးပါခင်ဗျ
    ဟီဟိ

  • Inz@ghi

    September 7, 2012 at 3:32 pm

    ကျုပ်တို့ သဂျီး ကျတော့

    အာ..ဟိ
    တဲ့လေ..

    :mrgreen:

    ညင်းညင်း

    😛

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 7, 2012 at 9:00 pm

      ကျုပ်ဂို အစိမ်းယောင်နဲ့ သွားဖျဲပျဒါဂို
      ဘယ်လိုရေးတယ်ဆိုတာ သင်ပေးဘာဗိုလ်မှူး
      ( သူဂ သုံးပွင့် ကျုပ်ဂ နှစ်ပွင့်ဆိုဒေါ့ အလေးပြုရမှာပေါ့ )

      • Moe Z

        September 7, 2012 at 9:07 pm

        : ဒါလေးရယ် mrgreen ဆိုတာလေးရယ် ပြီးရင် : ဒါလေးနဲ့ပြန်ပိတ် ရပြီ သင်တန်းကြေး ၅ ထောင်ကျပါတယ် :mrgreen:

        • မိုက်ကယ်ဂျော်နီအောင်ပု

          September 7, 2012 at 9:35 pm

          :mrgreen:

  • ခိခိ.. (ပဲနှင့်ရယ်သည်။)
    ဟီးဟီး..(အမှန်အကန်သဘောကျစွာရယ်သည်။)
    ဟားဟား…(အားပါးတရအော်ရယ်သည်။)

    ရယ်နည်းသုံးမျိုးဖြင့်ရယ်ရင်း ဖတ်သွားပါကြောင်း….

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 7, 2012 at 9:03 pm

    ဟဲ့ တရပ်ကွက်လုံး ဒါဘဲတော်
    ဗျန်းဗျန်းဗျန်း

Leave a Reply