ပထမဆုံး အမျိုးသမီးဝန်ကြီး

အဇဋာSeptember 10, 20121min1938

သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်လာရာ နှစ်ပေါင်းခြောက်ဆယ်ကျော်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။

ဩဂုတ်လ ၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့သော ဝန်ကြီးနှင့် ဒုတိယစာရင်းအရ ယခင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သော ဒေါ်မြတ်မြတ်အုန်းခင်မှာ ရာထူးတိုးကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်သွားသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစ၍ ယနေ့အထိ ရေတွက်လျှင် အာဏာသိမ်း စစ်အစိုးရများ အပါအဝင် အစိုးရ ခုနှစ်ခုမြောက်ဖြစ်နေချိန်တွင် ဗဟိုအစိုးရတွင် အမျိုးသမီးဝန်ကြီး ရရှိသည်မှာ ယခုတစ်ကြိမ်သာ ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ သမိုင်းမှာ၊ ကျွန်တော်ကြုံခဲ့သလောက် အမြင့်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ဒေါ်ခင်ကြည် ဖြစ်ဖူးတာပဲရှိတယ်၊ ဒိအပြင်တော့ အမျိုးသမီးတွေကို ဝန်ကြီးရာထူးမျိုးပေးတာတော့ မရှိဘူး” ဟု အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြီးတန်းခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင် ကပြောသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၏ လုပ်ငန်းစဉ်အောက် ပြန်လည်ထူထောင်ရေး လုပ်ရန် အစိုးရအဖွဲ့တွင် ဘတ်ဂျက်အခက်အခဲရှိနေသည်ဟု ထုတ်ဖော်ပြောထားသည့် သမ္မတဦးသိန်းစိန်၏ ဝန်ကြီး ဌာနနှင့် ဝန်ကြီးအပြောင်းအလဲမှာ ဝန်ကြီးအရေအတွက် ပိုလာသည်။ လွန်ခဲ့သည့်တစ်နှစ်ခွဲက အရပ်သားဟန်
ပြောင်းပြီး အစိုးရသစ်ဖွဲ့စဉ်က ဝန်ကြီးဌာန ၃၄ ခုနှင့် ဝန်ကြီး ၃ဝ ဦးရှိခဲ့ရာက ယခုတွင် ဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၆ ဦး ဖြစ်လာခဲ့သည်။

ရှမ်းသံတော်ဆင့်သတင်းက ထုတ်ပြန်ထားသော ကရင်အမျိုးသား အစည်းအရုံးနှင့် သမ္မတဦးသိန်းစိန်တို့၏ ဆွေးနွေးပွဲ တွင် သမ္မတက “တိုင်းရင်းသားတွေ ပြန်ရောက်လာရင် စားဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ နေဖို့အတွက် ဘယ်လို လုပ်ကြမလဲ။ ရေတိုစားဖို့အတွက် ရေရှည်စားဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ Donor Country တွေလည်း ကျနော် တို့ ခေါ်ရပါမယ်။ ကျနော်တို့ချည်းပဲ မတတ်နိုင်ဘူး။ ဒါကို ကျနော်ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ Budget လည်း ကုန်လုနီးပါး ဖြစ်နေပြီ။ မတတ်နိုင်တော့ Donor Country တွေကို ကျနော်တို့က ရှာရမယ်။ ရှာတော့ နိုင်ငံ လေးငါးခြောက် နိုင်ငံလောက်ကတော့ ကျနော်တို့ကို ကူညီဖို့ အသင့်ရှိနေပြီ။” ဟု ပြောသွားသည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမှု၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဟိုတယ် ခရီးနှင့် အားကစား၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းတို့ကို ဝန်ကြီး တစ်ဦးထဲက ဌာနနှစ်ခုတွဲ ကိုင်ရာက ဌာနတစ်ခု ဝန်ကြီးတစ်ဦးသို့ နေရာပေးလိုက်သည်။

သို့သော် အလုပ်မဖြစ်သော စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ပြီး ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအတွက်
နှစ်ပိုင်းခွဲထားသော လျှပ်စစ်ဝန်ကြီးဌာနကို တစ်ခုတည်းအဖြစ် ပြန်လည်ပြောင်းလိုက်သည်။ သမ္မတရုံးဝန်ကြီး
နောက်ထပ် လေးဦး ထပ်ဖြည့်လိုက်သည်။

အသစ်ပြောင်းလဲခန့်အပ်လိုက်သော ဒုတိယဝန်ကြီး ၁၅ နေရာတွင် အမျိုးသမီးဝန်ကြီး လေးဦးပါလာသည်။

ဒေါက်တာ ဒေါ်ခင်စန်းရီ (စီမံ/စီးပွား ဝန်ကြီးဌာန)၊ ဒေါ်စုစုလှိုင်(လူမှု/ဝန်ထမ်းဝန်ကြီးဌာန)၊ ဒေါက်တာ
ဒေါ်သက်သက်ဇင် (ပတ်ဝန်းကျင်/သစ်တော) ဒေါက်တာဒေါ်သိန်းသိန်းဌေး (ကျန်းမာရေးဝန်ကြီးဌာန) တို့ဖြစ်ကြသည်။

အမျိုးသမီးများကို နိုင်ငံ့ဦးဆောင်မှုတွင် နေရာပေးမှု နည်းနေသေးသည်ဟု ဝေဖန်ကြသည်။

“အမှန်က အမျိုးသမီးတွေကို ဝန်ကြီးအဆင့်အနေနဲ့ ဒိထက်ပိုပြီး မျှော်လင့်ခဲ့ပါတယ်၊ ဒါပေမယ့် ဖြစ်လာတော့ တစ်ယောက်တည်း၊ ပြီးတော့ ကြံ့ခိုင်ရေးက၊ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် အစိုးရအဖွဲ့မှာ အမျိုးသမီး အရေအတွက်က သုံးပုံတစ်ပုံ ရှိနေရမှာ၊ ခု ဒီအရေအတွက်က အရမ်းနည်းနေပါသေးတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ် ဒေါက်တာဒေါ်ညိုညိုသင်းက မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်ထုတ်  ပါလီမန်ဆိုင်ရာသမဂ္ဂ၏ အစီရင်ခံစာတစ်ခုအရ မြန်မာနိုင်ငံ၏ အမျိုးသမီးများ ပါဝင်
ဆောင်ရွက်နိုင်မှုမှာ နိုင်ငံပေါင်း ၁၄၄ နိုင်ငံအနက် ၁၃၂ နိုင်ငံစာရင်းတွင်သာရှိသည်ဟုဆိုသည်။

ခုနှစ်ဦးပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများတွင်လည်း အမျိုးသမီးတဦးမှ ပါဝင်ခြင်းမရှိပါ။

အောက်လွှတ်တော် အမတ် ၄၄ဝ ဦးအနက် အမျိုးသမီးအမတ် ၂၆ ဦး ပါဝင်၍ ၆ ရာခိုင်နှုန်းသာရှိသလို အထက် လွှတ်တော်အမတ် ၂၂၄ ဦးအနက် အမျိုးသမီးအမတ် ၄ ဦးသာပါဝင်၍ ၁.၈ ရာခိုင်နှုန်းသာရှိသည်။ ပြည်ထောင်စု လွှတ်တော်တရပ်လုံး အနေဖြင့် အမျိုးသမီးပါဝင်မှု ၄.၅ ရာခိုင်နှုန်းသာဖြစ်သည်။

“အမျိုးသမီးတစ်ယောက် ဖြစ်လာတော့ အခွင့်အရေးတွေကလည်း အမြင့်ဆုံးလို့ ပြောလို့ရတာပေါ့၊ ဒါပေမယ့် အမျိုးသားဝန်ကြီးတွေကြားထဲမှာ အမျိုးသမီး တစ်ဦးတည်းဖြစ်တာဆိုတော့ အားနည်းတာပေါ့၊ အမှန်တကယ်က လေး၊ ငါးယောက်လောက်မှ ပိုကောင်းမယ်” ဟု အောက်လွှတ်တော်အမတ် ဒေါ်နန်းဝါနု က ပြောသည်။

 

(မှတ်ချက်။ ဒီသတင်းကို ဖတ်ပြီး သူများအတွက် တောင်းပန်ပါသည်။ သို့သော် စာဖတ်ပရိတ်သတ်က ဒီသတင်းနှင့်ပတ်သက်၍ အကြံပြုချက်အလွန်နည်းပါသည်။ ဒီသတင်းနှင့်ပတ်သက်၍၊ သို့မဟုတ် ဒီအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော် ကြိုးစားထားပါသည်။ ဒီသတင်းနှင့် ပတ်သက်၍ ဝေဖန်ခြင်း၊ အကြံပြုခြင်းများကို မျှော်လင့်ပါသည်။)

8 comments

  • မောင်ပေ

    September 10, 2012 at 8:37 pm

    သမ္မတကြီးဦးသိန်းစိန်လက်ထက် အပြောင်းအလဲတွေထဲမှာ ၊ အခု ဝန်ကြီးတွေအပြောင်းအလဲ ၊ အရပ်သား ဝန်ကြီးဖြစ်လာတာမျိုးကို ကျေနပ်အားရမိတယ်ဗျာ

  • padonmar

    September 10, 2012 at 9:36 pm

    အပြောင်းအလဲဆိုတာ အပ်ချလောင်းလုပ်လို့မရပါဘူး။တဖြည်းဖြည်းတော့လာမှာပေါ့။
    ကျားမပြဿနာ၊ပါတီပြဿနာထက် လူတော်လူကောင်း တိုင်းပြည်ပေါ်စေတနာတကယ်ထားမယ့်သူတွေ ဖြစ်စေချင်တာပါပဲ။

  • ကထူးဆန်း

    September 10, 2012 at 9:50 pm

    အလွန်ဆုံး နောက် ဆယ်နှစ်အတွင်းမှာ အမျိုးသမီး တွေ နေရာ အများ အပြားယူလာမှာပါ ။
    လုပ်ငန်းခွင်တွေမှာ ကြည့်လိုက်ရင် အမျိုးသားတွေ နည်းလာပြီး အမျိုးသမီးတွေ များလာတာ သတိထားမိပါတယ် ။ အဲ့ဒီ ကနေ တက်လာပါလိမ့်မယ် ။
    မြန်မာ့ လူမှုပါတ်ဝန်းကျင်မှာ ယခင်က အမျိုးသားက အလုပ်လုပ် ။ အမျိုးသမီးက အိမ်ထောင်ထိန်းလုပ်ခဲ့တာ ဆိုတော့ ချက်ခြင်း လက်ငင်းကြီး မဖြစ်နိုင်သေးပါဘူး ။ အခု အမျိုးသမီးတွေပါ အလုပ်ထွက်လုပ်လာရပြီဆိုတော့ တစ်ချိန်ကျရင် အမျိုးသမီးတွေ လွှမ်းမိုးလာမယ် လို့ မြင်မိပါတယ် ။

  • pooch

    September 10, 2012 at 11:08 pm

    အခု အစမို့ နည်းနေတာပါ။ ထူူးပြီး ဖိနှိပ်ထားတာမျိုး သိသလောက်ကြီးကြီးမားမားမရှိဘူးလို့ ထင်ပါတယ်။
    များမကြာမီမှာ ထက်မြက်သော နေရာယူနိုင်စွမ်း လုပ်နိုင်စွမ်းရှိသူတွေ အမျိုးသမီးတွေ အများကြီး ရှေ့လျှောက်ပေါ်လာမှာပါ။

    တခုတော့ ရှိတယ် ကျမတို့ က အကြောင်းရာတခုဆို စောင့်ကြည့်ဖို့ထက် ပြောဖို့ကအရင်ဆိုတဲ့ အကျင့်လေးတွေ ရှိတော့ တခုခု ပြောင်းလဲတာနဲ့ အကျိုးထက် ပြော ချင်လိုက်တာက အရင်လို ဖြစ်ဖြစ်နေကြတယ်။

  • ကိုခင်ခ

    September 10, 2012 at 11:29 pm

    အမျိုးသားဝန်ကြီးဘဲဖြစ်ဖြစ်၊အမျိုးသမီးဝန်ကြီးဘဲဖြစ်ဖြစ်၊ သမ္မတလည်း အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တိုင်းပြည်တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိဖို့က ပိုအရေးကြီးမယ်ထင်ပါတယ်၊ တိုင်းပြည်တစ်ခု တိုးတက်ဖို့ရာက အပြောကောင်း နေရုံနဲ့လည်းမရဘူးလို့ ယူဆပါတယ်။ ပြီးတော့ စီပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး အခွင့်အလန်းတွေ၊ အခြေခံအဆောက် အအုံတွေ ပြုပြင်ပြောင်းလဲတဲ့ အကောင်းအထည်ဖော်မှု့တွေ နှေးနေသေးတယ်လို့ လည်းယူဆမိပါတယ်။

  • အရီးခင်လတ်

    September 11, 2012 at 5:06 am

    ဒေါ်မြတ်မြတ်အုန်းခင်က အလွန်တော်ပါတယ်။
    မြန်မာပြည်မှာ အမျိုးသမီး တွေ ကို အရမ်းတော့ ဖိနှိပ်တော့မထားပါဘူး။
    အမျိုးသမီးတွေ ကိုယ်တိုင်က မိခင်ဘဝ နဲ့ တာဝန်ကျေတာကို ပိုလိုချင်ကြတာလဲ ပါပါတယ်။

    ဒါပေမဲ့ တော်ပေမဲ့ မြင့်လွန်းတဲ့ နေရာတွေ မှာ ရသင့်လဲ လုပ်နိုင်လဲ မပေးတတ်တာ လဲရှိတာ တွေ့ဘူးတယ်။
    ဒီလို အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြုလာတာ ကျေးဇူးတင်ပါတယ်။
    သူတို့အတွက် ဂုဏ်လဲယူပါတယ်။

  • kai

    September 11, 2012 at 5:22 am

    ကျုပ်ကတော့.. မြန်မာ့ယဉ်ကျေးမှုအခေခြခံက… အမျိုးသမီးတွေကို.. တော်တော်လေးနှိမ်ချတယ်လို့ထင်တယ်..
    နိုင်ငံတကာစံညွှန်းတွေမသုံးသေးဘူး.. ကျုပ်ရဲ့စံနဲ့ပဲပြောတာ..
    အများကြီးလုပ်ကြရဦးမယ်.

  • မြတ်ကျော်သူ

    September 11, 2012 at 9:44 am

    ဝေဖန်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်….
    ကျွန်တော့်ရဲ့ အမြင်အရဆိုရင်တော့…
    ကျွန်တော်တို့ဆီမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မေ့ထားတယ်လို့ မြင်ပါတယ်…
    မြန်မာတွေဟာ အများအားဖြင့်တော့ အမျိုးသမီးတွေကို နှိမ့်ချခြင်း မရှိတတ်ကြပါဘူး…
    အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို ထည့်သွင်း မစဉ်းစားဘူးလို့ ထင်ပါတယ်…

Leave a Reply