အစွန့်ပစ်ခံ…ပွင့်ဖတ်

အောင် မိုးသူSeptember 11, 20121min19211
  ဒီလိုမြင်ကွင်းမျိုးကို ကျွန်တော့်ဘဝမှာ မကြားချင်၊ မမြင်ချင်သော အသံနှင့်မြင်ကွင်းများဖြစ်သည်။ အချို့လူများ၏ ထင်မြင်ယူဆချက်များကိုတော့ မှန်သည်…မှားသည် ကျွန်တော်မငြင်းလိုပါ…။ ကျွန်တော့် ယူဆနှင့် ကျွန်တော်ပင် ကျွန်တော်မှန်သည်ဟု ထင်ပါသည်…။ ကျွန်တော်သည် ဆရာဝန်တစ်ယောက် ဖြစ်သည်။ ဝဝကစ်ကစ်နှင့် မျက်လုံးဝိုင်းဝိုင်းလေးနှင့်… (၆)လသားအရွယ် ကလေးတစ်ယောက်နှင့် မိန်းမပျိုလေး တစ်ယောက် သည်ဆေးရုံနှင့် သည်ပတ်ဝန်းကျင်တွင် မသိသူမရှိပါ………….။ သူတို့နှစ်ဦးကို ဘယ်သူတွေခွဲမှာ လဲ………………။
လွန်ခဲ့သောကာလတစ်ခု……………………
“ပေး….ပေး….. ငါ့ကလေး…ငါ့ကလေး…..”
          စူးစူးဝါးဝါး…မိန်းမတစ်ယောက်အော်သံကြောင့် ကျွန်တော်နဲ့ သူနာပြုတွေအားလုံး နားနေခန်းထဲကနေ ထွက်ကြည့်လိုက်ကြသည်။ ဒီလိုနေရာ… သည်ဆေးရုံမျိုးမှာတော့… ဒါမျိုးအဖြစ်အပျက်တွေက တစ်ရက်နဲ့တစ် ရက် မရိုးနိုင်တဲ့အဖြစ်အပျက်တွေပေါ့။ အခုမြင်နေရတဲ့ မြင်ကွင်းမျိုးက ကျွန်တော့်အတွက် အနည်းငယ်ဆန်းပြား နေသလိုလိုပင်။ ဆေးရုံပတ်ဝန်းကျင် ရပ်ကွက်နားက အရူးမတစ်ယောက် ဘယ်သူနဲ့ဘယ်လိုရမှန်းမသိတဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့မို့ ရပ်ကွက်ကလည်း မနေနိုင်ဘဲ ဆေးရုံကိုရောက်လာရခြင်းဖြစ်သည်။ ခုမြင်နေတဲ့မြင်ကွင်းကတော့ သူ့ကလေးက သူနာပြုမလေးတွေ လက်ထဲမှာမို့ ကလေးပြန်တောင်းနေတဲ့ မြင်ကွင်း။
“မစိန်…မစိန်…. သားလေးကို… နေကောင်းအောင် ဆေးတိုက်မလို့လေနော်…. ပြီးရင်မစိန်ပဲ သားလေးကို နို့တိုက်ပါ… မစိန်သားလေးကို ကျွန်မတို့မယူပါဘူးရှင်… နော်…မစိန်…”

 

          သူနာပြုမလေးရဲ့ ချော့မော့သံနဲ့ မစိန်ဆိုတဲ့ အရူးမတစ်ယောက် စောနတုန်းကလိုမဟုတ်ဘဲ အနည်းငယ် ငြိမ်သက်သွားတယ်။ မစိန်မျက်လုံးတွေက ကလေးငယ်ဆီကနေ မခွာနိုင်အောင်ဘဲ…။ အို…. ဒီလိုရူးနေတဲ့ မိန်းမတစ်ယောက်ကိုမှ ဘယ်လိုလူမျိုးက အဓ္ဓမပြုလိုက်ကြပါလိမ့်…။ ကျွန်တော်တို့ဟာ လူသားတွေပဲ…. လူ့ပတ်ဝန်းကျင်မှာ လူမဆန်တဲ့အပြုအမှုတွေ နေ့စဉ်ရက်ဆက်တွေနေရတဲ့ တစ်ခါတစ်ရံ ရင်ဘတ်ထဲမှ လှိုက်ကာတစ်ခုခုဆို့တက်လာခဲ့သည်…..။ သက်ပြင်းတစ်ခုချရင်း လူနာများအား ကြည့်ရူဖို့ပြင်ဆင်လိုက်မိသည်….။
                             ****************************************
“သား….ဝိုင်းတုံရေ.. မေမေ့ဆီလာပါဦး…”
          သည်အသံဟာ….. နံနက်ခင်းတိုင်း သည်ဆေးရုံမှာကြားနေရတဲ့အသံ။ ဆေးရုံကိုလာတဲ့သူတိုင်း ထိုအဖြစ်အပျက်အား အံ့ဩတကြီးကြည့်ကြသည်…။ မေမေဆိုတဲ့ကောင်မလေး…. ဒီဆေးရုံမှာ တာဝန်ထမ်း ဆောင်နေတဲ့ သူနာပြုမလေး သိမ့်သိမ့်။ “ဝိုင်းတုံ” ဆိုတဲ့ ကလေးနာမည်ကိုလည်း သူမပေးထားတာပင်ဖြစ် သည်။ ဒါပေမယ့် သိမ့်သိမ့်က အိမ်ထောင်သည်မဟုတ်ပါ။ အဆိုးအကောင်း… အကျိုးအကြောင်း ဆက်စပ်တော့ ကျွန်တော်မကြည့်တတ်ပါ….။ တစ်ခါတစ်ရံ လောကကြီးတရားပါသလား ဟုပင်အကြိမ်ကြိမ်မေးမိသည်။ အမှန်တကယ် “ဝိုင်းတုံ”၏ အမေအရင်းမှာ မည်သည့်နေရာရောက်နေမှန်းပင်မသိချေ။ “ဝိုင်းတုံ”၏ အမေသည် လည်း စိတ်မနှံ့သော မိန်းမတစ်ယောက်ပင်ဖြစ်သည်။ ထိုအဖြစ်အပျက်များ ပြန်စဉ်းစားတိုင်း ကျွန်တော့် စိတ်တွေရှုပ်ထွေးမြဲဖြစ်သည်….။
          ထိုနေ့ညက အရေးပေါ်လူနာတစ်ယောက်ရောက်လာခဲ့သည်။ သည်ဆေးရုံသို့ လာသောကိုယ်ဝန် ဆောင်များထဲတွင် သူမရောက်လာပုံမှာ လူစည်ကားလွန်းလှသည်ဟု ကျွန်တော်မှတ်ချက်ချမိသည်။ သူမဘေး တွင် ဆေးရုံ၏တစ်ဖက်ရပ်ကွက်မှ လူများနှင့်ရပ်ကွက်လူကြီးများပါ ပါလာကြသည်….။ ကိုယ်ဝန်အရင့်အမာနှင့် ဗိုက်နာနေသည်မို့ ဆေးရုံရောက်ပြီးမကြာခင်မှာပင် ဖြူဖြူတုတ်တုတ် ကလေးတစ်ယောက် မျက်စိသူငယ် နားသူငယ်နှင့်ရောက်လာရပြီ။ ထုံးစံအတိုင်းပင် ရပ်ကွက်ထဲတွင် စိတ်မနှံ့ရျ် အုတ်ခဲခေါင်းအုံးအိပ်သော သူမအား မည်သူမည်ဝါနှင့်ရမှန်းမသိသော ကိုယ်ဝန်သာဖြစ်သည်။ နောက်တစ်နေ့ နံနက်တွင် သူမ မရှိတော့ ချေ။ ကလေးအားထားရျ် ထွက်ပြေးသွားလေပြီ။ သူမမွေးခဲ့သော ကလေးမှာဆေးရုံတွင် ကျန်ခဲ့လေသည်။ ထိုကလေး၏ အမေအဖြစ်ဆက်ခံလိုက်သူမှာ အသက်(၂၆)သာသာရှိသေးသည့် သိမ့်သိမ့်ပင်ဖြစ်သည်။
“ဘယ်သူမှ တာဝန်မယူရင် သည်ကလေးကို ကျွန်မမွေးမယ်ဆရာ….”
          သူမပြောလိုက်သောစကားကြောင့် ကျွန်တော်နှင့်သူမလုပ်ဖော်ကိုင်ဖက်များပါ အံ့ဩသွားရသည်…။
“ကျွန်မစဉ်းစားထားတာ သုံးလေးရက်လောက်ရှိပြီ…. ကျွန်မတာဝန်ယူနိုင်ပါတယ်….”
          အို….ထိုနေ့က သူမမျက်လုံးထဲမှာကျွန်တော်တွေ့လိုက်ရတာ မိခင်ရဲ့နွေးထွေးတဲ့ အငွေ့အသက်တွေ။ အဲသည်လိုမျိုးအငွေ့အသက်တွေကို ကျွန်တော်ခံစားဖူးချင်လိုက်တာ….။ တကယ်တော့ ကျွန်တော်ဟာ အစွန့်ပစ်ခံကလေးတစ်ယောက်ပါ………။
                   ***************************************************
          ကျွန်တော့်အဖြစ်အပျက် အမှန်တကယ်ကို သိလာရသည့်အချိန်တွင် ကျွန်တော်ခံနိုင်ရည်ရှိခဲ့သည်။ ကျွန်တော့်အဖေ ကျွန်တော့်အပေါ်တွင်ထားသော မေတ္တာများကြောင့်ပင်ဖြစ်သည်။ ကျွန်တော့်အား မွေးခဲ့သော အမေ….ထိုအမေသည် မရူးပါ….။ ကျွန်တော်သည် နယ်မြို့လေးမှ ဆေးရုံတစ်ရုံတွင် ကျန်းမာသန်စွမ်းသော မိန်းမတစ်ဦးမှ မွေးဖွားပြီး စွန့်ပစ်ခံခဲ့ရသော ကလေးတစ်ယောက်ဖြစ်သည်။ ထိုကာလတုန်းက ကျွန်တော့်မွေးစားအဖေသည် သူ၏အမေဆေးဆေးရုံတင်ထားစဉ်နှင့် ကြုံကြိုက်သောအချိန်တွင်… ကျွန်တော့်အား ကောက်ယူမွေးစားခဲ့ခြင်းပင်ဖြစ်သည်။ အမေ… ကျွန်တော့်အမေ… သိမ့်သိမ့်ဆိုတဲ့ သူနာပြုမလေးကို မြင်တိုင်း ကျွန်တော်အမေကို တမ်းတမိဆဲပင်။
“မပေးနိုင်ပါဘူးရှင်… ကျွန်မတာဝန်ယူနိုင်ပါတယ်….”
          အခန်းအပြင်ဘက်မှ ကြားလိုက်ရသောအသံကြောင့် ကျွန်တော့်အတွေးမျှင်များ ပြတ်သွားမိသည်။ အခန်းအပြင်ထွက်ရျ် ကျွန်တော်ကြည့်လိုက်မိသည်..။ သန့်သန့်ပြန့်ပြန့်နှင့် ငွေကြေးအတော်အသင့် ရှိဟန်ပုံပေါ်သော ဇနီးမောင်နှံနှင့် ကလေးကို ပွေ့ဖက်ထားသော သိမ့်သိမ့်။ သူတို့ဘေးတွင် သူနာပြုများနှင့် လူကြီး(၃-၄)ယောက်ကို ကျွန်တော်တွေ့လိုက်သည်။
“ကျွန်မတို့က အမွေစား အမွေခံနဲ့ မွေးစားမှာပါရှင်….”
ဇနီးမောင်နှံနှစ်ဦးမှ မိန်းမဖြစ်သူ၏ ပြောဆိုသံဖြစ်သည်။
“ကျွန်မလည်း ကလေးကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်မှာပါ… ခုလည်း ကလေးက ကျွန်မလက်ထဲမှာပဲ ကြီးလာတာ… အမေဆို ကျွန်မလို့သိနေပြီ…”
သိမ့်သိမ့်ဆီမှ စကားသံဖြစ်သည်….။
“မိသိမ့်ရယ် နင်စဉ်းစားပါဦး….”
“ကျွန်မတကယ်ပြောနေတာပါ စဉ်းစားစရာကို မလိုတော့ပါဘူး…..”
“ဒါဆို… သမီးဆီမှာ ကလေးရဲ့ဘဝကို မြှင့်တင့်ပေးနိုင်လောက်တဲ့ ပိုင်ဆိုင်မှုရှိရဲ့လား…..”
ဇနီးမောင်နှံနှစ်ဦးဘက်မှ ပါလာသော လူကြီးတစ်ယောက်၏ မေးခွန်းဖြစ်သည်။ ကျွန်တော် သိမ့်သိမ့်ကို တစ်ချက် လှမ်းကြည့်မိလိုက်သည်…။ ခဏတာဆွံအသွားသော သိမ့်သိမ့်……. သူမမျက်လုံးတွေ ကလေးကို တစ်ချက်ကြည့်လိုက်သည်။ ကလေးကတော့ သူမကိုသာဖက်ထားရျ် မေမေ…ဟုသာအော်နေသည်…။ သူမ ပြောဖို့စကားလုံးမထွက်တော့တာလား… မရှိတော့တာလား…. သူမပြောမည့်စကားလုံးတွေသည် သူမ နှုတ်ဖျားဝမှာပင် ဆို့နင်နေသည်လား ကျွန်တော်မတွေးတတ်ပါ….။
“ဒါဆို……………”
မေးခွန်းမေးလိုက်သော လူကြီးထံမှ စကားသံဖြစ်သည်…။
“သိမ့်သိမ့်နဲ့ အတူ ကျွန်တော်ပါ ကလေးအတွက် တာဝန်ယူပါတယ်….”
          ကြားလိုက်ရသောအသံရှင်ရှိရာကို အားလုံးကြည့်လိုက်ကြသည်…။ ထိုစကားသံသည် ကျွန်တော့်ထံမှ ထွက်လာခြင်းပင်….။ ထိုအချိန်မှာ ကျွန်တော်မြင်လိုက်ရသော သိမ့်သိမ့်ရဲ့မျက်ဝန်းထောင့်က မျက်ရည်စက်အချို့။ ကျွန်တော့်မျက်ဝန်းထောင့်က ရစ်ဝဲနေတဲ့ မျက်ရည်အချို့…။ သိမ့်သိမ့်ရဲ့ နှုတ်ခမ်းထောင့်က အပြုံးတစ်စ…ရယ်… ကျွန်တော့်နှုတ်ခမ်းထောင့်က အပြုံးတစ်စရယ်…။ ကျွန်တော်နဲ့ဝိုင်းတုံ ဟာ ဘဝတူတွေပဲလေ…။ ကျွန်တော်တို့ဟာ ပွင့်ဖတ်လေးတွေပဲ….။ ပန်းတစ်ပွင့်ရဲ့ ဘေးအနားသတ်က အစွန့်ပစ်ခံပွင့်ဖတ်လေးတွေလိုပေါ့…။ နမ်းရှိုက်ချင်တဲ့သူရှိမှသာ ပွင့်ဖတ်လေးတွေက အသုံးဝင်လာတာပဲလေ။ ဒါပေမယ့် အစွန့်ပစ်ခံပွင့်ဖတ်လေးတွေမှာလဲ… ပန်းတစ်ပွင့်ရဲ့ ဗဟိုကပွင့်ဖက်လေးတွေလိုပဲ မွှေးရနံ့နဲ့ နူးညံ့မှုတွေက တစ်ထပ်တည်းရှိပါတယ်….။ ကလေးမွေးတဲ့အမျိုးသမီးတိုင်းဟာ မိခင်မဟုတ်သလို….. ကလေးမမွေးတဲ့အမျိုးသမီးတိုင်းဟာလည်း… မိခင်မဟုတ်ဘူးလို့ဘယ်သူပြောမှာလဲ…။ အစွန့်ပစ်ခံ ပွင့်ဖတ်လေးတွေ နည်းနိုင်သမျှနည်းပါစေလို့ပဲ ကျွန်တော်တို့ဆုတောင်းရမှာပေါ့………………။
                             ******************************************
အောင်မိုးသူ
6.12.2011
Tueday
12:30PM

11 comments

  • ဦးဦးပါလေရာ

    September 11, 2012 at 8:12 pm

    အဲဒါကိုကြိုက်တယ်…

    ကလေးမွေးတဲ့အမျိုးသမီးတိုင်းဟာ မိခင်မဟုတ်သလို….. ကလေးမမွေးတဲ့အမျိုးသမီးတိုင်းဟာလည်း… မိခင်မဟုတ်ဘူးလို့ဘယ်သူပြောမှာလဲ

  • pooch

    September 11, 2012 at 9:19 pm

    တခါက ချစ်သုဝေဆိုဘူးတဲ့ ဘုရားဆုတောင်းပါ ဆိုတဲ့သီချင်းလေး သတိရမိတယ်။

  • surmi

    September 11, 2012 at 10:45 pm

    ကြိုက်တယ် အောင်မိုးသူရေ
    စံပြဇတ်ကောင် တည်ဆောက်ထားပေမဲ ့ အဲဒီစံပြဇတ်ကောင်က ရသကိုပေးနေလို့ ။

  • Crystalline

    September 12, 2012 at 9:28 am

    တကယ့်ကိုနစ်နစ်နဲနဲခံစားရပါတယ်.

  • Ma Ei

    September 12, 2012 at 9:31 am

    မျက်ရည်ဝဲလာအောင်ကို
    ခံစားရတယ်လို့ပြောရင်
    မပိုပါဘူးနော်…

  • Novy

    September 12, 2012 at 10:36 am

    ဘကြီးအောင်ရေ
    မျက်ရည်တောင်ဝဲလောက်အောင် ရသပေးစွမ်းနိုင်ပါတယ်

  • Shwe Tike Soe

    September 12, 2012 at 12:52 pm

    ကောင်းတယ်ဗျို. အားပေးသွားပါတယ်… မိန်းကလေးတစ်ယောက်ရဲ. မိခင်စိတ် ကို ထင်ထင်လင်းလင်းကြီး မြင်လိုက်ရပြီး မိဘ စွန်.ပစ်ခံ သားတစ်ယောက်ရဲ. ကိုယ်ချင်းစာစိတ်နဲ. အဲလို အစွန်.အပစ်ခံနဲ. ဆရာဝန်တစ်ယောက်ဖြစ်လာ တဲ့ အားမာန် လေးကို လဲ ဖတ်ရှုခံစားလိုက်ရတယ်ဗျာ………….

    အင်း ဘယ်လောက်များ အဲဒီလို အစွန်.အပစ်ခံတွေ ကလေးတွေ ရှိနေကြမလဲနော်………ဟင်းးးးးးးးးးးးးးးးးးးးးးးး

  • Mon Kit

    September 12, 2012 at 1:01 pm

    လှပတဲ့အရေးအသားနဲ့ နင့်သီးစွာ ခံစားမှုပေးတဲ့ ပို့စ်လေးပါဘဲ……
    ဦးပါ ပြောသလို မွန်ကစ်လဲ အဲဒါကို ကြိုက်မိတယ်…….

    ””ကလေးမွေးတဲ့အမျိုးသမီးတိုင်းဟာ မိခင်မဟုတ်သလို….. ကလေးမမွေးတဲ့အမျိုးသမီးတိုင်းဟာလည်း… မိခင်မဟုတ်ဘူးလို့ဘယ်သူပြောမှာလဲ…။””

  • Khaing Khaing

    September 12, 2012 at 2:09 pm

    ဒီပို့စ်လေးကို ဖတ်ပြီး မိခင်မဟုတ်သူကတောင် မိခင်လိုတစ်ခြားကလေးတွေအတွက် ဘဝကိုအနစ်နာခံ စောင့်ရှောက်နိုင်ရင် … မိခင်တစ်ယောက်ဟာ မိမိရင်သွေးလေးကို ဒီထက်ပိုစောင့်ရှောက် သင့်တယ်လို့ထင်ပါတယ် ……..

    သမီးလေး ဆေးရုံတက်တုန်းက အခန်းဘေးနားမှာ မိဘစွန့်ပစ်တဲ့ကလေးလေးကို မြင်ယောင်မိတယ် … ကလေးလေးက ယောက်ျားလေး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အသားဖြူဖြူလေး …. ကိုယ်နေတဲ့အခန်းဘေးမှာ တစ်ခြားမိသားစုတွေကိုယ့်လိုပဲ ဆေးရုံလာတက်တယ်ပဲ ထင်မိတယ် ……. …. ညဘက်မှာ ဝိုင်းဒိုင်းဆူညံသံတွေက ဆေးရုံသန့်ရှင်းရေးမိန်းမ ဆီကနေထွက်တဲ့အသံမှန်း မိုးလင်းမှသိတယ် …. ညဘက်မှာ ကျွန်မက သမီးလေးကို ပူပန်ပြီး ရင်ငွေ့ပေး ထားတဲ့အချိန်မှာ ထိုကလေးလေးကတော့ အခန်း ထဲမှာ မိဘမရှိ ဆွေမျိုးမရှိပဲ နို့ဗူးလေးနဲ့သာ နှစ်ပါးသွားနေခဲ့ရတာ ကျွန်ရင်ထဲ တဆစ်ဆစ်နာကျင်ခဲ့ရတယ် …. ကလေးမိဘတွေကိုလည်း အပြစ်မတင်ရက်ပါဘူး … တစ်ချို့က မထင်မှတ်ပဲ ကလေးရသွားတတ်ပြီး ဘဝမှာ ဆက်ရုန်းကန်ရမယ့်အခြေအနေတွေကြောင့် ကလေးကို ပစ်ခဲ့တာလည်းဖြစ်နိုင်တယ်လေ ….. ဒီလိုဘဝတွေ အဖြစ်တွေက နောက်နောင်လည်း ဆက်ဖြစ်နေဦးမှာပဲ …… အစွန့်ပစ်ခံ ပွင့်ဖတ်လေးတွေ ပန်းဝတ်ဆံလေးတွေနဲ့တွေ့ပြီး ပြည့်စုံတဲ့ ပန်းပွင့်လေးဘဝကို ရောက်ရှိပါစေလို့ ……….

  • kyeemite

    September 12, 2012 at 3:45 pm

    မန့်တဲ့လူတွေစုံအောင်ပြောပြီးတော့ ပြောစရာတောင်သိပ်မကျန်ဘူး…
    ပြီးခဲ့တဲ့ ရက်ပိုင်းကမှတ်တယ်..မှု့ခင်းဂျာနယ်မှာပါတာ..
    လူသုံးယောက် သချင်္ိုင်းဇရပ်မှာအရက်သောက်မူးလာတော့
    အရပ်ထဲက စိတ်မကျန်းမာသူအမျိုးသမီးကိုဆွဲခေါ်လာပြီးမဒိန်းကျင့်ကြသတဲ့
    အော်သံကြားလို့ လူတွေရောက်လာပီးဝိုင်ဖမ်းတော့မိတယ်တဲ့….ဖတ်လိုက်ရတာပါ
    အဲဒီတော့ ကိုအောင်မိုးသူပြောတဲ့ အစွန့်ပစ်ခံပွင့်ဖတ်လေးတွေ
    ရှိနေအုံးမှာသေချာသပေါ့ဗျာ…
    အရေးအသားကိုလေးစားလျှက်…
    ခင်တဲ့
    ကြီးမိုက်။

  • အရီးခင်လတ်

    October 9, 2012 at 7:13 pm

    “ဖတ်ရွေး အဖွဲ့ ကိုယ်စား”

    မိဘမဲ ကလေးတစ်ယောက်ရဲ.ခံစား စာနာမှုနဲ. မိခင်မဟုတ်သေးပဲ မိခင်စိတ်ရှိတဲ့ မိန်းကလေး တစ်ယောက်ရဲ. ကြီးမားတဲ့ စိတ်ထား၊ ခလေးတစ်ယောက် အတွက် ရှေ.ဆက်ရမယ့် အနာဂတ်

Leave a Reply