ညစိမ်း

marblecommetSeptember 12, 20121min1017

အသံတွေ တိတ်ဆိတ်လွန်းတဲ့အခါ
ငါ့…အထီးကျန် ခံနိုင်ဝန်အားကို ထိန်းမရတော့…။

ညဟာ…တုန်ရင်နေတဲ့ သစ်ကိုင်းလို
ဒုက္ခတွေ တန်းလန်းမိုးနေတယ်
တရိပ်ရိပ်တက်လာတဲ့
စိတ္တဇအမြစ်နာနဲ့
ဝိဉာဉ်အဆုံးထိ ပြိုဆင်းလာနေတဲ့
သင်းကွဲမီးမြစ်တွေ ဖုံးနေပြီ…။

ညဟာ…အလင်းတွေ ပြာနှမ်းသွားအောင်မြင့်လွန်းတယ်
ညဟာ…သွေးတွေ ခြောက်ခမ်းသွားအောင်နက်လွန်းတယ်…။

ဒီညမှာ…ငါဟာ
အသက်ဓာတ်ရဲ့ ပြင်ပလက္ခဏာမှာ စိမ်းလန်းပြီး
နှလုံးသား အံဝှက်လေး ကျိုးကြေကွဲအက်လို့
အချစ်က အမှောင်မှာ လောင်နေတာပဲ…။

ဒီညပါပဲ…
သူမ နေရာချထားတဲ့အစီအစဉ်အတိုင်း
မီးပြတိုက်တစ်ခုလို
သတိရခြင်းကျောက်ဆောင်ကိုမိုးပြီး
အရိပ်ထိုးထားတဲ့ ကြေကွဲဇာတ်မှာ
ငါဟာ…
သက်ငြိမ်နွေးထွေးမှုရဲ့ပြန်လင်းတန်းကို
စောင့်လို့…။

12.9.2012
(နံနက် 3း07)

7 comments

  • surmi

    September 12, 2012 at 8:36 am

    အဲဒီညတွေကိုရှောင်ရင်းပျောက်နေတာလားကိုကမ်းရေ
    အသံတွေတိတ်လို ့ အထီးကျန်ရင် ရွာထဲသာပြန်လာခဲ ့ ။ သောသောကိုညံနေတာ ဟဲ ဟဲ
    နွေးထွေးတဲ ့ အလင်းတန်းလေး လဲစောင် ့ရင်းနဲ ့ ရွာထဲလည်း ရသကဗျာလေးတွေနဲ ့
    ချယ်သပါဦး လို ့
    ဒါမှကျုပ်တို ့လည်း အသက်ရှည်ကျန်းမာ နုပျိုမှာဗျို ့ ။

  • htet way

    September 12, 2012 at 10:08 am

    ဒီညမှာ…ငါဟာ
    အသက်ဓာတ်ရဲ့ ပြင်ပလက္ခဏာမှာ စိမ်းလန်းပြီး
    နှလုံးသား အံဝှက်လေး ကျိုးကြေကွဲအက်လို့
    အချစ်က အမှောင်မှာ လောင်နေတာပဲ…။
    အချစ်ကတော့ မှောင်တယ် ကိုကမ်း အမှောင်ထဲပဲ ကျုပ်တို့က အရဲကိုးနေကြတာ
    ညပျက်ထဲမှာမှာပဲ အနမ်းနဲ့ ပြန် စိမ်းလန်းလိုက်တော့

  • မောင်ပေ

    September 12, 2012 at 1:24 pm

    အရက် ၊ ဘီယာ မသောက်တဲ့ ညတွေဟာ ပိုက်ဆံကုန်သက်သာတဲ့ ညတွေပါကလား

  • aemoshu

    September 12, 2012 at 3:06 pm

    ညစိ်မ်း၊ တိမ်းတိမ်းဝေဝေ နဲ့ လွမ်း၊
    ကမ်းမကပ်နိုင် တစ်ယောက်တည်း၊
    အလဲလဲ အပြိုပြို။

  • pooch

    September 13, 2012 at 3:07 am

    ကိုကမ်းကြီးရေ ညတွေက စိမ်းနေတယ်ဆိုပေမဲ့ ရောင်နီလာဖို့ရာအတွက် အားခဲပြီး စောင့်လို့ရတဲ့ အားမွေးရမဲ့ အချိန်တွေလည်း ဖြစ်နေသေးတယ်လေ

  • အရီးခင်လတ်

    September 13, 2012 at 4:50 am

    မကြီးမငယ် နဲ့ ဝင်ခံစားပြီး သဘောကျ လို့ သဘောကျကြောင်း လက်မပျောက်လေးကို ထောင်ခဲ့ပါတယ်။
    ဒါနဲ့
    အဲဒီ ညစိမ်း ကို ဂျင်းစိမ်းနဲ့ မိတ်သလင်လို သဘောထား ရင်တော့ အပူသက်သာမယ်။
    ပြုတ်သောက်ရင် အပူ ငြိမ်းသတဲ့။ (ကိုခင်ခ ပြောတာ)

  • manawphyulay

    September 13, 2012 at 3:20 pm

    ဒီည…
    မှောင်လွန်းသောည
    အလင်းမဖြာသောည
    ပြန်လင်းတန်းတစ်ခုကို စောင့်မျှော်နေသောည
    ဒီညပါပဲ…
    ညမိစ္ဆာ ဖမ်းစားခဲ့သောည
    ဒီညဟာ ကျွန်မ အိပ်မပျော်တဲ့ ညတစ်ည
    ဒီညဟာ လမင်းအနားယူနေတဲ့ ညတစ်ည
    ဒါပေမဲ့ မကြာမီ လပြည့်တော့မယ်
    ပြတင်းပေါက်ပေါ် လရောင်က ဖြာအကျ
    ဟော လမင်း ထွက်လာပြီ
    ကျွန်မပြောပြရင် ပြေးကြည့်ပြီးမှ ယုံပါ
    တစ်စိတ်မဟုတ် တစ်ခြမ်းမဟုတ်
    ပြည့်ပြည့်ဝဝ တစ်ကိုယ်တည်းလည်း မဟုတ်
    လမင်းတစ်ရာ သာနေသည်သာ…

Leave a Reply