ခွဲခွာခြင်း

linnlinnnSeptember 13, 20121min15913

ကျွန်မအိမ်ရောက်ရောက်ခြင်းပဲ အမေက ဆီးကြိုပြီး ကျွန်မသူငယ်ချင်းတစ်ယောက် ဆုံးသွားပြီလို့သတင်းပေးပါတယ်။”ဟင့်အင်း ကျွန်မသိဘူး..ဘယ်တုန်းကဆုံးတာလဲ ဘာဖြစ်လို့ဆုံးတာလဲ” လို့ မေးခွန်းတရစပ်မေးလိုက်မိပါတယ်။ ဒီသူငယ်ချင်းက ပျော်ပျော်နေတတ်ပြီ သူငယ်ချင်းတွေကို စိတ်ပျော်အောင်နေတတ်သူမို့ စိတ်ထဲတော်တော်မကောင်းဖြစ်မိပါတယ်။ အော်..တစ်ယောက်တော့ ငါ့အနား၊ ငါ့ပတ်ဝန်းကျင်ကနေ ငါ့ကိုထားရစ်ပြီ ထွက်ခွာသွားပြန်ပြီပေါ့ရယ်လို့လည်း တွေးမိပါတယ်။ ဒီအသက်အရွယ်အထိမှာ ကျွန်မသိလိုက်လျှက် ဒါမှမဟုတ် ကျွန်မမသိလိုက်ရပဲနှင့် လူ့လောက,ကနေ ထွက်သွားတဲ့ သူငယ်ချင်းတွေ အတော်များခဲ့ပါပြီ။ အသက်အရွယ်အရ လူလတ်ပိုင်းမှာ ရှိနေသေးပေမဲ့ လူတိုင်းရှောင်ကွင်းလို့မရတဲ့ သေခြင်းတရားကတော့ ကိုယ့်ကို ပုံစံအမျိုးမျိုးနဲ့ သူရှိကြောင်း သက်သေပြနေလေရဲ့။ ကိုယ်ကရော ဘယ်အချိန်,ဘယ်ကာလ, ဘယ်အသက်အရွယ်မှာ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေကို ထားရစ်ခဲ့ပြီး လူ့လောက, ကနေ ထွက်သွားရပါ့မလဲ။ ကိုယ်ချစ်တဲ့သူ ဘယ်သူကများ ကိုယ့်ကို ထားရစ်ခဲ့ပြီး အရင်ထွက်သွားမှာလဲ။ သူတို့ကအရင်လား။ ကိုယ်ကအရင်လား။ ကိုယ်နောက်နောင် တွေ့ချင်လျှက်..စကားပြောချင်လျှက်တောင်မှတွေ့ခွင့်၊ ပြောခွင့်မရနိုင်တဲ့ တသက်တာ ခွဲခွာခြင်းပါပဲ။

ဖြတ်သန်းလာခဲ့တဲ့ ခရီးကြမ်းတစ်လျှောက်မှာ..ကျွန်မနားက ကျွန်မပတ်ဝန်းကျင်က သက်ရှိ/သက်မဲ့၊ ကျွန်မချစ်သောသူ၊ ကျွန်မကိုချစ်သောသူတွေဟာ ကျွန်မကိုထားရစ်ခဲ့ပြီး ဒါမှမဟုတ် ကျွန်မက သူတို့ကိုထားရစ်ခဲ့ပြီ ပုံစံအမျိုးမျိုးနဲ့ခွဲခွာခဲ့ရပြီးပါပြီ။
အချို့ကလည်း လူ့လောကကြီးထဲရှိသေးတယ် ကျွန်မကလည်းပဲ သက်ရှိထင်ရှားရှိနေသေးပေမဲ့ ဘယ်လိုမှ ဆက်သွယ်လို့မရနိုင်တဲ့ သူငယ်ချင်းတစ်ချို့လည်းရှိနေပါသေးတယ်။ အနှစ်,နှစ်ဆယ်ကျော်ကြားအောင် ခွဲခွာခဲ့ရပြီး အိမ်ထောင်ကျသွားပြီရယ်လို့ သတင်းလေးတစ်ခုပဲသိရပြီ ဘယ်လိုနေသလဲ..ဘယ်သူနဲ့လဲ ကလေးတွေရောရနေပြီလားဆိုတာတောင် မသိရတဲ့ ဟိုး ရှမ်းတောင်တန်းတွေကြားက သူငယ်ချင်းတစ်ချို့ကိုလည်း လွမ်းမိပါရဲ့။ သူတို့ကိုတော့ ကျွန်မကထားရစ်ခဲ့ရခြင်းပါပဲ။ အချို့ကြပြန်တော့ လည်းကျွန်မကထားရစ်ခြင်းမဟုတ်ဘဲ..ကျွန်မကိုထားရစ်ပြီး သူတို့ဘဝလမ်းကြောင်းအတွက် လမ်းအသစ်ဆက်ထွင်းပြီ လျှောက်နေတဲ့ သူငယ်ချင်းများလည်းရှိရဲ့။ အချို့တော့ အချစ်မပေါ့ပဲ လစဉ်အချိန်မရ,ရအောင်ချိန်းပြီ ဆုံဖြစ်ပေမဲ့။ အချို့ကြပြန်တော့လည်း ဖုန်းလေးဆက်ရုံ၊ လမ်းတွေ့နှုတ်ဆက်ရုံလောက်ပေါ့။

ဘယ်လိုခွဲခွာခြင်းမျိုးပဲဖြစ်ဖြစ် သေချာတာကတော့ တစ်ချိန်ချိန်မှာ ကိုယ့်နားပတ်ဝန်းကျင် သက်ရှိသက်မဲ့ အားလုံးကို ထားခဲ့ပြီ သွားကြရမှာပါပဲ။ ဒါနဲ့များတောင် တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားမိနေကြပါလိမ့်၊ ကိုယ့်အနားက လူကိုချစ်ခင်ကြောင်း မပြမိပါလိမ့်၊၊ သူဟာတည်ရှိနေပါတယ် ဆိုတာလေးတောင် အသိအမှတ်မပြုပေးမိပါလိမ့်၊ ကိုယ်ရရှိထားတဲ့ ဘဝ၊ကိုယ်လက်ခံရရှိတဲ့ သက်ရှိ/သက်မဲ့ ပစ္စည်းတွေကို တန်ဖိုးမထားပဲ ပျက်စီးစေခဲ့မိပါလိမ့်။

 

13 comments

  • manawphyulay

    September 13, 2012 at 12:19 pm

    အချိန်တန်ရင် လူတိုင်းဒီလိုလမ်းကို လျှောက်ကြရမှာ ဓမ္မတာပါပဲ။ ငယ်တယ် ကြီးတယ် မရွေး အချိန်အခါမရွေးပေါ့။ ကိုယ်လည်း ဒီလမ်းသွားရမှာပါပဲ။ မသွားခင်စပ်ကြားမှာ လောဘ မောဟ အတ္တတွေ လျှော့နိုင်သမျှလျှော့ပြီး နေတတ်ဖို့ ပြင်ဆင်ရင်း သေတတ်ဖို့လည်း ပြင်ဆင်ထားသင့်ပါတယ်ဆိုတာ မနော ပြောချင်ပါတယ်။

    • linnlinnn

      September 13, 2012 at 1:03 pm

      ကျေးဇူးတင်ပါတယ် မနောရေ..မှန်ပါတယ် ..သေတတ်ဖို့၊ သေနိုင်ဖို့ကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ့်မှာ မပြီးဆုံးသေးတာတွေအများကြီးပါလားလို့ နောင်တမရဘဲ ကိုယ်ထွက်ခွာသွားမဲ့အချိန် အချိန်မရွေး ထထွက်သွားနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

  • pooch

    September 13, 2012 at 2:26 pm

    မလင်းရေ ကျမတော့ အဖိုးအဘွား အဖေ ဦးလေး ဦးကြီး သူငယ်ချင်းတွေကို ဒီအသက်အရွယ်လောက်နဲ့ ပြန်မတွေ့နိုင်တော့တဲ့ ခွဲခွာခြင်းမျိုးနဲ့ ခွဲသွားခြင်းမျိုးကို ကြုံခဲ့ပြီးပြီမို့ အတတ်နိုင်ဆုံး ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေအောင် သတိလေးထားပြီး နေတတ်လာခဲ့ပါတယ်။

    တနေ့တော့ ကျမတို့လည်း ဒီလမ်းလျှောက်ရအုန်းမှာပါ။ မသွားခင်လေးတော့ အဆင်ပြေချင်ပါတယ်။

    • linnlinnn

      September 13, 2012 at 4:38 pm

      ဟုတ်ကဲ့မပုရေ.. ကျမလည်းအနားကတစ်ယောက်ထွက်သွားတိုင်း တခါ ပတ်ဝန်းကျင်ကိုဝေ့ကြည့်မိပေမဲ့.. လောကဓံဝဲဂယက်ထဲမျှောပါရင်း သတိမေ့သွားတတ်တဲ့ အခါလည်း ရှိပါရဲ့.. အခုတော့ အကြိမ်ရေများလာပြီမို့ ပိုပြီး သတိထားလာမိပြီ ထင်ပါရဲ့။

  • amatmin

    September 13, 2012 at 4:31 pm

    မလင်းလင်းရေ..
    ချစ်သောသူတွေနဲ့ အဲ့လို ခွဲခွာခြင်းမျိုးကို ..
    မကြုံရသေးလို့လားမသိ..
    ပတ်ဝန်းကျင်က ချစ်ခင်သူတွေနဲ့ တစက်မှ အဆင်မပြေတတ်..
    ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်တဲ့ စိတ်ရှိတဲ့ ကျနော့အဖို့..
    မလင်းလင်းစာဖတ်ပီး ကိုယ့်မိသားစုပတ်ဝန်းကျင်ကို
    အသိအမှတ်ပြု တန်ဖိုးထားတတ်အောင်နေတတ်ဖို့..
    ဆင်ခြင်မိစေပါတယ်..
    သတိပေးစာလေး အတွက်ကျေးဇူးပါဗျ..

    • linnlinnn

      September 13, 2012 at 4:47 pm

      ကိုမတ်ရေ..ဒီတစ်ခေါက်တော့ သေခြင်းတရားက အဝေးက အသံပေးရုံတင်မကဘဲ ကိုယ့်ကျောကိုပုတ်တော့ မယောင်မို့ အလန့်တကြားဖြစ်မိတယ်။ အော်..တစ်ချိန်ချိန်တော့ အကုန်သွားကြရမှာပဲလေလို့လည်း သံဝေဂရမိပါရဲ့။

  • အရီးခင်လတ်

    September 13, 2012 at 4:45 pm

    လင်းလင်း ရေ
    အရီး မှာ အရမ်းချစ်၊ အရမ်းအားကိုး ရတဲ့ အစ်ကို ရုတ်တရက် ဆုံးသွားတဲ့ အချိန် က စလို့ သေခြင်းတရားဟာ လက်တကမ်း မှာ ရှိတဲ့ အကြောင်း ကို သိလိုက်တယ်။
    မမြဲခြင်း တရားတွေ နဲ့ မသေခင် လုပ်သင့်တာတွေ ကို သတိထား ကြိုးစားနေနေပါတယ်။
    Post လေးအတွက် ကျေးဇူးပါသမီးရေ။

    • linnlinnn

      September 13, 2012 at 4:52 pm

      ဟုတ်ကဲ့..အရီးရေ..သမီးလည်း သေခြင်းတရားကို တစ်ခါကြုံတိုင်း ပိုပြီးသတိထားပြီး နေသွားဖို့ ကိုယ့်ကိုကိုယ် အမြဲဆုံးမနေရပါတယ်။

  • မောင်ပေ

    September 13, 2012 at 8:28 pm

    လင်းလေးရေ
    မသေခင် နောက်ဆုံး အသက်ရှူလို ့ရတဲ့အချိန်ထိ
    ပျော်ပျော်ပါးပါး ချစ်ချစ်ခင်ခင် နေသွားကြပါစို ့လားကွယ်
    🙂

    • linnlinnn

      September 14, 2012 at 9:34 am

      ဟုတ်ကဲ့..ကိုပေ..ပျော်ပျော်ပါးပါး ချစ်ချစ်ခင်ခင်နေကြပါစို့ရှင်.. 🙂

  • ကိုခင်ခ

    September 14, 2012 at 6:26 am

    မလင်းရေ ဘယ်အချိန်သေမှာလည်း ဘယ်သူ့မှမသိနိုင်တဲ့အရာလေ။ အဲဒီအတွက် အသေကောင်းအောင် တရားအားထုတ်ဆိုတာကလည်း စားဝတ်နေရေး ငွေရှာပေး
    နေရပြန်တော့ အမြဲတရားမမှတ်နိုင်ဘူးပေါ့။
    အဲဒီတော့ ခင်ခတို့ဘယ်လိုနေလည်းဆိုရင် ဘယ်သူ့ကိုမှ မမုန်းအောင်နေတယ်၊ တစ်ယောက်ကို မုန်းမိပြီဆိုရင် မုန်းတဲ့စိတ်ရဲ့နောက်မှာ ဒေါသတွေ မောဟတွေ မနာလိုမှု့တွေရှုပ်လွန်းလို့လေ၊ ဒါကြောင့် လူတွေကို ချစ်ခင်နိုင်ရင် ချစ်ခင်လိုက်တယ်၊ ချစ်ခင်လို့မရရင် သူစိမ်းတွေလိုဘဲ နေလိုက်တယ်။ ဥပက္ခာပြုလိုက်တယ်ပေါ့။

    • linnlinnn

      September 14, 2012 at 9:43 am

      မှန်လိုက်လေ..ကိုခရေ.. အမုန်းရဲ့နောက်မှာ ကပ်ပါးလာတဲ့အရာတွေက လူကိုလောင်မြိုက်စေလို့..မုန်းမိပြီဆိုရင် စိတ်တွေရှုတ်မှ ရှုတ်ပဲ

  • ခပ်မိုက်မိုက် ကောင်မလေး

    September 14, 2012 at 12:58 pm

    နောက်ဆုံးတော့လည်း အရာအားလုံးနဲ့အတူ…
    ခွဲခွာကြရမှာပါပဲ ဒါနဲ့တောင်…
    တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်လို့များ…
    အမုန်းပွားမိနေကြပါလိမ့်နော်…
    တွေ့ဆုံခြင်းရဲ့ တစ်ခဏမှာ ဘာကြောင့်များ…
    သံသယစိတ်တွေနဲ့ အငြင်းပွားပြီး…
    ချစ်ချစ်ခင်ခင် မနေနိုင်ကြရတာလဲပေါ့…
    ပြီးဆုံးခဲ့တဲ့ အရာမှန်သမျှကို ဘာအတွက်နဲ့များ…
    ပြန်လည်ဖော်ထုတ်ပြီး ခံစားနေကြရတာလဲဆိုတာ…
    ခုအချိန် အတွက် အချိန်ဆိုတာ ခဏတာမို့…
    ပျော်ပျော်ရွှင်ရွှင်နဲ့ မနေသင့်ဘူးလား…
    ဖေးဖေးမမ နဲ့ ပြောဆို နေထိုင်မှုတွေ မရှိသင့်ဘူးလား…
    ဘဝမှာ လိုချင်တိုင်းလည်း မရသလို…
    ဖြစ်ချင်တိုင်းလည်း ဖြစ်မလာတတ်တဲ့ အရာတွေအတွက်…
    လက်ရှိမှာ လက်တွေ့အတွက် အကောင်းဆုံး…
    အပျော်ရွှင်ဆုံး ဖြစ်အောင် ဘာကြောင့်များ မနေထိုင်နိုင်ကြတာလဲ…
    ကိုယ့်မိသားစု ပတ်ဝန်းကျင်ကို အသိအမှတ်ပြု…
    တန်ဖိုးထား တတ်အောင် နေတတ်ဖို့ပါပဲ…
    ဘဝမှာ အဆင်မပြေမှုတွေ များလာတဲ့အခါ…
    လူတိုင်းဟာ ထွက်ပေါက်တစ်ခုအနေနဲ့ မဖြစ်သင့်တာတွေ…
    ဖြစ်သွားတတ်တယ် အဲ့လိုတွေ မဖြစ်ဖို့အတွက်…
    ကိုယ့်ဘဝကိုတန်ဖိုးထားပြီး သီးခံစိတ်လေးထားပါ…
    အရာရာမှာ ဒေါသကို ရှေ့မထားမိပါစေနဲ့ အမှားများတတ်ပါတယ်…
    အကောင်းမြင်တတ်ဖို့ ကြိုးစားပါ…
    အမြဲတမ်း ပြုံးပျော်ရွှင်နိုင်အောင် နေထိုင်ပြုမူတတ်ပါစေ…
    နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ကလေး အမြဲရှိပါစေ…
    ကျွန်မတို့ တစ်တွေဟာ ခွဲခွားခြင်းတွေနဲ့ အမြဲလိုလို…
    ရင်ဆိုင်ကြုံတွေ့နေရဦးမှာပါ ဒါကြောင့်…
    နောက်ဆိုတာက အခုလောက် ဘယ်အရာမှ မသေချာပါဘူး…
    လက်ရှိမှာ အပျော်ရွှင်ဆုံး အေးချမ်းတဲ့ စိတ်ကလေးတွေနဲ့…
    သာယာတဲ့ မိသားစု ၊ သူငယ်ချင်း တွေနဲ့ သင့်တို့ရဲ့…
    ပတ်ဝန်းကျင်မှာ သာယာစိုပြေပါစေလို့……
    ဆန္ဒပြုလျက်…….။ ။

    ပျော်ရွှင် အေးချမ်းတဲ့ ဘဝတွေ ပိုင်ဆိုင်ပါစေ…။

Leave a Reply