ဦးမောင်နှင့် အင်တာနက်ဆိုင်သို့တစ်ခေါက်

သူရႆဝါSeptember 13, 20121min1116

ဦးမောင်နှင့် အင်တာနက်ဆိုင်သို့တစ်ခေါက်
– သူရဿဝါ –

ရန်ကုန်ရှိ တူမတော် မယ်ဆူး၏ အိမ်သို့ ရောက်တုန်း ရောက်ခိုက် ရွာတွင် မသုံးရသော အင်တာနက်ကို တဝကြီး သုံးရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဦးမောင် တစ်ယောက် အင်တာနက် ဆိုင်သို့ ထွက်လာ ခဲ့သည်။ အရင် တုန်းကတော့ အင်တာနက် ဆိုတာ ဂျေဒိုးနပ်လို စားစရာ ဟုတောင် ဦးမောင် ကြားဖူးနားဝ ထင်ခဲ့ဖူး သေးတာ။ အခုတော့ ရန်ကုန် မြို့ကြီး သို့လည်း ခဏခဏ ရောက်၊ တူမတော် မယ်ဆူးတို့ မိသားစု၏ နည်းပညာ အသိုင်း အဝိုင်းနှင့် ခဏခဏ ထိတွေ့ ရသောကြောင့် သူတို့၏ သင်ပေး မှုဖြင့် အင်တာနက် ဆိုတာကို ကောင်းကောင်း သုံးတတ် နေလေပြီ။ အသုံးအနှုန်းက အစ အရင်နှင့် မတူတော့။ အခု ဦးမောင် အင်တာနက် ကြည့်တယ်တို့၊ အင်တာနက် ထိုင်တယ်တို့ မပြောတော့။ အင်တာနက် သုံးတယ်ဟု ပြောတတ် လာပြီ။

ဆိုင်ထဲ ဝင်လာခဲ့သည်။ တစ်ကိုယ်လုံး အပူလှိုင်း ဖြတ်သွား သလိုပဲ ခံစား လိုက်ရ၏။ မီးပျက် နေလို့လား မသိ။ ဆိုင်ထဲ ရောက်တော့ မီးစက်သံ တဝုန်းဝုန်း၊ အပူရှိန် ကလည်း တဟုန်းဟုန်း။ နက်ဝါ့ခ် ဂိမ်းနှင့် အင်တာနက် တွဲ၍ ဖွင့်ထားသည့် ဆိုင် ဖြစ်သဖြင့် အထဲမှာ ဂိမ်းကစား နေသူ ကောင်လေး များ၏ ဆဲသံ၊ ဆိုသံ၊ ကလော်သံ၊ အော်သံ တွေကလည်း ဆူညံ ပွက်လောထ နေ၏။ အော် .. အရှင်လတ်လတ် ငရဲပြည် ရောက်သွားတဲ့ အတိုင်းပါပဲ။ သည်းခံ .. သည်းခံ။ ဦးမောင် ဆာဗာ ကောင်တာရှေ့ ရပ်လိုက်သည်။ ဆာဗာတွင် ထိုင်နေသော ဆိုင်တာဝန်ခံ ကောင်လေးက စာတွေ တဗြောင်းဗြောင်း ရိုက်နေ ရာမှ ဦးမောင်ကို လှမ်းကြည့်သည်။ ဦးမောင် မေးလိုက်၏။

“ဘယ်စက်မှာ ထိုင်ရမလဲ .. တူလေး”

ကောင်လေးက ဦးမောင်ကို လွတ်နေသော စက်တစ်လုံးဆီ လက်ညှိုး ညွှန်ပြ၏။ ပြီးတော့ သူ့ဟာသူ ကွန်ပျူတာကြီး ငုံ့ကြည့်ကာ တဂျောင်းဂျောင်း စာရိုက် နေပြန်၏။ အော် .. သနားစရာ၊ အာသီးယောင် နေတယ် ထင်တယ် .. ဟိုမှာ ထိုင်လိုက်ပါ ဦးလေး လို့တောင် ပြန်မပြော နိုင်ရှာဘူးဟု ဦးမောင် တွေးမိသည်။ သူ ညွှန်ပြသော နေရာတွင် ဦးမောင် ထိုင် လိုက်သည်။ သူ့ဘေး တစ်ဖက် တစ်ချက်မှာ ခုနက အော်ဟစ်၍ ဂိမ်းဆော့ နေကြသော ကောင်ကလေးတွေ။ ဦးမောင် သူ့ဆီ ဘယ်သူမှ မေးလ်မပို့ ထားမှန်း သိသော်လည်း ခပ်တည်တည်ဖြင့် မေးလ်စစ်ရန် ဂျီမေးလ် ဖွင့်လိုက်သည်။ အခုတော့ အေးအေး ဆေးဆေးပဲ။ သေချာ မသုံးတတ်ခင် အရင်တုန်း ကတော့ ပါ့စ်ဝါ့ဒ် ရိုက်ထည့်သည့် အပေါက်ထဲတွင် ဘာတွေ ရိုက်ထည့် ရမှန်း မသိ၍ ကိုယ့် မှတ်ပုံတင် နံပါတ်ကိုယ် ပြန်ရိုက်ထည့်ချင် ထည့်နေ တတ်ခဲ့တာ။

ဖွင့်ပြီးတော့ ငါးမိနစ်လောက် ကြာသည် အထိ ဂျီမေးလ်က တက်မလာ။ သတင်း ဖတ်ရန် ဆိုပြီး သတင်း ဝက်ဘ်ဆိုက် တစ်ခုကို ဖွင့်လိုက်သည်။ ဖွင့်လိုက်တာနှင့် .. မြန်ချက်။ Problem Loading Page ဆိုပြီး တန်းတက် လာသည်။ ဦးမောင် လည်း သတိ မထားမိ။ အောင်မယ် .. အင်္ဂလိပ်လို သတင်းရေး ထားတာ ထင်လို့ ဖတ်ကြည့် နေသေးသည်။ ပြီးမှ ဖွင့်၍ မရလျှင် ပေါ်တတ်သည့် စာတန်းမှန်း သတိရ၏။ ဒါနဲ့ ဦးမောင်လည်း မနေသာပြီ။ ကောင်တာမှ ကောင်လေးကို လှမ်း၍ ခေါ်ရသည်။

“သားရေ .. ခဏလောက် လာကြည့် ပေးပါဦး .. မတက်လို့”

ထုံးစံအတိုင်း သူ့ကို မျက်နှာသေကြီးနှင့် ကောင်တာမှ နေ၍ လှမ်းကြည့်၏။ ပြီးတော့ ငုံ့၍ စာအနည်းငယ် ရိုက်လိုက် သေး၏။ ပြီးတော့မှ မထချင် ထချင် ပုံစံဖြင့် ထ၍ လာသည်။

“တူလေးရေ .. မေးလ်လည်း မရဘူး၊ သတင်း ဖတ်မလို့ ဖွင့်တဲ့ ဝက်ဆိုက်လည်း မရဘူး”

“ဘာမှ မတက်ဘူးလား”

“အေး .. ဟုတ်တယ်”

“အဲဒါဆို ကျနေတာ”

ဦးမောင် စိတ်ညစ် သွားသည်။ ဉာဏ်ကြီးရှင်နှင့် တွေ့နေပြီ။ မတက်ပါဘူး ဆိုတော့မှ ကျလို့ပေါ့။ စိတ်ထွက်ထွက်နှင့် ဦးမောင် ဘုတော လိုက်သည်။

“အေးပေါ့လကွယ် … မတက်မှတော့ ကျလို့ပေါ့၊ ကော်နရှင် ကတော့ တန်းလန်းကြီး ဖြစ်နေတယ်လို့ ရှိမှမရှိတာဘဲ”

ငါ့လို တောသားတောင် ကော်နရှင် ကျတယ် ဆိုတာကို သိတယ်ကွ ဟူသော ပုံစံဖြင့် ဦးမောင် ပြောလိုက်တော့ ထို ကောင်လေးက ထုံးစံ အတိုင်း ရုပ်သေကြီးနှင့် ကြည့်နေ ပြန်သည်။ ပြီးမှ “မတက်တာများ လွယ်လွယ်လေး” ဟု ဆိုကာ ဘာမပြော ညာမပြောနှင့် စက်ကို Restart ချလိုက် လေ၏။ ကော်နရှင် မတက်လျှင် ရီစတတ် ချရလေ၏ ဟူ၍ ဦးမောင် အဖို့ မှတ်သားစရာ တစ်မျိုး တိုးလေ၏။ ရီစတတ် ချပြီး၍ စက်ပြန် ပွင့်တော့ ပြန်သုံး ကြည့်သော်လည်း ခုနက လိုပင် ပရော် ဘလမ်း လုပ်ဒင်း ပြန်သည်။ ဦးမောင်လည်း ဘာမှ လုပ်တတ်သည် မဟုတ်တော့ ဆိုင် တာဝန်ခံ ကောင်လေးကို လှမ်း၍ ခေါ်ရ ပြန်သည်။ ခုနက လိုပင် အုတ်နီခဲလို ရုပ်တည် ရုပ်မာ ကြီးနှင့် ထ၍ လာပြန်၏။

“အခုထိ မတက်သေးဘူးလား”

“အေးကွာ .. လုပ်ပါဦး ..”

“ဒါများ လွယ်လွယ်လေး .. ဂိမ်းဆော့ရင်း စောင့်” ဟုဆိုကာ ဖား၏ ပါးစပ်ထဲမှ ရောင်စုံ အလုံးတွေ ထွက်ကျပြီး အရောင် တူရာ အလုံးတွေကို လှမ်း၍ ပစ်ရသည့် ဂိမ်းကို ဖွင့်ပေး သွား၏။ မထူးတော့ပြီ ဟုဆိုကာ ဦးမောင်လည်း ထိုင်ဆော့ နေလိုက် တော့၏။ လေးဆယ့်ငါး မိနစ်လောက် ဆော့ပြီး တော့မှ ကောင်တာမှ ကောင်လေးက လှမ်း၍ အော်သည်။ “ဦးလေး .. ဘယ်လို ဖြစ်တာလဲ မသိဘူး … ကော်နရှင် တက်လာပြီ” တဲ့။ အော် .. ကော်နရှင် တက်တာများ အထူး အဆန်း ဖြစ်ရပုံနှင့် အော်နေသည်။ ဦးမောင်လည်း ဂိမ်းဆက်၍ မဆော့ တော့ဘဲ ဖတ်ချင်သည့် သတင်း ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်သည်။

“အမျိုးသား ရင်ကြားစေ့ရေး အတွက် ငြိမ်းချမ်းရေး အထူး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ရာ … ဟေ့ကောင်တွေ .. ချကွ .. ချ .. ပစ် .. အဲဒီကောင်ကို လိုက်ပစ် .. မပြေးနဲ့ .. မိလို့ကတော့ အသေပဲ”

အလို .. ဘာဖြစ် သွားတာပါလိမ့်။ ဦးမောင် ဖတ်နေသည့် သတင်း ထဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ရာ အထိပဲ ရှိသေး … ဘယ်ညာ တစ်ဖက် တစ်ချက်မှ ဂိမ်းဆော့ နေကြသော ကောင်လေးတွေ အားနှင့် မာန်နှင့် အသည်းအသန် ထ၍ အော်ဟစ် ဆူညံ ဆဲဆိုသံများ ထွက်လာခြင်း ဖြစ်၏။ ဦးမောင် စိတ်လျှော့ လိုက်ပြီ။ သတင်းလည်း မဖတ်ချင်တော့၊ အင်တာနက်လည်း မသုံးချင်တော့။ ထိုင်နေရာမှ ထ၍ ငွေရှင်းရန် ကောင်တာသို့ ထလာခဲ့သည်။

“ပြီးပြီ .. တူလေး .. ဘယ်လောက်လဲ”

“လေးရာ” ဘာဆို ဘာမှ အပိုမပြော။ သူ့ကိုပင် မော့မကြည့်ဘဲ ကွန်ပျူတာကို ကြည့်နေရာမှ ပြောပြန်သည်။ ဦးမောင်လည်း မနေနိုင်။

“ငါ .. ငါ .. တစ်နာရီ လုံးလုံး .. ဆယ်မိနစ်လား ဆယ့်ငါး မိနစ်လား သုံးရတာပါကွာ … မတက်ဘူးလေ .. ကျနေတာလေ”

“ဒါပေမယ့် .. ဦးလေး ဂိမ်းဆော့ တယ်လေ”

ကိုင်း .. မှတ်ကရော။ သူဖွင့်ပေး လို့လည်း ဆော့ရသေးတယ် .. အခုတော့ ကိုယ်က အလိုတူ အလိုပါ ဖြစ်ရသည်။ ဦးမောင် ဘာမှ မပြောတော့။ ပိုက်ဆံ တစ်ထောင်တန် တစ်ရွက် ထုတ်ပေး လိုက်သည်။ ပိုသော ပိုက်ဆံကို ပြန်အမ်းရင်း ကောင်လေးက ဖြေပြော ပြောသည်။

“ကျွန်တော်က ဘာမှ မသိဘူး .. ကျွန်တော့် ဦးလေးက ကျွန်တော် ဆယ်တန်း အောင်ထားပြီး အလုပ်မရှိ သေးလို့ .. သူ့ဆိုင်မှာ ထိုင်ခိုင်း ထားတာ … ဒီမှာ .. ငွေတွက်တဲ့ ဆော့ဖ်ဝဲက တွက်တဲ့ အတိုင်းပဲ ကျွန်တော်က တောင်းရတာ”

တစ်ဆိုင်လုံး၏ တာဝန်ခံ အဆင့်မြင့် ကွန်ပျူတာ ပညာရှင် နည်းပညာ သမားလေး ပြောလိုက်မှ ရှင်းသွားသည်။ သူကတော့ ထုံးစံ အတိုင်း မျက်နှာမာ ကြီးနှင့်ပင်။ ဦးမောင်လည်း ဆိုင်က ပြန်ထွက် လာရင်း ဒီလို မျက်နှာမျိုး ဘယ်မှာ တွေ့ဖူးသလဲ စဉ်းစား နေမိသည်။ အတော်ကြာ စဉ်းစား လိုက်တော့မှ .. ခပ်ရေးရေး ပေါ်လာ၏။ သူတို့ တစ်ရွာလုံးမှာ တစ်ဦး တည်းသော ဂြိုဟ်တု စလောင်း တပ်ထား နိုင်သည့် ဒေါ်ခင်ပု၏ မျက်နှာမျိုး ပါပေ။ တစ်ရွာလုံးမှာ ဂြိုဟ်တု စလောင်း တပ်နိုင်တာ ဆိုလို့ သူပဲ ရှိတာ ဆိုတော့ သူ့အိမ်မှာ ရွာက လူတွေ ဂြိုဟ်တု စလောင်း သွားကြည့်ပြီ ဆိုလျှင် လုပ်ထား တတ်သော ဒေါ်ခင်ပု၏ မျက်နှာမျိုး။ “ကြည့်ချင်ကြည့် မကြည့်ချင်နေ .. တို့ကတော့ ဂရုမစိုက်” ဟူသော သဘောဖြင့် မာခေါက် နေတတ်သော မျက်နှာထားကြီး။ ခုနက အင်တာနက် ဆိုင်မှ ကောင်လေး၏ မျက်နှာနေ မျက်နှာထားနှင့် တစ်ပုံစံထဲ။ ထိုကောင်လေး ပုံစံကလည်း “သုံးချင်သုံး မသုံးချင်နေ … ဂရုမစိုက်” ဟူသော ပုံမျိုး ပေါက်နေတာကိုး။

ဆယ်တန်း အောင်ပြီးစ အင်တာနက် အကြောင်း ဘာမှလည်း သေချာ မတတ်၊ သေချာ မသိ။ ကာစတန်မာကို ဘယ်လို ဆက်ဆံ ရမည် ဆိုတာလည်း နားလည်ပုံ မရသော “သုံးချင်သုံး မသုံးချင်နေ” ကိုယ်တော်လေးအား စိတ်ချလက်ချ ဆိုင်တွင် အလုပ်ပေး ထားသည် ဟူသော ဦးလေးတော်၏ အင်တာနက် ဆိုင်ကြီး ရေရှည်တွင် သေချာပေါက် အကျိုးစီးပွါး ဖြစ်ထွန်း တော့မည့် အရေးကို တွေးကာ ထိုကောင်လေး ကိုတလှည့် .. ဒေါ်ခင်ပု ကိုတလှည့် မြင်ယောင် ရင်းဖြင့် ဦးမောင် တစ်ယောက် ပြန်လာ ခဲ့မိလေ တော့သည်။

၆ – စက်တင်ဘာ – ၂၀၁၂

6 comments

  • Mon Kit

    September 13, 2012 at 12:14 pm

    ဟက်ဟက်ဟက်…. 😛
    သရုပ်ဖော်သွားပုံလေးက လှမှလှ……
    😀

  • Good™

    September 13, 2012 at 4:17 pm

    အားပေး ရင်း အပြုံး ပွင့်လေး တွေ ရလိုက် လို့ ကျေးဇူး တင်ပါကြောင်း။

  • pooch

    September 13, 2012 at 4:43 pm

    ဖြစ်ရလေ။ ဒေါ်ခင်ပု မျက်နှာကြီးတောင် မျက်လုံးထဲ ပေါ်လာတယ်။ 😀

  • cobra

    September 13, 2012 at 5:04 pm

    ရယ်စရာေရေးတတ်တယ်နော်
    အားပေးနေတယ်.။

  • ညလေး

    September 13, 2012 at 5:13 pm

    ကောင်းပါလေရော….ဦးမောင်ရယ်…..
    အဲ့ကောင်လေးခဗျာ…..မအားလို.နေမှာ…ဦးမောင်ရယ်…

  • aung moethu

    September 14, 2012 at 5:06 pm

    အင်တာနက်ကျရင် ဂိမ်းဆော့ပါ…။ ကွန်ပျူတာကို ရီစတက်ချပါ..။ ဖတ်မှတ်သွားပါတယ်။ း)

Leave a Reply