မင်္ဂလသုတ်သုံးသပ်ချက် (အရိယသစ္စာတရားအညွှန်း)

ariyathitsaSeptember 13, 20121min992

ဒီမင်္ဂလာတရားကို မြတ်စွာဘုရားက နတ်ကို ဟောခဲ့တဲ့တရားပဲ။

ဒီနေရာမှာ နတ်ဆိုတာက …… မြင့်မြတ်တဲ့သူတွေကိုပြောတာ။

 

ဥပမာ. . အုပ်ချုပ်သူမင်းစိုးရာဇာတွေ၊ သူဌေးသူကြွယ်၊

ဩဇာကြီးမားသူတွေ၊ သူတော်ကောင်း သူမြတ်လောင်းတွေပေါ့။

အဲဒါတွေက ဒေဝါတွေ နတ်တွေပဲ၊

သာမန်လူတွေကတော့ မနုဿာတွေပေါ့။

 

ရိုးရိုးလူ (မနုဿ) တွေရော၊ မြင့်မြတ်တဲ့သူ (ဒေဝါနံ)တွေရော ဒီမင်္ဂလာတရားကို ကြံကြတယ်။

ဒီမင်္ဂလာတရားကို တောင်းတဲ့သူ ဘယ်သူလို့ မသိတော့တာမို့ သူ့ကို အညတရဒေဝတာလို့ ပြောရတယ်။

 

လူမိုက်နဲ့  မပေါင်းသင်းတာ မင်္ဂလာပဲ။

ဒါပေမယ့် လူမိုက်နဲ့ လူလိမ္မာကို ခွဲခြားသိဖို့တော့လိုတယ်။

 

ဘုရားက အရိယာဖြစ်တယ်၊ အရိယာဖြစ်တဲ့ ဘုရားကပြောတဲ့ လူမိုက်ဆိုတာက

အရိယာမဟုတ်တဲ့သူတွေကို ပြောတာပဲဖြစ်တယ်။

 

အရိယာဆိုတာ ကာမနဲ့ လွန်ကျူးတဲ့ အောက်တန်းကျသော ကာယ၊ ဝစီ၊ မနောတွေ မရှိသလို

ရူပ၊ အရူပတွေနဲ့ ကာယ၊ ဝစီ၊ မနောတွေ လွန်တာလဲ မရှိဘူး။

ဒါ အရိယာတို့ရဲ့ အနေပါပဲ။

 

ပုထုဇဉ်ကတော့ အလယ်လမ်းကို မသိတာမို့ ကာမနဲ့ ကာယ၊ ဝစီ၊ မနောတွေ လွန်ကျူးမယ်။

ဒါမှမဟုတ် ကာမထက်လွန်တဲ့ ကာမ မဟုတ်တဲ့ ရူပ၊ အရူပတွေနဲ့ ကာယ၊ ဝစီ၊ မနောတွေကို လှုပ်မှာပဲ။

ဒီ အလိုအပိုတွေနဲ့ ကာယ၊ ဝစီ၊ မနောတွေကို လှုပ်ရှားစေတာမို့

အဲဒီသူဟာ ဆူးလှည်းကို ဆွဲလာသလိုမျိုးနဲ့ ရှုပ်တဲ့သူမို့ ဟိုငြိ၊ ဒီငြိပေါ့။

 

မင်္ဂလာဆိုတာ မင်္ဂလာဆောင်တာ၊ လက်ဖက်ခွံ့တာ၊ ကွမ်းခွံ့တာလောက်ကို ပြောတာမဟုတ်၊

ဘုရားပြောတဲ့ မင်္ဂလာဆိုတာ နိဗ္ဗာန်ကို ပြောတာပါပဲ။

ဗြဟ္မစရိယဆိုတာ မဂ်ကို ပြောတာ မဂ်တရားတွေကို ကျင့်တာလဲ အမြတ်ဆုံးမင်္ဂလာပဲ၊

နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာလဲ အမြတ်ဆုံးမင်္ဂလာပဲ။

 

ဗြဟ္မစရိယဆိုတဲ့ မဂ္ဂင် ၈-ပါး ကျင့်ပြီးလို့ မဂ်တရားရနေတဲ့ ရဟန္တာတွေကို “ဗြဟ္မ”ဗြဟ္မာလို့ ခေါ်တာ။

ဗြဟ္မာဆိုတာ ဒုက္ခကို ဖြစ်စေတတ်တဲ့ ကံတရားတွေကို ပယ်ပြီးထားသူ။

အဲဒီ ရဟန္တာဖြစ်ဖို့ ကျင့်တဲ့ အကျင့်ဖြစ်တဲ့အတွက် ဗြဟ္မစရိယ(အကျင့်)လို့ပြောရတာ။

 

မသမာဘူးဆိုတာ အစွန်းထဲမှာ နစ်နေပြီး မြင်၊ တွေး၊ ပြော၊ လုပ်၊ နေ၊

ကြိုးစား၊ နိုးကြား၊ စိတ်ထားမယ်ဆိုရင် အဲဒါ မသမာဘူး။

 

မသမာတဲ့ မဂ်တွေကို လွန်ပြီး သမာသွားပြီးဆိုတာ အစွန်းနှစ်ရပ်ကလွတ်ပြီး

မြင်၊ တွေး၊ ပြော၊ လုပ်၊ နေ၊ ကြိုးစား၊ နိုးကြား၊ စိတ်ထားတာက သမာတဲ့ အချက် ၈-ချက်ပဲ။

 

အရိယသစ္စာန ဒဿနံမှာ အရိယသစ္စာက သာသာနာနှစ် ၂၃၀-လောက်အထိပဲ ရှိခဲ့ပုံရှိတယ်။

သာသာနာနှစ် ၂၃၀-နောက်ပိုင်းမှာ ပရမတ္တသစ္စာတရားတွေဝင်လာတော့ အရိယသစ္စာပျောက်ရပြီ။

 

 

တွေးတယ်ဆိုတာ ခေါ်ရတာ၊ မျှော်ရတာ၊ ခေါ်ပြီ မျှော်ပြီဆိုတော့ ဈာန်တွေလုပ်မိနေပြီပေါ့။

 

အရိယသစ္စာန ဒဿနံ– အရိယသစ္စာတရားတွေကို သိမြင်တာ၊

ဗြဟ္မစရိယဉ္စ– မဂ္ဂအရိယသစ္စာကို ကျင့်တဲ့အတွက် ဗြဟ္မဖြစ်တာ၊

 

ရူပကလေသာ၊ အရူပကိလေသာ (ရုပ်ရှု၊ နာမ်ရှု စွဲငြိမှု) တွေကို မသိကြတော့

ဒီ ရူပတဏှာ အရူပကိလေသာတွေနဲ့ နေတာကိုပဲ စိတ်ကောင်း စိတ်မြတ်နဲ့နေတာထင်ကြတာ။

အဲဒီ အမြင်တွေက မိစ္ဆာတွေဖြစ်နေတယ်။

 

အသေဝနာ စ ဗာလာနံ၊ ပတိရူပ ဒေသဝါသော စ၊

တပေါ စ၊ ဗြဟ္မစရိယဉ္စ ၊ အရိယသစ္စာဒဿနံ၊ နှိဗ္ဗာန သစ္ဆိကိရိယာ စ တို့ကို

အနက်ဖော်နိုင်ဖို့က ကိုယ်ကိုယ်တိုင်အရိယာအသိရှိဖို့လို၊

အရိယအသိရှိမှ အဲဒီအနက်တွေကို ဖော်နိုင်မှာဖြစ်တယ်။

 

အသေဝနာ စ ဗာလာနံ ကို အနက်အဓိပ္ပါယ်ဖော်ချင်ရင်ပဲဖြစ်ဖြစ်၊

ပတိရူပ ဒေသဝါသော စ ကို အနက်ဖော်ချင်ရင်ပဲဖြစ်ဖြစ်၊

တပေါ စ၊ ဗြဟ္မစရိယဉ္စ ကို အနက်ဖော်ချင်ရင်ပဲဖြစ်ဖြစ်၊

ကိုယ်တိုင်အရိယာဖြစ်ပြီဆိုရင်

တပ ဆိုတာ ဘာကိုပြောတာ၊

ဗြဟ္မစရိယ ဆိုတာ ဘာပြောတာ၊

အရိယသစ္စာကို ဒဿနဖြစ်တယ်ဆိုတာ ဘာပြောတာ၊

နိဗ္ဗာနကို သစ္ဆိကရိယဖြစ်တယ်ဆိုတာ ဘာပြောတာ ဆိုတာကို သိနိုင်လိမ့်မယ်။

 

အသေဝနာ စ ဗာလာနံမှာလဲ . . . .

ဗာလကို အသေဝနလုပ်တယ်ဆိုတာ  . . . .

ဗာလက ဘယ်လိုဟာ၊ အသေဝနာက ဘယ်လိုလုပ်တာ၊

 

ပဏ္ဍိတာနဉ္စ သေဝနာမှာ . . . .

ပဏ္ဍိတဆိုတာ ဘယ်လိုဖြစ်တာ၊ သေဝနဆိုတာ ဘယ်လိုလုပ်တာ၊

အဲဒီမြတ်စွာဘုရားရဲ့စကားတော်တွေကို

မြတ်စွာဘုရားရဲ့ တပည့် (အရိယာ)ဖြစ်မှပဲ သိမှာဖြစ်တယ်။

ဒါ့ကြောင့် မြတ်စွာဘုရားတပည့် (အရိယာ)ဖြစ်ဖို့လုပ်ရမယ်။

 

အရိယာဖြစ်ဖို့က . . . .

ကိုယ်လုပ်သင့်တာတွေကို လုပ်ပါ၊ မလုပ်သင့်တာတွေကို မလုပ်ပါနဲ့၊

 

မလုပ်သင့်တာကို မလုပ်မိအောင်ရှောင်တာ သီလ (ဝါရိတ္တသီလ) ပါ။

လုပ်သင့်တာကို လုပ်မိအောင် ဆောင်တာလဲ သီလ (စာရိတ္တသီလ) ပါ။

 

ဘာဟာက လုပ်သင့်တယ်၊ ဘယ်ဟာက မလုပ်သင့်ဘူးဆိုတာကို

သိဖို့ရာမှာက ဆရာလိုပါတယ်။

 

သူ့အသတ်သတ်တဲ့၊ သူ့ဥစ္စာခိုးတဲ့ မကောင်းမှုတွေကိုတော့ မလုပ်သင့်မှန်းသိကြပေမယ့်

ကာမကုသိုလ်တွေ၊ ရူပ၊ အရူပတရားတွေကို မလုပ်သင့်တာကို

မလုပ်သင့်မှန်းသိဖို့ရာကြတော့ ဆရာသမားလို်ပါတယ်။

 

မြတ်စွာဘုရားကိုယ်တိုင် အစဆုံး တရားဟောခဲ့တဲ့အခါမှာ အစဆုံး စကားလုံးနဲ့ကို

အစွန်းရောက်နေတဲ့ တရားနှစ်ပါး မမှီဝဲရဘူးလို့ ဟောခဲ့တာ။

ပထမအစွန်းတွေက အကုသိုလ်နဲ့ ကုသိုလ်ကာမအစွန်းပဲ၊

ဒုတိယအစွန်းက ရူပနဲ့ အရူပဆိုတဲ့ အထက်အစွန်းတွေပဲ၊

ဒီဆရာကောင်းသမားကောင်း မရရင်

ကာမ၊ ရူပ၊ အရူပကုသိုလ်တွေကို မလုပ်ကောင်းဘူးလို့ မသိကြဘူး။

 

ဒါ့ကြောင့် မလုပ်သင့်တာတွေကို မလုပ်ပဲနေကြပါ၊

လုပ်သင့်တာတွေကိုလဲပဲ လုပ်မိအောင်လုပ်ကြပါ။

 

လုပ်သင့်တာကလဲ ဘာ့ကြောင့်လုပ်သင့်တာလဲ၊

ဆရာက မလုပ်သင့်ဘူး၊ လုပ်သင့်တယ်လို့ ပြောတဲ့အခါ

ကိုယ်က ဒီအလုပ်အပေါ်မှာ အတွေးလိုက်ပါ၊ ဈာန်ဝင်ပါ။

အဲဒီဈာန်ကျတော့ ကာမဈာန်လဲမဟုတ်၊

ရူပဈာန်လဲမဟုတ်၊ အရူပဈာန်လဲမဟုတ်ပဲ၊

လုပ်သင့်တာအပေါ်မှာ အတွေးလိုက်တဲ့အတွက်၊

မလုပ်သင့်တာအပေါ်မှာ အတွေးလိုက်တဲ့အတွက် စရဏဈာန်လို့ပြောရမယ်။

 

အဲဒီ ဈာန် (အတွေးပွားမှု)ကို ဝင်ပြီဆိုရင် အဲဒီကနေ ဉာဏ်တွေ ပေါက်လာလိမ့်မယ်။

အဲဒီဈာန်ကနေ ဉာဏ်တွေပေါက်ပြီဆိုရင်

လုပ်သင့်တာကို ဘာ့ကြောင့်လုပ်သင့်တယ်၊

မလုပ်သင့်တာကို ဘာ့ကြောင့် မလုပ်သင့်ဘူးဆိုတာကို ကိုယ်ကိုယ်တိုင်သိလာလိမ့်မယ်။

 

အဲဒီ ဉာဏ်ပေါက်ပြီးဆိုရင် အရိယအသိလေးရောက်လာပြီ။

အဲဒီ အရိယအသိလေးရောက်လာမှ

အသေဝနာ စ ဗာလာနံလဲ အနက်ထင်ပါလိမ့်မယ်။

တပေါ စ၊ ဗြဟ္မစရိယဉ္စ လဲ အနက်ထင်ပါလိမ့်မယ်။

 

ဒါ့ကြောင့် အနက်ကို သူများက ဖော်ပေးလို့ သိရတာထက်

ကိုယ်ကိုယ်တိုင် အနက်ကို မြင်တတ်တဲ့ မျက်စိရှိအောင်

အရိယမျက်စိလေးပေါက်အောင် ညွှန်ပြလိုက်ပါတယ်ဟု

 

ဓမ္မဝိဟာရီဆရာတော် 23 – 10 – 2005 တွင် ဟောကြားသည့်

www.ariyathitsa.org website ရှိ

မင်္ဂလသုတ်သုံးသပ်ချက် တရားတော်ကို

 

မင်္ဂလသုတ်သုံးသပ်ချက် အပိုင်း (၁)download

မင်္ဂလသုတ်သုံးသပ်ချက် အပိုင်း (၂)download ရယူ၍

နာယူနိုင်ပြီဖြစ်ကြောင်း တရားအညွှန်းပြလိုက်ရပါသည်။

2 comments

  • TTNU

    September 13, 2012 at 7:06 pm

    ဘုန်းဘုန်းဘုရား
    တပည့်တော် Facebook မှာတင်ထားပြီးသားလေးပါ။
    သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ
    (၁) အသေဝနာစ ဗာလာနံ …အကျင့်စာရတ္တ မကောင်းသူများကို ရှောင်ပါ။
    (၂) ပဏ္ဍိတာနဉ္စ သေဝနာ… လူတော်လူကောင်းများနှင့် ပေါင်းပါ။
    (၃) ပူဇာစ ပူဇနေယျာနံ … ပူဇော်ထိုက်သူကို ပူဇော်ပါ။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပါ။
    (၄) ပတိရူပ ဒေသဝါသော စ … ကုသိုလ်၊ပညာ၊ ဥစ္စာ ရမည့်အရပ်မှာနေထိုင်ပါ။
    (၅) ပုဗ္ဗေစ ကတပုညတာ… ကောင်းမှု ကောင်းရာများကိုကြိုတင်ပြုလုပ်ထားပါ။
    (၆) အတ္တသမ္မာပဏိဓိ စ… ကိုယ်ကျန်းမာအောင်နေပါ။ စိတ်ကောင်းမွေးပါ။
    (၇) ဗာဟုသစ္စဉ္စ… အကြားအမြင်များအောင် ဗဟုသုတ ရှာမှီးပါ။ စာများများဖတ်ပါ။
    (၈) သိပ္ပဉ္စ… အသက်မွေးဝမ်းကျောင်းပညာ တတ်အောင်သင်ထားပါ။
    (၉) ဝိနာယောစ သုသိက္ခိတော… စည်းကမ်းရှိရှိ သွားလာနေထိုင်စားသောက်ဝတ်ဆင်ပါ။
    (၁၀) သုဘာသိတာစ ယာ ဝါစာ… မှန်မှန်ကန်ကန်ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံပါ။
    (၁၁) မာတာပီတုဥပဋ္ဌာနံ… မိဘများကိုပြုစု လုပ်ကျွေးထောက်ပံ့ပါ။ မိဘစိတ်ချမ်းသာအောင်နေပါ။
    (၁၂) ပုတ္တဒါရဿ သင်္ဂဟော… သားသမီး၊ဇနီး၊ခင်ပွန်းကို ပြုစု လုပ်ကျွေးထောက်ပံ့ပါ။
    (၁၃) အနာကုလာစ ကမ္မန ္တာ … အပြစ်ကင်းသောစီးပွားရေးကို ကြိုးစားပြုလုပ်ပါ။
    (၁၄) ဒါနဉ္စ… စွန့်ကြဲ ပေးကမ်း လှူဒါန်း ထောက်ပံ့ပါ။
    (၁၅) ဓမ္မစရိယာစ… သုစရိုက်တရားကိုကျင့်ပါ။ကိုယ်ကျင့်တရားမပျက်ပြားပါစေနှင့်။
    (၁၆) ဉာတကာနဉ္စ သင်္ဂဟော… ဆွေမျိုးတို့ကိုချီးမြှောက်ထောက်ပံ့ ကူညီပါ။
    (၁၇) အနဝဇ္ဇာနိ ကမ္မာနိ… လူထုအကျိုးပြု အမှုကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပါ။
    (၁၈) အာရတီ… မကောင်းတာဆို တွေးကို မတွေးပါနှင့်။
    (၁၉) ဝိရတီ ပါပါ… မကောင်းတဲ့ စကားတွေ မပြောပါနှင့်။ မကောင်းမှုတွေမလုပ်ပါနှင့်။
    (၂၀) မဇ္ဇပါနာစ သံယမော… အရက်သေစာမသောက်စားပါနှင့်။ မူးယစ်ဆေးဝါး မသုံးစွဲပါနှင့်။
    (၂၁) အပ္ပမာဒေါစ ဓမ္မေသု… ကုသိုလ်ပြုဖို့ မမေ့ပါနှင့်။
    (၂၂) ဂါရဝေါ စ… ရဟန်း၊သံဃာ၊ မိဘ၊ဆရာသမား၊ လူကြီးသူမများကို ရိုသေပါ၊လေးစားပါ။
    (၂၃) နိဝါတော စ … မာနမကြီးပါနှင့်၊ ဘဝင်မမြင့်ပါနှင့်၊ ပုံမှန်နေပါ။
    (၂၄) သန ္တုဋ္ဌီ စ… ရတတ်သမျှနဲ့ မျှတရောင့်ရဲပါ။ လောဘမကြီးပါနှင့်။
    (၂၅) ကတညုတာ… သူ့ကျေးဇူးကို သိပါ၊ ဆပ်ပါ။
    (၂၆) ကာလေန ဓမ္မဿဝနံ… သင့်လျော်တဲ့အခါ တရားနာပါ၊ တရားစာဖတ်ပါ။
    (၂၇) ခန ္တီစ … အရာရာမှာစိတ်ရှည်ရှည်ထားပါ။ သည်းခံပါ။
    (၂၈) သောဝစဿတာ… မိဘ၊ ဆရာသမား၊ လူကြီးစကားနားထောင်ပါ။
    (၂၉) သမဏာနဉ္စ ဒဿနံ… သူတော်ကောင်းများထံ သွားရောက်တွေ့ဆုံ ဖူးမြော်ပါ။
    (၃၀) ကာလေန ဓမ္မာသာကစ ္ဆာ… တရားသဘောနားလည်အောင် သူတော်ကောင်းများထံ
    နည်းနာခံ၍ လက်တွေ့ လေ့လာ ဆွေးနွေးပါ။
    (၃၁) တပေါစ… မျက်၊နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် တို့ကို အလိုမလိုက်ပါနှင့်။
    (၃၂) ဗြဟ္မစရယဉ္စ… ဗြဟ္မစိုရ်တရားလက်ကိုင်ထားပါ။
    (၃၃) အရိယသစ္စာန ဒဿနံ… အမှန်တရားကို မြင်အောင်ကြည့်ပါ။ သိအောင်ကျင့်ပါ။
    (၃၄) နိဗ္ဗာနသစ ္ဆိကိရိယာစ… နိဗ္ဗာန်ကိုမြင်မှ အပါယ်ကလွတ်မည်။
    (၃၅) ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ… ကောင်းဆိုးနှစ်တန် လောကဓံ သည်းခံကျင့်ကြံပါ။
    (၃၆) အ သောကံ… သောကကင်းဝေးနိုင်ရန် ဝိပဿနာပွားများပါ။
    (၃၇) ဝိရဇံ… ကိလေသာမြူမဝင် ဉာဏ်မျက်စိကြည်လင်အောင် အားထုတ်ပါ။
    (၃၈) ခေမံ… သေဘေးလွတ်ရန် တရားစစ်တရားမှန် ကျင့်ကြံပါ။
    (လေးအိမ်စု အရှင်ဝိစိတ္တသာရ စီစဉ်သော စကားလက်ဆောင်၊တရားလက်ဆောင်မှ)
    ဤစာအုပ်ကလေးကို လက်ဆောင်ပို့ပေးသော ဒေါက်တာ ဒေါ်ပဒုမ္မာ အားကျေးဇူးတင်လျက်
    သာမာန်ကျောင်းသူကျောင်းသားလေးတွေအတွက် အမှတ်စဉ်(၃၂ မှ (၃၈) ထိ နားလည်
    ဖို့ ခက်ပါတယ်ဘုရား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 13, 2012 at 10:20 pm

    ယံမင်္ဂလံ ဒွါသဿဟိ စိန္တယိ ံသုသဒေဝကကာ
    စသည်မှ မင်္ဂလာ ဆိုတာကို နတ်ရောလူရော တစ်ဆယ့်နှစ်နှစ်တို့ကာလပတ်လုံး
    မသိကြကုန်ဘူးလို့ ဆိုကြပါတယ် ဆရာတော်ဘုရား
    ဒီနေရာမှာ နည်းနည်းပွားခြင်တာက မင်္ဂလာဆိုသည်ကို
    အသံဖြင့် နှစ်လိုဖွယ် ကြားခြင်းကို မင်္ဂလာဟု လည်းကောင်း
    အနံ့ဖြင့် နှစ်လိုဖွယ် ခံစားခြင်းကို မင်္ဂလာဟု လည်းကောင်း
    စက္ခုဖြင့် နှစ်လိုဖွယ် အမြင်ကို မင်္ဂလာဟုလည်းကောင်း ငြင်းခုန်နေကြရာမှ
    အညတရာဒေဝတာက မြတ်စွာဘုရားကို လျှောက်ထားရာမှ ဤသော မင်္ဂလာတရား
    သိမှတ်ရသည်လို့ ဆိုကြတာကတော့ ဆရာတော် မိန့်ကြားသည့်အတိုင်းပါ ဆရာတော်

Leave a Reply