တခါတုန်းက အရင်တုန်းက အခုအခါ နဲ့ နောင်များးရဲ့ မနက်အချိန်လေး။

တခါတုန်းက မနက်အချိန်လေး မှာပေါ့ဗျာ။ အခုထိလည်းရောက်မလာသေးဘူး ကားမှတ်တိုင်မှာ ဘတ်စ်ကား တစ်စီးဆိုက်လာတိုင်း ပါလာပြီလားလို့ ဆင်းတဲ့သူတွေကို ကြည့်ရ ကားပေါ်ကြည့်ရနဲ့ ခေါင်းတောင်စုံလည် တပ်ထားလို့ရရင် တပ်ထားချင်တယ်၊ စောင့်နေရတာ နာရီဝက်တောင်ပြည့်ခါနီးပြီး ခါတိုင်းနေ့တွေဆို မနက် ၈ နာရီစွန်းစွန်းလောက် ရောက်လာတတ်တဲ့သူ အခု မနက် ၈ နာရီလွန်လို့ မိနစ် ၂၀ တောင်ကျော်လာပါပေါ့၊ နေမကောင်းလို့များ ရုံးမလာတော့တာလား၊ မနေ့ကလည်းရုံးပြန်မိုးမရွာလို့ မိုးမိပြီးဖျားတာလည်းမဟုတ်တန် စီးလာတဲ့ ဘတ်စ်ကားဘဲ လမ်းဘီးပေါက်နေလို့လား၊ ကားလမ်းတွေဘဲ ပိတ်နေလို့လားနဲ့ မျော်တော်ဇောနဲ့ စိတ်ပူစွာစောင့်နေတုံး ဟော ဘတ်စ်ကားလေးတစ်စီးဆိုက်လာလို့ ဆင်းမယ့်တံခါးပေါက် မျော်လိုကြည့်မိရင်ဘဲ ချစ်သူရဲ့အပြုံးလေးကိုတွေ့လိုက်ရလို့ သူဆင်းအလာစောင့်ရင် ကားတံခါးပေါက်နားတိုးမိပေါ့ခြေလှမ်း ပြီးတော့ အလိုလျှောက်လှန်းယူမိလိုက်တဲ့ သူရဲ့ထမင်းချိုင့်ထဲ့ထားတဲ့ လက်ဆွဲအိတ်လေး ပြီးတော့ ကားမှတ်တိုင်နားက မနက်ထိုင်နေကျ လဘက်ရည်ဆိုင်လေးကို တူယှဉ်တွဲ ခြေလှမ်းဖြင့်သွားရင်း

“ခင် ဒီနေ့ အရမ်းနောက်ကျ နေလို့ မောင်က နေမကောင်းများဖြစ်နေပြီး ရုံးမတက်နိုင်တာလားလို့´´ ချိုသာသောအမေးလေးနဲ့ စကားဆို ဖြစ်တော့

“ မဟုတ်ဘူးမောင်ရဲ့ အိမ်ကထွက်တာက အရင်ပုံမှန်ချိန်ဘဲ လမ်းမှာဦးစားပေး ယာဉ်တန်းတွေနဲ့ ကြုံနေလို ခင်တို့စီးတဲ့ဘတ်စ်ကားတွေ ရပ်စောင့်နေရတာ အရမ်းကြာတာဘဲလေ ခင်တော့ထင်သား မောင်တော့စိတ်ပူပြီး စိတ်တိုနေပြီလားလို့´´

ဒါနဲ့ လဘက်ရည်ဆိုင်လေးရောက်၊ စားပွဲဝိုင်းလေးတစ်ခုမှာထိုင်ရင်း

“ခင်ဘာစားမလဲ ခါတိုင်းလိုဘဲ မုန့်ဟင်းခါးနဲ့လဘက်ရည်လား´´

“ဟုတ်တယ်အဲဒါဘဲစားမယ်။ မောင်ရော´´

“မောင်က ခေါက်ဆွဲသုတ်မှာလိုက်မယ်´´

ဆိုပြီး စားပွဲထိုးကောင်လေးကို မုန့်ဟင်းခါးပဲကြော်နဲ့ ၁ ပွဲ၊ လဘက်ရည် ၁ ခွက်နဲ့ ခေါက်ဆွဲသုတ် ၁ ပွဲ မှာလိုက်တယ်၊

“စိတ်တော့မတိုပါဘူး၊ စောင့်ရတာကြာလာပြီး ခါတိုင်းရောက်ချိန်မရောက်သေးဘဲ နောက်ကျနေတော့ ဟိုတွေးဒီတွေး စိတ်ပူတာပေါ့´´ ( ဒါက ချစ်သူဘ၀ တခါတုံးကပြောတာ ) ဒါနဲ့စားပွဲထိုးကောင်လေး မှာထားတဲ့ စားစရာတွေ လာချပေးပေါ့။

“ခင် မုန်ဟင်းခါးက ပူနေတုံးမို့ လျှာပူမယ်နော်´´

“အင်းပါ သိပါတယ် အသဲကိုပိုတယ်´´

“အသဲပိုတာမဟုတ်ဘူးလေ နောက်ကျနေတော့ လောလောနဲ့ကမန်းကတန်းစားလိုက်ပြီး လျှာကျက်သွားမှာ စိုးလို့ပေါ့´´ ( ကောင်မလေးလည်း ကျေနပ်တဲ့မျက်နှာလေးပြုံးလို့ပေါ့)

ဒါနဲ့ဘဲစားသောက်ပြီး ကျသင့်တဲ့ငွေကို ကောင်ကလေးကထုတ်ပေးပြီး ဆိုင်ကနေထွက်လာလို့ ကိုယ်လုပ်တဲ့ အလုပ်ဆီကို လက်ကလေးတွဲရင်း စကားလေးပြောရင်း ပျော်ရွှင်စွာသွားခဲ့ကြတဲ့ တစ်ခါတုန်းက မနက်အချိန် လေးတွေပေါ့။

ဒီလိုနဲ့ဘဲ ချစ်သူသက်တမ်းလေ ၃ နှစ်လောက်လွန်မြောက်တော့ နှစ်ဖက်မိဘတွေအသိပေးကြပြီး မိသားဖသား ပီပီတောင်းရမ်းလို့ ( xxxx အခါတော် ပေး တာ က xxxxx နတ်ရေးတဲ့ရွှေစာ xxxxx ကောင်းခြင်းတု ဒီချိန်ခါ xxxx ) ပြုပြီး မင်္ဂလာဆောင်ဧည့်ခံပွဲလေးလုပ်ကာ တူနှစ်ကိုဘ၀ကို စတင်ခဲ့ကြပြီပေါ့။ အဲဒီလိုနဲ့ အလုပ်က ခွင့်ယူထားတဲ့နေ့လေးပြည့်လို အလုပ်သွားကြရတဲ့ မနက်အချိန်လေးတွေကိုလည်း ဖြတ်သန်းခဲ့ကြပေါ့။

“မောင်ရေ ခင် ထမင်းနဲ့ဟင်းတွေတော့ချက်ပြီးပြီ ရေလေးလောင်းလိုက်အုံးမယ်၊ မောင်ထမင်းချိုင့်လေးတွေ ထဲ့ပေးထားနော် ခင်ပြီးရင် မောင်ရေးချိုးတော့´´

“အေးပါ ခင်ရေ ၊ ခဏလေး ဂျာနယ်က သတင်းလေးလတ်စသတ်ဖတ်ပြီး၊ ထဲ့ထားလိုက်မယ် ချိုးနှင့်´´ ဆိုပြီးဂျာနယ်လေးခက်သွက်သွက်ဖတ် ထမင်းချိုင့်လေးထဲ့လို့ပြင် သူရေချိုးပြီးတော့ ကိုယ့်အလှည်ချိုး အားလုံးပြီးစီး အဆင်သင့်ဖြစ်တော့ မနက်စာဈေးက၀ယ်လာတဲ့ ကောက်ညင်းပေါင်း နဲ့အကြော်လေးစား စူပါကော်ဖီ တစ်ခွက်ဖျော်ထားတာ မျှဝေသောက်လို့ တိုက်ခန်းတံခါးလေး သော့ပိတ်ကာလှေကားလေး ကနေဆင်းကြပေါ့၊

“ခင် လက်တန်းကိုင်ပြီး အောက်ကြည့်ဆင်းအုံးနော်´´

“မောင်လည်း သတိထားအုံး´´

စကားလေးပြောလိုက် ဟိုကြည့်ဒီကြည့်နဲ့  လက်ကလေးတွဲလို့ အလုပ်သွားရန် ဘတ်စ်ကားဂိတ်လေးဆီ ကြည်နူးစွာလျှောက်ခဲ့ကြရသော အရင်တုန်းက မနက်အချိန်လေးတွေပေါ့။

ဒီလိုနဲ့ဘဲဗျာ နှစ်တွေလည်း အလီလီပြောင်းကာ သင်္ကြန်ကာလရုံးပိတ်ရက်ရှည်တွေကိုလည်း တစ်ခါမက အကြိမ်ကြိမ်ဖြတ်ကျော်ရင်း အခုအခါမှာတော့ အိမ်ရဲ့ဆွဲလဲလေးများလို့ပြောရင် နူးညံ့လွန်းလိမ့်မယ်ထင်ရဲ့ အိမ်ရဲ့ အိုးစည်ဗုံမောင်းလေးများအဖြစ် မူလတန်းအရွယ် သားတစ်ယောက် သမီးငယ်တစ်ယောက်နဲ့ မိသားစု ဘ၀လေးကို ရောက်နေခဲ့ပြီပေါ့၊ အဲဒီလို အခြေအနေရဲ့ မနက်ခင်းမှာတော့ ဟောဒီလိုအသံလေးတွေနဲ့ ဖြတ်သန်းနေကြပေါ့။

“ မောင် ဘာလုပ်နေလဲ ဒီမှာ သားအကြီးကို ရေချိုးပြီး တဘက်ပတ်ပေးလိုက်ပြီ ရေသုတ်ပြီး ကျောင်းအ၀တ် အစားလဲပေးလိုက်အုံး´´

ထိုင်နေတဲ့ထိုင်ခုံက မတ်တပ်ရပ်ခဲ့ပေမယ့် ဖတ်လက်စ ဂျာနယ်ကို လက်ကမချသေးဘဲ လက်စသတ်ဖတ်နေတုံး အသံလှိုင်းလေးမြင့်ပြီ ထွက်လာတာက

“ ကဲ အဖေကြီး လက်ကဂျာနယ်ကို ချလိုက်စမ်းပါ၊ အခါခါပြောလည်း မရဘူး ရှင်ဂျာနယ်ဖတ်ချင်ရင် ညပိုင်းမှာ ဖတ်ပါ မနက်ရုံးသွားကျောင်းသွားခါနီး မလုပ်ပါနဲ့ ဒီမှာ ထမင်းဂျိုင့်အတွက်လည်းစီစဉ်ချက်ရ အခု ကျူပ်က အငယ်မကို ရေးချိုးသနပ်ခါး လိမ်းပေးရအုံးမယ်၊ သားလေးက ရေဆိုနဲ့ အအေးပတ်အုံးမယ်နော်´´

“အေးပါကွာ ချလိုက်ပါပြီ´´

“ သားကို အ၀တ်စားဝတ်ပြီးရင် ထမင်းဂျိုင့်တွေ ထဲ့ပြီးအဆင်သင့်လုပ်ထားအုံး၊ ကျောင်းကားက ခဏနေလာတော့မှာ´´ လို့ အငယ်မကို ရေချိုးပေးရင်း အသံကထွက်နေသေးတယ်လေ။

“ သမီးပြီးရင် ရှင်ရေချိုးတော့၊ ရေချိုးပြီး ရှင်နဲ့ကလေးတွေအတွက် မုန်ဟင်းခါးဝယ်ထားတယ် ကလေးတွေနဲ့ အတူစားနှင့်´´

“ ခင်ကရော´´

“ ရှင်တို့သားအဖတွေတာစားပါ၊ ကျုပ်အတွက်က ဘိန်းမုန့်ဝယ်လာတယ်၊ ရုံးထမင်းချိုင့်အိတ်ထဲသာ ထဲ့ထား လိုက်၊ ရုံးရောက်မှဘဲစားလိုက်မယ်၊ ခုလည်းစားမ၀င်ပါဘူး မောလွန်းလို့´´

ဒါနဲ့ဘဲ ရေချိုးပြီး ကလေးတွေနဲ့မနက်စားပေါ့၊ ကျောင်းကားရောက်တော့ ကလေးနှစ်ယောက်ကိုခေါ်ပြီး သူတို့ ကျောင်းအိတ်၊ ထမင်းချိုင့်လိုက်တင်ပို့ပေးပြီး တိုက်ခန်းပေါ် ပြန်ရောက်ရင်ဘဲ

“ကျုပ်တို့လည်းသွားကြမယ်´´ ဆိုပြီး ရုံးအိတ်၊ ထမင်းချိုင့်အိတ်တွေဆွဲလို့ ထွက်ခဲ့ကြပေါ့။

“ ခင် လက်တန်းကိုင်ပြီး အောက်ကြည့်ဆင်းအုံးနော်´´ ဆိုလိုက်တော့ အရင်တုန်းက မောင်လည်းသတိ ထားအုံး ဆိုခဲ့ပေမယ့် ခုများတော့

“လာပါမြန်မြန်´´ တဲ့လေ။ ပြီးတော့ ခက်သွက်သွက် ခြေလှမ်းတွေနဲ့ ဘတ်စ်ကားမှတ်တိုင်ဆီ နှစ်ယောက် သားထွက် ခဲ့ကြတာ အရင်လိုလက်လေးတွဲကာ ဟန်ရေးမပြနိုင်တော့တဲ့ အခုအခါရဲ့ မနက်အချိန်လေးတွေပေါ့။

အဲ ကောင်လေးနဲ့ကောင်မလေး၊ အမျိုးသားနဲ့အမျိုးသမီး တူယှဉ်သွားကြပုံလေးကို လေ့လာမိသလောက် ပြောလိုက်အုံးမယ်၊ ကောင်မလေး နဲ့ ကောင်လေး ကိုယ်လမ်းကိုသွားကြ တစ်ယောက်နဲ့တစ်ယောက်လည်း ခေါ်ပြောခြင်း၊ ပြုံးပြခြင်းအလျဉ်းမရှိကြရင် ဘာမှမသိကြသူတွေပေါ့၊ ကောင်မလေးကရှေ့က သွားတာကို ကောင်မလေး ခြေလှမ်းအခြေအနေကိုကြည့်ပြီး နောက်မလှမ်းမကမ်းက ကောင်လေးကလိုက်ပါနေတာ တွေ့ရင်တော့   ကောင်လေးက ကောင်မလေးကို စိတ်ဝင်စားနေတာများလားတွေးလို့ရပါတယ်၊ ကောင်းလေးနဲ့ ကောင်းမလေး ဘေးချင်းယှဉ်လို့ လက်ကလေးတွေလည်းတွဲလို့ ကောင်လေးကကောင်မလေးမျက်နှာဘက် လှည့်ကာ စကားတွေပြော ကြည်နူးနေကြရင်တော့ ချစ်သူရည်စား အတွဲသဏ္ဍန်ပေါ့၊ လက်ချင်းတွဲပြီး ဘေးချင်း ယှဉ်ပေမယ့် အမျိုးသားက အမျိုးသမီးဘက်ကို ခုနအခြေအနေမျိုး အမျိုးသမီးမျက်နှာလေးကိုအချိန်များစွာ ကြည့်ပြီးစကားပြောတာမျိုးမဟုတ်တော့ဘဲ ပတ်ဝန်းကျင်ကိုလည်းကြည့် အမျိုးသမီးကိုလည်း ရံဖန်ရံခါကြည့် အဲလိုမျှဝေကြည့်ပြီး လျှောက်လာကြရင်တော့ သက်တမ်းနုသေးတဲ့ အိမ်ထောင်သည် အမျိုးသား အမျိုးသမီး နှစ်ယောက်ပေါ့၊ အမျိုးသားက ရှေ့ကလျှောက် အမျိုးသမီးက နောက်ကလျှောက် ဒါမှမဟုတ် အမျိုးသမီးက ရှေ့က အမျိုးသားကနောက်က တစ်ခါတလေ ဘေးချင်းယှဉ်လျှောက်ပေမယ့် ပတ်ဝန်းကျင်ကိုပိုပြီး ကြည့်ဖြစ် ကာလျှောက်နေကြရင်တော့ အိမ်ထောင်သက်ကြာသူတွေဘဲလို့ လေ့လာမှု့အရ တွေ့ကြရပေါ့။ လမ်းလျှောက် တဲ့အကြောင်း ကြော်ငြာဝင်လိုက်တာ အရင်ရေးနေတာလေး ဆက်လိုက်အုံးမယ်။

ဒီလိုနဲ့ဘဲလေ သားသမီးတွေ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်တွေကျော်ဖြတ်ပြီး အလုပ် ကိုယ်စီလုပ်ကြလို့ အချိန်တန်အရွယ်တွေရောက် သဘာဝတရားအရ အိမ်ထောင်ကိုယ်စီနဲ့ ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ကာခွဲခွာသွားကြပြီး၊ ကိုယ်ကိုတိုင်လည်း အလုပ်တွေက ပင်စင်ယူခဲ့ကြတဲ့မနက်အချိန်လေးမှာတော့

“ အဖေကြီး ဒီမနက်တော့ မနေ့က ထမင်းကြမ်းလေးကျန်တာကိုဘဲ ထမင်းကြော်လိုက်မယ် တိုက်အောက် ထောင့်နားက အကြော်လေးဆင်းဝယ်ပါလား ထမင်းကြော်နဲ့ ရေနွေးကြမ်းနဲ့ စားကြတာပေါ့´´

“အေး အမေကြီး ထမင်းကြော်ထားလိုက်လေ သွားဝယ်လိုက်မယ်´´

အဲလိုနဲ့ ထမင်းကြော်ကို အကြော်လေးနဲ့စားလို့ ရေနွေးကြမ်းလေးသောက်နေကြတုံး အက်ဖန်ရေဒီယိုလေးဖွင့် ထာ:တဲ့ မျက်နှာချင်းဆိုင်အခန်းမှ ကိုင်ဇာသီချင်းသံလေးပြန့်လွင့်လာတာက

xxxx မလွဲမရှောင်သာကြုံမယ် xx နောင်လာမယ့်နှစ်ပေါင်းငါးဆယ် xxx ခေါင်းထဲကဆံပင် ဖွေးဖွေးလှုပ်ကာ xxx ဘာတွေညာတွေ မသန်းစွမ်းချိန် xxx မင်းအိမ်မှာဆိုလည်း အိမ်ထောင်မျိုးဆက်မြေးမြစ်တွေ xxx တိုးပွားရင်းနဲ့ အများကြီးဖြစ်လာ xxx နင်ရယ်ငါရယ်နောင်တစ်ချိန်မှာ xx အခုအချိန်လိုမဟုတ်ဘဲ မပူပြင်းတဲ့အချစ်နဲ့လေ xxx မြေးတို့နားမလည် သားနားမလည်xxx သူငယ်ပြန်တယ်ထင်လည်းထင် xxx xxxxx xxxxxx xxxxxx xxxxxx xxxxxxx xxxxxxxxx xxxxx အများသူဌာမမြင်အောင် စာတွေခိုးခိုးရေးကြမယ် အဖွားကြီးမင်း အဖိုးကြီးငါ့ကို မောင်တွေဘာတွေခေါ်ပါအုံး xxxxx ။

အဲဒီမှာ အဖွားကြီးဖြစ်နေတဲ့ ခင်က “ မောင် အ၀တ်အစားလဲလေ ရွှေတိဂုံဘုရားသွားရင်း သမီးကြီးအိမ် ၀င်မယ်ဆို ´´

“ အေး ခင် ကော ´´

“ လဲပြီးပြီလေ ခုန မောင် အကြော်ဆင်းဝယ်တုံးလဲထားတာ ´´ လို့ဖြေကြရင်း ပြုံးရီနေကြလေရဲ့၊ ပြီးတော့ တိုက်ခန်းလေးကထွက်ပြီး လှေကားလေးဆင်းတော့

“ အမေကြီး သေချာကိုင်ပြီး ဖြေးဖြေးလည်းဆင်းအုံနော် ´´

“ အင်းပါ၊ အဖေကြီးလည်း သတိနဲ့ကိုင်ဆင်းအုံး´´ တဲ့လေ။ ဒါကတော့ နောက်များရဲ့မနက်အချိန်ပေါ့။

 

( ကိုယ်တွေ့မှတ်တမ်းမဟုတ်ပါ ခင်ခ၏ အတွေးပါးပါး အရေးတစ်ခုသာ။)

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..