ဆုတောင်းပြည့် နှီးဘုရားကြီး နှင့် ကလောမြို့ …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (10)…

Ma EiSeptember 14, 20123min30524

ဆုတောင်းပြည့် နှီးဘုရားကြီး နှင့် ကလောမြို့

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (10)…

 

ကလောမြို့ ရှိ ဆုတောင်းပြည့် နှီးဘုရားကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ဝ ကျော်က ယက်လုပ်ခဲ့သော ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။

ဉာဏ်တော် ၈ ပေ ၄ လက်မ ရှိသည့် ဘူမိဖဿ မုဒြာပုံတော်ဖြစ်ပါသည်။ဦးခေါင်းတော်ကို ရှေ့သို့အနည်းငယ်ငိုက်၍ မျက်လွှာချထားသည့် တင်ပျဉ်ခွေ  ထိုင်တော်မူ ပုံတော်ဖြစ်ပါသည်။ပထမ အင်းဝခေတ်က ရက်လုပ်ပူဇော်ခဲ့သော ဆင်းတုတော်ကြီးဖြစ်မည်ဟု သမိုင်းပညာရှင် ဒေါက်တာ ခင်မောင်ညွန့်က လေ့လာဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

နှီးဘုရားကြီးသည် ယခင်က ရွာဆိုးကုန်း ဆိုသည့်ရွာတွင်ရှိပြီး၊ ၎င်းတစ်ရွာလုံး မီးလောင်ရာတွင် ဘုရားကြီးတစ်ဆူသာ မီးကွင်းခဲ့ကြောင်း ၊ပင်မကုန်းရွာ မှရွာသူရွာသားများ လူသုံးလေးဆယ် မသော်လည်းမရွေ့ဘဲ မ၍ မရဖြစ်ခဲ့ကြပြီး၊ အဓိဠာန်ပြု ပင့်လျှောက်မှသာ လူလေး ၊ငါးယောက်ဖြင့် လွယ်လွယ် ကူကူ ပင့်ဆောင်နိုင်ခဲ့ကြောင်းသိရပါသည်။

အစ ပထမတွင် ပင်မကုန်းတောင်ခြေရှိ တန်ဆောင်းကြီးတွင် ပူဇော်ထားရှိကြောင်း၊ နှစ်ကာလကြာသော် တန်ဆောင်းကြီး ယိုယွင်း ပျက်ဆီး သွားသော်လည်း ဘုရားကြီးမှာ လုံးဝပျက်ဆီးခြင်းမရှိကြောင်း၊ ယခု သီတင်းသုံးရာ ပင်မကုန်းတောင်ပေါ်ရှိသစ်သားကျောင်းဆောင်သို့ ပင့်ဆောင် သည့်နေ့တွင် နေခြစ်ခြစ် တောက်ပူနေရာမှ မိုးကြီးသည်းထန်စွာ ရွာချခဲ့ပြီး၊ ကျောင်းပေါ်ရောက်သည်နှင့် မိုးလေငြိမ်သက်သွားသည်ကို ထူးဆန်းစွာကြုံတွေ့ ခဲ့ရကြောင်း သိရပါသည်။

နှီးဘုရားကြီး ထားရှိကိုးကွယ်ရာ သစ်သားကျောင်းဆောင်တော်ကို နှစ်ကြိမ်တိုင် ဖြိုဖျက် အသစ်တည်ဆောက်ခဲ့ကြပြီး၊ ယခု အခါတွင် ကြီးကျယ်ခမ်းနားသော ဂန္ဓကုဋီ တိုက်ကြီးဖြင့် ထားရှိပူဇော်နိုင်ပြီ ဖြစ်ပါသည်။ ဘုရားဖူးများတည်းခိုနိုင်ရန် သုံးထပ်ကျောင်းဆောင်၊ နှစ်ထပ် ကျောင်းဆောင် များလည်း  ဆောက်လုပ်ထားပြီးဖြစ်ပါသည်။ကြွရောက်လာသော ဘုရားဖူးများကို လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်း၊ တို့ဖြင့် ဧည့်ခံ ကျွေးမွေးလျှက်ရှိပါကြောင်း နှီးဘုရားသမိုင်းမှတ်တမ်းစာအုပ်မှ ကောက်နှတ်ဖော်ပြလိုက်ပါတယ်…

1… ဆုတောင်းပြည့် နှီးဘုရားကြီး..1…
2… ဆုတောင်းပြည့် နှီးဘုရားကြီး..2…
3… ဆုတောင်းပြည့် နှီးဘုရားကြီး..3…

ကျမတို့အဖွဲ့သည်လည်း ဆရာလေးများချကျွေးသမျှလက်ဖက်၊အကြော်စုံ၊ရေနွေးကြမ်းများကို ကောင်းလိုက်တာ ကောင်းလိုက်တာ နဲ့ အတော်ပင် အားပေးခဲ့ကြပါတယ်…

နှီးဘုရားရုပ်ပွားတော်ကြီးအား ပန်းရေချမ်းသစ်သီးများ ကပ်လှူထားသည်မှာလည်း ပိုမိုကြည်ညိုဖွယ်ဖြစ်စေပါတယ်… အထူးသဖြင့် ပန်းမျိုးစုံ အများအပြား လှပစွာ ကပ်လှူပူဇော်ထားပါတယ်…အလှူငွေများထည့်ဝင်လှူဒါန်းမှုအစုစုကိုလည်း ရွာသူားများအား တန်းတူရည်မျှ ရပါစေကြောင်း ပေးဝေလိုက်ပါတယ်…

နှီးဘုရားကြီးဖူးအပြီးမှာ ကျမတို့ ကလောမြို့ Winner Hotel မှာတစ်ညတာ အနားယူကြပါတယ်……

4…ကလောမြို့မဈေးနှင့် စေတီတော်…
5… ကလောမြို့မဈေးနှင့် နောက်ခံတောင်တန်းအလှ…
6…ကလောမြို့တွင်းမှ စေတီများ …1…
7… ကလောမြို့တွင်းမှ စေတီများ …2
8…ကလောဘူတာ ရှေ့ဘက်ခြမ်း…
9… ကလောဘူတာ နောက်ဘက်ခြမ်း…
10…ထင်းရှူးပင်များနှင့်လှပသောအိမ်…

နောက်တစ်နေ့မနက်စာ စားအပြီးကလောမြို့ ကိုရောက်တယ်လျှောက်လည် ဆိုပြီး တစ်နေ့လုံး လျှောက်သွားကြ၊ဈေးဝယ်ကြ ပါတော့တယ်…

11…ကလော သုမောင်ဆိုင်မှ မြန်မာထမင်း၊ဟင်း…

နေ့လည်စာ ကိုတော့ ကလောမြို့ရဲ့ နာမည်ကြီး မြန်မာထမင်းဆိုင် သုမောင်မှာ သွားစားကြပါတယ်..အရန်ဟင်းပွဲတွေများလွန်းလို့ ဟင်းပွဲစုံတောင်မစားဖြစ်ခဲ့ပါဘူး..

တစ်လမ်းလုံးတရုတ်စာဘဲ စားခဲ့ရတော့ ခုမှမြန်မာထမင်းဟင်း ကောင်းကောင်းလေးစားရတာ အရသာရှိခဲ့ကြောင်းလဲကြော်ငြာပါရစေ..

လှပနေတဲ့ ပန်းမျိုးစုံ၊ အခိုင်လိုက် အပြွတ်လိုက် မက်မန်းသီးတွေ၊ အကြောင်းကိုတော့ ဆက်ရန်ပေါ့နော်…

ခင်တဲ့

မအိ

24 comments

  • Khaing Khaing

    September 14, 2012 at 11:31 am

    မက်မန်းသီးအကြောင်းတော့ သွားရည်ကျတယ် … အခုတစ်လော ပြင်ဦးလွင်ကမက်မန်းသီးကိုစားချင်တာ ဆေးဆိုးအနီရောင်တွေပဲရှိတယ် ………

  • Ma Ei

    September 14, 2012 at 11:42 am

    အခိုင်ကြိုက်တဲ့ မက်မန်းသီးတွေ ခူးကြတဲ့ အကြောင်းလေးရေးနေတုံးမို့ပါ…
    အရမ်းကို ပျော်စရာကောင်းတယ်…ရေးရင်းနဲ့ သတိရနေတာ…

  • Mon Kit

    September 14, 2012 at 12:17 pm

    မအိရေ… ဆုတောင်းပြည့်နှီးဘုရားကြီးကို ထပ်မံဖူးမျှော်ရင်းနဲ့ သီလရှင်လေးများ တည်ခင်းဧည့်ခံသော လက်ဖက်ရွက်နု ၊ အကြော်စုံ နဲ့ ရေနွေးကြမ်းတို့ကို စိတ်ကူးပုံပြီး အဝ စားသုံးသွားပါတယ်… 🙂

    • Ma Ei

      September 14, 2012 at 12:25 pm

      မက်မန်းသီး လျှောက်ခူးကြဦးမယ်နော်…

  • ကိုခင်ခ

    September 14, 2012 at 12:22 pm

    ကလောကိုလွန်ခဲ့တဲ့ ၁ဝနှစ်ကျော် ဖြတ်သွားရင် ခဏနားဘဲရောက်ဖူးလို့ ဆုတောင်းပြည့်နှီးဘုရားကို မဖူးရသေးဘူး မအိရေ၊ နောက်ရောက်ရင် ဝင်ဖူးမယ်ဗျာ၊ ခုတော့ မအိတင်ပေးတဲ့ ပုံတော်ကိုဘဲဖူးမျှော် ကြည်ညိုလိုက်တော့မယ်။

  • Ma Ei

    September 14, 2012 at 12:31 pm

    လားရှိုးရဲ့ ပတ်ဝန်းကျင် အလှလေးတွေလဲ
    ဓါတ်ပုံရိုက်ခဲ့ပါဦး ကိုခင်ခ ရေ…

  • may flowers

    September 14, 2012 at 1:46 pm

    အပိုင်း- ၁ဝ ထိအောင်ဆက်တိုက် လိုက်လာခဲ့ပါတယ် မအိရေ..ကလောမြိုလေးလှလိုက်တာ

    ဖြစ်နိုင်ရင် များတို့လိုမရောက်ဖူးတဲ့သူတွေလည်း သွားလည်နိုင်အောင် ဟော်တည်ဈေးနှုန်းလေးတွေ

    ပါ ပြောပြနိုင်ရင် သိပ်ကောင်းမှာပဲနော်..။

    • Ma Ei

      September 14, 2012 at 2:14 pm

      မေလေးရေ…
      ညောင်ရွှေ Remember Inn ,ကလော Winner Hotel မှာ
      Standard room with breakfast 15,000 ks နှုန်းဖြစ်ပါတယ်…
      ကားကိုတော့ ညောင်ရွှေ Remember Inn ကငှားတာပါ…

  • ကိုခင်ခ

    September 14, 2012 at 1:53 pm

    မအိရေ ကျွန်တော်ဝါသနာမပါတဲ့ အလုပ်ထဲမှာ ဓာတ်ပုံရိုက်တာလည်းပါလေရဲ့။
    ပြီးတော့ ကိစ္စလေးရှိလို့ မနေ့ညနေက ကားနဲ့မန်းပြန်လာခဲ့တာ အခုမန်းမှာပါ၊ နောက်တစ်ခေါက် ထပ်သွားတဲ့အခါတော့ သတိတရ ရိုက်လာခဲ့ပါမယ်။

  • pooch

    September 14, 2012 at 3:31 pm

    မအိရေ တောင်ကြီးဘက် မရောက်ဖြစ်တာ တော်တော်ကြာနေပြီ။ ကလေရှုခင်းကို မြန်မာပြည်ရဲ့ ဒုတိယ ဆွစ်ဇာလန်လို့ တင်စားကြတယ် မလား။ ပုံတွေ မျှော်နေမယ်။

    တန်ဆောင်တိုင်လာတော့မယ်။ အခြေအနေပေးရင် သွားချင်သေးတယ်။

    • Ma Ei

      September 14, 2012 at 4:42 pm

      2003 က တောင်ကြီးတန်ဆောင်တိုင်သွားတာ
      ကလောမှာ တစ်ညအိပ်ပါတယ်…အပြင်မှာ အရမ်းအေးလွန်းတယ်…
      ခေါင်းစွပ်တွေ မာဖလာတွေနဲ့ လဲ မရဘူး အေးတာဘဲရယ်…
      သုမောင်မှာထမင်းစားဘို့ ကားလမ်း ဟိုဘက်ဒီဘက်ကူးတာကို
      ခိုက်ခိုက်တုန်အောင်ကိုချမ်းတာ…

  • Moe Z

    September 14, 2012 at 4:08 pm

    အန်တီအိရေ ကလောကို ဖြတ်ပဲသွားဖူးတယ်
    ညအိပ်မရောက်ဖူးဘူး 🙁
    ဒီတစ်ခေါက်တော့ ရောက်အောင်သွားဦးမယ်
    ကျေးဇူး အန်တီအိ ..

    • pooch

      September 14, 2012 at 4:26 pm

      တူတူပဲ မိုးစက်ရေ အမလည်း ညမအိပ်ဖူးဘူး ။ ဖြတ်ပြီးတော့ပဲ သွားဖူးတာ။

    • Ma Ei

      September 14, 2012 at 4:52 pm

      မိုးစက်ရေ…
      အန်တီအိက Co,. အလုပ်စဝင်တဲ့ 97/98 လောက်က
      ရုံးအဖွဲ့တွေနဲ့ စသွားဖူးပြီး ကလောကိုချစ်သွားတာနဲ့ …
      တောင်ကြီးအင်းလေးကလော ကို Package tour နဲ့သွားတာကလွဲလို့
      ကိုယ့်အစီစဉ်နဲ့ သွားရင် ကလောမှာ အိပ်ဖြစ်ပါတယ်…

  • အရီးခင်လတ်

    September 14, 2012 at 4:19 pm

    မအိ ရေ
    ကျွန်မ က တောင်ကြီး တော့ ရောက်ဘူး လိုက်တယ်။
    ကလော ကို မရောက်လိုက်ဘူး။
    ဒီလို ဘုရားဖူး အလည်ခေါ်သွားပေးလို့ ကျေးဇူးပါနော။
    ပုံ(၁၁) ကြောင့် ထမင်းချိန် ပြန်ဝင်လာဦးမည်။
    အဲဒါမျိုးလေးတွေ လဲ များများ။ 😆

    • Ma Ei

      September 14, 2012 at 5:01 pm

      မလတ်ရေ…
      အဲ့ သုမောင်ဆိုင်မှာ မြန်မာထမင်းဟင်း စားကောင်းလိုက်တာ…
      ကြက်ရိုးဘူးသီး ဟင်းချို
      ခရမ်းချဉ်သီးချက်
      ခရမ်းသီးနှပ်
      ကန်စွန်းရွက်ကြော်
      အာပြဲခြောက်နဲ့ ငရုတ်သီး ကြွပ်ကြွပ်ကြော်
      ငပိရည်၊တို့စရာစုံ
      ငပိထောင်း…တွေက အရံဟင်းတွေပေးတာရယ်…
      မအိတို့က ဆိတ်သားနှပ်..ငါးဖယ်သုတ်…ကြက်အသဲအမြစ်…ဆတ်သားခြောက်
      မှာစားကြတာရယ်…ခုပြောရင်းနဲ့ စားချင်လာပြီ…
      အိမ်မှာတော့ ဒီနေ့ ခရမ်းသီးနှပ်၊ငါးဖယ်ဆီပြန်၊ငံပြာရည်ချက်လေးနဲ့ကသပေါင်းကြော်ပါတယ်…
      … ….

  • aemoshu

    September 15, 2012 at 1:23 pm

    သုမောင်ဆိုင်ကအရန်ဟင်းလေးတွေကို သတိရသလို၊ ဈေးထဲက ဟင်းထုပ်လေးကိုလည်း ပြန်စားချင်မိသေးတယ်၊ ရှမ်းပြည်တောင်ပိုင်းကို ခဏခဏရောက်ပေမယ့် ကလောကိုထပ်မရောက်ဘူး။ မအိရဲ့ ဓာတ်ပုံလေးတွေက ကလောကို ပြန်သွားချင်စိတ်ပေါက်လာစေတယ်။ ဪ… နှီးဘုရားမှာစားခဲ့ရတဲ့ လက်ဖက်ကိုလည်းလွမ်းတယ်…ကျေးကျေးမအိရေ။

  • Hnin Hnin

    September 15, 2012 at 4:40 pm

    မမအိ…ဘုရားလာလာဖူးရင်း လိပ်ဥလည်း လာလာတူးနေမိပါသည်…သက်သတ်လွတ်
    ရက်ဆက်နေလို့ ကာလာစုံထမင်းဝိုင်းလေးကို စိတ်ထိန်းရင်းကြည့်မိနေလို့ပါ…. 🙂
    ဟိုကုန်းမြင့်က နှစ်ယောက်တစ်ကမ္ဘာအိမ်လေးက အတော်လှတယ်နော်…ချစ်စရာလေး..

  • ကြောင်ကြီး

    September 17, 2012 at 9:58 am

    ဒေါ်အိတို့ ဘုရားဖူးမြိန်ဖို့ ဆိတ်ကြီးလည်းသေပေးရတယ်၊ ငါကြီးလည်းသေပေးရတယ်၊ ကြက်ကြီးလည်းသေပေးရတယ်၊ ဆတ်ကြီးလည်းသေပေးရတယ်၊ တောထဲက ဟင်းသီးဟင်းရွက်တွေလည်း ကုန်ပေးရတယ်။ သက်ရှိသက်မဲ့ အပေါင်း အားလုံး အမျှ အမျှ အမျှ…

    • Ma Ei

      September 17, 2012 at 11:33 am

      အဲ့ဒါတွေ ကြေပါစေတော့ရယ်လို့…
      ဝါတွင်းကာလ တနင်္ဂနွေနေ့တိုင်း
      သက်သတ်လွတ်စားပါတယ်ရှင်…

  • ဦး ကျောက်ခဲ

    September 17, 2012 at 10:16 am

    ကျောင်းသား ဘဝတုံးက Field ဆင်း ခဲ့ရတဲ့ ကလော ကို လွမ်းလိုက်တာဗျာ!
    အထူးသဖြင့် ကလောဘူတာကနေ မြင်းဒိုက် ဘက်ကို ရိုက်ထားတဲ့ ပုံကလေးမြင်ရတာ ဝမ်းတောင်နဲသွားတယ်။

  • Ma Ei

    September 17, 2012 at 11:43 am

    မောင်ပေ says:
    …Comment လေးတွေ အမြဲရေးပေးလို့ ကျေးဇူးတင်ပါတယ်နော်…

    aemoshu says:
    … နှီးဘုရားမှာစားခဲ့ရတဲ့ လက်ဖက်ကတော့တစ်ကယ်ကိုလွမ်းရပါတယ်…

    Hnin Hnin says:
    …ကုန်းမြင့်ပေါ်ကအိမ်လေးက ခြံစည်းရိုးကကို လှနေတာရယ်…
    အိမ်ဆိုတာကတော့ ပြောမပြတတ်တော့ဘူး လှမှလှ…

    ဦး ကျောက်ခဲ says:
    …ကလောဘူတာကို သွားဖို့ရာ မြက်တွေများနေလို့
    လမ်းကလေးကနေ လှမ်းဆွဲထားတာပါ…

  • MaMa

    September 17, 2012 at 4:13 pm

    မအိရေ-
    ကျမလည်း ရောက်ခဲ့ဖူးသမျှမြို့တွေထဲမှာ ကလောကို အကြိုက်ဆုံးပဲ။
    နားနားနေနေ အေးအေးဆေးဆေး ၁ပတ် ၁ဝ ရက်လောက် သွားနေချင်ပေမယ့် အခွင့်မကြုံသေးဘူး။
    ကိုယ်တိုင်ရောက်ခဲ့တုန်းကတောင် ဘာမှသေသေချာချာ မလေ့လာတော့ မအိရေးပြသလို မသိခဲ့ရဘူး။

    ရွာ့ဒါ့ပုံဆြာအသင်းလည်း လူဦးရေတိုးနေပြီနော်။ 🙂

Leave a Reply