တောင်ကြီးမြို့တွင် ကျူးကျော်ဘုန်းတော်ကြီးကျောင်းများ ဖျက်သိမ်း

တေစၧSeptember 14, 20121min520

တောင်ကြီးမြို့မှာ ခွင့်ပြုချက်မရရှိပဲ ဆောက်လုပ်သီတင်းသုံးနေတဲ့ ကျူးကျော်ဘုန်းတော်ကြီးကျောင်း (၁၃) ကျောင်း ကို 12.9.2012 ရက်နေ့မှာ ဖျက်သိမ်းခဲ့ပါတယ် အဲဒီ ဘုန်းတော်ကြီးကျောင်းတွေဟာ တောင်ကြီးမြို့ ဘေးမဲ့သစ်တော ကြိုးဝိုင်းအတွင်းမှာရှိနေပြီး သစ်တောဦးစီးဌာနက 2011 ခုနှစ် နိုဝင်ဘာလမှာ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ကျောင်းထိုင်များကို အသိပေးထားပြီး ဘုန်းတော်ကြီးများကလည်း မြို့နယ်သံဃာ့နာယကအဖွဲ့ရဲ့ ရှေ့မှောက်မှာ ဝန်ခံကတိ ရေးထိုးပြီးဖြစ်တယ်လို့လဲသိရပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ ကျောင်းများရွှေ့ပြောင်းခြင်းမရှိတဲ့အတွက် ပြည်နယ် သာသနာရေးဦးစီးဌာနနဲ့ မြို့နယ်သံဃာ့နာယကအဖွဲ့တို့က ဦးဆောင်ပြီး ဘုန်းတော်ကြီးကျောင်းတွေကို ဖျက်သိမ်းရွှေ့ပြောင်းခဲ့တာ ဖြစ်တယ်လို့လဲသိရပါတယ်။ ရွှေ့ပြောင်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေကတော့ နဂါးလိုဏ်ဂူကျောင်း၊ ရွှေဉာဏ်ပင်တောရကျောင်း၊ နိဗာန်ဂူတောရကျောင်း၊ ဗလတောင်ကုန်းကျောင်း ထင်းရှူးမြိုင်တောရကျောင်း၊ မေတ္တာရေကန်ကျောင်း၊ ဝိမုတ္တိတောရကျောင်း၊ ဝိမုတ္တိ်တောရကျောင်းခွဲ၊ မိဂဒါဝုန်ကျောင်း၊ သဲကျင်းဂူကမ္မဌာန်းကျောင်း၊ ရွှေဥဒေါင်းတောရကျောင်း နဲ့ အမည်မရှိသေးသည့် ကျောင်းနှစ်ကျောင်း စုစုပေါင်း (၁၃) ကျောင်း ဖြစ်ပါတယ်။ အဲဒီကျောင်းတွေရွှေ့ပြောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဆင်မပြေမှုအချို့ရှိခဲ့ပေမယ့် သစ်တောဦးစီးဌာနနဲ့ သံဃာ့နာယကအဖွဲ့ အနေနဲ့ကတော့ အဲဒီကျောင်းတွေဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ ကျောင်းတွေမဟုတ်တဲ့အပြင် သစ်တောကြိုးဝိုင်းဧရိယာထဲ ရောက်နေကြောင်းနဲ့ ဒီလိုရွှေ့ပြောင်းမယ့် အကြောင်းကိုလည်း လွန်ခဲ့တဲ့ 2011 ခုနှစ် ဇူလိုင်လတည်းက အသိပေးခဲ့ပြီး ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။