၁၉၈၀ အဖေဖားကန့်က အပြန်ငှက်ဖျားမိ ရန်ကုန်မှာ ဆေးကုဖို့
ပြန်တော့ ကျွန်တော့အတွက် ငရဲခန်းငရဲဘုံပြန်ရပြီလေ
၉တန်းကျောင်းသား စိန်ဂျွန်းကျောင်းသား
အိမ်ကနေ ကျောင်းတက်ဘို့
ကားဂိတ်ကို မနက် ၆နာရီထသွား
ထမင်းချိုင့်မပါ၊ တစ်နေ့ကားခတစ်ကျပ်
နံပါတ်ရှစ် ကားဂိတ်ကို ၅၀ မိနစ်လောက် လမ်းလျှောက်
ကားခ အသွားပြား၃၀ အပြန်၃၀ ပေါင်း၆၀
ဟံသာဝတီကနေ ၁၂ကားစီး၂၀ပြား
ဒီတော့မုန့်ဖိုးကျန်အောင် အုတ်ကျင်းဘူတာအထိ တစ်နာရီခွဲလောက် လမ်းပိုလျှောက်ပြီး ရထားခ၁၀ပြားနဲ့
ကျောင်းတက်ပြီးကျောင်းဆင်းချိန်ညနေ၃နာရီ
အမအကြီးဆုံးရှိတဲ့ ဒေသ၃ ကောလိပ်ကိုသွား
(တက္ကသိုလ်အင်္ဂလိပ်စာပြ) သူသင်တဲ့အခန်းထဲ ၀င်ပြီးနားထောင်
(ဆရာမမောင်ဆိုတော့ကျောင်းသား/သူတို့ကလဲနေရာပေးတယ်လေ)
အဲဒီတုန်းကရှိတ်စပီးယားပလေး (ဗီးနစ်မြို့ကကုန်သည်၊အော်သယ်လို) ဆဲဗင်းမာကာစတာ၊ တစ်ချို့တစ်ဝက်မှတ်မိနေသေးတယ် ညနေ၅နာရီကောလိပ်က (လှည်းတန်း) ခေမာရဇ်အဆောင်ကို အမကြီး ပြန်တော့ ကျွန်တော်လိုက်သွားပြီး
အဆောင်ရှေ့လက်ဘက်ရည်ဆိုင်မှာ အမကျွေးတဲ့ မုန့်နဲ့လက်ဘက်ရည်သောက် (အဆင်ပြေတဲ့အချိန်
ခေါက်ဆွဲ)
ပြီးတော့
ကချင်အမျိုးသမီး(နာမည်ကြီးအဆိုတော်မဖြစ်ခင်)မကေ
နဲ့အတူတူ ဗိုင်ဗယ်သင်ရတယ် အင်္ဂလိပ်စာတိုးတက်အောင်လို့
ခေမာရဇ်အဆောင်ရှေ့က ဧည့်တွေ့တဲလေးမှာ
(အဆောင်က ယောက်ကျားလေးလက်မခံရဘူးလေ)
ဒါပေမဲ့ကျနော်က ကလေးအရွယ်ဆိုတော့
ပြသနာတော့သိပ်မရှိပါဘူး အဲဒီအချိန်တုံးကမကေကို ကျွန်တော်သူတို့ခြံထဲမှာ မျောက်ရှုံးအောင်ဆော့ခဲ့တာတွေ ငယ်ငယ်က သူတို့ကျွေးသမျှစားခဲ့တာတွေ ပြောချင်ပေမဲ့ အမကြီးကိုကြောက်တာကြောင့် မိတ်မဆက်ရဲဘူး
မကေကလဲသတိထားမိပုံမပေါ်ဘူလေ၊ ကျွန်တော်ကလဲမဲမဲသဲသဲ ချွေးတစ်လုံးလုံးနဲ့ ဆိုတော့ ကောင်ဆိုးလေးတစ်ယောက်လို့ဘဲမြင်မှာပေါ့
စာမရလို့ မမကြီးရဲ့ခေါက်ခံရတာ ခဏခဏပဲလေ
အိမ်ကိုပြန်ရင်ည၈နာရီ
များသောအားဖြင့် လမ်းလျှောက်ပြန်တာများတယ်
ည၁၀နာရီလောက်မှ အိမ်ပြန်ရောက်တော့
ထမင်းမကျန်တော့ဘူး (တမင်တကာမချန်တာလဲဖြစ်မှာပေါ့)
ညသန်းခေါင်အမေက ထမင်းသုတ်ကျွေး လို့ (ရှိတာလေးနဲ့အဓိကငြုပ်သီးမှုန့်၊ ဆီ၊ မြေပဲ၊ အချိုမှုန့်) အဟာရမပြတ်ခဲ့ရတာ အမေကတော့
သားတွေကိုကြည့်ပြီး အရိပ်အကဲသိတယ်
အမြဲမျှမျှတတတွေးတယ် စားစရာရှိရင် သူမစားဘဲ
ကျွန်တော့်အတွက်ချန်ထားတယ် ညကျွန်တော်ပြန်လာရင်
ထုတ်ကျွေးတယ်
ဒါကြောင့် ကျွန်တော့်ကို အမေ့အချစ်ဆုံးသားဆိုပြီး
အမြင်ကတ်ကြပြန်ရော ကဲမခက်ဘူးလား
အိမ်ဆိုတာ
ကျွန်တော့်အတွက်တော့
ငယ်ငယ်ကတဲက မရှိသလိုခံစားရတယ်
အမတွေမဟုတ်တာလုပ်လို့ ပြန်တိုင်ရင်
ဂုန်းသား
ဂုန်းကောင်
သူတို့တွေ မိဘမသိအောင်လုပ်တဲ့ ကိစ္စတော်တော်များများ
ကျွန်တော်မသိအောင်လုပ်ရင်းနဲ့
ကျွန်တော်ဟာ မိသားစုနဲ့တဖြေးဖြေး ဘေးထွက်ဝေးကွာခဲ့ရတယ် မောင်နှမတွေ ပန်းခြံသွားတာဘဲဖြစ်ဖြစ်
ရုပ်ရှင်ကြည့်တာဘဲဖြစ်ဖြစ် ခရီးဘဲသွားသွား ကျွန်တော်မပါတော့ဘူး
ပြဿနာကောင်လေ
အဖေက အလုပ်က အငြိမ်းစားဆိုတော့ အရင်လိုပါဝါမရှိတော့ဘူး
ဒေါသကြီးပြီး၊ အလိုမကျမှုတွေများလာတဲ့အချိန်
ကျွန်တော်ကလဲလူပျိုပေါက်၊ မဟုတ်ရင်မခံ
အိမ်မှာဝုန်ဒိုင်းကြဲ၊ ရန်ဖြစ်ရင် တစ်အိမ်လုံးဝိုင်းချုပ် တိုင်မှာကြိုးတုတ်၊အကို(၂)က အမတွေစိတ်တိုင်းကျ
လက်သီးစွမ်းပြ (အခုတော့သူဝဋ်လည်နေပါပြီ၊သားကလဲငမူးလေ)
ကျွန်တော်က အသံပြဲနဲ့ တစ်ရပ်ကွက်လုံးကြားအောင်အော်
ရပ်ကွက်ထဲကအပျိုတွေ တော်တော်များများ ကျနော်
ပုဆိုးမပါဗလာနထ္ထိ တိုင်မှာကြိုးတုတ်ခံရတဲ့မြင်ကွင်း
မြင်ဘူးကြလို့လားမသိ အခုအချိန်ထိ
လူပျိုကြီးစစ်စစ် ရေမရောသေးပါဘူး(အဟုတ်)
(ကြော်ညာတာပါဟဲဟဲ) ဒီလိုနဲ့
လူဆိုးကြီးကျနော်
လမ်းပေါ်ရောက်ခဲ့ရရော
တော်သေးပြီ၂၄၀၉၁၅ဖေလ၂၀၁၁ဒေသစံတော်ချိန်
ချစ်တီး

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..