နယ်သာလန် ဗိုလ်စွဲမည်ဟု စင်္ကာပူ ကြက်တူရွေး ဟောကိန်းထုတ်

True FaithJuly 9, 20101min1215

ရေးသူ – ဘစောတင် (ဧရာဝတီ သတင်းဌာန)

စင်္ကာပူနိုင်ငံမှ မနီ အမည်ရှိ ကြက်တူရွေး တကောင်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် နယ်သာလန် အသင်း အနိုင်ရမည်ဟု ယနေ့တွင် ကြိုတင် ဟောကိန်း ထုတ်လိုက်ကြောင်း စင်္ကာပူ အခြေစိုက် AP သတင်းထောက်က ရေးသား ထားသည်။

နယ်သာလန် အလံပါသည့် ဖဲချပ်ကို ကြက်တူရွေးကလေး က နှုတ်သီးဖြင့် ကိုက်ယူ ရွေးချယ် နေစဉ်(ဓာတ်ပုံ - AP)

နယ်သာလန် အလံပါသည့် ဖဲချပ်ကို ကြက်တူရွေးကလေး က နှုတ်သီးဖြင့် ကိုက်ယူ ရွေးချယ် နေစဉ်(ဓာတ်ပုံ – AP)
ကြက်တူရွေး ကလေးသည် သူ၏ သစ်သား လှောင်အိမ် ကလေးမှ အပြင်သို့ ထွက်လာကာ နယ်သာလန် အလံနှင့် စပိန် အလံ ပါသည့် မှောက်ထားသော ဖဲချပ် အဖြူ ၂ ခုထဲမှ နယ်သာလန် အလံပါသည့် ဖဲချပ်ကို နှုတ်သီးဖြင့် ကိုက်ယူ၍ ရွေးချယ် လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ကိုက်ယူ ပြလိုက်သည့် အဓိပ္ပာယ်မှာ နယ်သာလန် နိုင်မည်ဟု ဟောကိန်း ထုတ်လိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

အကယ်၍ ကြက်တူရွေးလေး၏ ဟောပြောချက် မှန်ခဲ့လျှင် နယ်သာလန် အသင်းသည် တနင်္ဂနွေနေ့ ပြိုင်ပွဲတွင် အနိုင်ရကာ ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာပေ တော့မည်။

ကြက်တူရွေးပိုင်ရှင် မစ္စတာ မူနိယပ်ပန်(Muniyappan)က“မနီဟာ ကွာတားဖိုင်နယ် ပွဲစဉ်အားလုံးနဲ့ ဆီမီးဖိုင်နယ်မှာ စပိန်က ဂျာမနီကို အနိုင်ရမယ်ဆိုတာကိုပါ မှန်မှန်ကန်ကန် ဟောနိုင်ခဲ့တယ်”ဟု ဆိုသည်။

ယခုအခါ အသက် ၁၃ နှစ်ရှိ မနီသည် ကမ္ဘာ့ဖလားပွဲစဉ်များကို မှန်မှန်ကန်ကန် ဟောနိုင်ခဲ့သောကြောင့် စင်္ကာပူတွင် အလွန် ထင်ရှားသော ကြက်တူရွေးတကောင် ဖြစ်နေခဲ့ပြီဖြစ်သည်။

မစ္စတာ မူနိယပ်ပန်က“မနီဟာ သိပ်တော်တဲ့ ငှက်ကလေးပါပဲ”ဟုလည်း ပြောသည်။

ဂျာမနီမှ ရေဘဝဲလေး ပေါလ် က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းအတွက် တင်ကြိုနိမိတ်ဖတ် ဟောကြားချက်များ အမှားအယွင်းမရှိ မှန်ကန်သည်ဟု ကမ္ဘာကျော်နေစဉ်၊ စင်္ကာပူ နိုင်ငံမှ ကြက်တူရွေးကလည်း ပွဲစဉ် အားလုံး မှန်ကန်စွာ ဟောနိုင်သည်ဆိုသောကြောင့် ကမ္ဘာ့ဖလား ပရိသတ်များအတွက် နောက်ထပ် စိတ်ဝင်စားဖွယ် တခု တိုးလာခဲ့ရသည်။

ဘောလုံး အလောင်းအစား ပြုလုပ်သူများကလည်း မည်သူ ဗိုလ်စွဲမည်ကို ကြိုတင်သိလိုနေကြသည်။

ကြက်တူရွေးပိုင်ရှင် မူနိယပ်ပန်သည် အသက် ၈ဝ အရွယ်ရှိ အိန္ဒိယလူမျိုးဖြစ်သည်။ စင်္ကာပူသို့ ၁၉၅၃ ခုနှစ်တွင် ပြောင်းရွှေ ့လာသူဖြစ်သည်။

သူသည် မနီလေးနှင့်အတူ ကြိုတင် နိမတ်ဖတ် ဟောကြားခြင်းအလုပ်ကို လုပ်လာခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီ ဖြစ်ပြီး သူ၏ အိမ်အနီးရှိ အိန္ဒိယ စားသောက်ဆိုင်ကလေးရှေ ့တွင် ဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗေဒင်လာမေးသူ အများစုမှာ ကျန်းမာရေး၊ သားရေး သမီးရေးနှင့် ထီပေါက်ဂဏန်းများကို လာမေးလေ့ရှိကြကြောင်း၊ယခုနှစ်မှ စတင်ကာ အားကစား ကြိုတင်ခန့်မှန်းချက်များကို ဟောလာခဲ့ကြောင်း AP သတင်းတွင် ဖော်ပြပါရှိသည်။

ယခင်နှစ်များက တနေ့လျှင် လူ ၁ဝ ဦးခန့်လာမေးရာမှ လူ ၃ဝ ခန့်အထိ တိုးသည်ဟု သိရသည်။ ဟောခမှာ စင်္ကာပူ ၁ဝ ဒေါ်လာ ပေးရသည်ဟု ဆိုသည်။

ယင်း ကြက်တူရွေး မနီဟောသည်မှာ မှန်ကြောင်း ကိုယ်တွေ ့မေးမြန်းဖူးသူ အသက် ၃၁ နှစ် အရွယ်ရှိ အလီ ဆိုသူက “ကျနော် စီးပွားရေး အခက်အခဲနဲ့ ကြုံနေတုန်း ဘယ်အချိန် ပြန်ကံကောင်းလာမလဲဆိုတာကို သိလိုတယ်။ ဒါကြောင့် သွားမေးတော့ မူနီယပ်ပန်က အလီ မင်းဟာ နောက် ၁၄ ရက်ဆိုရင် ပြန်ကောင်းပြီလို့ ဟောလိုက်တယ်။ သူဟောတဲ့ အတိုင်း ကံပြန်ကောင်းလာတာကြောင့် ကျနော် သူ့ဆီကို ပြန်အရောက်လာခဲ့တယ်။ ကျနော် သူနဲ့ ကြက်တူရွေး ကလေး ကို ယုံကြည်တယ်”ဟု ဆိုသည်။

မနီ၏ ဟောပြောချက်သည် စင်္ကာပူမှ ကမ္ဘာ့ဖလား ပရိသတ် တချို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း သိရ သည်။

စင်္ကာပူမှ အသက် ၂ဝ အရွယ်ရှိ ကျောင်းသားလေး ဂျင်မီ ဝေါင်း (Jimmy Wong) က“ကျနော် ဒီဟောပြောချက်ကို စိတ်ပျက်မိပါတယ်။ ကျနော်က စပိန်ကိုပဲ နိုင်စေချင်တာ။ အခုတော့ ဘယ်အသင်းဘက်က လောင်းရမယ်ဆိုတာ မသေချာတော့ဘူး”ဟု ဆိုသည်။

သို့ရာတွင် ဂျာမနီ နိုင်ငံရှိ ပေါလ် အမည်ရ ရေဘဝဲလေးကမူ ဗိုလ်လုပွဲတွင် စပိန် အသင်း နိုင်မည်ဖြစ်ကြောင်းနှင့် တတိယ နေရာလုပွဲတွင် ဂျာမနီ အသင်း နိုင်မည်ဖြစ်ကြောင်း ယနေ့ ဟောကိန်းထုတ် ခန့်မှန်းလိုက်ကြောင်း သိရ သည်။

ပွဲစဉ်တလျှောက် ကစားပုံအရဖြစ်စေ။ အားကစားသမားများ အခင်းအကျင်းအရဖြစ်စေ။ ဘောလုံးအကဲခတ်သမားများ က စပိန်အသင်းက နှာတဖျားသာနေသည်မှာ သေချာသည်ဟု ဆိုကြသည်။

ဂျာမနီ နည်းပြ ဂျိုး အာချင်လို ကပင် စပိန်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အသင်းဟု ပြောပြီး စပိန်သာလျှင် ဗိုလ်စွဲမည်ဟု ဟောကိန်းထုတ်ထားသည်။

ယင်း ဟောကိန်းများ မည်မျှ မှန်ကန်မည်ဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ ဖလား ဘောလုံး ပရိသတ်များက ပြောဆိုနေကြသည်။

5 comments

  • zamte

    July 9, 2010 at 2:57 pm

    ရေဘဝဲက စပိန်၊ ကြက်တူရွေးက နယ်သာလန်။ ဘယ်ကောင်မှန်မလဲမသိဘူး။ လောင်းမယ့်လူတော့ ခေါင်းခြောက်ပြီ။ ထူးခြားလို့ သတင်းတင်ပေးလိုက်တာပါ။ မှားတဲ့ကောင်တော့ ဟင်းအိုးထဲရောက်မလားမသိ။ သူတို့အစား ရင်လေးတယ်။ ကျနော်တော့ ပေါလ်ကို ပိုသဘောကျမိတယ်ဗျ။ ဒီကောင်ကြီးက ပိုအတွေ့အကြုံရှိသလိုပဲ။

  • ghost

    July 9, 2010 at 5:09 pm

    ရေဘဝဲ က ကျွန်တော် သိသလောက် သူပြောတာ မှန်တာများ တယ် အနိုင် အရုံး ပါ လောင်းကျေး အနေက ကြက်တူရွေးပြော သလို ကောင်းတယ်

  • chitlay

    July 10, 2010 at 2:05 am

    စပိန်ပဲနိုင်မှာပါ ပေါလ်ပြောတာမှန်မှာပါ။

  • Htoo

    July 10, 2010 at 3:15 am

    ဟဲဟဲ ရေဘဝဲ နဲ့ ကြက်တူရွှေးနဲ့တော့ ထိပ်တိုက်တွေ့ပြီပေါ့ဗျာ..ဘယ်သူမှန်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့နော်

  • azure

    July 10, 2010 at 3:18 am

    လာပြန်ပြီ အားလုံးအရူးတွေ ဘယ်ကောင်ပြောတာမှန်မှာလည်း ဆိုတာလောက် ကိုပဲ အလုပ်ကြီးတစ်ခုလို လုပ်နေကြတာ တောတော်လေးအားနေကြလားမသိပါဘူးကွာ

Leave a Reply